မြသီလာအလွမ်းပြေ(၂၄)
လူ့ဘ၀ဆိုတာ ပြဌာန်းထားပြီးသား စာမျက်နှာတွေနဲ့ စာအုပ်တအုပ်ပဲလို့ ကျမ ရေးဖူးပါတယ်။ အဲဒါကို ကိုအော်ပီကျယ်က ငြင်းတယ်.. ဟုတ်ပါဘူးဗျာ.. ကိုယ့်ဘာသာ ပြဌာန်းလို့ရပါတယ်.. လူက လုပ်တဲ့ စာမျက်နှာ တွေ ပါ.. တဲ့။ ကျမကတော့ ပြန်ငြင်းတာပဲ..။ နောက်ဆုံးအထိ 'ပီ' နဲ့ ကျမ ဘသူမှ အနိုင်မရကြတဲ့ အငြင်းပေါ့..။ စာဖတ်သူတွေရော ဘယ်လို မြင်လဲဟင်..။+++++
တကယ်တမ်း စာသင်ပြီဆိုတော့ ကျမတို့ တော်တော် ပင်ပန်းကြပါတယ်။ ကျမက တတိယနှစ်သမားတွေ အတွက် paper ၃ခု ရှိတာမှာ paper(2) ကဗျာပိုင်းကို သင်ရပါတယ်။ ရတု.. အဲချင်း.. အိုင်ချင်း.. ပျို့.. မော်ကွန်း.. နဲ့ ခေတ်ကဗျာတွေ..။ နောက် ဒုတိယနှစ်တန်း မှာလည်း အဲဒီ paper(2) ပိုင်းပဲ..။ အဲသလို မေဂျာတန်းတွေတင်မက ဒုတိယနှစ်တန်း Compulsory အတွက်လည်း ကဗျာဝင်သင်ရဦးမယ်။ ကျမမှာ ပြင်ရဆင်ရမယ့် စာတွေ အများသား။ အဲဒီအချိန်မှာ လုံးချင်းဝတ္ထုသစ်တအုပ်('ချိုတဲ့တေး') ထွက်ဖို့ ကိစ္စလည်း ရှိနေသေးတယ်။
(မျက်နှာဖုံး-မောင်သီဟ)
အလုပ်ထဲ ခေါင်းမဖော်နိုင်ဘူးဆိုတာ တကယ်ပါပဲ။ ပြီးတော့ မြန်မာစာက compulsory မို့ရော ပတ်သက် ဆက်စပ်တာတွေကြောင့်ရော.. မြန်မာစာဌာနဟာ အနုပညာအသင်းကိုလည်း ဦးဆောင်ဦးရွက် လုပ်ရပါတယ် တဲ့။ ဒီတော့ တကျောင်းလုံး အတိုင်းအတာနဲ့ လုပ်တဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာလည်း ကျမတို့ခမျာ.. တပြေးပြေး တလွှားလွှား..။ ရေးလက်စ "အသံသစ်ပြတိုက်" ကိုတော့ လှည့်ကို မကြည့်နိုင်။
အဲဒီ ရက်တွေထဲမှာပါပဲ..။ ကျမ သားဆီ ဖုန်းအဆက်..။ မာမာက.. "မငြိမ်းရေ.. မပြောမဖြစ်လို့ ပြောရမယ်။ စိတ်မညစ်နဲ့နော်.. ပြန်လာလို့ မရလည်း ပြန်မလာနဲ့..။ မာမာကတော့ ပြန်လာစေချင်တယ်.." တဲ့။ အကြောင်းကတော့ သားအဖေ မူးယစ်အထူးစီမံချက်နဲ့ အဖမ်းခံ ထားရပါတယ်တဲ့။ အဲဒီခဏလေးမှာ ကျမ ဘယ်လို ခံစားရသလဲဆိုတာ ခုထိ မှတ်မိပါတယ်။ တခုတည်းပါ... ရှက်တာ။ ကျမက ကိုယ့်ကိုယ်ကို ဂုဏ်ယူစရာဖြစ်အောင် အတတ်နိုင်ဆုံး မွမ်းမံနေချိန်..၊ ကျမရဲ့ ပတ်ဝန်းကျင်လေးကို ကောင်းအောင် အတတ်နိုင်ဆုံး ကူညီ တည်ဆောက်နေချိန်..၊ သူက ပစ္စလက္ခတ် လုပ်ရက်တယ်လို့ ကျမ တွေးပါတယ်။ အဲဒီအခါ မာနတရားရဲ့ အဆိပ်က ကျမကို မာကျောခက်ထန်စေခဲ့တယ်။ (အဲဒီအတွက် ခုထိ မှားတယ် မှန်တယ် မစဉ်းစားမိသေး)။
ဒါ့ထက်ပိုဆိုးတာကတော့ ကျမ အဲဒီအပတ် ရန်ကုန်အပြန်မှာပဲ ကျမအချစ်ဆုံး တဦးတည်းသော မောင်လေး (သားအဖေနဲ့ကတော့ အဖော်ကောင်းပေါ့ .. သူလည်း ဆုံးသွားပြီလေ)လည်း စီမံချက်ထဲ ဖမ်းတဲ့အထဲ ပါသွားတာကို သိရပါတယ်။ အမေတို့က ကျမ စိတ်ဆင်းရဲမှာစိုးလို့ လှမ်း အကြောင်းမကြား ခဲ့တာပါ။ မောင်လေးရော.. သားအဖေရော အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ်.. တဲ့။ တကယ်တော့ အဲဒီမောင်လေးဟာ ၈၈တုန်းက အန်တီ့ခြံထဲမှာ နေပြီး အန်တီစုကို ၀န်းရံခဲ့တဲ့ သုံးရောင်ခြယ်လူငယ်အဖွဲ့ကပါ။ နောက်ပိုင်း စိတ်တွေကျပြီး... တော်တော် လေလွင့် သွားခဲ့တာ။ သူညံ့တာပေါ့လေ..။ ပြီးတော့ ခေတ်စနစ်ရဲ့ ဖျက်ဆီးမှုပေါ့။
အဲဒါတွေဟာ ကျမရင်ဆိုင်ခဲ့ရတဲ့ လက်တွေ့ဘ၀ဖြစ်သလို ခေတ်တခေတ်ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်အထူးစီမံချက်ဆိုပြီး တချို့ကို အဖမ်းပြနေပေမဲ့ ရှမ်းပြည်နယ် ၀ပြည်နယ်တွေဘက် မှာကျတော့ အဲဒီ ဘိန်းကိုပဲ အကြီးအကျယ် ရောင်းဝယ် ဖောက်ကား နေတာ မဟုတ်လား။ သူကိုယ်တိုင် အဲဒီ ဘိန်းခင်းတွေဘက်မှာ တာဝန်ကျခဲ့.. သူကိုယ်တိုင် ဘိန်းစွဲခဲ့ရတဲ့ ဗိုလ်မှူးတယောက်က ကျမကို ကိုယ်တိုင် ပြောပြခဲ့တာပါ။ သူ့နာမည်ထည့်ရေးရင် ကျမတို့ ခေတ်က လူတိုင်းလိုလို သိတာမို့ ကျမရေးပြလို့ မဖြစ်ပါဘူး။ ပြီးတော့ သူလည်း အဲဒီ ဘိန်းကြောင့်ပဲ ကွယ်လွန်သွားခဲ့ပြီမို့လို့ပါ။ တကယ်တမ်းကျတော့ အဲလို မူးယစ်စီမံချက် ဆိုတာတွေကလည်း တကယ်နှိမ်နင်းတာ မဟုတ်ပါ။
(ဘာလို့လဲဆိုတာကို ဆက်နွယ်ပြီး ပြောပြချင်ပါတယ်။ အဲဒီတုန်းက ထောင်ထဲမှာ နိုင်ငံရေးသမားတွေကို အကြီးအကျယ် နှိပ်ကွပ်နေတဲ့အချိန်။ ကျမမောင်လေးနဲ့ သားအဖေ တို့ကတော့ နိုင်ငံရေးမှုလည်း မဟုတ်.. ပိုက်ဆံလည်း တတ်နိုင်ဆိုတော့ အထဲမှာ အကျဉ်းသားတိုင်း မလုပ်မနေရဆိုတဲ့ မိလ္လာတောင် ကိုယ်တိုင် မချရပါဘူးတဲ့။ ထောင်ထမင်းဟင်း မစားနိုင်ဘူး ဆိုလို့ ထမင်းချိုင့် မှာပေးရသတဲ့။ ထမင်းချိုင့်က တလ ၇၀၀၀ တဲ့။ အဲဒီအချိန် ကျမရဲ့ လက်ထောက်ကထိက ဆရာမလစာကမှ ၁၇၀၀ပါ။ ပြီးတော့ ထောင်ထဲမှာပဲ အိမ်ကပို့တဲ့ ထောင်ဝင်စာပစ္စည်းတွေနဲ့ ပိုက်ဆံကို သုံးပြီး ထောင်ဝါဒါတွေဆီကနေ ဘိန်းဝယ်စားလို့ ရသတဲ့။ ရဲဘက်မှာဆို ပိုလွယ်သတဲ့.. သူတို့ပဲ ပြောပြတာပါ။)
သားအဖေ ထောင်ကျတာက ကျမရဲ့ လက်တွေ့ဘ၀ကို တော်တော် ရိုက်ခတ်ခဲ့တာတော့ အမှန်ပါ။ ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေအောက်... ကျမတို့ မြန်မာစာ ပတ်ဝန်းကျင်ထဲ..။ ကျမ ရပ်တည်ရတော်တော် ခက်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ မြန်မာ့ပတ်ဝန်းကျင်ထဲက အမျိုးသမီးတွေအပေါ် ခွဲခြားသတ်မှတ်တဲ့ အကျင့် (discrimination)ကို ကျမ တော်တော် မုန်းသွားခဲ့တာပါ။ 'သူ့ယောက်ျား ဘိန်းစွဲလောက်အောင် သူက ဘာတွေ စိတ်ညစ်အောင် လုပ်လဲမှ မသိတာ' .. 'တပည့်တွေ တရုန်းရုန်းနဲ့...' ဆိုတာမျိုးက စပြီး 'ယောက်ျားကို ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်နေတာကိုး' ဆိုတဲ့ အထိပေါ့။ လွယ်လွယ်ကလေးနဲ့ ပြောခဲ့ကြတာ။ အဲဒီ ရက်တွေထဲမှာတုန်းက ကျမ ခံစားရတာတွေ ဘယ်လောက် ပူလောင်ခဲ့သလဲ.. ပြန်တွေးရင် ခုထိ လတ်ဆတ်ဆဲ ပါ..။ အဲဒီကာလတွေထဲ ကဗျာရေးမိရင်တောင် ပုဂ္ဂိုလ်ရေးဆန်လှတဲ့ ကဗျာတွေပဲ ဖြစ်နေခဲ့ပါတယ်။
အရောင်ဆွံ့+++++
ရင်ထဲ တင်းတင်းကျပ်ကျပ် နာကျင်
ကြေကွဲတမ်းတ ရက်များ ညများ
တရွတ်တိုက် မျောပါ ရွေ့လျား
ပြေးလွှားလာကြသမျှ ဓားသွားလှံချက်တွေ
ငိုကြွေးတိုင်တည်ရာ ကောင်းကင်ပြင်မြင့်မား
အဝေးကြီးက သူ့ဆီ
နှလုံးသားကို ခိုစီးလို့ လိုက်ပါသွား
မြင်ရဲ့လားအချစ်ရေ.......
မင်းအနားက အရိပ်တခုကို
အဲဒါ.. ရူးသွပ်နေတဲ့ ၀ိဥာဉ်
မင်း စွန့်ပစ်ထားခဲ့တဲ့ ဆံတပင်..
မင်း လက်ခံမယူရဲတဲ့ သစ်တပင်..
မင်း ဖြတ်တောက်ခုတ်ထစ်ရမယ့် နွယ်တပင်..။
အဲဒီတခေါက် ဘားအံပြန်လာတော့ ကျမ နေရထိုင်ရတာ နည်းနည်း ပိုခက်လာသလိုပါပဲ။ သားအဖေ အဖမ်းခံရ တာက ကျောင်းဝန်းကျင်မှာ ဖြစ်တဲ့အပြင် ကျမတို့က လူသိများတော့ သူ့သတင်းကလည်း သိတဲ့သူများတာပေါ့။ ဒါဟာ ဖုံးကွယ်ထားစရာ ကိစ္စတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘားအံကျောင်းသေးသေးလေးထဲ ရန်ကုန်ကလာတဲ့သူအချင်းချင်း.. ဆရာမတချို့... ကျမကို ဆက်ဆံပုံတွေက စိတ်မကောင်းစရာပါပဲ။ အင်းး ဘာတဲ့ 'ကိုယ့်ယောက်ျားကိုတောင် မထိန်းနိုင်တဲ့ မိန်းမ' ဆိုပဲ..။ ယောက်ျားဆိုတာ မိန်းမက ထိန်းမှ ရမယ့် သတ္တ၀ါလား.. စဉ်းစားစရာပါ။ ဒီကြားထဲ ကျမနဲ့ တခါမှတောင် ခင်ခင်မင်မင် မပေါင်းခဲ့ဖူးပါဘဲနဲ့ "ကိုယ်ဖိရင်ဖိ စောင့်ရှောက်မှ တော်မယ်ထင်တယ်"လို့ ပြောတတ်တဲ့ ယောက်ျားသားတွေလည်း ရှိသေး.. အမယ်မင်းး။
သေချာတာတော့ အဲဒီအချိန်တွေထဲ ကျမ စိတ်ထဲမှာ ကြီးစိုးသမျှက ခါးခါးသီးသီး အံဖတ်တွေ။ အသက် ၃၀အရွယ် မိန်းမတယောက်.. ဘယ်လောက်အတိုင်းအတာထိ ရင့်ကျက်နိုင်သလဲ.. ကျမ မသိ..။ ကျောင်းဆရာမ တယောက်ဖြစ်ပြီးတော့... တဲ့။ ဘာဖြစ်လဲဟင်.. ကျောင်းဆရာမဆိုရင် ဘ၀ကို နာနာကျင်ကျင် မခံစားရ ဘူးလား.. အသည်းမကွဲရဘူးလား..။ အလဲလဲအပြိုပြို မရှိရဘူးလား..။ ကျမ မသိ။ (မှားတယ်လို့ ပြောလည်း ရတယ်ထင်ပါရဲ့.. မှန်တယ်လို့ သေချာ ကျိုးကြောင်းပြငြင်းရင်လည်း အရသား.. ဒါပေမဲ့ ကျမက ပြန်ရှင်းပြဖို့ ခုခံကာကွယ်ဖို့ ပျင်းတတ်သူ)။
စိတ်ညစ်သမျှ.. သားကို လွမ်းသမျှ.. ပိုက်ဆံ မရှိတာတွေအတွက် စိတ်ညစ်သမျှ.. ည ည .. အဆောင်ရှေ့ ဆရာမတွေ ကျောင်းသူတွေအလယ်မှာ ဂစ်တာ ထိုင်တီး..။
ငါ ထာဝစဉ် မတည်ငြိမ် မိုးတိမ်လိုလို့ ဆိုကောင်းခဲ့တဲ့ ညတွေပေါ့။ သူများဝေဖန်စရာ တခုက တခါတခါ စီးကရက်သောက် (သိပ်တော့ နည်းပါတယ်)။ ပြတင်းပေါက်တွေကနေ ခပ်မဲ့မဲ့ ချောင်းကြည့်ကြရင် ဟားတိုက်ရယ်ပြမိ။ ဒီရက်တွေထဲ တပည့်တွေ.. သူငယ်ချင်းတွေက ကျမ အားငယ်မှာစိုးလို့တဲ့ အလှည့်ကျ လာလည်ကြတာ.. (ခက်မာတို့ မမိုချာ့တို့....)။ တကယ့် သူငယ်ချင်းတွေ ကတော့ ကျမနဲ့ ထပ်တူ ခံစားကြ..။ ဇေယျာလင်းကတော့ သူချစ်တဲ့ ကျမတို့နှစ်ယောက်အတွက် တော်တော် ခံစားပြီး ကဗျာတပုဒ် ရေးတယ်။ သူရေးတဲ့ ကဗျာဖတ်မှပဲ ကိုယ့်ဘ၀ကို အမောတကောနိုင်လှတဲ့ သနားစရာလို့ မြင်မိတာ။ ဖတ်ကြည့်ပါဦး။ အဲဒီကဗျာကို ၉၈အချစ်ကဗျာ စာအုပ်ထဲ ထည့်ခဲ့ပါတယ်။
ဂျစ်ပစီလို မရပ်မနား ခရီးနှင်နေ
ဂငယ်ကွေ့တွေ အပြည့်နဲ့ လမ်းပေါ်မှာ
ငါလျှောက်ခဲ့မိပြီလေ..
ဘ၀က အပြောင်းကြီး ပြောင်းလဲခဲ့
မရည်ရွယ်တာ အကုန်လုံး ဖြစ်လာတယ်
ကြိုတင်ကာ ဇာတ်ညွှန်း ဖတ်မလာသူ
ဘ၀ဟာ မင်းသားတစ်ယောက်လိုပဲ..
အရာရာဟာ အချစ်ရေ.. မတည်ငြိမ်ဘူး
ငါနေထိုင်လာတဲ့ နှစ်က သုံးဆယ်
မယုံနိုင်ဘူး... ရုပ်ရှင် ကြည့်ရသလို
ဘ၀က ဆန်းကြယ်တယ်.... .....
+++++မေငြိမ်းအတွက် အချစ်×ရက်စက်တဲ့ ထိုးဇာတ်ရထားဟာ အပြီးအပိုင်ထွက်သွားတယ်။ ကျနော်အပြီးအပြတ် ရှင်းပစ်လိုက်ချင်လို့ပဲ။ အဝေးမှာ ခွေးဟောင်သံတွေ ဝိုးတဝါး။ သံလမ်းတွေက ဒဏ်ရာစိမ်းတခုရဲ့ ပုံ ပြောပြတယ်။ အဲဒီညက မီးချောင်းတွေကလည်း အထူးရက်စက်ကြသလို။ ပုံဟာ သူ့လည်ပင်းကို လာခွေပတ်။ စကားလုံးတွေဟာ အမှုန့်တွေ ကြွေကျပြီးရင်း။ ဝန်ခံလိုက် ဝန်ခံလိုက် ဝန်ခံလိုက်။ အဲဒါ ပြီးပြီးချင်းရနံ့ပါးပါးလေးဟာ လှိုင်းလုံးကြီးတွေလို အလိပ်လိုက် အလိပ်လိုက်။ ရဲရင့်တဲ့ မာလိန်မှူး၊ သူ့လက်ထဲက မြတ်နိုးသင်္ဘောလေး မမြုပ်အောင် အင်တိုက်အားတိုက် ဖြည့်စွမ်း။ သင်္ဘောလေးဟာ သူ့စိတ်ကူးနဲ့သူ။ ဒါကို စိတ်ကူးကြည့် ပါလေ။ ဥသြသံဟာ ညကြီးထဲ အော်အော်ခေါ်နေလေရဲ့။ ချစ်သူ နှစ်ဦးခမျာ ကံခေ။ သူတို့ဆီက ကြယ်လဝန်းရဲ့ ဘာသာစကား သိမ်းခံလိုက်ရရှာတယ်။ နာကျင်မှုရဲ့ စူးရှတဲ့ အလင်းထဲ နစ်မြုပ်သွားတဲ့ သူမရဲ့ ကျောပြင်ကို သူငေးကျန်။ ကျနော့်ပေါ် ပုံသေလို သူလာပိကျ။ အဲဒီ သံလမ်းနံဘေးမှာပဲ သူ့ကိုထားခဲ့တယ်။ ဇာတ်လမ်းဟာ ထောင့်ထဲဝင်ခွေလှဲအိပ်။ အချိန်ကား တောင်ပံကျိုးတဖက်။ သူ့ကိုယ်သူ ဇာတ်မသိမ်းတတ်ရှာစွာ အရာခပ်သိမ်း ဆိတ်သုဉ်းလွန် ဥယျာဉ်တခုရဲ့ လေသေထဲ အက်ပြိုကွဲ တဝဲလည်လည်။ ဒီမှာ သမိုင်း ဆုံးတယ်။ အလျှံပယ် အဓိပ္ပာယ်မဲ့/ လုံးဝဥဿုံအကြောင်းအရာ ချိုးကွေ့။ မမျိုချနိုင်တဲ့ အမှန်တရားဟာ ပထမဆုံး မနက်စာနဲ့ သူမရှေ့မှာ အငိုက်မိ။ နောက်ဆုံးသတင်း- သူ့ကိုယ်သူ မိုးချုပ်ချလိုက်သတဲ့။ ထိုးဇာတ်ဟာ တကယ့်အဖြစ်အပျက်ထက် ရက်ရက်စက်စက် ဆို့ဆို့နင့်နင့် ကြေကွဲပြ။ တလုံးတလုံးစီမှာ သူမရဲ့ ပုံတွေ အတွဲလိုက် သီးပြီး မျက်ဝန်းထဲ ပြွတ်ခဲ။ ဒီအဖြစ်အပျက်တွေရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝမကျမှုကို ကျနော် မေ့ချင်ယောင်မဆောင်နိုင်ခြင်း သည်လည်း တကြောင်းတပါဒ။ ဒီထက်အေးစက်တဲ့ ဒီဘက် ရင်ခွင်ထဲ ပန်းစကြာမှန်ပြောင်း အပိုင်းပိုင်းအစစတွေကို ထွေးပွေ့ ထိုးစိုက်ချလိုက်တယ်။ ခင်ဗျားသိချင်တာ သူမ မဟုတ်လား။ အလားတူ သူမများရဲ့ ချုပ်ရိုးထဲမှာ။ ။
ဇေယျာလင်း
တကယ်တော့ ကျမမှာလည်း အားနည်းခဲ့တာတွေ ရှိပါလိမ့်မယ်။ ကျမက အရွဲ့တိုက်ချင်တဲ့ ဥာဉ်ရှိတယ်။ မာန်တက်တယ်။ လူပါးဝတယ်လေ..။ အဲဒီအခါ အလုပ်တွေ ဖိလုပ်.. ဆိုးတာက မြို့ကျဉ်းကျဉ်းလေးထဲက ကျောင်းကျဉ်းကျဉ်းလေးရဲ့ ယဉ်ကျေးမှုဟာ ကျဉ်းကျဉ်းလေး ဖြစ်နေတတ်တာကို ထည့်မတွက်တတ်တာပဲ..။ ဥပမာ.. ကျမရဲ့ ညံ့ဖျင်းမှုတွေကြောင့်ပေါ့။ (ဘယ်သူမှ Tag မလုပ်သေးလို့ ညံ့တာတွေ မရေးဖြစ်သေးတာ ခု Tag ဦးမှလို့ စိတ်ကူးရတယ်)။ ကျမက ဘယ်လိုမှ ရေကူးသင်လို့ မရ..၊ စက်ဘီးစီး ကားမောင်း သင်လို့မရ..၊ သင်္ချာ အင်္ဂလိပ်စာ ညံ့၊ ကွန်ပျူတာပညာရပ်အပါအ၀င် သိပ်ပံပညာရပ်တွေမှာ ညံ့၊ ကိုယ်ကြိုက်တဲ့ သီချင်းသံကြားရင် လိုက်မဆိုဘဲ မနေနိုင်တာမျိုး၊ လူတွေကို ယောက်ျား မိန်းမ ခွဲမမြင်တတ်.. ဆရာ တပည့်.. ဆင်းရဲ ချမ်းသာ... ခွဲမမြင်တတ်ဘဲ လူလို့ပဲ မြင်တဲ့အတွက် တန်းတူ တပြေးညီဆက်ဆံတတ်တာ..။ ကိုယ်မှန်တယ်ထင်ရင် ပြီးရော.. ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး... ဆိုသလိုပါပဲ။ အဲဒါတွေက ကျမ ညံ့ချက်တွေ အဖြစ်.. ကျမကို အမြဲ ဒုက္ခပေးတတ်ပါတယ်။
ဒီနေရာမှာ ပြောပြချင်တာက ကျမက စက်ဘီး မစီးတတ်.. နောက်ကတောင်မှ သေချာ စနစ်တကျ လိုက်မထိုင် တတ်တဲ့အတွက် တပည့်တွေ နောက်ကပဲ လိုက်ရပါတယ်။ (ဘားအံရောက်မှ စက်ဘီးနောက်က သေချာ လိုက်စီးဖူးတာမို့ ၄ခါလောက် ပြုတ်ကျပီး တခါမှာတော့ မေးစေ့ပါ ကွဲသွားခဲ့ဖူးပါသေးတယ်)။ ဆိုတော့ များသောအားဖြင့် ယောက်ျားလေးတွေ နောက်ကပေါ့။ အဲလို လိုက်ရင်လည်း ကျမက လူရွေးသေးတယ် (ဆရာမြို့မငြိမ်းလိုပဲ) အရပ်ရှည်တဲ့သူကမှာ ခြေ ထောက်ဖို့ လွယ်တာမို့ ကျမအတွက် အန္တရာယ် နည်းတယ်ဆိုပြီး အရပ်ရှည်တဲ့ သူနင်းတဲ့ စက်ဘီးနဲ့မှ လိုက်ပါတယ်။ အဲဒီတုန်းက မော်တော်ဆိုင်ကယ်ဆို လုံးဝမလိုက်.. ကြောက်လို့။ ဒီတော့ မြို့ကလေးမှာ ဆရာမတယောက် ကျောင်းသားတွေ စက်ဘီးနောက်က လိုက်တယ်ဆိုတာက ကျမနဲ့ ကျတော့ 'အဲဒီ တခုလပ် ဆရာမက...' လို့ နာမ၀ိသေသန ပါလာပါတယ်။ ကျမကလည်း လမ်းခပ်များများလေ..။ ဘားအံရဲ့အနီးဝန်းကျင်ဆို အကုန်သွားချင်တော့တာ။ သာမညတောင် ကိုသာ နည်းနည်းဝေးလို့ ကားနဲ့ သွားတာ။
ဘားအံနဲ့ ၄မိုင်လောက်ဝေးတဲ့ တောင်ကလေးဘုန်းကြီးကျောင်းဆိုလည်း ဆရာတော် ဦးပညာသာမိ (တောမှီရဟန်း)နဲ့ စကားပြောရတာ ကောင်းလွန်းလို့ ခဏခဏ သွားတာပဲ။ နောက် ကျောင်းပိတ်ရက်တွေဆို ကျောင်းကနေ ၁၀မိုင်လောက်သွားရတဲ့ စိတ်ဝင်စားစရာအကြောင်းတခု ရှိတဲ့.. အင်မတန်လှတဲ့.. ဇွဲကပင် တောင်ခြေက ရေတံခွန်ဆီလည်း မကြာခဏ သွားတာပဲ (နောက်ပိုင်း post တခု သပ်သပ်ရေးပါ့မယ်)။
(ရေတံခွန်အသွားလမ်းပေါ်က မြင်ရတဲ့ ဇွဲကပင်)
ပြီးတော့ ဇွဲကပင်တောင်ကိုပဲ မတူတဲ့ လမ်းနှစ်ဘက်ကနေ ခဏ ခဏ တက်တာမျိုးလည်း လုပ်သေးတာ။ နောက်.. ကန်သာယာဘက်.. ကုန်းထိပ်(ရုံးကုန်း)မှာ.. လက်ဘက်ရည်ဆိုင် သွားထိုင်တာမျိုးလည်း လုပ်သေးတာ။ အမြဲတမ်းကတော့ မိန်းကလေး ယောက်ျားလေး တပည့်တွေနဲ့.. သူငယ်ချင်း ဆရာမတယောက် ဆရာတယောက်တော့ အမြဲပါတာပဲ။ ဒါပေမဲ့လည်း တမျိုးမျိုးပြောကြတာပဲ။ အဲဒီတုန်းက ကျမအတွက်တော့ အဲလိုပြောတဲ့သူတွေကို အံ့သြတာပါပဲ..။
အဲဒီအခါ စိတ်ညစ်သမျှ စိတ်ရှုပ်သမျှ အလုပ်တွေချည်း ဖိလုပ်တာပဲ..။ ကျောင်းတွင်း activities တွေဆိုလည်း ကျမခြေ ကျမလက်ပဲ။ စာအုပ်ကိစ္စ အရေးကြီးလို့ ရန်ကုန်ဆင်းရတာနဲ့ ကိုယ့်ဘာသာတော့ အချိန်တောင် မလောက်။ အဲဒီအချိန်တွေမှာ.. ဘယ်သူတွေ စကားတင်းဆိုနေလဲ.. မသိတချက် သိတချက်..။ စိတ်တွေ ပုံမှန်မဟုတ်ဘဲ ကစဥ့်ကလျား ဖြစ်နေခဲ့တာကိုတော့ ၀န်ခံရပါမယ်။ တခါတခါ ဘာမဟုတ်တာလေးနဲ့ ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး ကြိုးတုတ်တုတ်တချောင်းကို ရအောင်ရှာပြီး ထုတ်တန်းမှာ အကြိမ်ကြိမ် ချည်မိတာမျိုးလည်း လုပ်ခဲ့ဖူးတယ်။ အဲဒီအချိန်တွေကို ပြန်တွေးမိရင် မျက်စေ့မှိတ် အသက်ပြင်းပြင်းရှူထုတ်ပြီး ခေါင်းကို နာနာခါမိတာ.. ခုထိ။ ပြီးရင် ကဗျာတပုဒ်ကို မက်မက်စက်စက် သတိရတယ်။
သောကခွက်၃၀ကြည့်ပါဦး.. ကျမတို့ ခေတ်တူသူငယ်ချင်းတွေ.. ရင်ခုန်သံတွေ ဘာသာစကားတွေ တူနေကြတာ။ အားလုံးရဲ့ သက်တမ်း ၃၀မှာ ဘာမှ အနှစ်သာရ တန်ဖိုး မတွေ့ရ။ မရသေးတာတွေကိုတောင် ကြိုဆုံးရှုံးနှင့်နေရတဲ့ ခေတ်ထဲက ဘ၀တွေ။ ၁၉၉၅ ဟာ.. ကျမရဲ့ သောကခွက် ၃၀ပြည့်နှစ်လေ..။
အနာတရလက်များ တုန်ရီနေကြ
အနှစ်၃၀ပြည့် သောက်ရေအိုးထဲ
ရေတခွက် နှစ်ယူခပ်လိုက်တဲ့အခါ
ပျစ်ချွဲချွဲသောကတွေ ပါလာတယ်
ခွက်အပြည့်။
သွန်ချပစ်လိုက်ရင်လည်း
အနှစ်၃၀လုံးလုံး ပြုစု ကုသခဲ့ရတဲ့
နှလုံးသား ဆုံးရှုံးမယ်၊
မက်လောက်စရာမရှိပေမဲ့
ဒါပဲရလဒ်ဖြစ်လေတဲ့
အတိတ်တွေ ဆုံးရှုံးမယ်၊
အကြိမ်ကြိမ်အလီလီ
ကွန်ပေါင်းတင်ခဲ့ရတဲ့
ဟောဒီမျက်နှာကြီး အရှက်ရပေလိမ့်။
သောက်ချပစ်လိုက်ရင်လည်း
မနက်ဖြန်တွေက
ရောက်မလာသေးခင်
ခြောက်သွေ့နှင့်ကြပြီး
မကမ်းလှမ်းရသေးတဲ့ ချစ်သူက
ရင်ကို ဟက်တက်ခွဲဖို့ ကြံစည်ဦးမယ်၊
သူပဲ ကိုယ့်အမိ
သူပဲ ကိုယ့်အဖ လုပ်ခဲ့ရတဲ့
စိတ်ကူးယဉ်အနာဂတ်ကြီး
တွန့်လိမ်ခွေပျော့
လေလျော့နှင့်ပေလိမ့်။
ရင်တွေ တဆတ်ဆတ်တုန်ရဲ့
အဲဒီ ဆိတ်ငြိမ်သယောင်ယောင်
၃၆၅ကြိမ်မြောက်ညတွေပေါ့
ငါ့ကိုညှို့ပြီး မျိုခဲ့ပုံများ
စုန်းစုန်းကြီးမြုပ်ခဲ့တာ အကြိမ်၃၀
ဘာလုပ်ရမှန်း မသိ
ငုတ်တုတ်ထိုင်ကြည့်နေရတဲ့
သောကခွက်ပြည့်က ၃၀။ ။
(စန်းဦး)
အဲဒီနှစ် ဇွန် ဇူလိုင် သြဂုတ်ရဲ့ မိုးရေစက်တွေက ကျမအတွက် ခါတိုင်းလို မအေးမြနိုင်ခဲ့ပါ။ အဲဒီအခါ ကျမက ဘ၀ဆိုတာ ပြဌာန်းခံရပြီးသား စာမျက်နှာလို့ ယူဆတော့တာပေါ့။
+++++
မြသီလာအလွမ်းပြေ(၂၃)
ပြည်သာယာ နှစ်ထပ် ဇက်သင်္ဘောက ဘားအံကနေ မနက် ၇နာရီမှာ စထွက်ပါတယ်။ ကလေးတွေက ဆရာမတွေဖို့ အပေါ်ထပ်က အထူးခန်းတွေမှာ လက်မှတ်ဝယ်ပေးထားပေမဲ့ ကျမကတော့ ဘားအံက စထွက်ကတည်းက ကုန်းပတ်ပေါ်မှာပဲ ရပ်ပြီး လိုက်ဖြစ်ခဲ့ပါတယ်။ အဲလို လိုက်ရလောက်အောင်လည်း သံလွင်က လှလွန်းတာကိုး။ ဧရာဝတီကို သင်္ဘောနဲ့ တနံတလျား မသွားဖူးပေမဲ့ ပုဂံညောင်ဦးကမ္ဘားကနေ ငေးဖူးတယ်။ ပြည်ကနေ တဘက်ကမ်းကို ကန့်လန့်ဖြတ် ကူးဖူးတယ်။ ခု သံလွင်မှာတော့ လိုက်ပါစီးမျောဖူးပြီ။ မေလရဲ့ သံလွင်ရေက ကြည်စိမ်းနေတယ်။ အောက်ဘက် တော်တော်နက်နက်ထိတောင် မြင်ရသား။ ပြီးတော့ မဟာဇွဲကပင်ကို ဘေးတိုက်ဖြတ်ချိန်နေမှာ မြင်ကွင်းက ရင်သပ်ရှုမော။ ဘေးတိုက်ကြည့်တော့ ဇွဲကပင်က မြင့်မားရှည်လျားတဲ့ တောင်တန်းကြီး။ မြိုင်ကလေးကနေ လှမ်းမြင်ရတုန်းကလို ထီးတည်းရှိနေတဲ့ ပုံသဏ္ဍန်မျိုးမဟုတ်တော့။ ဆန်းပါတယ်။ တနေရာ ရောက်တော့ ပါဠိဆရာမ မဝေက လှမ်းပြတယ်.. ဇွဲကပင်တောင်ရဲ့ နံရံမှာ ကရင်အမျိုးသားနဲ့ အမျိုးသမီးပုံ.. တဲ့။ လှမ်းကြည့်တော့ တကယ်ပဲ တူလှတာ တွေ့ပါတယ်။ မဝေက ပြောပြတယ်။ အဲဒီ ကရင်မလေးနဲ့ ကရင်ကောင်လေးက ဇွဲကပင်တောင်ပေါ်ကနေ လက်တွဲပြီး ခုန်ချသွားခဲ့တဲ့ ချစ်သူနှစ်ဦးလို့ ပြောစမှတ်ရှိတယ်..တဲ့။ ဘာပဲဖြစ်ဖြစ် လူနှစ်ယောက် ရပ်နေတာနဲ့ တူတာတော့ အမှန်ပါ။
သံလွင်ဝန်းကျင်တလျှောက် အလှဆုံးကတော့ ကျောက်တောင်တွေပါပဲ။ ရေပြာပြာထဲ တလုံးစီ တမင် အလှဆင် စီချထားသလို။ အစိမ်းရောင်.. နီညိုရောင်.. အဖြူဖျော့ဖျော့ ကျောက်တောင်တွေ။ ကျောက်တောင်တွေပေါ်မှာ စေတီဖြူဖြူလေးတွေက ဟိုတဆူ ဒီတဆူ။ ပြီးတော့ မနက်စောစော မြစ်ရေပြင်ပေါ်က မြူထုတန်းတန်း..။ ကောင်းကင်ပြာပြာမှာ ငှက်တွေက အုပ်လိုက်ဖွဲ့ ပျံသန်းနေတာကလည်း.. တိမ်တိုက်တွေနဲ့အတူ မျောနေသလို။ မြစ်ပြင်လေက တဟူးဟူးတိုက်နေတော့ အေးအေးမြမြပေါ့။ ကျမရင်ထဲမှာ ဘာအပူသောကမှ မရှိတော့သလို အေးငြိမ်းနေခဲ့ပါတယ်။ ခင်ဝမ်းရဲ့ ဧရာဝတီကိုတောင် ညည်းနေဖြစ်ခဲ့ပါသေးတယ်။
မနက် ၈နာရီလောက်ကျတော့ ရွာတရွာကို သင်္ဘောကပ်တယ်။ ကုက္ကိုပင်တွေ စိမ်းညို့နေတဲ့ ရွာကလေး။ တကယ်တော့ အိမ်ခြေ လေးထောင်ကျော်ရှိတဲ့ ရွာကြီးပါ။ ဆိပ်ခံဗောတံတားပေါ်မှာ လူတွေ ခဲလို့။ ဈေးသည်တွေရော.. မော်လမြိုင်လိုက်မယ့် ခရီးသည်တွေရောပေါ့။ ဆိုင်းဘုတ်မှာ ရေးထားတာက ထုံးအိုင်... တဲ့။ ပါဠိဆရာမက ပြောပြတယ်။ အဲဒီတရွာလုံး မွန်လူမျိုးတွေတဲ့။ အဲဒီရွာက ကလေးတွေ ကျောင်းမှာ အများကြီးရှိတယ်တဲ့။ နောက်ဆို လာလည်ကြတာပေါ့..တဲ့။ ဘားအံကနေ ကုန်းလမ်းနဲ့ သွားလည်းရတယ်.. ၁၀မိုင်သာသာပဲ ဝေးတယ်... တဲ့။ (အဲဒီရွာလေးက နောင် ကျမရွာ ဖြစ်လာမှာလို့များ နည်းနည်းမှ မထင်ခဲ့ပါဘူး)။ ကျမတို့တွေ အဲဒီ ရွာကနေ တက်လာပြီး သင်္ဘောပေါ် လိုက်ရောင်းတဲ့ မုန့်ဟင်းခါး ၀ယ်စားကြတယ်။ ဟင်းရည်က ငါးနိုင်းချင်း ကြက်သွန်နိုင်းချင်းနဲ့။ ဆန်းတာက မုန့်ဟင်းခါးထဲမှာ ဂွေးချိုသီးတွေ ပဲပင်ပေါက်တွေ ရှမ်းနံနံတွေ ထည့်စားကြတာပဲ။ ကျမလည်း စမ်းစားကြည့်တော့ စားကောင်းသား။ နောက်တော့ မြေပဲပြုတ်တွေ.. ပြောင်းဖူးပြုတ်တွေ ၀ယ်စားကြ တယ်။ သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ် ထူးထူးကဲကဲ ချိုတဲ့အရသာကို သိသိသာသာ ရတဲ့ အစားအစာတွေ။ ထုံးအိုင်ကိုကျော်တော့လည်း သံလွင်မြစ်ရဲ့ ဟိုဘက် ဒီဘက်မှာ ရွာကလေးတွေ လယ်တွေ ကိုင်းတွေ သာသာယာယာ... မြစ်ရဲ့ အလှနဲ့ ဟာမိုနီဖြစ်လို့။ လွမ်းမောစရာ ခေါင်းဆေးကျွန်းကို ဖြတ်ကျော်လာပြီး ချစ်စရာကောင်းတဲ့ မော်လမြိုင်ဟိုတယ် ပုပြားပြားလေးတွေကို လှမ်းမြင်လိုက်ရပြီး စင်ရော်တွေ ကျမတို့အနား ဥဒဟို ပျံဝဲ ရောက်လာ...။ နောက် မကြာခင်... ၁၁နာရီ ကျော်ကျော်မှာတော့ မော်လမြိုင်ကို ရောက်ပါပြီ။
+++++
မော်လမြိုင်မြို့ထဲကတော့ ဘားအံနဲ့ယှဉ်ရင် နည်းနည်း ပို ဆူပွက် လှုပ်ခတ်တဲ့ မြို့ပါ။ ရုံးစိုက်ရာ မြို့တော်တခု လည်း ဖြစ်တာကိုး။ တချိန်က မှောင်ခိုပစ္စည်းတွေကြောင့် ကျော်ကြားခဲ့တဲ့ မြို့.. မိုးမိုး(အင်းလျား)ရဲ့ 'ဂျိုး' ၀တ္ထုလေး အခြေတည်တဲ့ မြို့.. ဂျူးက 'မိန်းမတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်'ထဲမှာ ဆွတ်ဆွတ်ပျံ့ပျံ့ ထည့်ရေးခဲ့ရတဲ့ မြို့..။ ကျမအတွက် စိတ်ဝင်စားစရာဆိုရင်တော့ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ပါမောက္ခချုပ် အဖြစ် အုပ်ချုပ်ရာ တက္ကသိုလ်ကျောင်းတော်ကြီး ရှိနေတဲ့ မြို့ပေါ့။ ကျမတို့က အဖွဲ့တောင့်တော့ Taxi ငှားစီးရင် တန်ပါတယ်ဆိုလို့ သဘောတူကြပြီး ပါဠိဆရာမက ဦးဆောင်လို့ ကားငှားပါတယ်။ ကျမတို့ သွားရမှာက တောင်ဝိုင်း ကျောင်းထဲ တဲ့...။
မော်လမြိုင်ကလည်း နဘေးမှာ တောင်ညိုတောင်တန်းတွေ ရှိတာမို့ မြင်ကွင်းက ဘားအံနဲ့ ခပ်ဆင်ဆင်ပါပဲ။ လမ်းတွေကလည်း ကုန်းတက်ကုန်းဆင်းတွေပဲ။ မော်လမြိုင်ရဲ့ ထူးခြားချက်က အဆောက်အဦး တော်တော် များများက မေမြို့ဆန်ဆန် အနောက်ဟန် ပါတာပါပဲ။ ပြီးတော့ မော်လမြိုင်ရဲ့ နေ့လယ်ခင်းက ဘားအံလို ရှင်းလင်း ခြောက်သွေ့မနေပါဘူး... သက်ဝင် ဆူညံပါတယ်။ နောက်တော့.. ကျမတို့ ငေးရင်းမောရင်းမှာပဲ လမ်းမရဲ့ ညာဘက်ခြမ်းမှာ မော်လမြိုင်တက္ကသိုလ် ဆိုတဲ့ ဆိုင်းဘုတ်ကြီး တွေ့လိုက်ရပြီး ကားက ချိုးဝင်လိုက်ပါတယ်။ ဒါက အဓိပတိလမ်းမကြီးပေါ့...။ မျှော်ကြည့်လိုက်တော့ လမ်းမကြီးရဲ့ အဆုံးမှာ ကန့်လန့်ဖြတ် လျက်သား ရှိနေတဲ့ အဖြူရောင် သုံးထပ် အဆောက်အဦးကြီး...။
အဲဒီ အဆောက်အဦးကြီးရဲ့ အပေါ်ဆုံးတတိယထပ်က အဓိပတိလမ်းမကြီးကို ဆီးကြည့်နိုင်တဲ့ မျက်နှာစာ ဘက်ခြမ်းမှာ မြန်မာစာဌာန ရှိနေတာပါ။ ဌာနမှာ ရောက်ကြောင်း သတင်းပို့ပြီး ကျမတို့ တည်းဖို့ ဆရာမများဆောင်က သူငယ်ချင်းတွေဆီမှာ နေရာယူကြပါတယ်။ အိုးး ဆရာမဆောင် တ၀င်းလုံး ရန်ကုန်က ကိုယ့်သူငယ်ချင်းတွေချည်းပဲ...။ ညနေစောင်း ကျောင်းဝင်းထဲ လမ်းလျှောက်တော့မှ တကယ့် သဘာဝနဲ့ နီးစပ်လှတဲ့ မော်လမြိုင်တက္ကသိုလ်ကိုလည်း သဘောကျမိတော့တာ။ သစ်ပင်အုပ်အုပ်တွေ... ပြီးတော့ ကျောင်းရဲ့ ပင်မ အဓိပတိလမ်းမ နဘေးက ရေတဝေါဝေါစီးနေတဲ့ လျှိုကလေး။ တထပ် စာသင်ဆောင် လေးတွေ...။ ခန့်ညားတဲ့ ဓမ္မာရုံကြီး။ တကယ်တော့ တောကျကျ တက္ကသိုလ်တခုပါပဲ..။ ဒါပေမဲ့ ပန်းခင်းအလှလေးတွေနဲ့ တိတ်ဆိတ်အေးချမ်းမှုကို အတိတွေ့နေရတဲ့ ဒေသလေး။ ဥသြသံလေးတောင် ကြားနေရတာ မှတ်မိနေပါသေးတယ်။ နဘေးမှာ တောင်ဝိုင်းတောင်ကြီးက ကာဆီးလို့... အရိပ်ပေးထား သလိုလို။ အင်းးး မြသီလာတော့ မြသီလာပါပဲလေ..။
+++++
ဗုဒ္ဓဟူးနေ့ အစည်းအဝေးပြီး နောက်တနေ့ ကြာသပတေးနေ့လယ် ၁၂နာရီထွက်မယ့် ပြည်သာယာသင်္ဘောနဲ့ ဘားအံပြန်ဖို့ စီစဉ်ပါတယ်။ ကြာသပတေးမနက် ကျောင်းကင်တီးမှာ လဘက်ရည်သောက်ပြီး မြို့ထဲဆင်းမယ်.. ဈေးကြီးဝင်မယ်..လို့ စီစဉ်တော့ ဌာနက မမသင်းက သူ့ဆိုင်မှာ နေ့လယ်စာ ထမင်းစားပါတဲ့။ သူ့ဆိုင်က ဒေါ်ပု ထမင်းဆိုင်..တဲ့။ ကျမတို့ ဝေးကနဲ အော်ကြပါတယ်။ မော်လမြိုင်မှာ နာမည်အကြီးဆုံး ထမင်းဆိုင်ပေါ့.. (ဂျူးဝတ္ထုထဲလည်း ပါဖူးတဲ့ ဆိုင်)။ နာမည်ကြီးလောက်အောင်ပဲ အဲဒီနေ့က စားကောင်းလိုက်တာ..။ (အဲဒီ မမသင်းက နောက်ပိုင်း ကျမ မော်လမြိုင် တက္ကသိုလ်မှာ တာဝန်ယူရတော့ အချစ်ဆုံးသူငယ်ချင်းတအုပ်စုတည်း ဖြစ်သွားတာ)။
ကျမအတွက်တော့ သူငယ်ချင်းတွေနဲ့တူတူ.. အသစ်အဆန်းတွေနဲ့မို့ သားကို လွမ်းတဲ့အလွမ်းကတောင် သက်သောင့်သက်သာ ရှိနေခဲ့သလို။
+++++
သောကြာနေ့မှာတော့ ကျမ ကျောင်းအုပ်ကြီးလုပ်တဲ့ ဌာနမှူးအစည်းဝေး တက်ရမယ်တဲ့..။ ကျမကတော့ အစ်မကြီးကို ရအောင်ခေါ်တာပဲ။ အစ်မကြီးကလည်း လိုက်ခဲ့ရှာပါတယ်။ အဓိက ကတော့ Fresher welcome လုပ်ဖို့ကိစ္စပါ။ ဒီတော့မှ လှိုင်တက္ကသိုလ်နဲ့ မတူတာကို သတိထားမိပါတယ်။ ဘားအံကောလိပ်မှာက မောင်မယ်သစ်လွင်ကြိုဆိုပွဲကို သေချာ အကျအန လုပ်တာတဲ့။ ကျောင်းအနေနဲ့ရော ဌာနအလိုက်ရော လုပ်ရတာတဲ့။ အစည်းဝေးမှာ အစီအစဉ်တွေ အသေးစိတ် ဆွေးနွေးကြ တိုင်ပင်ကြပါတယ်။ ဌာနအလိုက် ကတော့ ကိုယ်အဆင်ပြေသလို လုပ်ကြပါ..တဲ့။
ဒီတော့ အစည်းဝေးလည်းပြီးရော ကျမတို့ သူငယ်ချင်း၃ယောက် ဌာနထဲမှာ ခေါင်းချင်းဆိုင် ကြရပါတော့တယ်။ ကျမက ဌာနမှူး မလုပ်ချင်ဘူး ဆိုတော့ အစ်မကြီးက "မရဘူးလေ.. ညီမလေးကလည်း .. လိုရင် အစ်မကြီး ကူမှာပေါ့" တဲ့။ နောက်ဆုံးတော့ အဆင်ပြေသလို ကြုံသလို လုပ်ကြတာပေါ့လို့ အတည်ပြုလိုက်ကြပါတယ်။ ဒီလိုနဲ့ ကျမတို့ နှစ်ယောက် ပူးတွဲ ဌာနမှူးတွေလို တတွဲတွဲ လုပ်ခဲ့ကြရတာ..။ ပျော်စရာပါပဲ..။
အဲဒီနေ့မှာပဲ မေဂျာတန်း၃တန်းအတွက် အချိန်ဇယားဆွဲတာတွေ.. သင်ရမယ့် ဘာသာရပ်ခွဲတာတွေ.. တတိယနှစ် မေဂျာကျောင်းသား ၇ယောက်၊ ဒုတိယနှစ် မေဂျာကျောင်းသားက ၃ယောက် (ယောက်ျားလေးတယောက်၊ မိန်းကလေး ၂ယောက်)နဲ့ ပထမနှစ် မေဂျာကလေး ၂၃ယောက်တို့အတွက် စာသင်ခန်းသတ်မှတ်ပေးတာတွေ လုပ်ရပါတယ်။ ။ အဲဒီ အတန်းကြီး ကလေး ၁၀ယောက်ကို အစည်းဝေးလေး ခေါ်ရပါတယ်။ မောင်မယ် သစ်လွင်ကြိုဆိုပွဲကိစ္စပေါ့။ အဲဒီနေရာမှာ တတိယနှစ်နဲ့ ဒုတိယနှစ်ကလေးတွေရဲ့ စည်းလုံးညီညွတ်မှု၊ ကျွမ်းကျင် လိမ်မာမှုနဲ့ စေတနာတွေကြောင့် ကျမတို့ဆရာ၃ယောက် ခေါင်းမရှုပ်လိုက်ရဘဲ အစီအစဉ် ဆွဲပြီးသား ဖြစ်သွားပါတော့တယ်။ (လူနည်းပေမဲ့ အင်မတန် အားကိုးရတဲ့ ကလေးတွေပါ)။ ပထမနှစ်ကလေး ၂၃ ယောက်ကို ကြိုဖို့ ပိုက်ဆံစုတာက အစ မုန့်ကျွေးဖို့ စီစဉ်တာ King & Queen ရွေးတဲ့ အစီအစဉ် အထိ။ လာမယ့် တနင်္လာနေ့ မနက် ၁၀နာရီမှာ ကြိုကြမယ်ပေါ့။
+++++
စနေနေ့မနက်မှာတော့ ကျမတို့ ခြံဝင်းလေးရဲ့ နောက်ဘက်လမ်းသွယ်လေးထဲမှာ ရှိတဲ့ ရပ်ကွက်ဈေးကလေးကို သွားကြည့်ကြပါတယ်။ အဲဒီဈေးကလေးကနေပဲ ကျမအိမ်ကလေး အတွက် လိုမယ့် အိုးခွက်ပန်းကန်လေးတွေနဲ့ ဟင်းလျာတွေ ၀ယ်ရပါတယ်။ အသားငါး ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေကို ဈေးချိုချိုနဲ့ ရလို့ ကျမဖြင့် ဈေးဝယ်ရတာမှာ ပျော်နေခဲ့ ပါသေးတယ်။ ပြီးတော့ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူတဲ့ ဘားအံမုန့်ဟင်းခါးကို စားကြည့်ပြီး ကြိုက်သွားခဲ့တာ။ ငါးနိုင်းချင်း.. ကြက်သွန်နီဖတ် နိုင်းချင်းနဲ့။ ငှက်ပျောအူကို တအိုးသပ်သပ် ပြုတ်ထားပြီး လိုချင်မှ ထည့်ပေးတာ။ စားတဲ့အခါကျတော့ ခရမ်းချဉ်သီးနဲ့ ရှမ်းနံနံတွေ ဗမာနံနံတွေ.. ပဲတီပင်ပေါက်တွေ အကြိုက် ထည့်စားကြရတာ။ ကျမ ဘားအံမှာ နေခဲ့ရတဲ့ ၃နှစ်လုံး နေ့တိုင်းနီးပါး စားတာပေါ့။
ဈေးကအပြန်မှာတော့ ကျမရယ်.. အစ်မကြီးရယ်.. မိချိုရယ်... သူငယ်ချင်းဆရာ(သူ့ကို ကျမက ကလေးတွေ ကွယ်ရာမှာဆို ကျောင်းတုန်းကလိုပဲ အသေးလေးလို့ ခေါ်ပါတယ်)ရယ်.. ကျမတို့ ကျောင်းရှေ့ လမ်းမကြီးပေါ်က 'စိန်' လို့ နာမည်ပေးထားတဲ့ လက်ဘက်ရည်ဆိုင် လေးကို သွားထိုင်ကြတယ်။ (ကျမတို့ အိမ်တွေကို ဖုန်းခေါ်လည်း အဲဒီဆိုင်လေးကနေပဲ ခေါ်ရတာပါ)။ နောက်တော့ အဲဒီလက်ဘက်ရည်ဆိုင်ဟာ ကျမတို့ မနက်တိုင်းလိုလို ထိုင်ဖြစ်တဲ့ ဆိုင်ကလေးဖြစ်သွားတာပေါ့။ အဲဒီဆိုင်ကလေးကနေ လှမ်းကြည့်ရင် မနီးမဝေးမှာ ထန်းပင်မြင့်မြင့်တွေ.. ထုံးဖြူစေတီလေးတွေနဲ့ ဘုန်းကြီးကျောင်းကလေးတွေကို ပခုံးပေါ် ထမ်းထားတဲ့ စိမ်းညို့ညို့ ကြာအင်းတောင်ကို ကန့်လန့်ဖြတ်အနေအထားနဲ့ လဲလျောင်း နေတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် အဲဒီဆိုင်လေးရဲ့ အပြင်ဘက်က စားပွဲကို ကျမ ရွေးထိုင်လေ့ရှိပါတယ်။
အဲဒီတုန်းက စိန်လက်ဘက်ရည်ဆိုင်လေးက ကျောင်းနဲ့နီးနီးက အကောင်းစားလို့ ပြောရမယ့် တခုတည်းသော လက်ဘက်ရည်ဆိုင်လေးပေါ့။ ယိုးဒယားဖြစ် မုန့်မျိုးစုံရတယ်.. မနက်စာ ထမင်းကြော်.. စမူဆာ.. ပဲနံပြား.. ကော်ပြန့်ကြော်.. အီကြာကွေး ကောင်းကောင်းရတယ်။ ကျမတို့ ဆရာအုပ်စု ဆိုင်ထဲဝင်လိုက်တာနဲ့ ဆရာ.. ဆရာမဆိုပြီး စကားသံဝဲ၀ဲလေးတွေနဲ့ နှုတ်ဆက်ကြတာ ဆူညံဆူညံကို ဖြစ်သွားတာပါပဲ.. တဆိုင်လုံး ကျောင်းသားကျောင်းသူတွေ ကိုး...။ အဲဒီနေ့က ကျမတို့စားတာ ဘယ်သူတွေ ရှင်းလိုက်တယ် မသိ။ စားသောက်ပြီးလို့ ပိုက်ဆံလည်းရှင်းရော.. ကလေးတွေ ရှင်းသွားပြီတဲ့။ ဒါဟာ နယ်ကောလိပ်လေးရဲ့ ကျမတွေးမထားဖူးတဲ့ နွေးထွေးတဲ့ မိတ်ဆက်မှုတခုပါပဲ။ ဘားအံဟာ ထိုင်းနယ်စပ်နဲ့ နီးတဲ့ မြို့ကလေးမို့ ကျောင်းသူကျောင်းသားတွေဟာ ခေတ်မီတဲ့ အဆင်အပြင်.. သပ်ယပ်တဲ့ အသွင်အပြင်တွေနဲ့အတူ ယဉ်ကျေးတဲ့ အမူအယာတွေ ရှိကြတာတော့ သတိထားမိပါတယ်။
အဲဒီနေ့ကလေးမှာမှပဲ ကျမက ကျမ အနည်းဆုံး ၂နှစ်လောက်နေရမယ်လို့ သိထားတဲ့ ပတ်ဝန်းကျင်ကလေးကို သေချာ လေ့လာရတော့တာပါ။ အဲဒီနေ့မှာပဲပေါ့။ လက်ဘက်ရည် ဆိုင်ကအပြန်.. ကျမ နေ့လယ်စာအတွက် မီးဖိုခန်းထဲမှာ ဟင်းချက်ဖို့ပြင်နေတုန်း အိမ်အပြင်ကနေ အမေရေ့ အမေရေ့.. ဆိုတဲ့ ခေါ်သံတွေ ကြားလိုက်တာ..။ အဲဒီခေါ်သံက အိမ်ဝထိ ရောက်လာမှပဲ ကျမက ငါ့ကိုများခေါ်လေသလားလို့ တွေးမိတာပါ။ ဒါနဲ့ အိမ်ရှေ့ဘက်ထွက်လိုက်တော့မှ အိမ်ဝမှာရပ်နေတဲ့ ရန်ကုန်က ကျမရဲ့ လှိုင်တက္ကသိုလ် Geology(၁၉၉၃-၉၄) က သားတွေကို ဗြုန်းကနဲ တွေ့လိုက်ရတာ။ ကျမ အံ့သြသွားမိပါတယ်။ ဦးဆောင်လာတာက သရဲလို့ ကျမတို့ ချစ်စနိုးခေါ်တဲ့ ကလေး။ သူတို့က ကျောင်းထဲမှာ ကျမနာမည်သွားမေးလို့ ယောက်ျားလေးဆောင်က ကလေးတွေက ကျမဆီအရောက် လိုက်ပို့ပေးတာ။
(ဒီနေရာမှာ သရဲလေးအကြောင်း ပြောပြချင်ပါတယ်။ သူက ကျမကို အမေလို့ ခေါ်တယ်။ ခုသူရှိရင် အသက် ၃၃လောက်ရှိမှာပေါ့။ သူက သီချင်းဆိုချင်တာ.. အဆိုတော်ဖြစ်ချင်တာ.. အဆိုတော်တောင်မှ Rock အဆိုတော်ဖြစ်ချင်တာ။ ဇော်ဝင်းထွဋ်နဲ့ ဟယ်ရီလင်းသီချင်းတွေကို crazy ဖြစ်တဲ့ ကလေး။ သူ့အသံကလည်း ခပ်ကွဲကွဲမို့ သူ့ကို သူ့သူငယ်ချင်းတွေက ဇော်ဝင်းဖွတ်လို့လည်း ချစ်စနိုး ခေါ်ကြတယ်။ ကျောင်းပွဲတွေမှာ သီချင်းဆိုရင် တကယ့် Rocker လို ဟန်ပန်ကောင်းတဲ့ ကလေး။ အဲဒီတုန်းက သူဆိုနေကျ သီချင်းတွေက 'ဘာကြောင့်အချစ်ရေ အသည်းခွဲတာလဲ' နဲ့ 'မောဟစားသူများ'...။ ကျောလယ်လောက် ဆံပင်ရှည်ရှည်ကြီးနဲ့မို့ သရဲလို့ အသမုတ်ခံရပေမဲ့ အင်မတန်ယဉ်ကျေးတဲ့ ကလေးပေါ့။ ကျောင်းအားရက်တွေမှာ Freelance tourist guide လုပ်ပြီး ကျောင်းစရိတ်ရှာတဲ့ ကလေး။ နောက်တော့ တကယ်ပဲ ကျမနဲ့ သားအမိတွေလိုဖြစ်သွားပြီး ကျောင်းမှာ ကျမနဲ့ ကင်တီးထိုင်ဖက်လည်း ဖြစ်သွားတဲ့ ကလေးပါ။အဲဒီ သရဲလေးက ဦးဆောင်ပြီး အားလုံး ၈ယောက်.. တပြုံကြီး.. ကြည့်ပါဦး.. လိုက်လာကြတာ။ အမေ့ကို စိတ်ပူလို့တဲ့။ သရဲလေးက ပြောသေးတယ်။ ဘားအံဆိုတာ ကျနော်တို့ အမျိုးတွေ နေတာလေ အမေရဲ့.. ဒါကြောင့် ကျနော် အမေ့ကို အပ်ရအောင် လိုက်လာတာတဲ့။ သူက ကရင်လူမျိုးလေ။ ပြီးတော့ တကယ်ပဲ သူတို့ကို ကျမနေတဲ့ အိမ်ကလေးဆီအရောက် လိုက်ပို့ပေးတဲ့ ကလေးတွေကို သူက လူကြီးလုပ်ပြီး ကျမကို အပ်နေတာ။ ကျနော်တို့အမေကို စောင့်ရှောက်ပါနော်.. တဲ့။ ကျမမှာ ရယ်နေရင်းနဲ့ပဲ မျက်ရည်တလည်လည်နဲ့ ဖြစ်နေခဲ့ရ ပါတယ်။
နောက်တော့ ၂၀၀၀ လောက်မှာပဲ ကျမ မော်လမြိုင်တက္ကသိုလ်မှာ ရှိနေတုန်း သရဲကလေး သတင်းကို ကြားရပါတယ်။ မြစ်ကြီးနား မြစ်ဆုံကို နိုင်ငံခြားဧည့်သည်လိုက်ပို့ရင်း ဧည့်သည်က ရေဆင်းကူးတာမှာ ရေနစ်တော့ သူ ဆင်းကယ်ရင်း ရေနစ်ပြီး ကွယ်လွန်သွားတယ်တဲ့။ ကျမ စိတ်ထဲ တော်တော်ကို ထိခိုက်ရပြန်တဲ့ သတင်းပေါ့။ အဲဒီအချိန်မှာ မှတ်မှတ်ရရ ကျမ စိတ်ထိခိုက်စရာ ကျမကလေးတွေရဲ့ နာရေးသတင်းတွေ ကြားခဲ့ရတာ တတိယမြောက် သတင်းပေါ့.. ပထမဆုံးက မိုးသွင်သွင်... နောက် ဥာဏ်မိုးလေး(ဆရာတင်မိုးသား.. ချိုသင်းမောင်လေး).. နောက်ဆုံး အဲဒီအချိန်မှာ သရဲလေးသတင်းပေါ့။ ၃ယောက်လုံးဟာ ကျမ ချစ်တဲ့.. အင်မတန် စိတ်ကောင်းနှလုံးကောင်းရှိကြတဲ့.. ကိုယ်ပိုင်တန်ဖိုး အသီးသီး ရှိကြတဲ့... ကလေးတွေပါ။ မြန်မာနိုင်ငံရဲ့ ခေတ်နောက်ကျမှုကြောင့် သတင်းအားလုံးကို တော်တော် နောက်ကျပြီးမှပဲ ကျမ သိခဲ့ရတာပါ)။
သူတို့ကို ဘယ်မှာ နေရာချရပါ့မလဲလို့ ကျမ ပူနေတုန်းမှာပဲ သူတို့က "အမေကလည်း ပူမနေနဲ့ ကျနော်တို့ သူငယ်ချင်းတွေ အမျိုးတွေ ရှိတယ်.. အဲဒီမှာ တည်းမှာ..၊ အမေ အဆင်ပြေတာ တွေ့ရတော့ စိတ်ချပြီ...... တနင်္လာနေ့ ကျောင်းတက်ရမှာဆိုတော့ နက်ဖန်ပြန်မယ်လေ" တဲ့။ တနေကုန် ကျမဆီ သူတို့နေတော့ သူတို့ကို လိုက်ပို့ပေးတဲ့ ကလေးတွေလည်း ကျမဆီ တနေကုန်..။ အဲဒီ ကလေးတွေကပဲ လိုက်ပို့ပေးလို့ ညနေခင်းမှာတော့ သရဲလေးတို့ကိုလည်း ပို့ရင်း ကျမတို့ရန်ကုန်သူ ဆရာမတစုလည်း မရောက်ရသေးတဲ့ ဘားအံရဲ့ နာမည်ကျော် ကန်သာယာဘက် သွားလည်ကြပါတယ်။ ဇွဲကပင်တောင်နောက်ခံနဲ့ ကန်သာယာဟာ ဘားအံရဲ့ လွမ်းစရာ ကောင်းတဲ့ ဇာတ်ဝင်နေရာလေးတခုပေါ့။ (နော်ရင်မွှေး ရုပ်ရှင်ကားထဲမှာ ဘားအံရဲ့ သဘာဝအလှကို တ၀ကြီးမြင်ရနိုင်ပါတယ်)။
အဲဒီညနေမှာမှပဲ ဘားအံကောလိပ်မှာ ကျမနဲ့ ၃နှစ်လုံးလုံးဆုံရမယ့် သားသမီးလို ဖြစ်သွား ရပြန်တဲ့ ကလေးတွေနဲ့ စရင်းနှီးသွားရတာ။ မိန်းကလေး၅ယောက် နဲ့ ယောက်ျားလေး ၃ယောက်။ နောက်ပိုင်း သရဲကလေးတို့ ပြန်အသွားမှာတော့ အဲဒီကလေးတသိုက်ကပဲ ကျမကို တကယ် ကူညီစောင့်ရှောက်ကြတဲ့ အရင်းနှီင်္းဆုံး သားသမီးတွေအဖြစ် ရှိခဲ့ကြတာပါပဲ..။ အားလုံး ကော့ကရိတ်က ကလေးတွေပေါ့..။ (ထူးထူးခြားခြားပြောရရင် ဘားအံမှာ ရှိခဲ့တဲ့တလျှောက် ကျမနဲ့ အရင်းနှီးခဲ့ဆုံး တပည့်တွေကလည်း ကော့ကရိတ်က ကလေးတွေ ပါပဲ)။ အဲဒီကလေးတွေရဲ့ ဘ၀ ဘ၀တွေဟာ ကျမရဲ့ မြသီလာ သက်တမ်းမှာတော့ မှတ်တမ်းမှတ်ရာတွေ ဖြစ်ခဲ့ပါတယ်။
+++++
You received this email because you are subscribed to the real_time feed for http://maynyane.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.