Tuesday, December 16, 2008

[HAPPYCLOUD] 1 New Entry: ဒဂုံ မြစ်

ဒဂုံ မြစ်

တောင်ဒဂုံမှာတော်တော်ကြာကြာလေးနေဖူးခဲ့တော့... နေ့စဉ်ကြုံတွေ့ရတဲ့ဒုက္ခကို.. ဒီလိုပဲချရေးဖြစ်ထားတဲ့... ကဗျာလေးတစ်ပုဒ်ပါ။ စာအဟောင်းတွေ. ပြန်ဖတ်ရင်းတွေ့တော့...happy က ဆရာနှစ်ယောက် စာမရေးနိုင်သေးခင် happy ပရိတ်သတ်အတွက် အဆာပြေလေးပဲဖြစ်ဖြစ်...

ဒဂုံ မြစ်

ပီယ၀ါစာတွေနဲ့မျက်နှာမသစ်နှိင်ပါဘူး
မနေ့ကညစ်ခဲ့တဲ့ စိတ်အဟောင်းထည်လေးကောက်ဝတ်ပြီး
ဒီနေ့နဲ့ လေးလေးကန်ကန်ကြီးပျော်ရည်စီးဆင်းဖို့
ဘ၀ကို စပါယ်ယာ လက်ထဲထိုးအပ်လိုက်တဲ့အချိန် ။

တစ်ကိုယ်လုံးအုပ်မိုးထားတဲ့ အသံစိမ်းစိမ်းအမိန့်မှာ
ထားရက်စရာ မရှိအောင် အတွင်းစိတ်တို့ကြပ်ကျဉ်း
အသားချင်းထိစပ်မှုကို အသားယူချင်သူတို့အတွက်ပစ်ကွင်းလို
ကိုယ်ခန္တာကို အသေးငယ်ဆုံးကျုံ့ပေးထားရတော့...
စိတ်ဝိဥာဉ်ကို အကျစ်လစ်ဆုံးတုတ်နှောင်ထားရတော့...
မနေ့ကထက် နည်းနည်းပိုပြီး ညှိုးလျော် ။

ဘ၀အားလုံး ပူပြင်း... ချိနဲ့... ညောင်းညာ...
တစ်နေရာစာ ပိုင်ဆိုင်ခွင့်ဆိုတာဝေလာဝေး
ထိုင်ခုံဘေးမှာ ကပ်ကပ်ကလေးမတ်တပ်ရပ်ဖို့တောင်
အတင်း လုယက် တိုးဝှေ့ပစ်ဖို့ အင်အားမရှိခဲ့ ၊
မွေးကတည်း က ပု တဲ့ အရပ်နိမ့်နိမ့်ဟာ
လက်တန်းကို လှမ်းခိုဖို့ကျလည်း မစွမ်းသာ ။

အသက်ရှုဝနှိင်ပါရိုးလား....
သက်ပြင်းတွေ မိုးမွန်နေတဲ့ လေထုကျဉ်းကျဉ်းမှာ
သူလိုကိုယ်လို တွေ အထပ်လိုက် ရိုက်သွင်းထားပုံများ
မြင်ကွင်းတွေတောင် ဝေ...၀ါး...လို့ ၊
နှေးကွေး... လေးလံ... ထိုင်းမှိုင်း... စွာ
နောက်ကားကျော်သွားတာလည်း..... ကြာပြီလေ ။

ဟောဒီ့ခရီးကြီးမဆုံးတတ်သ၍
အချိုးအကွေ့တွေ ဘယ်လိုဘဲ...များများ
တစ်ယောက်ကို တစ်ယောက် ကျားကန်ထားကြစို့ ၊

ဘယ်လောက်ဘဲ... ယိုင်ယိုင်

လဲမကျနှိင်တော့ ဘူး

သေချာတယ်။ ။


အိန္ဒြာ

You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.