Monday, December 29, 2008

[ပြောချင်လွန်းလို့] 1 New Entry: ရသလျှာရှည်

ရသလျှာရှည်

ဘလျှာရှည်ကား သက်ပြင်းတစ်ချက်ချလိုက်၏။ ထိုနောက် သက်ပျော့တစ်ချက်ကို ရှိုက်သွင်းလိုက်သည်။ ပြီးသော် သက်ဖိုတစ်ချက် ပြင်းစွာ မှုတ်ထုတ်၍ သက်မတစ်ချက် ချည့်နဲ့စွာ ရှူထည့်ပြီးသကာလ လက်ပိန်နှစ်ချောင်း ရှေ့ထောက်ကာ ကိုယ်ကိုင်း၍ အားယူ ထလိုက်သည်။ မာဆတ် မသွားနိုင်တော့သဖြင့် နာတတ်နေပြီဖြစ်သော အလိုက်မသိလွန်းသည့် ခါးကို ဖြေးညင်းစွာ ပြန်ဆန့်ပြီးနောက် ဘယ်ခြေထောက်ကို ဖြေးညင်းစွာ စလှမ်း၏။ ရှေ့သို့ ခြောက်လှမ်းမျှ လှမ်းပြီးနောက် ရပ်လိုက်သည်။ မရပ်လို့ မဖြစ်တော့။ ရှေ့မှာ ၀ါးထရံ ပိတ်နေမင့်ကိုး။ သို့ဖြင့် အနောက်သို့ ၁၈၀ ဒီဂရီ ပြန်လှည့်ကာ ယခင်နည်းအတိုင်း ပြန်လျှောက်သည်။ ခြေလှမ်း ငါးလှမ်းစာမျှ လှမ်းပြီးသည်နှင့် နဂိုနေရာသို့ ပြန်ရောက်လာသည်။ တဖန်ပြန်လှည့်ကာ ခြေစလှမ်းမည်ပြုသော် အတွေးတို့က ခေါင်းထဲ ဆွဲမခေါ်ဘဲ ၀င်လာပေသည်။

" နို့ .. ခုနက ခြောက်လှမ်း လှမ်းတယ်။ ခု .. ဖြင့် ငါးလှမ်း၊ .. ဘယ်ကနေဘယ်လို တစ်လှမ်းပျောက်သွားပါလိမ့် " ဟု နက်နဲစွာ တွေးမိ၏။ မျက်ခုံးတွန့်၍တွေးသည်၊ မျက်ခုံးကို ပြန်ဖြန့်ပြီးစဉ်းစားသည်။ နောက်တော့မှ သူသဘောပေါက်သည်။ ဒုတိယတစ်ခေါက်မှာဖြင့် ကြမ်းက အပေါက်ကြီးကို ကျွံမှာစိုး၍ အမြန်ကျော်လှမ်းလိုက်သည်ကိုး။ သို့ဖြင့် တစ်လှမ်းစာ ပျောက်သွားခြင်းဖြစ်မည်။ ဖြစ်တတ်တာပဲဟု ဖြေသိမ့် လိုက်၏။ သို့နှင့် တစ်ဆက်တည်း အတွေးထဲ ၀င်လာပြန်သည်က ကြမ်းပေါက်တောင် ပြန်မဖာနိုင်၊ မပြင်နိုင်သည်မှာ အတော်လေး ကြာခဲ့ ပြီဆိုတာဘဲ။ အစုတ်အပြတ် အဟောင်းအနွမ်းတို့ဖြင့်သာ အတိပြီးကုန်သော မိမိပတ်ဝန်းကျင်သေးသေးလေးကို ဘယ်နှစ်ကြိမ်မြောက် မှန်းမသိ ဝေ့၀ဲကာ ကြည့်မိပြန်သည်။ ရှေ့နောက် ၀ဲယာ၊ ဘယ်ညာတောင်မြောက်။

မျက်လုံးများက ဝေသီသီ ဝေ့သဲသဲ၊ နှာခေါင်းပေါက်အစုံမှ ပျော့တွဲတွဲ ပျစ်ချွဲချွဲ နှပ်မစင်ရည်များက ဆောင်းလေတစ်ချက် ပစ်အတိုက်မှာ ခပ်ငိုက်ငိုက် သွယ်ဝိုက်ကာ စီးကျလာသည်။ သို့ဖြင့် အိပ်ကပ်ထဲရှိ ထရိတ်ဒါးဟော်တယ်က အလစ်နှိုက်လာသော လက်ကိုင်ပုဝါကို ထုတ်ကာ အသာသုတ်၏။ ပြီးသော် နှုတ်မှ တိုးတိုးလေး ရေရွတ်လိုက်သည်။

" ဘလော့လောကကြီး ဘာတွေဖြစ်ကုန်ပြီနည်း ..... ?

လေးစားရပါသော စာရှုသူ..။ ကျွန်ုပ် ရူးသွားပြီဟု အထင်မရောက်နှင့်ဦး။ "ရသ" စာပေဆိုတာ ဒီလိုမျိုးလားဟု ကြိုးစား၍ ရေးကြည့်မိခြင်း သာ။ ရေးသာရေးသည်။ မသိ၊ မတတ်သဖြင့် အပြီးသတ် ဆက်ရေးရန် မဖြစ်ချေတော့။ ဘဇာကြောင့်နည်း။ ရှင်းပါအံ့။

လွန်ခဲ့သောအချိန်တွေက ကျွန်ုပ်မှာ ကမ္ဘာ့စီးပွား ပျက်ကပ်ဒဏ်ကို အလူးအလဲခံနေခဲ့ရသည်လေ။ သို့ကလိုကြောင့် ဘလော့ဘက် မလှည့် နိုင်၊ အမေရိကားတွင် စတော့ရှယ်ယာ အိတ်ချိန်းတွေ ကမောက်ကမ ဖြစ်ကုန်သည်ဆို၏။ ထိုစတော့ရှယ်ယာ အိတ်ချိန်းတွေ ကမောက်ကမ ဖြစ်၍ မိမိတို့ တိုက်နယ်လေးရှိ အစိုးရဆက်သွယ်ရေး တယ်လီဖုန်း အိတ်ချိန်းလည်း ကောင်းလိုက် ပျက်လိုက် ဖြစ်နေ၏။ အစိုးရမင်းများ ပြောတာကတော့ ဒါတောင် သူတို့ တော်လွန်း၍ ဒီလောက်ဘဲ ဖြစ်တာတဲ့။ နို့မို့ဆို နစ်လိုက် မြုပ်လိုက်တောင် ဖြစ်ဦးမှာတဲ့။ ရွာဦးကျောင်း ဆရာတော်တောင် ဘုရားပြီးလျှင် သူတို့ကို တစ်ဆက်တည်း ကန်တော့ရင် ကောင်းမလား စဉ်းစားနေပြီဆိုသည်။

အမေရိကားက လေးမန်းအင်ဘရားသား ကုမ္ပဏီကြီး ကွဲသည်။ အကျိုးဆက်အားဖြင့် ရွာက အင်တာနက်လည်း ခဏခဏ ကျကွဲပြီး ပျက်နေသည့် အချိန်သာများသဖြင့် ကျွန်ုပ် မဘလော့နိုင်ခြင်းသာ။ ဟော .. အခု အင်တာနက် အကွဲကြီး ပြင်ဆင်ပြီး၍ လှေကားထောင် တက်ကြည့်သော်၊ ဘလော့အကယ်ဒမီ ပေးပွဲကြီးနှင့် ဆိုက်ဆိုက်ကြီး တိုးလေတော့သည်။ နွားငတ်နှင့် ကောက်ရိုးပုပ်တွေ့သည့်နှယ် ကျွန်ုပ်ကား ထိုပွဲကြီးကို အငမ်းမရ ထိုးဟပ်တော့၏။ (တလောက မစ်(စ်)ငထက်ပြားဖမ်းပွဲကြီး အကြောင်း သူများ ဖေါက်သယ်ချ၍ လာပြန်ပဟ ဒီတစ်ခါ ဘာပွဲလဲဟဲ့ဟု စိတ်ဝင်စားမိခြင်းဖြစ်သည်။) ဟပ်သာဟပ်၊ ကောက်ရိုးနှင့် နှုတ်သီး အလွဲကြီးလွဲသော အကောင်နှယ် ကျွန်ုပ်မှာ ဆန့်ငင်ဆန့်ငင် စဖြစ်ရသည်။ သို့သော် စိတ်ဘ၀င်ကား ချက်ချင်း အပေါ်သို့ မြောက်ကာ တက်သွားချေသည်မှာ ဦးကျော် ရင်စီးသည့် မီးပုံပျံနှယ် ဘယ်ယိမ်းညာယိုင်ဖြင့်၊ လေထဲ နှစ်ရက်ခန့် တွဲလဲခိုစီးပြီး ခုတော့ မှိုင်းယိုလို့ ကိုးရိုကားယား ဆင်းလာကာ၊ ဤပို့စ်ကို ထိုင်ရေးမိခြင်း ဖြစ်သည့်တမုံ့။

ချစ်လှစွာသော စာရှုသူတို့..။ သက်ထီးသက်မ အစုံလိုက် ပူးချပြီး ကုလားထိုင်ပေါ် ငုတ်တုတ်ထိုင်တွေးကြည့်ပါဦး။ ကျွန်ုပ်ကိုယ်စား အလ ကားတွေးပေးကြပါ။ အကယ်ဒမီဘုတ်အဖွဲ့က ကျွန်ုပ်တို့၏ ဤဘလော့ကို "ရသ" စာပေစာရင်းထဲ သွတ်ပြီးသွင်းထား၏။ အချောင်းလိုက် အသွင်းမခံရသဖြင့်တော့ ကျွန်ုပ်ကျေနပ်ပါသည်။ ရှာမှရှား၊ ဇကာတင် စာရင်းပေါက်သည်ဆိုတာ နည်းသည်မဟုတ်။ ထပ်၍ သေချာ တွေး ကြည့်ပါ။ ကျွန်ုပ်မှ မမြောက်လျှင် အဘယ်သို့သောသူ မြောက်မည်နည်း၊ အိုဘားမား သမ္မတဖြစ်ဖို့ရှိသည်မှာ ဘာမှမထူးဆန်း။ သူ မြောက် စရာမလိုချေ။ မြောက်လျှင် ပထမသက်တမ်းမှာဘဲ ညှပ်ဖိနပ်ဖြင့် အပေါက်ခံရမည်။ ဒေါ်စုလွတ်ပြီး ၀န်ကြီးချုပ်ဖြစ်လျှင်လည်း မြောက်စရာ မရှိ။ လွတ်လမ်းမှ မမြင်မိသကိုး။ ထားချေတော့ လမ်းလွဲနေပြီ။ လျှာရှည်အား "ရသစာပေ" စာရင်းထဲ သွတ်ပြီး သွင်းထားသဖြင့် ကျွန်ုပ် မြောက်ကာ ဟိုးအပေါ်က ရသစာလား ဘာလားမသိသည့် စာတစ်ပိုဒ်ကို ရေးမိခြင်းသာ။ သို့ပေမင့် မည်သို့ပင်ကြိုးစား ကြိုးစား။ ဆက်ရေးရန် မတတ်သာတော့သဖြင့်၊ ဤမှာပင် တန်းလန်းကြီး ရပ်ထားမိခြင်းဖြစ်၏။ သို့သော် ကျွန်ုပ် နောက်နေ့တွင် အဆုံးသပ်နိုင်ဖို့ ကြိုးစားပါဦးမည်။ လေ့လည်းသေချာ လေ့လာပါဦးမည်။ ဒီနှစ် အကယ်ဒမီ မချိတ်နိုင်လည်း နောက်နှစ်အတွက် ကြိုတင်ပြင်ဆင်ပြီး ရွှေစင်ဆုရဖို့ အားခဲထားပါသည်။ ကျန်ရစ်မင်းကြီး 'လူမင်း 'ပြောသလို၊ (အာလုပ်သံကြီးဖြင့်) "စေတနာရဲ့ အကျိုး .. ဟိုး ဟိုး ခံစားရတာ ပါဘဲ" ဆိုသလိုပေါ့။ ကျွန်ုပ်လည်း နောက်နှစ်တွင် ထိုကဲ့သို့ စင်ပေါ်မှာ ပြောနိုင်အောင် အားထုတ်မည်။

ချစ်စွာသော စာရှုသူ..။ ကျွန်ုပ် ဘလော့လောကမှ အသေထွက်၊ အရှင်ထွက်၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်၊ မထွက်မချင်း ရသမြောက် စာပေများ ကြိုးစားရေးသားသွားပါမည်။ ကျွန်ုပ် ရှေ့လျှောက် "ရသ" စာပေကိုသာ အလေးထား ရေးသွားမည်ဖြစ်ကြောင်း၊ သတင်းဆိုး ပို့အပ်ပါသည်။

You received this email because you are subscribed to the real_time feed for http://www.koshershay.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.