Tuesday, December 16, 2008

[နှလုံးသားရပ်ဝန်းမှ အသံများ...။] 2 New Entries: ဆားချက်တဲ့ ပို့စ်။

ဆားချက်တဲ့ ပို့စ်။

Opposite Stories of Rabbits...


အရင်က ရေးပြီးသားတွေပါ...။ ခုများမှာတော့ အဲလို ပြန်မရေးနိုင်တော့လို့ အဟောင်းများထဲက တူးဆွပြီး မဖတ်ဖူးသေးသူများအတွက် ပြန်လည် ဝေငှပေးလိုက်ရပါတယ်...။ ဖတ်ပြီးသူများ ခန္တီစတရား လက်ကိုင်ထားပြီး ကျော်သွားကြပါလို့...။
===================================
ယုန်ဆိုတဲ့ သတ္တ၀ါအကြောင်းများ မပြောချင်ပါဘူး...။
မစူးစမ်း မဆင်ခြင်တဲ့ ယုန်သူငယ်တဲ့...။
ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ ပုံပြင်လေး အကြောင်းပါ...။
ခင်ဗျားတို့ တစ်တွေလဲ ကြားဖူးကြမှာပေါ့...။
ဥသျှစ်ပင်အောက်မှ ၀ပ်နေတဲ့ ယုန်လေးတစ်ကောင်ဟာ အကြောင်းမဲ့ လျှောက်တွေးတဲ့ အကြောင်း...။ တကယ်လို့ ကမ္ဘာကြီးပေါ်နေနေတဲ့ သူ့အပေါ်ကို ကောင်းကင်ကြီး ပြိုကျလာခဲ့ရင် ဘာလုပ်မလဲလို့ တွေးနေတုန်း...။ ဗြုန်းဆို ဥသျှစ်သီးမှည့် တစ်လုံးကြွေကျလာလေရော...။ သစ်ရွက်ခြောက်ပေါ် ဥသျှစ်သီးမှည့် ကြွေကျသံဟာ ပြင်းလွန်းလို့ ယုန်သူငယ်ဟာ အကြောင်းခြင်းရာကို သေချာ မစုံစမ်းတော့ပဲ... သူ့ခေါင်းပေါ်ကို မိုးကောင်းကင်ကြီး ပြိုကျလာပါပြီ ဆိုပြီး ထိတ်လန့်တကြား ပြေးမိပြေးရာ ပြေးတော့တာပေါ့...။ ဒါကိုမြင်တဲ့ တိရစ္ဆာန် အပေါင်းက ယုန်ကို မေးတော့ ယုန်က မိုးကောင်းကင်ကြီး ပြုတ်ကျလာလို့ပါ ဆိုပြီး ပြောလဲပြော ပြေးလဲပြေး ... ပြောပြေးပွဲကြီး ကျင်းပသွားတာပေါ့...။ ဒါကို ကျန်တဲ့ အကောင်ပလောင်တွေကလဲ ဆက်ပြီး မစူးစမ်းပဲ ပြေးကြလိုက်တာ တစ်တောလုံး အုတ်အုတ်ကျက်ကျက် ဖြစ်ရော...။ အဲဒီမှာ တောသုံးထောင်ကို အစိုးရတဲ့ ကေသရာဇာ ခြင်္သေ့မင်းက သိတော့ ဒီအကောင်တွေ ငါမကယ်ရင် ပြေးရင်းနဲ့ အမောဆို့ပြီး သေဖွယ် ရှိတယ်ဆိုပြီး ပြေးနေတဲ့ တိရစ္ဆာန်အုပ်ရှေ့ကနေ ခန့်ညားထည်ဝါတဲ့ အသံကြီးနဲ့ ဟောက်လိုက်တယ်တဲ့...။ ဒီတော့မှ တိရစ္ဆာန်တွေလဲ သတိပြန်ရပြီး သွေးရူးသွေးတန်း ပြေးလွှားရာကနေ ရပ်လိုက်ကြသတဲ့..။ ခြင်္သေ့မင်းက အကြောင်းခြင်းရာကို စူးစမ်း ... ပြီးတော့ အခင်းဖြစ်ရာ နေရာကို မူလ အော်ရီဂျင်နယ် ယုန်နဲ့တကွ သွားကြည့်တော့မှ သစ်ရွက်ခြောက်ပေါ် ကြွေကျ နေတဲ့ ဥသျှစ်သီးမှည့်ကို တွေ့ပါရောလား...။ နောက်ဆုံးတော့ အဖြေမှန် ပေါ်သွားရော ဆိုပါစို့...။ ယုန်သူငယ်ရဲ့ မစူးစမ်း မဆင်ခြင်မှုကြောင့်သားရဲ တိရစ္ဆာန်တွေ ဒုက္ခရောက်ကုန်ပေါ့...။ ဟုတ်တယ်နော်...။ ဒီယုန်... ဦးနှောက် မရှိဘူး...။ စကျူးပစ်ယုန်...။
------------------------------------------

နောက်တစ်ပုဒ်ရော ကြားဖူးကြသလားမသိ...။
ယုန်သူငယ် နှာစေးတဲ့ အကြောင်းလေ...။ ဘိုးတော်ဦးဝိုင်းနဲ့ ဦးပေါ်ဦးတို့တုန်းကပါ...။ ဘိုးတော်ဘုရားက သူ့သားတော် နှစ်ယောက်ထဲက ဘယ်သူ့ကို အိမ်ရှေ့အရာ အပ်နှင်းရင် ကောင်းမလဲပေါ့...။ ညီလာခံပြီးလို့ ဘုရင်လဲ ပင်ပန်းတာနဲ့ စကားမရှိ စကားရှာ ကောက်မေးလိုက်တယ်နဲ့ တူပါတယ်...။ ဘယ်မှူးမတ်မှ မဖြေရဲကြဘူးတဲ့...။ ဘယ်ဖြေရဲမလဲ...။ ခေတ်က ပဒေသရာဇ်ခေတ်လေ...။ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်၊ အပြောမတော် တစ်ခွန်းဆိုတဲ့ စကားက ရှိတယ်မလား...။ မတော်... ဒီတစ်ယောက်ကို တင်လိုက်ပါဆိုရင် ဟိုတစ်ယောက်က ဟယ်..ငါ့ကျတော့ မတင်ဘူးဆိုပြီး မျက်မှန်တော် ရှပြီး လက်သုံးတော်ဓါးနဲ့ ပိုင်းလိုက်မှဖြင့်.... နောက်နေ့မျက်နှာသစ်စရာ မရှိပဲ ဖြစ်ရော့မယ်...။ ဆိုတော့ကာ ဘယ်သူမှ မဖြေရဲဘူးပေါ့...။ တိတ်တိတ်လေးနေနေကြတာပေါ့...။ ဘုရင်လဲ စိတ်အလိုမကျ ဖြစ်ပြီး သူ့ရဲ့ အမြဲ သုံးနေကျ သံခဲဆေးကြီး အဲအဲ လက်စွဲတော် ပျော်တော်ဆက်ကြီး ဦးပေါ်ဦးကို လှည့်မေးသတဲ့...။ ဦးပေါ်ဦးကလဲ နောက်နေ့ သစ်စရာ မျက်နှာ ရှိအောင် ညဏ်နီညဏ်နက်၊ ညဏ်ရောင်စုံတွေ ထုတ်ရတော့တာပေါ့...။ ၀ှပ်အေစီးလ်လီ့ကွက်ရှင် ဘိုးတော်ဘုရားအစ်စ်အတ်က်စ်ကင်းမီ ဆိုပြီး စိတ်ထဲကလဲ ပွစိပွစိ ရေရွတ် နေမှာပေါ့...။ ဘယ်ရမလဲ..။ ပေါ်ဦး သည်ဂရိတ်ပဲဟာ...။ မဟုတ်မဟတ် ဇာတ်လမ်းလေးတွေ ခင်းပြီး လျှောက်တင်ရမှာပေါ့...။ ဒါမှ ပေါ်ဦးလဲ လျှောက်သာ ၊ ဘိုးတော်ဘုရားလဲ စွဲသာ... အဲအဲ ရှဥ့်လဲ လျှောက်သာ ပျားလဲ စွဲသာ ဖြစ်မှပေါ့....။ ဒီလို ရှိပါတယ် အရှင်ဘုရား...။ ဟိုးယခင်က တောသုံးထောင်ကို အစိုးရတဲ့ ခြင်္သေ့မင်းတစ်ပါးမှာ လက်ယာတော်နံပါးမှာ သမင် ၊ လက်ဝဲတော်နံပါးမှာ ၀က်ငယ်၊ ရှေ့တော်မှောက်မှာ ယုန်သူငယ်ဆိုပြီး ပညာရှိသုံးပါး ရှိသတဲ့...။ တစ်ရက်မှာ တောဘုရင်ကြီးဟာ အစာရေစာ ၀လင်အောင် စားသုံးပြီးသကာလ စက်တော်ခေါ်မူသတဲ့...။ တစ်ပတ်တောင်ကြာတယ်ဆိုပဲ...။ တစ်ပတ်လဲကြာရော အိပ်ရာက နိုးလို့ သမ်းဝေသတဲ့...။ အဲဒီမှာ အစားကောင်း အသောက်ကောင်းတွေ စားပြီး ကိုးလ်ဂိတ်နဲ့ သွားမတိုက်ပဲ အိပ်တော့ အာပုတ်စော်နံတာပေါ့...။ ဒီမှာတင် လက်ယာဖက်မှာ ခစားနေတဲ့ သမင်ဟာ နံလွန်းလို့ နောက်ကို ယို့ပြီး ခစားသတဲ့...။ ဒါကို သတိမူမိတဲ့ ခြင်္သေ့မင်းက ဘာကြောင့်လဲဆိုပြီးေ မးတာပေါ့...။ သမင်ငယ်က အာပုတ်စော် နံလို့ ဖြစ်ကြောင်း မှန်ရာကို လျှောက်တင်တော့ ခြင်္သေ့မင်းက ငါလို တောဘုရင်ကို ပမာမခန့် မလေးမစား ပြောတယ်ဆိုပြီး သမင်ငယ်ကို ဂုတ်ကဆွဲယူ၊ ဂျိုးဂျိုးကျွတ်ကျွတ်မြည်အောင် ၀ါးစားသတဲ့...။ (သူ့ဟာသူ အိပ်တာကြာသွားလို့ ဗိုက်ဆာပြီး စားချင်တာကို ရမယ်ရှာတယ် မပြောဘူး...။)

ဒါနဲ့ မပြီးသေးဘူး...။ လက်ဝဲဘက်ကို လှည့်ပြီး နောက်တစ်ခါ သမ်းဝေသတဲ့...။ ဒီအခါမှာလဲ ထိုနည်းလည်းကောင်းပဲ... ၀က်ငယ်ကလဲ ကိုယ်ကို နောက်တွန့်ပြီး ခစားပြန်သတဲ့...။ နံတာကိုး...။ နံတာကို ဘယ်သူကြိုက်ပါ့မလဲ...။ (နံတာကို ပြောတာနော်...။ နန္ဒါကိုပြောတာ မဟုတ်ဘူး...။ လူနန္ဒာကိုတော့ ကြိုက်တယ်...။ ဟီးဟီး...။) အဲအဲ .. ဆက်လိုက်ဦးမယ်...။ အဲဒီမှာ ဘုရင်က ၀က်ပျိုလေးကို ငါ့ခံတွင်းနံ့ ဘယ်လိုလဲလို့ ထပ်မေးပြန်သတဲ့...။ ၀က်ပျိုလေးက စဉ်းစားတယ်...။
အင်း...။ ခုနင်က .. သမင်တော့ မှန်ကန်လို့ ကွဲ ...အဲအဲ အသက်နဲ့ ခန္ဓာ အိုးစားကွဲရတယ်...။ ငါတော့ ဒီလိုတော့ အဖြစ်မခံဘူးဆိုပြီး ... အရှင့်ခံတွင်းနံ့ဟာ ကြာညိုနံ့လိုပဲ သင်းပျံ့ပျံ့မွှေးကြောင်းပါဖျာ့လို့ လိမ်လည် လျှောက်တင်သတဲ့....။ ဒီမှာတင် သမင်တစ်ကောင်တည်း ၀ါးတီးပရိတ်ဖတ်စ် ဖွင့်လိုက်ရလို့ ဒေါသထွက်နေတဲ့ ကိုယ်တော်ချော ရွှေခြသေ့င်္ ၀ါယာကြိုး အဲအဲ... ဘုရင်ကြီးဟာ ရမယ်ရှာပြီး ၀က်ပျိုကလေးကို ဂျွတ်ဂျွတ်မြည်အောင် ၀ါးစားပြန်သတဲ့...။ ငါလို ဘုရင်ကို လိမ်လည် လျှောက်တင်ရကောင်းလား ဆိုပြီးတော့ပေါ့...။ ၀က်ပျိုသားများ တယ်ကောင်းဆိုပဲ...။ ၀က်စ်တမ်း ပတ်က် (Western Park) မှာတောင် ဒီလောက်မကောင်းဘူးဆိုပဲ...။ လက်ဝဲရံလဲကုန်ပြီ...။ လက်ယာရံလဲ မရှိတော့ဘူး...။ ဟိုဒီကြည့်လိုက်တော့ ရှေ့မှာ ခစားနေတဲ့ ယုန်သူငယ်လေးကိုတွေ့ရောတဲ့...။ အင်း.. ဒီငချွတ်လေးနဲ့ပဲ အစာပိတ်ပွဲတော်တည်လိုက်မဟဲ့ဆိုပြီး... အကြံနဲ့ မေးခွန်းဟောင်းကိုပဲ မေးသတဲ့...။
(ဧကန္တ.... ဒီခြသေ့င်္ဟာ စံနစ်ဟောင်းတုန်းက ဆယ်တန်းမေးခွန်းကို ထုတ်ဖူးပုံရတယ်...။ မေးခွန်းဟောင်းတွေကိုပဲ ထပ်တလဲလဲ ပြန်ပြန် မေးနေတယ်...။)

ယုန်သူငယ်ကလဲ ရွှေခြသေ့င်္ရဲ့ တားဂက်ကို ရိပ်မိတော့ အောက်ပါအတိုင်း ပြန်ဖြေသတဲ့...။ အရှင် ခြသေ့င်္မင်းခင်ဗျားပေါ့...။ ကျွန်တော်မျိုး မျက်နှာမွဲ မောင်ရွှေယုန်မှာ အရှင်မင်းကြီးမေးသည့် မေးခွန်းကို ဖြေကြားနိုင်ရန်အတွက် အရှင်မင်းရဲ့ ခံတွင်းတော်မှ ရနံ့ ကို ကြိုးစားရှုပါသော်လည်း ယုန်ကလေးမှာ ခုတစ်လော ငှက်တုပ်ကွေး မိနေ၍ ယုန်ကလေးနှာစေးနေကြောင်းပါ...။ သို့ကလိုကြောင့် ဘာရနံ့မှ မရကြောင်းပါလို့ လျှောက်တင်သတဲ့...။ ဒီအခါမှာ ခြသေ့င်္ကြီးက ယုန်သူငယ်ကို စားချင်ပါသော်လည်း ယုန်သူငယ်က သူ့ထောင်ချောက်ထဲကို တိုးမလာပဲ ပညာရှိနည်းနဲ့ ရှောင်ခွာသွား၍ အကြံမအောင်ပဲ ရှိလေသတဲ့...။


ဦးပေါ်ဦးကလဲ ဘိုးတော်ဘုရားကို အထက်ပါပုံပြင်အတိုင်း ယုန်ကလေး ပေါ်ဦး နှာစေးနေ၍ ဘိုးတော်မေးခွန်းကို မဖြေကြားနိုင်ကြောင်း သံတော်ဦးတင်သတဲ့...။ ဒီမှာတင် ဘိုးတော်က.... ကွယ်...။ မောင်ပေါ်ဦးရယ်...။ မဖြေချင်ရင်လဲ မဖြေချင်ဘူးလို့ ဒဲ့ဒိုး ပြောလဲရရဲ့သားနဲ့ ... ဥပမာ ဥပမေရတွေနဲ့ ခိုင်းနှိုင်းလိုက်တာ....။ ငါကိုယ်တော်မြတ်လဲ အာပုတ်စော်နံတဲ့ မင်း ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်ရတယ်ဆိုပြီး... ရယ်ရယ်မောမောနဲ့ ညီလာခံကို ရုပ်သိမ်းပြီး အတွင်းတော်ကို ကြွမြန်းသွားသတဲ့...။

ဒီပုံပြင်နှစ်ခုမှာ ယုန်ဆိုတဲ့ သတ္တ၀ါမျိုးဟာ တစ်ခါတစ်လေမှာ စဉ်းစားညဏ်မရှိပဲ "အ" ချင်ရင် "အ" ပြီး ... တစ်ခါတစ်လေတော့လဲ.... တော်သွားပြန်ရော...။

ဘာရယ်မဟုတ်...။ ဖတ်မိတဲ့ ပုံပြင်တွေထဲက ယုန်နဲ့ပါတ်သက်ပြီး ဆန့်ကျင်ဖက် ဖြစ်နေတဲ့ ဒီပုံပြင်နှစ်ပုဒ်ကို ဘလော့ဂ်ကြွလာ မိတ်သဟာများ ဗဟုသုတ ပွားစေချင်လို့ ပြင်ဆင်ပြီး မော်ဒန် ပုံပြင် အဖြစ် တင်လိုက်ရပါတယ်...။

ပန်းပျိုးသူ အလင်္ကာ

ပန်းတစ်ပွင့်ကို နောက်ကျပြီးမှ ပွင့်အာတာ သိလိုက်တယ်...။
ပန်းကတော့ နေရောင်ရနေလောက်ရောပေါ့...။
တစ်ကယ်တော့ အဲဒီနေက နေရောင်အတုမှန်း ပန်းကလေးက မသိရှာဘူး...။
ဘယ်သိမလဲ...။
ပန်းကလေးက ဖန်မီးချောင်းအောက်မှာ ပွင့်အာခဲ့တာဆိုတော့ အလင်းမြင်တိုင်း နေရောင်လို့ ထင်နေရှာတယ်...။
ပန်းလေးကို နေရောင်အောက် ရွှေ့ပေးမိတယ်...။
ဒါပေမဲ့ ပန်းလေးက သူ့ မီးချောင်က အလင်းကိုမှ မီးလို့ ထင်နေတော့တယ်...။
အော်... ပန်းလေးရယ်.... သဘာဝ အလင်းရောင်လေးကို မြင်နေတာတောင် အလင်းတုလို့ မြည်တမ်းနေတယ်...။
တစ်ကယ်တော့ ပန်းလေးက ဖန်ပေါင်းချောင်ထဲ ပိတ်မိနေတဲ့ ပန်းဆိုတာ ပန်းပျိုးသူ မေ့သွားတယ်...။
ပန်းပျိုးသူက အဲဒီပန်းကို သဘာဝ အလင်းရောင်နဲ့ မိတ်ဆက်ပေးဖို့ အတော့်ကို ကြိုးစားရမှာပါလား...။
ဒီလို အသိတွေ ၀င်လာတဲ့ အချိန်မှာတော့ ပန်းလေးက ဖန်မီးချောင်းကို အလင်းစစ်လို့ ထင်သွားပြီလေ...။
ပန်းပျိုးသူရေ.... စိတ်မကောင်းပါဘူး...။ နောင်ပွင့်အာလာမယ့် ပန်းလေးတွေကို နေရောင်အောက် အချိန်မှီ ရွှေ့ပေးဖို့ ကြိုးစားပါလေ...။

(ပန်းပျိုးသူ ဖြစ်ဖို့ မကြိုးစားခဲ့ပါဘူး...။ ပန်းဥယျာဉ်တစ်ခုကို ရောက်ရင်းနဲ့ သဘာဝ အလင်းစစ်နဲ့ အလင်းတုကို မခွဲနိုင်တဲ့ ပန်းလေးအတွက် စိတ်မကောင်းခြင်းများစွာ၊ နှမြောတသ ခြင်း များစွာ ခံစားခဲ့ရတဲ့ ပန်းကြိုက်သူပါ။)

You received this email because you are subscribed to the real_time feed for http://heartstations.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.