Tuesday, December 16, 2008

[Honey's Private Thought] 1 New Entry: မီးသစ်မီးဟောင်းတွေအကြောင်း

မီးသစ်မီးဟောင်းတွေအကြောင်း


မောင်လေး ကျောင်းစတက်တဲ့ နေ့ကို သတိရနေမိတယ်။ ရှားရှားပါးပါး မောင်နှမတွေထဲမှာ အသက်ငါးနှစ်တင်းတင်းပြည့်မှ ကျောင်းစတက်ဖူးတဲ့ကိုယ်တော်။

ဆံပင်ညိုညိုပျော့ပျော့လေးကို ဘီးရာထင်အောင်အသေအသပ် ခေါင်းဖြီးထားတဲ့ ၀ိုင်းစက်နေတဲ့ပါးကွက် ၂ဖက်နဲ့ အသစ်စက်စက်အဖြူအစိမ်းဝတ်စုံနဲ့ မျက်နှာက စူပုပ်နေရောပဲ။ ကျောင်းသွားမယ်ဟေ့လို့ အဖေက ကောက်ချီလိုက်တာနဲ့ အာခေါင်ကိုခြစ်ပြီးအော်ငိုတော့တာ။ အဖေ့ကိုလဲမသွားဘူး မသွားဘူးဆိုပြီး ကုပ်ဆွဲထားလိုက်တာ အဖေ့လည်ပင်းဆိုခြစ်ရာတွေ နီလို့။ ကိုယ့်မှာ သူကျောင်းတက်ကတည်းက မုန့်စားဆင်းချိန်တိုင်း ဒင်းကိုပြေးပြေးတွေ့ရတာ တလလောက်လဲနေရော ဒင်းကအပေါင်းအသင်းတွေရပြီး အမကို အဖက်မလုပ်ချင်တော့မှပဲ သက်သာရာရတော့တယ်။

သူတက္ကသိုလ်စတက်တဲ့နေ့ကလဲ ဆွေမျိုးတကာစုံလင်စွာနဲ့ သူ့အဆောင်ထိလိုက်ပို့ကြတာ။ ခုနေပြန်စဉ်းစားတော့ တော်တော်ကဲကြတာပဲလို့ တွေးမိတယ်။ သူနေရမယ့်အဆောင်ကိုကြည့်ပြီး အမေ့မျက်နှာကသိပ်မကောင်းလှ။ သူ့ပုံကလည်း ပိုးဟပ်ဖြူဆိုတော့ ဆေးတွေဝါးတွေအစုံအလင်နဲ့ စိတ်မချစွာထားခဲ့ရတာပေါ့။ သူကလဲ ကျောင်းပိတ်တာနဲ့ နေ့မကူးခင်အိမ်ပြန်လာတာပဲ။ ဒုတိယနှစ်လောက်လဲရောက်ရော သူက ကျောင်းပိတ်ရက်တောင် အိမ်ချက်ချင်းမပြန်ချင်တော့။ တတိယနှစ်မှာ သီးဆစ်အတွက်ချင်းတောင်ကို ပန်းသီးခင်းသွားကြည့်တယ်ဆိုတာလား ပြန်တောင်မလာဘူးလေ။ လူကလဲ နောက်တယောက်ပြောင်းသွားသလို အသားတွေနေလောင် လူကောင်ကြီးကြီးနဲ့ ဆံပင်ရှည်ကထားလိုက်သေးတယ်။ အိမ်က အဲဒီအခါမှ စိတ်နည်းနည်းအေးရတော့တာ။ ဒါပေမယ့် အိမ်သံယောဇဉ်ကို ကျောင်းသံယောဇဉ်က အနိုင်ယူတတ်မှန်းမသိခဲ့ရ။

သူအလုပ်စ ၀င်တော့လဲ အဲလိုပါပဲ ပါးစပ်အမြှုပ်ထွက်မတတ်မှာရတယ်။ စိတ်ပူရတယ်။ ကိုယ်ကပဲ ပူလွန်းနေတာလား။ သူ့ပုံကပဲ စိတ်မချစရာဖြစ်နေသလား။ နောက်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဖွဲ့ကျလို့။ ကိုယ်ကလည်းအဝေးရောက်ပြီဆိုတော့ စာနဲ့ပဲလှမ်းပူရတာပေါ့။ သူက စာတောင်မှန်မှန်မပြန်တော့။ အလုပ်များနေတယ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်သွားလည်နေလို့ အဲသလို။ အလုပ်သံယောဇဉ်နောက် ပါသွားပြန်ရော။ အဲဒီအချိန်မှာ ကိုယ်က သိပ်မပူတော့ဘူး။ ကိုယ်လဲ အင်အားကြီးသံယောဇဉ် စတွေ့နေပြီကိုး။

အခုတော့ သူကရေစိမ်းမြေစိမ်းမှာ ပရောဂျက်အသစ်အတွက် သွားနေရမယ်ပြောလာတယ်။ ဂရုစိုက်လို့တော့ ပြောလိုက်တယ်။ သူလုပ်နိုင်တယ်ဆိုတာသိလို့လား ကိုယ်ကမောင်နှမတွေကို သိပ်မပူပန်ပေးတတ်တော့တာလား။ ကိုယ့်ဘာသာလဲ အံ့သြမိတယ်။ လူတွေက အသက်ကြီးလာတဲ့အခါ ဒီလိုပဲဖြစ်တတ်သလား ကိုယ်တယောက်ထဲပဲ ဒါမျိုးဖြစ်နေသလားမသိဘူး ။ တချိန်တုန်းကတော့ ဒီမောင်လေးအတွက်ပူလိုက်ရတာ အမေ့ထက်တောင်ပိုကဲနေသေးတယ်။

အခုစိတ်ပူရတာက တနင်္လာနေ့အလုပ်သွားတော့မယ့် တစုံတယောက်အတွက် အအေးမမိဖို့၊ စားရေးသောက်ရေးအဆင်ပြေဖို့၊ ညကားမောင်းပြန်လာတဲ့အခါ ဘေးရန်ကင်းဖို့။ ၁ရက်လောက် အသံမကြားရတာနဲ့ သေပြီလားမတွေးမိပဲ အင်တာနက်ပျက်သလားဖုန်းပျက်သလား တွေးမိဖို့။ ဥာဏ်နည်းလို့ပဲလား အမိုက်မှောင်ဖုံးနေလို့ပဲလား တရားကလဲမရနိုင်ဘူး။ တရားအတူထိုင်ဖူးတဲ့ သူငယ်ချင်းတယောက်ကတော့ ပြောပါတယ်။ ယောင်းမရေ တရားကိုလဲဆင်ခြင်ဦး တရားထိုင်တာကို အသက်ရှူလေ့ကျင့်ခန်းလောက်ပဲ သဘောထားပြီး လုပ်မနေနဲ့လို့ ပြောဖူးတယ်။

သူအရင်တရားရပြီး တောထွက်သွားမှ ကိုယ်လဲတရားကိုရိပ်ဖမ်းသံဖမ်း စရှာရကောင်းမှန်း သိမယ်ထင်ပါရဲ့။ မတော် တရားမရှာပဲ နှမလက်လျှော့နေပေတော့လုပ်သွားတယ်ဆိုပြီး ကဗျာတွေများ ထရေးနေမိမလားမသိ။

You received this email because you are subscribed to the real_time feed for http://thinkinghoney.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.