သံလျင်နှင့် တိုင်းရင်းသားကျေးရွာ
ခရစ္စမတ်နေ့က မဒီ့အစ်မတို့ အလုပ်က လူစုပြီး သံလျင်ဘက် ဘုရားဖူးသွားကြတော့ မဒီလဲ ပျင်းတာလဲ သူတို့နဲ့ လိုက်သွားခဲ့တယ်။ အရင်ဦးဆုံး ကျိုက်မှော်ဝန်းဘုရားကို အရင်သွားခဲ့တယ်။ ရေလည်ဘုရားသွားတော့ ဟိုးအရင်တုန်းက သူငယ်ချင်းတွေနဲ့ ခိုးသွားပြီးတော့မှ အပြန်မှာ ကားရှားလို့ ဒုက္ခရောက်ခဲ့ရတာကို သတိရမိတယ်။ သူတို့နဲ့ သွားလည်ပြီး သိပ်မကြာပါဘူး အလုပ်ကနေ မင်္ဂလာဆောင်သွားကြနေ နောက်တစ်ခေါက် ထပ်ရောက်ပြန်ရော။
ဘုရားကို သွားဖို့အတွက်က ဖယ်ရီခက ဈေးသိပ်မကြီးပါဘူး။ တစ်ယောက်မှ ၁၅၀ပဲရှိတယ်။ ဒါပေမယ့် မဒီ့အစ်မတို့ရဲ့ မန်နေဂျာကနေ စင်းလုံးငှားလိုက်ပြီး အပြန်မှာ လာကြိုခိုင်းလိုက်တယ်။ ဘုရားမှာတော့ လူတော်တော်များတယ်။ ဆယ်နာရီလောက်ပဲ ရှိသေးပေမယ့် တစ်ချို့တွေဆိုရင် ထမင်းချိုင့်တွေတောင် ဖွင့်စားနေကြပြီ။ အေးအေးဆေးဆေး ဘုရားဖူးချင်ပေမယ့် သူတို့ဆီက ထမင်း၊ ဟင်းအနံ့တွေကြောင့် ဘုရားပေါ်မှာတောင် ကြာကြာမနေနိုင်ပဲ ငါးကျွေးဖို့အတွက် အပြင်ပြန်ထွက်ခဲ့တယ်။ ငါးတွေကျွေးရတာကတော့ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် စည်းကမ်းမဲ့စွာ ပစ်ထားကြတဲ့ ပလက်စတစ်အိတ်တွေကတော့ တော်တော့်ကို အကျီးတန်စေပါတယ်။ အမှိုက်ပုံးကို တွေ့ပေမယ့်လဲ ပလစ်စတစ်အိတ်တွေ ပြည့်နေလို့ ကိုယ့်ဟာတောင် မနည်းထည့်ရတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး ကောင်လေးတစ်ယောက် တံမြက်စည်းတစ်ချောင်းနဲ့ ပုံးထဲက အမှိုက်တွေကို အောက်ရောက်အောင် ဖိသိပ်လိုက်တော့ နေရာတွေ တော်တော်များများ လွတ်လာတာကို တွေ့ရတယ်။ ဒါပေမယ့်လဲ လူတွေကိုက စည်းကမ်းမရှိတာပါ။ အမှိုက်ပုံးမှာ ထည့်လို့မရရင်တောင် ကိုယ့်အိတ်ထဲ ကိုယ်ထည့်ထားပြီး နောက်တော့မှ ပစ်လဲ ရပါတယ်လေ။
နောက်တစ်ခု မကြိုက်တာက ဖယ်ရီစီးဖို့ နေရာတောင် မရောက်သေးဘူး၊ အတင်းကိုပဲ ဘုရားပန်းတွေ၊ ပေါက်ပေါက်ဆုပ်တွေ၊ ဖယောင်းတိုင်တွေကို အတင်းထိုးရောင်းတဲ့ ဈေးသည်တွေပဲ။ မဒီသာ ဆိုရင် ပေါက်ပေါက်ဆုပ်ပဲ ၀ယ်မိမှာ။ ဒါပေမယ့် မဒီ့အစ်မကတော့ ဘုရားပန်းပါ ၀ယ်လိုက်တယ်။ ဘုရားရောက်တော့လဲ ပန်းအိုးမှာ ဘုရားပန်း ထည့်စရာနေရာတောင် မရှိလို့ တခြားနေရာက ပန်းအိုးမှာ ထည့်ခဲ့ရတယ်။ ဖယောင်းတိုင်မ၀ယ်မိတာပဲ ကံကောင်းတယ်။ ဘယ်နားသွားထွန်းရမှန်းတောင် မသိဘူး။
ရေလည်ဘုရားဖူးပြီးနောက်တော့ ကျိုက်ခေါက်ဘုရားဖူးဖြစ်တယ်။ အဲဒီ့မှာလဲ လူများတယ်။ ထမင်းစားသောက်နေကြတဲ့သူတွေလဲ တွေ့ရပြန်တယ်။ စောင်းတန်းကနေ ရှုခင်းကြည့်ချင်ပေမယ့် အနံ့အသက်တွေ မခံနိုင်တာနဲ့ မကြည့်ခဲ့ရဘူး။ ဘုရားကနေ အပြန်မှာတော့ စားသောက်ဆိုင်မှာ ထမင်းဝင်စားကြတယ်။ ပြီးတော့မှ တိုင်းရင်းသားကျေးရွာကို သွားကြတယ်။
တိုင်းရင်းသားကျေးရွာမှာက အရင်ဦးဆုံး ရှမ်းအိမ်ပဲ ၀င်ကြည့်ပြီးနောက် တခြားအိမ်တွေကိုတော့ အထဲ ၀င်မကြည့်ဖြစ်ဘူး။ ၀င်ကြည့်လဲ အ၀တ်အစားလဲနေတဲ့ ကောင်မလေးတွေကိုပဲ တွေ့ရမှာ။ တိုင်းရင်းသားဝတ်စုံတွေကို တစ်စုံ ၅၀၀ နဲ့ ငှားဝတ်လို့ရတယ်။ တော်တော်များများက ရှမ်းဝတ်စုံ၊ ကယားဝတ်စုံ၊ ကချင်ဝတ်စုံနဲ့ လီဆူးဝတ်စုံတွေကို ၀တ်ကြည့်ကြတယ်။ မဒီကတော့ လီဆူးဝတ်စုံကို အရင်ကတည်းက သဘောကျပြီးသားဖြစ်တော့ ကိုယ်တိုင်ဝတ်ကြည့်ချင်ပေမယ့် ကိုယ့်ကို စောင့်ဖို့တော့ စိတ်ရှည်ကြမယ့်ပုံမပေါ်တာနဲ့ မ၀တ်ခဲ့ရဘူး။ ကျေးရွာမှာလဲ လူများတော့ စိတ်ရှုပ်ပါတယ်။ တစ်ချိန်လုံး စက်ဘီးတွေကိုပဲ ရှောင်နေရတယ်။ မျှောင်စင်ပေါ်တက်တော့လဲ အပေါ်ကနေ ပြေးဆင်းလာတဲ့ ကလေးတွေကိုပဲ ရှောင်နေရတယ်။ အပေါ်ရောက်ပြန်တော့လဲ ရှုခင်းကြည့်ဖို့အတွက် လူအုပ်ထဲ တိုးရပြန်တယ်။
နေရာတွေလဲ သေချာမနှံ့ခဲ့ပါဘူး။ သူများနဲ့ သွားတော့လဲ သူတို့သွားချင်တဲ့နေရာတွေကိုပဲ လိုက်ရတယ်။ နောက်တစ်ခေါက်မှပဲ စိတ်ကြိုက်လျှောက်ကြည့်ရမယ်။ ဒီတစ်ခါသွားရင်တော့ ညနေပိုင်းမှပဲ သွားတော့မယ်။
You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.