Tuesday, December 16, 2008

[Nine Nine SaNay] 2 New Entries: ကျွန်မဖတ်ဖို့ (၇)

ကျွန်မဖတ်ဖို့ (၇)


၁) သာမန်လူတွေက မကျေနပ်ကြောင်း မညည်းညူတတ်သလို မနာလိုစိတ်လဲ မရှိဘူး။

၂) တွေးပဲတွေးပြီး မလုပ်တာက လူညံ့၊ လုပ်ပဲလုပ်ပြီး မတွေးတာက မျက်ကန်း၊ တွေးပြီးမှ လုပ်တာက လူတော်

၃) ကိုယ့်မှာရှိရင် သူ့မှာ မရှိတာကို သတိရပါ။ ကိုယ့်မှာမရှိရင် သူ့မှာ ရှိရင်ရပြီလို့ တွေးပါ။

၎) အရာရာကို ရင်ဆိုင်ပါ။ ကြာလာရင် ရင်ဆိုင်ရမှာကို မကြောက်တော့ဘူး။ အရာရာကို လက်ခံကြည့်ပါ။ ကြာလာရင် ကျင့်သားရသွားပါလိမ့်မယ်။

၅) ကိုယ်ရှင်သန်နေတာ တစ်ပါးသူကို အောင်နိုင်ဖို့၊ သာလွန်ဖို့ မဟုတ်ဘူး။ လူတွေအတွက် အကျိုးရှိဖို့ဖြစ်တယ်။

၆) လူတွေ ကိုယ့်ကို မှားကြောင်းပြောရင် မဖြေရှင်းပါနဲ့။ ကိုယ်ဘယ်နားမှားလဲ? ဘယ်လို ပြုပြင်ရမလဲ?ဆိုတာကို မေးပါ။

၇) သိတိုင်း နားမလည်နိုင်ဘူး။ နားလည်တိုင်း မလုပ်နိုင်ဘူး။ လက်တွေ့လုပ်နိုင်မှ အမှန်တကယ်ဖြစ်တယ်။

၈) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်း သဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

၉) ပြဿနာတိုင်း ဖြေရှင်းလို့ရတယ်။ အခက်အခဲတိုင်း ကျော်လွှားလို့ရတယ်။

၁ဝ) သင်ယူခြင်းက တစ်ခဏအတွက် မဟုတ်ဘူး။ တစ်ဘဝအတွက်ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

"ကျွန်မဖတ်ဖို့" မရေးတာကြာသွားပါပြီ။ "ကျွန်မဖတ်ဖို့"လေး ရေးပါအုန်းလို့ ပြောလာတဲ့အတွက် အင်တာနက်ပေါ် ဖတ်ဖူးတာလေးတွေ စုစည်းပြီး ရေးလိုက်ပါတယ်။ သိပြီးသား၊ ဖတ်ဖူးပြီးသားတွေ ဖြစ်မှာပါ။ ဒါပေမယ့်လည်း ကျွန်မဖတ်ဖို့ ရေးလိုက်ပါတယ်။

နိုင်းနိုင်းစနေ

တွေးတွေးပြီး ရယ်


ဆေးပညာ အလွန်တိုးတက်တဲ့ခေတ်မှာ သေဆုံးသူရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ခွဲစိပ်ပြီး သိမ်းထားနိုင်သလို အဲဒီ အစိတ်အပိုင်းတွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့လူတွေအတွက် ပြောင်းရွေ့ ကုသပေးလို့ရတယ်။ ကားပြင်ဆိုင်က ကားပစ္စည်းအဟောင်းတွေလို လိုချင်တဲ့ တံဆိပ်၊ အရွယ်အစားကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်။

တစ်နေရာမှာ ဦးနှောက်အဟောင်း ရောင်းဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်မှာ မတူတဲ့လူတန်းစား၊ မတူတဲ့ အဆင့်အတန်းက လူတွေရဲ့ ဦးနှောက်ကို ရောင်းတယ်။ အတန်းစား မတူတဲ့အတွက် ရောင်းဈေးကလည်း အမျိုးမျိုးရှိတယ်။

ရိုးရိုးသာမန်လူရဲ့ ဦးနှောက်က၂သောင်း
ဆရာဝန်၊ အင်ဂျင်နီယာတွေရဲ့ ဦးနှောက်က ၃သောင်း
သိပ္ပံပညာရှင်၊ စီးပွါးပညာရှင်တွေရဲ့ ဦးနှောက်က ၅သောင်း ... အစရှိသလို
နောက်လူတစ်မျိုးရဲ့ ဦးနှောက်က အထူးဈေး ၁သိန်းအထိ ရောင်းဈေးရှိသတဲ့။

ဈေးအကြီးဆုံး ဦးနှောက်ကို ဦးနှောက်ဝယ်သူ တစ်ဦးက "ဘာလူမျိုးရဲ့ ဦးနှောက်မို့လို့ အဟောင်းဈေးတောင် ဒီလောက်ရှိရသလဲ"လို့ မေးခဲ့တယ်။

ဆိုင်ရှင်က "ဒီဦးနှောက်က နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ ဦးနှောက်ဖြစ်လို့" လို့ ရှင်းပြတယ်။

ဝယ်သူက "နိုင်ငံခေါင်းဆောင်ရဲ့ ဦးနှောက်က စီးပွါးပညာရှင်၊ သိပ္ပံပညာရှင်ရဲ့ ဦးနှောက်ထက် ပိုကောင်းနေလို့လား" လို့ နားမလည်စွာ မေးတော့

"မဟုတ်ဘူး.... သူ့ဦးနှောက်က လက်ဟောင်းဆိုပေမယ့် အသစ်နဲ့မကွာဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တစ်ခါမှ ဦးနှောက်ကို မသုံးခဲ့ဖူးဘူး" လို့ ဆိုင်ရှင်က ပြန်ရှင်းပြခဲ့တယ်။

ဒီဆိုက်က ရတာလေးကို နိုင်းနိုင်းစနေ ပြန်ရေးပြီး ရယ်သည်။


You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.