စိတ်ကူးလေးယဉ်ကြည့်လိုက်ပါတယ်
"တင်း…တင်း..တောင်"
လေဟာနယ်ထဲမှာ အိပ်မောကျနေသည်ကို ကိုယ်ရံတော် ရိုဘော့က … တေးသံသာဖြင့် လာနှိုးနေခြင်းဖြစ်၏။
"ဟေ့ ဘယ်ချိန်ရှိပြီလဲ…"
"အလင်းနှစ် ..100,000,2548,32385,1214.18442 ရှိပါပြီ"
"အင်း ငါအိပ်နေတာ နဲနဲကြာပြီပဲ။ ဆောရီးကွာ ညက ညနက်မှ အိပ်လို့။ အေး ဒီနေ့ လုပ်ရမယ့် လုပ်ငန်း ပရိုဂရမ်တွေ ရေးပေးပြီးပြီလား"
"ဟုတ်ကဲ့ ကျွန်တော် သမ္မတကြီးရဲ့ မှတ်ဥာဏ် ဦးထုပ်ထဲ ထည့်သွင်းထားပြီးပါပြီ။"
"အေး ကောင်းတယ်"
အိပ်ယာမှ အညောင်းအညာ ဖြေရင်း ထလိုက်ပြီး လေဆာသန့်စင်ခန်းသို့ ၀င်လိုက်သည်။ (လေဆာ သန့်စင်ခန်းဆိုတာ သူတို့ ရွှေ့လျား အာကာသ နိုင်ငံတော်တွင် ရေသည် သောက်သုံးရန် အတွက်သာ ဖြစ်ပြီး ချိုးရေ အတွက်ကိုတော့ လေဆာဖြင့်သာ ချိုးပြီး ပိုးမွှားများကိုပါ သန့်စင်စေသော အခန်းဖြစ်သည်)။
"ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူ ရယ် တူတူပါပဲကွယ်… အယ်အယ်…"
ရောင်ခြည်တွေ ပက်ဖျန်းနေရင်း နွေးနွေးလေးနှင့် သီချင်းလေး ငြိမ့်နေရတာ တနေ့တာလုံး အတွက် ဇိမ် အကျဆုံး အချိန်ဖြစ်သည်။ သိပ်လဲ ဇိမ်လုပ်လို့မရ ဒီနေ့ ဆောင်းရာသီအခန်းထဲကို လူတွေ ရွှေ့ပြောင်း ကြမည်ကို သွားရောက် ကြီးကြပ်ပေးရမည်။ ၎င်းတို့သည် နေစင်္ကြ၀ဠာ ပျက်သုန်းပြီးနောက် နေရပ်မှ စွန့်ခွာ လာခဲ့ကြသော လူမျိုးစုများဖြစ်ကြရာ ကမ္ဘာကို သတိရစေခြင်းအားဖြင့် ရာသီဥတုအတုများ ဧရာမ ယာဉ်ကြီးပေါ်တွင် တည်ဆောက်ထား၏။ အ၀တ်အစား များကို ဒီဇိုင်းနာ ရိုဘော့များက ၀ိုင်းဝန်း ဆင်ပေးကြပြီးသည်နှင့် ဆွဲအားမဲ့ အခန်းထဲမှ ထွက်လိုက်သည်။
"ကျွီ.."
သမ္မတစီးနင်းသော ရှည်လျားသည့် ယာဉ်ပျံတခုသည် အခန်းအ၀တွင် လာရပ်လေသည်။ ထို့နောက် မောင်းသူမဲ့ ယာဉ်မှ တံခါးပွင့်လာပြီး စီးနင်းလိုက်ပါသွားလေတော့သည်။
ဆောင်းရာသီ ခန်းမရောက်တော့ လူတွေက တဖွဲဖွဲရောက်နေပြီ။ အခန်းထဲရောက်တော့ တရားဟော ခန်းမ ခေါင်မိုးပေါ်က နှင်းတုတွေက တဖြိုက်ဖြို့က်ကျလို့…။
"သမ္မတကြီး မင်းယွန်း ရောက်လာပြီကိုး.. ဒီနေ့ အစီအစဉ်တွေကများတယ်ခင်ဗျ၊ အရင်ထိုင်ပါအုံး ကျွန်တော် တင်ပြပါ့မယ်။"
ဝန်ကြီးတဦးက သူ့ကို အရှေ့က ဦးဆောင်ပြီး သဘာပတိများ ထိုင်တော့ VIP ခုံတန်းမှ ဆွဲအားမဲ့ (ကြမ်းပြင်နှင့် လွတ်နေသော) ခုံပေါ်မှာ နေရာပေးလေသည်။ သမ္မတအပါအ၀င် ၀န်ကြီးများ အဖွဲ့ရဲ့ အားလုံး အသက်ပျမ်းမျှဟာ ၂၅နှစ်သာ ရှိသေးသည်။ အားလုံးက သွက်သွက်လက်လက်၊
"မနေ့က ကျွန်တော်တို့ အာကာသ နိုင်ငံရဲ့ ဆက်သွယ်ရေး လမ်းကြောင်း ၁ စက္ကန့်မျှ နှေးသွားတယ် ခင်ဗျ..။ ဘာကြောင့်လဲ ဆိုတာ အခုထိ အဖြေရှာလို့ မရသေးဘူး ဗျာ.."
အခုတလော သူတို့ ယာဉ်ပျံအနီး ကို ကပ်ကပ်လာသော အာကာသ သောင်းကျန်းသူများကလဲ ရှိသေးသည်။ လေဆာ ဒုံးခွင်းစနစ်ကလဲ အခုချိန်ထိ စမ်းသပ်မှု မအောင်မြင်သေးတာကြောင့် ကျူးကျော် လာမည့် အန္တရာယ်ကို စိုးရိမ်နေရသည်။ ထိုစိုးရိမ်သည့် အတိုင်းသာ ဖြစ်လာခဲ့လျှင်..။
"ပိုက်လိုင်း တလျှောက် လိုက်စစ်ပြီးပြီလား…"
"လိုက်စစ်ပြီးပါပြီ… ကျွန်တော်တို့လဲ တောင်ပိုင်းက ဆန့်ကျင်ဆန္ဒပြနေတဲ့ အဖွဲ့တွေ လက်ချက်လားလို့ စုံစမ်းကြည့်တော့ မဟုတ်ဘူး ဖြစ်နေတယ်.."
အင်း သောင်းကျန်းသူတွေ အန္တရာယ်ကလဲ စိုးရိမ်စရာပဲ။ ဒါကြောင့် ဗျူဟာ အရ အာကာသ ယာဉ် အလယ်ပိုင်း မြို့ကို ပြောင်းဖို့လုပ်နေတာ။
ယာဉ်ရဲ့ မြောက်ဝင်ရိုးစွန်းဘက်က အက်တမ်ဗုံး ထုတ်နေတဲ့ ကာရီးယိုး နိုင်ငံကိုလဲ ကြောက်ရသေးတယ်။ ဒီလူတွေက အက်တမ်ဗုံးကြီး တကားကားနဲ့ ဆီလေး ပဲလေး ပေးဖို့ ခြိမ်းခြောက်နေတာကိုး။
"ဒါနဲ့ နေပါအုံးဗျ…။ အာကာသ ယာဉ်တွေ ကို ဓါးပြထွက်ထွက် တိုက်နေတဲ့… ဆီမာလို နိုင်ငံကို အပြည်အပြည်ဆိုင်ရာ အာကာသ နိုင်ငံတွေ ပေါင်းပြီး တိုက်နေပြီဆို.. အဲ့ဒိ ကိတ်စ ကာကွယ်ရေး ၀န်ကြီးက ဘာပြောလဲ.."
အီမိုကေနှင့် ၀န်ကြီးက
"ဟုတ်ကဲ့ သမ္မတကြီး ကာကွယ်ရေး ၀န်ကြီး ဒိုးနတ်ဆိုင်ကို ခဏသွားပါတယ်.. "
"အာ အရေးအကြောင်းဆို ဒီဝန်ကြီးက ဒိုးနတ်စားနိုင်သေးတယ်.. ဒါဆို ဒုဝန်ကြီး ခေါ်ခဲ့.."
"ဟုတ်ကဲ့.."
အီမိုဝန်ကြီးက မဆိုင်းမတွပင် ထသွားပြီး များမကြာမှီမှာပင် ဒုဝန်ကြီးကို ခေါ်လာခဲ့လေသည်။
"ဟေ့ မင်းတို့ ဌာနက လူကြီးက ဘယ်လိုဖြစ်တာတုန်း ဒီလောက် တိုက်ခိုက်ရေးလုပ်နေတဲ့ ကြားမှာ ဒိုးနတ် ဆိုင်ကို ဘာသွားလုပ်တာတုန်း"
ဒုဝန်ကြီးက မျက်နှာငယ်လေးနှင့်…
"ဟုတ်…ဟို.. သတင်းသွားယူတယ် ပြောတာပဲ..ခင်ဗျ…"
"ဘာကွ… မင်းတို့တွေ လုပ်လိုက်ရင် ဒီအတိုင်းကြီးပဲ.. ပြောတော့ အကောင်းစားဥပဒေတွေနဲ့ လုပ်တော့ သောက်တလွဲ…"
သမ္မတလဲ ဆူပူကြိမ်းမောင်းလိုက်ရာ ဒုဝန်ကြီးလဲ ဇတ် ကလေး ပုကာ ထွက်သွားလေ၏။
ထိုစဉ် ရုတ်တရက် သူအနောက်မှ လည်ပင်းကို သိုင်း၍ သေနတ်ဖြင့် ထောက်ထားလိုက်လေသည်။
"ဟာ… ရန်သူ….."
"ဖုံး…."
အားလားလား ကြယ်တွေလတွေ မြင်သွားတာပဲ.. နောက်ကနေ ဘယ်သူမှန်း မသိဘူး.. နားရင်းအုပ်လိုက်သည်။ ၀န်ကြီးတွေ အကုန်လုံး ပြာပြာသလဲ ဖြစ်သွားကြ၏။ ဘာကြောင့်မှန်းမသိ တခန်းလုံး ပို.. ပိုအေးလာသည်။ ပြီးတော့ မြင်ကွင်းတွေက တဖြည်းဖြည်း မှုန်ဝါးလာ၏။
"ဟေ့ . အအေး လျှော့လိုက်…. ဂတ်ဂတ် ချမ်းလာပြီ…. အစ်အစ်..အား မလုပ်ပါနဲ့.. အစ်အစ်"
လည်ပင်းက အစ်သထက် အစ်လာသည်…။
ထိုစဉ်…
"၀ုန်းးးးးးးးးးးးးးးးးး"
"အောင်မြတ်လေး…ဗျ…"
အားရပါးရ ထအော်မိတော့မှ ကျွန်တော် ကွန်ပြူတာ ရှေ့မှာ အိပ်ပျော်သွားမှန်း သိတော့သည်။ ကွန်ပြူတာထဲမှ ဂိမ်းကတော့ ဖွင့်လျက်သား။ ဘယ်ချိန်ထဲက အိပ်ပျော်နေမိမှန်း မသိ။ အရေးထဲ အိပ်မက်ကောင်းတုန်း ကြောင်ရွှေဝါက ကုတ်ပေါ်တက်ဆော့ရင်း အရှိန်လွန်ကာ စီဒီစင်ကို ၀င်တိုက်မိပြီး ပြုတ်ကျသွားခြင်း ဖြစ်၏။ ကွန်ပြူတာသုံးရင်း ဖတ်ထားသော နိုင်ငံတကာ ဂျာနယ်များကလဲ ပြန့်ကျဲနေသည်။ ဟူးးး တော်ပါသေးရဲ့ အိပ်မက် ထဲမှာ မို့လို့…။ သို့နှင့် သန်းဝေနေသော မျက်လုံးများနှင့် အိပ်ယာပေါ် ခြေပစ်လက်ပစ် ၀င်အိပ် လိုက် တော့သည်။ ဒီဇင်ဘာဉာဥ့်တခုလုံးကတော့ တိတ်ဆိတ် အေးစက်လို့…။ ၀ှားးးးးးးးး။ ဆိတ်ငြိမ် နေသော ကြောင့် တိုင်ကပ်နာရီမှ အသံသည် အခန်းတခုလုံး မြည်ဟိန်း သွားလေတော့သည်။
"တင်း..တင်း..တောင်"
@@@@@@@@@@@@@@@@@@
အဟတ် ဒီဝတ္တုလေးက ဘာရယ် မဟုတ်ပါဘူး။ နေ့အိပ်မက်က ကျွန်တော့်ကို စိတ်ကူးလေး ယဉ်ကြည့်လိုက်ပါတယ် ဆိုပြီး တက်ဂ်တော့ ကျွန်တော်လဲ ပျင်းတာနဲ့ တထိုင်တည်း ထိုင်ရေးလိုက်တာ..။ ဟတ်ဟတ် ဒီဝတ္တုလေးကို ဟိုဝင်ဒီထွက် လုပ်ရင်း၊ သယ်ရင်းတွေနဲ့ စကား စမြည်ပြော ရင်းနဲ့ ရေးတာ ကြာချိန်က ၂နာရီ ဖြစ်ပါတယ်။ ကောင်းချင်မှ ကောင်းလိမ့်မယ်ဗျာ။ ဒါပေမယ့် တဂ်ကြွေးလေး တခုရှင်းသွားတာပေါ့ ဟတ်ဟတ်။ ကျွန်တော် ထပ်တဂ်ချင်သူတွေကတော့ ကိုရန်၊ ဗေဒါ၊ မီးလေးဇာ၊ မောင်မျိုးတို့ပဲ ဖြစ်ပါတယ်။ ကဲ စိတ်ကူးလေး ယဉ်ကြည့်လိုက်ပါတယ် ဆိုတဲ့ တက်ဂ်ကလေးနဲ့ ကိုယ့်စိတ်ကူးလေးတွေ ရေးပေးကြအုံးနော့။
ခင်မင်စွာဖြင့်
မင်းယွန်းသစ်
You received this email because you are subscribed to the real_time feed for http://www.minnyoonthit.net/feeds/posts/default. To change your subscription settings, please log into RSSFWD.