♠ Blog Man (II)
စိတ်တိုစရာ နောက်တကိစ္စကတော့ ပြီးခဲ့တဲ့ ခရစ္စမတ် အကြိုနေ့မှာ ဖြစ်ခဲ့တာပါ၊ အခင်းဖြစ်ပွားရာ နေရာကတော့ လိန်ပျံတွေ အတက်အဆင်းလုပ်တဲ့ ချန်ဂီလေဆိပ် ဖြစ်ပါတယ်၊ အတိအကျဆိုရရင် ဂျက်စတား ဆိုက်တဲ့ တာမီနယ်လ် တစ် ပါ။ အဲ၊ ယောင်လို့၊ mode ပြောင်းရမယ်၊ switch to အတည်အပေါက် mode.. တွီ တွီ တွီ။
--
အဟမ်း၊ ကျွန်ုပ်သည် လေယာဉ်ပျံကို ငယ်ရွယ်စဉ်ကစ၍ တဖက်သတ် နှစ်သက်ခဲ့သူ ဖြစ်လေသည်၊ လေယာဉ်ပေါ်သို့ ရောက်သည့်အခါတိုင်း လေယာဉ် ဝမ်းဗိုက်အတွင်းမှ မမွှေးသော်လည်း ထူးခြားသည့် အနံ့အသက်ကို၎င်း၊ ကောင်းကင်ပေါ်သို့ ရောက်သွားသည့်အခါ၌ ဘေးဘီက တိမ်စိုင်များကို ငေးမော ကြည့်ရှုရသည့် အရသာကို၎င်း၊ လေယာဉ်မယ် မေးလာသည့် လက်ချိုးရေ၍ပင် ရလောက်သော အစားအသောက်များကို ကြယ်ငါးပွင့် ဟိုတယ်ကြီးတွင် ဘူဖေးစားနေသကဲ့သို့ ခေါင်းခြောက်မတတ် စဉ်းစားပြီး ရွေးချယ်ရခြင်းကို၎င်း၊ ရှူရှူးပေါက်ပြီးတိုင်း ရေလောင်းရန် ခလုပ်ကိုနှိပ်ပြီး စုပ်ယူအား ကောင်းလှသည့် အံ့ဩဖွယ် ယန္တရားကြောင့် တဒင်္ဂအတွင်း အညစ်အကြေးများ သန့်စင်သွားခြင်းကို ရေအိမ်အတွင်း တစိမ့်စိမ့် ဇိမ်ခံကြည့်ရှုခြင်းကို၎င်း အတွင်းစိတ်မှ နှစ်သက်မြတ်နိုးမိ နေလေ၏။
ထို့အတူ လေယာဉ်ပျံကွင်းကိုလည်း နှစ်သက်နေသူမှာ တခြားသူမဟုတ်၊ ကျွန်ုပ်ကိုယ်တိုင်ပင် ဖြစ်သည်။ အကြောင်းမှာ လေဆိပ်ကို ဆယ်ခေါက်ရောက်လျှင် ခုနှစ်ခေါက်မှာ လေယာဉ်တက်စီးပြီး ခရီးသွားရန် ဖြစ်ပြီး နှစ်ခေါက်မှာ ရင်းနှီးသူ တစုံတယောက်ကို ကြိုရန်ဖြစ်သည်၊ ကျန်သော တစ်ခေါက်သည်သာ အသိမိတ်ဆွေများကို လိုက်ပို့ရန်၊ နှုတ်ဆက်ရန် ဖြစ်လေတော့သည် (တီသရီး ဖွင့်စဉ်ကတော့ အပျော်သက်သက် ဘလော့ဂ် ကုန်ကြမ်းရှာရင်း လေဆိပ်ဆင်းခြင်း ဖြစ်ခဲ့ဖူးသည်)။ သို့ဖြစ်၍ လေဆိပ်ဆိုသည်မှာ ခရီးသွားတော့မည်ဟု စိတ်ထဲမှ ကြိုသိနေပြီး ပေါ့ပါးပျော်ရွှင်စေရာ နေရာတစ်ခု၊ သို့မဟုတ်၊ အသိမိတ်ဆွေနှင့် ပြန်လည်ဆုံတွေ့ ရမည်ဖြစ်၍ မျှော်လင့်တောင့်တ ရသော အချိန်ကာလကို ရောက်စေနိုင်သော နေရာတစ်ခု အဖြစ်သာ ကျွန်ုပ်စိတ်ထဲတွင် ဖြစ်တည် နေတော့သည်။ ချစ်သောသူနှင့် ခွဲခွာရသော ဝမ်းနည်းမှုမျိုးမှာ လေဆိပ်ရောက်သည့် အခါ၌ ပြင်းပြင်းပြပြ ပေါ်မလာပါချေ။
သို့ကလို အစပျိုးနေရခြင်းမှာ ကျွန်ုပ်သည် လေယာဉ်ကို မြတ်နိုးသူ၊ လေဆိပ်ကို တန်ဖိုးထားသူအဖြစ် ပိုမို ပေါ်လွင်စေရန် ဖြစ်လေသည်၊ စကားမစပ်၊ ကျွန်ုပ်သည် လူကောင်း လူမွန် လူရည်ချွန် တစ်ဦးလည်း ဖြစ်သေးသည်၊ ဆိုင်ဆိုင် မဆိုင်ဆိုင် နားမလည်ပါ။ လိုရင်းကို ရေးပါတော့မည်၊ အားလုံး အားလုံး စိတ်တိုရန် ပြင်ဆင်ထားပါ ဟူ၍သာ ကျွန်ုပ် ကြိုတင် သတိပေးလိုက်ချင်သည်။ ဖြစ်ပုံမှာ ဤသို့နှယ်၊ ဆွေမျိုးသားချင်း တစ်ယောက်ကို သွားကြိုရန် လေဆိပ်နှင့် ရည်ငံနေသူ ကျွန်ုပ်အတွက် ခရစ္စမတ် အကြိုနေ့ အထိမ်းအမှတ်အဖြစ် ဘုရားသခင်မှ အခွင့်အရေး ပေးလာသည်။ ထိုကဲ့သို့ ရခဲလှသော အခွင့်အရေးအတွက် ကျွန်ုပ် ပျော်မြူးရသည်၊ ကြိုမည်၊ ကြိုမည်၊ ငါတို့ပြည် ဟူသော သီချင်းလေး၏ သံစဉ်များအတိုင်း ကျွန်ုပ်၏ စိတ်အစဉ်မှာ လှုပ်ရွ လှုပ်ရွ ဖြစ်ကာနေသည်။ တကိုယ်ကောင်း မဆန်လိုသော ကျွန်ုပ်သည် ကိုယ် နှစ်သက်ရာ ကိစ္စတစ်ခုခုကို အများနှင့် မျှဝေခံစားလိုသည်၊ သို့နှင့် နီးစပ်ရာ သူငယ်ချင်းကောင်း ယောင်းမတို့ကို အဖော်ညှိကြည့်သည်၊ လိုက်ခဲ့ပါ လိုက်ခဲ့ပါ ဟု မသိမသာ သိမ်းသွင်းစည်းရုံးရသည်၊ အဲလေ၊ မျှဝေခံစားခွင့် ပေးရသည်။
စည်းရုံးရေးဆင်းရာတွင် ဘွိုက်နီးနီးကောင်းသော ကျွန်ုပ်သည် ကံထူးရှင် တစ်ဦးတိတိကို အဖော်ညှိ နိုင်ခဲ့သည်၊ အနှီ ကံထူးရှင်မှာလည်း မဆီမဆိုင် လေဆိပ်သို့ ကျွန်ုပ်နှင့် အတူတူ ဆင်းဖြစ်ခဲ့သည်ပေါ့။ ၆ ခွဲ ဆိုက်မည်၊ တီဝမ်း၊ ၅ မတိုင်ခင် အိမ်ကထွက်မည်၊ အချိန်ရလျှင် ခရီးသွား ဟုတ်ဟုတ် မဟုတ်ဟုတ် အခွန်ငြိမ်းရောင်းပြီး လူဆွယ်နေသော တီသရီးဝင်ပြီး သွားရေကျမည် စသဖြင့် အစီအစဉ်ကို လှလှပပ ဆွဲထား၏။ ကံထူးရှင်က အချိန်တိကျစွာ သူ့အိမ်မှ ထွက်တော်မူ၏၊ သို့သော် ကျွန်ုပ်မှာ အီးရော အီးရော ဟူသော သီချင်းတစ်ပုဒ်ကို ဆုံးအောင်နားထောင်နေ၍ ချိန်းထားသော စီးတီးဟောကို နောက်ကျမှ ရောက်လေ၏၊ ကံထူးရှင်မှာ မဆီမဆိုင် လေဆိပ်သို့ လိုက်လည်း လိုက်ပေးရသေးသည်၊ စီးတီးဟော ဘူတာနားတွင် ရစ်သီရစ်သီလုပ်ပြီး အချိန် ဖြုန်းလိုက်ရသေးသည်၊ ကျွန်ုပ် အားနာ၍ မဆုံးပါချေ၊ အင်း၊ တကယ်မဆုံးပါ၊ ရှေ့လျှောက် အားနာစရာ အများများများကြီး ကျန်သေးသည်ကို ကျွန်ုပ် ကြိုသိခဲ့ဖို့ကောင်းသည်၊ အဲဒီမှာတင် သူ့ကို အိမ်ပြန်ခိုင်းဖို့ သင့်သည်ပဲလေ၊ သို့သော် မဟဖြစ်ခဲ့။ ကျွန်ုပ် အတန်ငယ် နောက်ကျပြီး ရောက်သဖြင့် နှစ်ဦးသား မတ်စိထဲတွင် ပြောထားသည့်အတိုင်း ပင်နီဆူလာတွင် ညစာ ဝင်မစားတော့ပဲ လေဆိပ်သို့ တန်းသွားလိုက်သည်။
စီးတီးဟောမှတဆင့် တန်နာမယ်ရာတွင် ရထားထပ်ပြောင်းပြီး လေဆိပ်သို့ ရောက်သွားချိန်မှာ ၆ ခွဲ ကျော်နေပြီ၊ ကတိုက်ကရိုက် ပြေးရသည်၊ အရေးထဲ တီတူးနှင့်တီဝမ်း လွန်းပျံ ပြေးဆွဲနေသော မိုနိုရေးလ် မှာ ကွိုင်တက်နေသည်၊ အတန်ငယ် စောင့်လိုက်ရသေးသည်၊ ချင်ကာပူ တနိုင်ငံလုံးရှိ ရွှေမြန်မာများနှင့် ပြည့်နှက်နေသည့် တာမီနယ်လ်ဝမ်းကို ရောက်သွားချိန်မှာတော့ ၇ နာရီ ထိုးအပြီးလော၊ ထိုးခါနီးလော သေချာ မမှတ်မိတော့သည့် မိနစ်အနည်းငယ် စွန်းနေလေပြီ။ အရပ်ရှစ်မျက်နှာတွင် မြန်မာများသာ တွေ့နေရသည်၊ နားထဲသို့ မြန်မာစကားများ တောက်လျှောက် ခုန်ဝင်လာသည်၊ အလို၊ ဒါချင်ကာပူလား အိမ်မက်လားဟု ဆံပင်သုံးလေးပင်ကို ယောင်ယမ်းပြီး ဆွဲဆိတ်ကြည့်လိုက်သေးသည်၊ နာသည်၊ ဟုတ်နေသည်။ ဝမ်းသာမိသည်၊ ဤလူများသည် ကျွန်ုပ်ကဲ့သို့ပင် လေဆိပ်ကိုချစ်သူများ ဖြစ်ကြသည်၊ ဆိုက်မည့် လေယာဉ်မှာ တစ်စီးတည်း၊ လာကြိုသူမှာ သုံးစီးစာအပြည့်၊ အားရဖွယ်ရာပင်။ ဒါကြောင့်လည်း ချင်ကာပူအချိုးရက လေချိပ်ဧရိယာကို ချဲ့ပြီးရင်း ချဲ့နေရခြင်း ဖြစ်လိမ့်မည်။ မြိုသိပ် မထားနိုင်တော့ပဲ ကြိုမည်၊ ကြိုမည်၊ ငါတို့ပြည် သီချင်းကို အသံထွက် ဆိုမိတော့သည်။ "ကြိုမည်၊ ကြိုမည်၊ ကြိုပါအုံးမည်၊ နာတို့ မြန်မာပြည်".. (repeat)
"စားလိုက်ကြစို့... နော်... ကိုကို"
သီချင်းလေးကို အဘယ်မျှကြာကြာ ဆိုလိုက်သည်မသိ၊ ဘာဂျာဘုရင် အဲလေ ဘာဂါကင်းမှ ဟမ်ဘာဂါ ခပ်ကြီးကြီးတစ်ခု ပါးစပ်ဝကို တေ့လာတော့မှ သတိဝင်လာသည်၊ ကျွန်ုပ်ကို ဆက်ဆိုစေချင်ပုံ မပေါ်။ အစောက သီချင်းဆိုရင်း အားရပါးရ ဆန့်ထားသော ညာလက်က စတိုင်ကျကျ တပ်ခေါက်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ချူံခိုနေသည့် ဗယ်လက်နှင့် ပူးပေါင်းကာ ဘာဂါစစ်ဆင်ရေး စတင် ပါတော့သည်၊ ဗိုက်က အတော်ကြီးကို ဆာနေပြီပဲ။ ဘာဂါတစ်ခြမ်း ရှေ့ဆုံးက၊ အာလူးကြော် လေးဆယ့်နှစ်ချောင်း အလယ်မှာ၊ ကိုကာကိုလာ ခြောက်ငုံက နောက်ဆုံးပိတ် ဗိုက်ထဲသို့ တန်းစီဝင်ကြသည်၊ လေချဉ်တက်လိုက်ပြီး သီချင်းဆက်ဆိုသည်။ "အို၊ ကြိုပါဦးမည်၊ ကြိုဦးမည်၊ နာတို့ မြန်မာပြည်.."။ နှစ်ယောက်ကျော်က ဦးလေးကြီးက "မောမယ် မောင်ရင်၊ နားနားပြီးဆိုပါကွယ့်" ဟု လှမ်းအော်ပြောသည်၊ အမှန်တကယ် ကျွန်ုပ် မောတော့မောပါသည်၊ ဒါပေမဲ့ မမောပါ၊ လေဆိပ်တွင် ပျော်သည်ပဲလေ။ လေထဲတွင် မြှောက်နေသော လက်ပေါ်က နာရီကို အမှတ်မထင် လှမ်းကြည့်မိသည်၊ အမ်၊ အချိန်ကလည်း ကုန်မြန်လွန်းလှပါဘိ၊ ကျွန်ုပ် စိတ်နှစ်၍ပင် မပျော်ရသေးခင် ၇ နာရီခွဲ ကျော်သွားလေပြီ။
အမှန်တကယ် ကျွန်ုပ်တို့ တီဝမ်းဆီသို့ ရောက်သွားချိန်မှာ နောက်ကျသည် မဆိုသာ၊ ဂျက်စတား ဝန်စည်စလယ်များကို သယ်ဆောင်လည်ပတ်သော ရွေ့လျားခါးပတ် နံပါတ် ၂၀ တွင် ခရီးဆောင် သေတ္တာများ စပြီး ထွက်လာရုံ ရှိသေးသည်၊ ထိုအချင်းအရာကြောင့် ကျွန်ုပ် စိတ်အေးလက်အေး သီချင်းကလေး ညည်းရင်း စောင့်နေနိုင်ခြင်း ဖြစ်တော့သည်။ နောက်တော့ ရွှေများ တဖွဲဖွဲ ထွက်လာသည်၊ ဟောတစ်ယောက်၊ ဟောတစ်ယောက်၊ ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျား၊ လူမျိုးမရွေး ဘာသာမရွေး မြန်မာစကား ပြောနေကြသည်၊ လေယာဉ်ပေါ်က ဆင်းလာသော ခလေးများမှာ မှန်တံခါး ဟိုဖက်ခြမ်းတွင် လျှောက်ပြေးနေသည်၊ လူကြီးများက လိုက်ဖမ်းပြီး စိန်ပြေးလိုက်တမ်း ကစားကြသည်၊ လာကြိုသည့် ဒီဖက်ခြမ်းက ရွှေမြန်မာများကျတော့ လက်များကို ထောင်၍၊ ကွေး၍၊ ဆန့်၍၊ ယမ်း၍ သင်္ကေတ အမျိုးမျိုး ပြကြသည်၊ ဝီစီလေးသာ မှုတ်လိုက်ပါက လမ်းပြပုလိပ် ခေါ် ဘဲဥနှင့် နင်လားငါလား ဖြစ်ပေလိမ့်မည်၊ ကြည်နူးဖွယ် အတိပင်။ ဘဲဥမာယာတွင် နစ်မြောနေခိုက် ၈ နာရီ ကျော်သွားလေပြီ။
ရွှေများ တစတစ လျော့နည်းသွားပြီး ဂျပန်များ ထွက်လာသည်၊ ရွှေနှင့်ဂျပန် အချိုးမှာ ၁း ၇ ဝန်းကျင် ရောက်လာသည်၊ သေချာသည်မှာ ဂျက်စတား စီးလာကြသော မြန်မာများ ကုန်သလောက် ရှိသွားပြီ။ ကျွန်ုပ် ကံထူးရှင်ကို အားတုံ့အားနာ လှမ်းကြည့်သည်၊ သူ့ခမျာ ထိုင်လည်း မဟုတ်၊ ထလည်း မဟုတ်၊ ဟိုဟိုဒီဒီ လျှောက်သွားနေသည်၊ ကျွန်ုပ်ဖက်ကို ရံဖန်ရံခါ လှည့်ပြီး အားနာရန် မလိုကြောင်း အသိပေးသည့် အပြုံးမျိုး ပြုံးပြသည်၊ ထိုသို့ ပြုံးလေလေ၊ ကျွန်ုပ်မှာ အားနာလေလေ ဖြစ်တော့သည်။ ဒါပေသိ၊ ကျွန်ုပ် ဘာများ တတ်နိုင်အုံးမည်နည်း၊ သူက ထိုင်နိုင်သေးသည်၊ ကျွန်ုပ်မှာ ထိုင်ကို မထိုင်ရပါ၊ မတော်တဆ ထွက်လာပြီးခါမှ ဂိတ်ဝတွင် မတွေ့လိုက်ပဲ လျှောက်ရှာရမည်ကို စိုးရိမ်ပြီး ထွက်ပေါက်ရှေ့က သံလက်ရန်းကိုသာ အသာလေး မှီ၍ မျှော်ရသည်၊ လည်ပင်း ညောင်းလာသလို ခြေထောက်လည်း သိသိသာသာ ညောင်းလာသည်။ ထွက်ထွက်ချင်း အမှတ်တရရိုက်မည်ဟု စိတ်ကူး၍ ကိုင်ထားခဲ့သော ကင်မရာကိုလည်း ကျောသိုင်းအိတ်ထဲ ပြန်ထည့်လိုက်သည်၊ ဘစာအရေးကြောင့် ဤမျှ ကြာရသနည်း။
မနေနိုင်တော့ပါ၊ ရန်ကုန်ကို ဖုံးခေါ်ရသည်၊ "ဟဲလို၊ လေယာဉ်ပေါ် ပါလာတာ သေချာလား၊ ဟဲလို"။ တဖက်က လေးလေးနက်နက် ပြန်ပြောသည်၊ "အေး၊ ငါလိုက်ပို့တာပဲကွ၊ သေချာတယ်" ဟူ၍။ အင်း၊ မတတ်နိုင်၊ ထပ်စောင့်ကြည့်ရမည်၊ စာရွက်စာတမ်း လိုနေလို့ပဲ အင်တာဗျူးနေတာလား၊ ဘာလား၊ ညာလား တွေးမိသည်၊ ဖြစ်နိုင်ချေ အဲဒါပဲ ရှိတော့သည်လေ။ ပတ်ဝန်းကျင်ကို သတိထားမိချိန်မှာ အတွင်းရော အပြင်ရော ရွှေမြန်မာများ မကျန်တော့၊ ကျွန်ုပ် အားငယ်စ ပြုလာသည်၊ ကြိုမည်၊ ကြိုမည်ကို စိတ်ထဲကသာ ဆိုနိုင်တော့သည်။ ၉ နာရီ ထိုးလုထိုးခင်၊ ဘာဂါနှင့်အာလူးကြော် အစာကြေလု ကြေခင်၊ သန်မာသော ခြေနှစ်ချောင်း ခွေလု ခွေခင်မှာ ကျွန်ုပ် မနေနိုင်တော့၊ တာဝန်ကျ လုံခြုံရေးလော၊ လူဝင်မှုကြီးကြပ်ရေးလော မသိရသည့် ဝန်ထမ်းကို လက်ဟန်ခြေဟန်ပြပြီး ထွက်ပေါက်နား လှမ်းခေါ်သည်၊ "ဒီလူ ဒီလူကို လာကြိုတယ်၊ ခုထိ ပေါ်မလာဘူး၊ ဘာလုပ်ရမလဲ" ခပ်ပြတ်ပြတ်မေးသည်။ "မသိဘူး၊ အင်ဖော်မေးရှင်းကောင်တာ သွားမေး"၊ မခေပါ၊ ခပ်ပြတ်ပြတ် ပြန်ဖြေသည်၊ အနှီ ဘူးတလုံးဆောင်ပုဂ္ဂိုလ် ထံမှ ဆောင့်ကြီးအောင့်ကြီး ထွက်ခဲ့သည်၊ ကျွန်ုပ် စိတ်တိုစ ပြုနေခြင်းကို မသိရကောင်းသလော။
အင်ဖိုကောင်တာတွင် မိန်းမပျို သုံးဦးထိုင်သည်၊ နှစ်ဦးမှာ ဖုံးပြောနေပြီး တစ်ဦးမှာ ခေါင်းငုံ့ခြင်းတာဝန် ယူထား၏၊ ခေါင်းငုံ့နေသူကို အစောကအတိုင်း တခါ ထပ်မေးသည်၊ သူမ အပြောမှာလည်း ကျွန်ုပ် ထင်ထားသည့်အတိုင်း "အင်တာဗျူး ဝင်နေလို့ ကြာသွားတာ ဖြစ်နိုင်ပါတယ်ရှင့်" ပင်။ ထို့ကြောင့် စိတ်သက်သာသလို မသက်သာသလို ရှိသွားပြီး နဂို ဂိတ်စောင့်အလုပ်ကို ပြန်လုပ်ရသည်။ လုံခြုံရေး မလေးရှား ကောင်မလေးကို သုံးခါလောက် ထပ်မေးဖြစ်သည်၊ ဘာမှ မသိရ။ အချိန် မည်မျှ ထပ်ကုန်သွားသည်မသိ၊ လုံခြုံရေး ဝန်ထမ်းပင် လူလဲသွားလေပြီ၊ ဒီတခါ တာဝန်ကျလာသူက နှုတ်ခမ်းမွှေးနှင့် ခန့်ခန့်ကြီးဖြစ်၏။ သူ့ကို မေးကြည့်သည့် အခါ၌လည်း အင်ဖိုကောင်တာကိုသာ ညွှန်၏၊ အမှန်တကယ် ၎င်းကောင်တာကို ကျွန်ုပ် သုံးခေါက်လောက် သွားပြီးဖြစ်၏၊ ဘာဆို ဘာမှ မသိရ၊ လူဝင်မှု ကြီးကြပ်ရေးမှ ဖုံးနံပါတ်ကိုသာ ပေးဖော်ရ၏၊ အဆိုပါနံပါတ်ကို ကိုယ့်အားကိုယ်ကိုးပြီး ဆက်ခြင်းမှလွဲ၍ မိန်းမပျိုလေးများမှာ ဘာမှ လုပ်ပေးနိုင်စွမ်း မရှိပါ။ ဘူးတလုံးဆောင်ရုံနှင့် အိုတောင် မဆင်းရဲရိုးမှန်လျှင် အဆိုပါ မိန်းမပျိုများသည် နောင်ဘဝထိတိုင် ချမ်းသာကိန်း ရှိလေသည်၊ မသိဘူး နှင့် မရှိဘူး ကို ခပ်နာနာသုံးပြီး ဝါကျဖွဲ့ သွားကြသည်၊ စိတ်ဆင်းရဲလေစွ။
ဖုံးနံပါတ်ပေးသည်ကို အကောင်းဖက်ကမြင်လျှင် သင်မှားပါလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ယင်းနံပါတ်သည် မြည်သာမြည်၍ ကိုင်သူမရှိ ဟူသော စကားလေးအတိုင်း မည်သူမျှ မကိုင်သည့် ဖုံးပင်ဖြစ်သည်၊ ၈ နာရီခွဲ မှ စတင်၍ ကျွန်ုပ်သည် လေဆိပ်ခန်းမတွင် ဖုံးတလုံးနှင့် အလုပ်ရှုပ်နေသော လူအထင်ကြီးဖွယ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားခဲ့သည်။ မိန်းမပျိုများ ပေးလိုက်သော ကိုင်သူ မရှိသည့်ဖုံး နှင့် ရန်ကုန်မှ ဖုတ် မီးပူတိုက် အဲလေ ဖုတ်ပူမီးတိုက် ဖြစ်နေသော လေဆိပ်လိုက်ပို့သူ၏ "ဟေ့ ထွက်လာပြီလား" အစချီသည့်ဖုံး အကြားတွင် ဆက်လိုက်၊ ဖြေလိုက်၊ မေးလိုက်၊ ထူးလိုက် လုပ်နေတော့၏၊ ကံထူးရှင် ကိုတော့ လှည့်တောင် မကြည့်ရဲတော့ချေ။ အနည်းဆုံး နာရီဝက်အကြာ ဆက်လိုက်၊ ကျလိုက်၊ ဆက်လိုက်၊ ကျလိုက် အပြီးတွင်မူ မေခလာ ဖုံးလာကိုင်တော့သည်၊ နားပင် ပူထူနေလေပြီ၊ သို့သော် တဖက်မှ ပြန်ထူးသံ ကြားလိုက်ရခြင်းကြောင့် ရင်ထဲတွင် ရုတ်ချည်းဆိုသလို အေးမြသွားသည်၊ ဤကား ကမ္ဘာ့ နားဝင်အချိုဆုံး ဟဲလို ပင်ဖြစ်လိမ့်မည်၊ ထူးသူမှာ လဝက အရာရှိ ဗာလာရီ ဆိုသူ မေခလာဖြစ်သည်၊ ဤသို့ ပြောသွားသည် "အထဲမှာ ဘယ်သူမှ မရှိတော့ဘူး၊ ပြောင်တလင်း ခါနေတာပဲ၊ ဒီလူ ဒီဖလိုက်နဲ့ ပါလာသလားဆိုတာ ပြောခွင့်မရှိဘူး၊ အခု ပြောနိုင်တာဆိုလို့ ဒီမှာ ခရီးသည် တစ်ယောက်မှ မကျန်ဘူး ဆိုတာပဲ"၊ ဂွပ်၊ မေခလာ ဖုံးချသွားလေပြီ။
ကျွန်ုပ် စိတ်ရှုပ်ရလေပြီ၊ မိန်းမသားဖြစ်၍ လေဆိပ်ထဲတွင် တစ်စုံတစ်ခုများ ဖြစ်နေပြီလော၊ အိမ်သာကဲ့သို့ လူပြတ်သည့် နေရာများတွင် ဓားထိုးခံရခြင်း လုယက်ခံရခြင်းများ ဖြစ်နေသလော၊ လက်နှစ်ဖက်ကို နားရွက်ပေါ်အုပ်၊ ခေါင်းကို တွင်တွင်ခါ၊ မျက်စိစုံမှိတ်ပြီး တောင်တွေး မြောက်တွေး တွေးမိတော့၏။ ရန်ကုန်က အပို့သမားကလည်း ဖုံးတဂွမ်ဂွမ်ဆက်ပြီး စိတ်ပူပြနေ၏၊ အကြိုသမား ကျွန်ုပ်မှာ သူ့ထက် ပိုပူရသည်။ ပတ်သက်ရာ ပတ်သက်ကြောင်း ဖုံးနံပါတ်များ ရှာကြံပြီး ဆက်မေးရသည်၊ သို့သော် အချီးနှီးသာ၊ သိသူကား မရှိ။ လေဆိပ်အတွင်း အခမဲ့ ဆက်၍ရသော ဖုံးများရှိကြောင်း ကြိုတင် ပြောမထားမိသော ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိသည်၊ အင်တာဗျူးကဲ့သို့ ကိစ္စမျိုးပေါ်လာပါက ကျွန်ုပ်ကို ဖုံးဖြင့် လှမ်းပြောဖို့ သင့်သည်ပဲလေ၊ ယခုမှာတော့ မဆိုင်သည့်ဖုံးများကို လျှောက်ဆက်နေရပြီး ဆက်ရန် အသင့်ဆုံးလူက ဆက်မလာ၊ တော်တော် ဒုက္ခရောက်ပါသည်။ ၉ နာရီ ခွဲကျော်သွားသည်။
ရန်ကုန်မှ ဖုံးတခါထပ်လာတော့ ပျောက်နေသူ တည်းမည့်နေရာကို မေးကြည့်မိသည်၊ မသိဘူး ဆိုသည့် ဘူးနှင့် တိုးပြန်သည်၊ ခက်ချေပြီ။ ကျွန်ုပ်တို့ကို မတွေ့ပဲ သူ့ဟာသူ တက္ကစီငှားသွားလျှင် မခက်လော၊ ဒါလည်း မဖြစ်နိုင်၊ အနည်းဆုံး ဖုံးဆက်မည်ပေါ့၊ အဘယ့်ကြောင့် ကျွန်ုပ်တစ်ယောက်လုံး၏ ဖုံးကိုပင် မဆက်ပဲ ဖာသိဖာသာ ဒိုးရသနည်း၊ နားမလည်နိုင်ပါ။ နောက်တော့ သဲလွန်စ ရလာသည်၊ တစုံတယောက်က နေရာထိုင်ခင်းအတွက် စီစဉ်ပေးထားသည် တဲ့၊ အဆိုပါပုဂ္ဂိုလ်၏ ဖုံးနံပါတ်ကို ရှာရပြန်သည်၊ ရန်ကုန်မှပင် ရလာသည်၊ ချက်ချင်း ဆက်သည်၊ သို့သော် ဒီဖုံးသည်လည်း လဝက ဖုံးအတိုင်းပင် ကိုင်သူမရှိပြန်၊ ကျွန်ုပ် အားငယ်သည်၊ အရမ်းငယ်သွားသည်။ ဤအချိန်တွင် အင်ဖိုကောင်တာမှ မိန်းမပျိုလေးများ လူလဲတော့မည်၊ သုံးယောက်သား လက်တွဲပြီး ပြုံးရွှင်စွာ ထွက်ခွာသွားကြသည်၊ ကျွန်ုပ်ကို လှည့်ပင်မကြည့်ပါ။ အို၊ မထူးတော့ပါ၊ ဒင်းတို့တတွေ လူတစ်ယောက် သေရေးရှင်ရေးကို ပေါ့သေးသေး လုပ်ကြတာ တွေ့ကြသေးတာပေါ့ ဟု စိတ်ထဲတွင် ရေရွတ်လိုက်ပြီး ခုံတန်းပေါ် အိပ်ငိုက်နေရှာသော ကံထူးရှင်ကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ကျွန်ုပ် တာဝန်နှင့် ဝတ္တရားအရ အမှုဖွင့်ရတော့မည်။
ရဲစခန်းရှိရာကို ဟိုမှဒီမှ မေးမြန်းပြီး ချီတက်ရသည်၊ ခိုင်လုံသော သတင်းရပ်ကွက်မှ B2 တွင် ရှိသည်ဟု သိလိုက်ရသည်။ အောက်ဆင်းရန် ဓာတ်လှေခါး စောင့်နေစဉ် ရဲတစ်ယောက် ရေးကြီးသုတ်ပြာနှင့် လမ်းလျှောက် ဆင်းသွားသည်၊ ဓာတ်လှေခါးမှာ တော်ရုံနှင့် လာမည့်ပုံမပေါ်၊ သူ့နောက်မှလိုက်၍ ဆင်းရန် ဟန်ပြင်လိုက်သည်၊ ဇာတ်သိမ်းခန်း ရောက်ခါနီးလေပြီ၊ လူပျောက်နေကြောင်း အမှုဖွင့်မည်၊ အိမ်ပြန်မည်၊ လူကို မကြိုမိသော်လည်း တာဝန်ကျေဖို့ အဓိကကျသည်၊ အကယ်၍သာ မပြောကောင်း မဆိုကောင်း တခုခုဖြစ်ခဲ့သော် အမှုမဖွင့်မိပါက ကိုယ့်အမှား ဖြစ်သွားလိမ့်မည်။ ၁၀ နာရီ ထိုးပြီ၊ အိမ်ပြန်သင့်ပြီ၊ စိတ်ထဲတွင် မတင်မကျ ဖြစ်နေသည်ကို အမှုဖွင့်လိုက်ခြင်းဖြင့် ဖြေသိမ့်ရမည်။ လှေခါးထစ် တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်းမြောက်တွင် ဖုံးမြည်လာသည်၊ ခုနက မကိုင်သော နေစရာ စီစဉ်သည့် ပုဂ္ဂိုလ် ဖြစ်၏၊ ကျွန်ုပ် စက်သေနတ်ပစ်သလို မေးထည့်လိုက်သည် "ဟဲလို၊ ကိုဘယ်သူလား၊ ကျနော် ဘယ်သူ့ရဲ့ ဘယ်သူပါ၊ သူ့နဲ့ ဆက်သွယ်မိလားမ သိဘူး"။ တဖက်က "ဩော်၊ အေးအေး၊ ခဏနော်။ ဟေး၊ ဘယ်သူရေ၊ မင်းရဲ့ဘယ်သူ ဖုံးလာတယ်ကွ"... ((((ဟမ်)))) ကျွန်ုပ် ဝမ်းနည်း ဝမ်းသာ ဖြစ်သွားရသည်၊ ဝမ်းနည်းရခြင်းမှာ အချိန်ကုန် လူပန်းပြီး အမှုဖွင့်မည် အထိ ဖြစ်ခဲ့သောကြောင့်၊ ဝမ်းသာရခြင်းမှာ စိတ်ပူခဲ့သည့်အတိုင်း တစုံတခု မဖြစ်ပဲ ကောင်းကောင်းမွန်မွန် ရှိနေခြင်းကြောင့်ပင်၊ ဩော်၊ စိတ်မောရပါသည် မရွှေကြည်။ ဤတွင် ဖုံးကို ရယ်ရယ်မောမောပြော၊ အမ်အာတီပေါ်တက်၊ သုံးလေးဆင့် ပြောင်းစီးပြီး အိမ်ပြန်ရောက်သည်တွင် ည ၁၁ နာရီကျော် နေလေပြီ၊ ကျေနပ်ဖွယ် အတိပြီးသော ခရစ္စမတ် အိဗ် ပါတကား။
--
သင်ခန်းစာ
အဓိက တရားခံကတော့ လေဆိပ်လိုက်ပို့ခဲ့တဲ့ ကျနော့်ညီပဲ၊ သူက ပို့သာပို့ပေးလိုက်ပြီး ကျနော်သွားကြိုမယ်လို့ မပြောမိဘူး၊ ကျနော်ကလည်း ကာယကံရှင်ကို မပြောပဲ အဲဒီကောင်ကိုပဲ ပြောလိုက်မိတယ်၊ ကောင်းရော။ ဟိုက ကျနော် လေဆိပ်ဆင်းကြိုမှန်း သိကိုမသိတာ၊ တခြားလူကို လာကြိုခိုင်းပြီး ကံဆိုးချင်တော့ ကျနော့်နဲ့လည်း လွဲသွားတယ်။ ဖုံးထဲမှာ ဘယ်ရောက်နေလဲ မေးတော့မှ လေဆိပ်ရောက်နေမှန်း သိသွားတာ၊ သူ ကျနော့်ကို အားအရမ်း နာသွားတာပေါ့၊ တည်းတဲ့နေရာ ရောက်ပြီးလို့ အနားတောင် ယူနေပြီလေ။ ကျနော်ကတော့ ကြေကွဲစွာနဲ့ အဖော်လိုက် ပေးသူ ကံထူးရှင်ကို ဆတိုး အားနာရတာပေါ့၊ ဟာဟ။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.