၁၂ ၁၃ ဒီဇင်ဘာနဲ့ ရောက်တတ်ရာရာ
စာရေးချင်လာပြန်တော့လည်း ရေးဖို့ ကြိုးစားမိပြန်ရော။ တကယ့်ကို ကြိုးကိုင်လို့မရတဲ့ စိတ်တစ်ခုနဲ့ ….ခက်ပါသေးတယ်နော်။
၁၂ ဒီဇင်ဘာ နတ်တော်လပြည့်နေ့ကို အမှတ်တရ ကြည့်လိုက်မိတယ်။ သိပ်လှတဲ့ ကောင်းကင်ပြာထဲက တိမ်ဖုံးနေတဲ့ လကို အခန်းကိုပြန်တဲ့ ကော်ရီဒါတစ်လျှောက်မှာ ငေးရင်း ဓါတ်ပုံရိုက်မယ်လို့ ဆုံးဖြတ်မိခဲ့တယ်။ အိမ်က သူငယ်ချင်းတစ်ယောက်ကိုလည်း ပြောရင်း ပြတင်းပေါက်ကနေ လကို အမိအရရိုက်ဖို့ကြိုးစားခဲ့တာ။ လက်တုန်တာရယ် မကျွမ်းကျင်တာရယ်ကြောင့် လကမ၀ိုင်းချင်တော့။ သတိရလို့ ထောက်တိုင်နဲ့ ရိုက်မယ်ဆိုတော့ ရတော့ရလိုက်ပါတယ် ဒါပေမယ့် ကောင်းကင်အရောင်ကပြောင်းသွားပြီလေ။
နောက်မှပြန်သိရတာက အဲဒီနေ့က သာတဲ့လက သာသမျှလတွေထဲမှာ အရွယ်အစားအကြီးဆုံးမြင်ရတာတဲ့။ သူများတွေက တခုတ်တရစောင့်ကြည့်ခဲ့တယ်ဆိုပါတယ်။ အဲလိုပြန်မြင်ရဖို့ အချိန်တွေအများကြီး ပြန်စောင့်ရဦးမယ်တဲ့။ တစ်ချို့အရာတွေက အမှုမဲ့အမှတ်မဲ့ပဲ ဖြတ်ကျော်သွားတာနော်။ ပြန်မရလိုက်တာတွေ အများကြီးရှိပါကလား။ အင်းကျနော်ဘာတွေ ဆုံးရှုံးခဲ့ပါလိမ့် ဘာတွေဆုံးရှုံးရဦးမှာပါလိမ့်။
၁၃ဒီဇင်ဘာ သိပ်မွန်းကြပ်တဲ့ မြို့ပြကို ခွာမိတယ်။ တစ်ဆိတ်ကားသံတွေဆူညံလွန်းတယ်ကွယ်။ တောစရိုက်တွေရှိတဲ့ ဟေ၀န်နန်းကို ခြေလှမ်းတွေလှမ်းရင်း ခဏတော့ မေ့ထားပါရစေ။
ကမ်းကခွာကထဲက စိတ်တွေကို အဝေးဆုံးကို လွှင့်ပစ်လိုက်တာ။ ကျနော့စိတ်တွေကို တောအုပ်ထဲကို နှစ်လိုက်မိတယ်။
မြင်မြင်သမျှတွေကို ဓါတ်ပုံရိုက်ဖို့ကြိုးစားရင်း ပင်ပင်ပန်းပန်းစက်ဘီးတွေ နင်းပစ်ခဲ့တာ။ ချွေးတွေလည်း ထွက် လူလည်း အလဲလဲအပြိုပြို။ သတိထားမိတာ စက်ဘီးမစီးဖြစ်တာ ဘယ်နှစ်နှစ်တောင်ရှိခဲ့ပြီလဲမသိ။ ဒါပေမယ့် မေ့မသွားပါလား။ ဟင့်အင်း မေ့ထားသင့်တဲ့အကြောင်းအရာ မေ့သွားပါစေ။ မခံနိုင်လွန်းလို့ပါ။ ဒီနေ့တော့ အဝေးမှာနေပေးပါ။
တောပန်းလေးတွေ…သစ်ခွတို့ သဇင်တို့ မဟုတ်တော့ လှည့်တောင်မကြည့်ကြပါလား။ လိပ်ပြာတွေကလွဲရင် သူတို့ကို ဘယ်သူကမှလှတယ်လို့မထင်။ သူတို့လည်းပန်းပဲလေနော်။ ထုံးစံအတိုင်း ပန်းလေးတွေကို ဓါတ်ပုံရိုက်ရင်း အားပေးမိတယ်။ အားမငယ်ပါနဲ့ ငါရှိပါသေးတယ်လို့။
တံတားနှစ်ခုသုံးခုကိုလည်းကျော်ရသေးတယ်။ တံတားပေါ်ကမှာရပ်ရင်း မြစ်တစ်ခုမှာရေနှစ်ခါချိုးလို့မရတဲ့ အကြောင်းရယ် တံတားအောက်က ဖြတ်သွားဖူးတဲ့ရေလိုပဲ နောက်ထပ်တစ်ခါ ထပ်စီးခွင့်မရှိတော့ဘူးဆိုတဲ့ အကြောင်းတွေကို စဉ်းစားမိပြန်ရော။ ရေတွေဘယ်လောက်စီး ပါစေ တံတားကြီးရှိနေရင်ပြီးရောနော်။
ဖိနပ်ကြပ်ကြပ်ပုံပြင် အဲဒီနေ့ကမှကြားဖူးတယ်။ ပထမတော့ ရီမိတယ်။ ကြားဖူးပြီးသားဖြစ်ရင်လည်း ဖြစ်မှာပါ။ လူတစ်ယောက်က ဖိနပ်ကြပ်ကြပ်ကိုပဲ အမြဲစီးတယ်တဲ့။ သူ့ကိုဘာလို့စီးတာလဲလို့မေးတော့ သူ့မိန်းမကအိမ်ထောင်ရေးဖောက်ပြန်နေတယ်။ သူ့သားကလည်း ဘိန်းစွဲလို့ထောင်ကျသွားပြီ။ စီးပွားရေးကလည်း မကောင်းဘူးတဲ့။ သူ့ဘ၀မှာ ဒီဖိနပ်ချွတ်တဲ့ အချိန်လေးပဲ စိတ်ချမ်းသာရတယ်တဲ့။ ဒါကြောင့်ပါတဲ့။ ကျနော်တစ်ချက်ငုံ့ကြည့်မိလိုက်တယ်။ အိုး…………. ဖိနပ်က သိပ်ချောင်လွန်းနေပါလား။
ဟိုဘက်ကမ်းက မီးတွေလင်းလာတဲ့ အချိန်ကျမှ အိမ်ကိုပြန်ခဲ့တယ်။ လေးလံနေပြီဖြစ်တဲ့ ခြေထောက်တွေနဲ့ပါ။ အိမ်မပြန်ချင်ဘူး ခုမှကလေးတစ်ယောက်လိုဆိုတဲ့ သီချင်းကို မဆိုဖြစ်အောင် စိတ်ထိန်းရင်းနဲ့ပေါ့။
အပြန်ခရီးမှာ လမ်းမီးတိုင်လေးနားက တီးဝိုင်းလေးတစ်ခုကိုလည်း ၀င်ငေးဖြစ်ပါသေးတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရုံးပိတ်ရက် အပန်းပြေအောင် ဒီအစီအစဉ်ကို လုပ်တာပါ သင်တို့လည်း အပန်းပြေကြပါစေဆိုတော့ ၀င်တောင်ဆိုလိုက်ချင်ပါသေးတယ်။ ဒါပေမယ့် သီချင်းတွေကမရပြန်ဘူး။
ရောက်တတ်ရာရာဆိုတော့ တကယ့်ကိုရောက်တတ်ရာရာပါ။ ဘယ်ကိုခေါ်သွားပြီး ဘာတွေပြောချင်နေမှန်းမသိတဲ့ ရောက်တတ်ရာရာပေါ့…….
You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.