Monday, December 29, 2008

[ဒီရေ] 4 New Entries: အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး

အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး

moethway
Generation Wave

ရန်ကုန်သတင်းများ

ရဲကားများထပ်မံချထား

ခရစ်စမစ်ပွဲတော်ကာလနဲ့ နစ်သစ်ကူး ကြို ပွဲအတွက် နအဖ စစ်အစိုးရက လူထုအတွက်ပျော်ပွဲရွှင်ပွဲတွေ ဘာမှ ပြုလုပ်ပေးတာမရှိပါဘူး။ ပုလိပ်တပ်ဖွဲ အမှတ် ၉ - ပဲခူး ကျောက်တန်း ဖက်က ပုလိပ် ကား ၁၂ စီး အင်အား ၂၃၀ ခန့်  ဟာ ရန်ကုန်ကိုစေလွှတ်ပြီး လူထု လှုပ်ရှားမှုများ ဖြစ်လာရင် နိမ်နင်းဖို့  ပြင်ဆင် ထားကြောင်းသိရပါတယ်။

ရဲတွေကို ကမ္ဘာအေး ဘုရားလမ်း တလျောက်နဲ့ ဟာမစ်တစ် ဆိုနီအရောင်း ပြခန်း ( Sony Show Room) အနီးကား ရပ်နေရာ အဆောင်အဦးဟောင်းမှာ တပ်များချထားကြောင်းသိရပါတယ်။ ပုလိပ်များမှာလား စားဝတ်နေရေး မပြေလည်မှုကြောင့် ရဲ ထဲဝင်ထားရ သော်လည်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အမူအယာများ သူတို့ မျက်နာတွင် အထင်သားပေါ်လွင်နေကြောင်းသိရပါတယ်။ တချို့ ပုလိပ်များက အသက်မပြည့် တဲ့ အသက် ၁၈ နစ်အောက် ကလေးများ ဖြစ်ပါတယ်။ ပုလိပ် တပ်ရင်း ၉ မှာ ၂၀၀၇ ခုနစ် ရွေဝါရောင် အရေးတော်ပုံ ကိုဖြိုခွင်းရာတွင် ရက်ရက်စက်စက် နိမ်နင်းခဲ့သူများ ဖြစ်ပါတယ်။



ဒေါ်စုသတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရန်ကုန် အသိုင်းဝိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် မနက်ဖန် လွတ်တော့မယ်လို့  သတင်းများ ထွက်ပေါ်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အလုပ်အမှုဆောင်များ ဟာ အသက်အရွယ်အလွန်အမင်းကြီးမြင့်မှုတို့ ကြောင့် ဘာမှ ထိထိရောက်ရောက်မလုပ်နိင်ကြတော့ပဲ ဒေါ်စုလွတ်လာမည့် နေကို သာထိုင် ပြီး မျှောင်လင့် နေမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွင်း လူငယ်မျိုးဆက်သစ်များ စိတ်ဝင်စားခံရမှု ကျဆင်းလျှက်ရှိနေပါတယ်။


သန်းရွှေ ခဲတလုံးနဲ့ ခွေး နစ်ကောင်ကို ပြစ်လိုက်ခြင်း

သန်းရွှေ က ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲက နေ အာဏာရရန် ကြိုးပန်းမှုများ လုပ်ဆောင်နေပါတယ်။ တပ်မတ်ာအတွင်း မှာ အရည်အချင်းရှိတဲ့ အရာရှိများကို ဖိအားပေး နှုတ်ထွက်စေခိုင်းပြီး။ မ၀တ - ရ၀တ များနေရာတွင်အစားထိုးနေပါတယ်။ အစားထိုး ၀င်ရောက်လာတဲ့ တပ်မတော်သားတွေနဲ့  ရ၀တများ လုပ်ငန်းခွင်တွင် မကြာခန အဆင်မပြေမှုများ နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ညီညီထွေး
ရန်ကုန်
ကိုးမိုးသီးဇွန် ဘလော့ဂ်မှ ပြန်လည် ကူးယူမျှဝေပါသည်။ ကိုမိုးသီးဇွန် အား ကျေးဇူးတင်ပါသည်။

မြေအောက်ရဲဘော် ဆောင်ရန် ရှောင်ရန်

မြေအောက်ရဲဘော် ဆောင်ရန် ရှောင်ရန်

နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်တဲ့အခါမှာ တိုက်ပွဲဝင် ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှား ဆောင်ရွက်ကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေထဲက မြေအောက်ယူဂျီနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အချက် တချို့ ကို လေ့လာထားမိသမျှလေး တင်ပြပေးပါမယ်။ အဖွဲ့စည်းတိုင်းမှာ သူ့အုပ်စုနဲ့ သူ သီးခြားညွှန်ကြားချက်တွေ ရှိပါတယ်။ အခုဆောင်းပါးလေးမှာကတော့ ယေဘုယျအချက်လေးများကို အကြံပြုပြောကြားချင်ပါတယ်။

လုံခြုံရေးသည် ပထမ

ဘယ်လိုဆောင်ရွက်ချက်ကို လုပ်ဆောင်တဲ့အခါပဲဖြစ်ဖြစ် လုပ်ရန်ကိစ္စထက် မိမိလုံခြုံရေး၊ မိမိရဲဘော်လုံခြုံရေးကို ပထမဆုံး ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို အစဉ်အမြဲ ဂရုစိုက်ပါ။ စာရွက်စာတမ်းများ၊ ပိုစတာများ ကိုယ်နဲ့ မကွာပါနေရင် သွားမယ့်လမ်းကြောင်းကို သေချာရွေးပါ။ လမ်းကြောင်းတခုတည်း အစဉ်အမြဲသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

စိတ်နေစိတ်ထား

ဘယ်လောက်အရေးကြိးတဲ့ အလုပ်ပဲဖြစ်နေပါစေ၊ ပုံမှန်လုပ်ငန်းဆောင်တာ တခုလိုပဲ စိတ်ထဲမှာ တွေးထားပါ။ မတော်တဆ အာဏာပိုင်ဘက်တော်သားများနဲ့ ထိပ်တိုက်တွေ့ရင် စကားပြောတဲ့အခါမှာ မျက်လုံးကို လုံးဝမကစားပါနဲ့။ ပြေပြေလည်လည်နှင့် ချေချေငံငံပြောပါ။ သူတိုအပေါ်တွင် ခံပြင်းနေသည့် မိမိစိတ်ကို မျက်လုံးမှာ မပေါ်ပါစေနဲ့။ အမြဲတမ်း cover story တခုကို ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ထဲမှာလဲ ထိုဇာတ်လမ်းကို စွဲစွဲမြဲမြဲ ရှိနေစေရန် လေ့ကျင့်ထားပါ။ တယောက်ထက်ပို၍ ပါဝင်သော လုပ်ငန်းတာဝန်ဖြစ်ပါက ကြိုတင်ဇာတ်တိုက်ထားပါ။

အ၀တ်အစား

လှုပ်ရှားမယ့်နေရာရဲ့ အ၀တ်အစားဝတ်ဆင်ပုံကို အမြဲသတိပြုပါ။ လူအများကြားမှာ သတိထားမိစေနိုင်တဲ့ အ၀တ်အစားများ လုံးဝမ၀တ်ပါနဲ့။ ပုဆိုးအ၀တ်များတဲ့နေရာမှာ ဘောင်းဘီမ၀တ်သွားပါနဲ့။ ဘောင်းဘီဝတ်များသော နေရာမှာ ပုဆိုးဝတ်မသွားပါနဲ့။ ထင်ရှားတဲ့ တံဆိပ်ပါတဲ့ အကျီင်္တွေ၊ မြင်သာမှတ်မိလွယ်သော အရောင်တွေကို မ၀တ်ဆင်ပါနဲ့။ လူအများကြားမှာ ပေါ်လွင်နိုင်တဲ့ ၀တ်စားဆင်ယင်မှုကို ရှောင်ကြဉ်ပါ။ ရှပ်အကျီင်္အဖြူနဲ့ ကချင်ပုဆိုး တွဲစပ်ဝတ်ဆင်ခြင်းကို သိပ်မလုပ်ပါနဲ့။

လှုပ်ရှားမှု

စိတ်လှုပ်ရှားမှုကို ပေါ်လွင်စေတဲ့ ကိုယ်ဟန်အမူအရာများကို တတ်နိုင်သမျှ ထိန်းချုပ်ပါ။ ဆိုင်တဆိုင်ဆိုင်မှာ တစုံတယောက်နဲ့ ချိန်းဆိုထားပါက အပေါက်ဝကို ခဏခဏ မျှော်မကြည့်ပါနဲ့။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ အအေးဆိုင်များကို ပုံမှန်မထားပါနဲ့။ အိမ်မှထွက်ချိန်ကို တသမတ်မထားပါနဲ့။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် တိုးလိုက်လျှော့လိုက်အမြဲလုပ်ပါ။

နောက်ယောင်ခံလာမှုကို သံသယရှိရင် ရုတ်တရက်ခြေလှမ်းမြန်လိုက်တာ မလုပ်ပါနဲ့။ သွားနှုန်းကို မသိမသာ မြှင့်ပါ။ လူအုပ်နှင့်ရောပါ။ ချိန်းထားတယ်ဆိုပြီး၊ စိတ်မလောပါနဲ့။ အခြေအနေမကောင်းပါက ချိန်းဆိုထားမှုကို ပျက်ကွက်လိုက်ပါ။ ဘတ်စ်ကားစီးရင် အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ထိုင်တာ၊ ရပ်တာလုပ်ပါ။ ခေါင်းလှည့်ပြီး ဟိုကြည့်ဒီကြည့်မလုပ်ပါနဲ့။ မျက်စိကိုပဲ မသိမသာ အသုံးပြုပါ။

မော်တော်ယာဉ်၊ ဆိုင်ကယ်များကို သုံးပါက နံပါတ်ပြားပြောင်းသုံးပါ။ သို့ပေမယ့် နံပါတ်ပြားများ သယ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ပါ။ အိမ်(သို့) စိတ်ချရသော နေရာမှာ မထွက်ခင်ကတည်းက မှောင်ချိန်တွေမှာ ပြောင်းတပ်တာလုပ်ပါ။

အစည်းအဝေး

တတ်နိုင်သမျှ လူအများနဲ့ လုပ်တဲ့အစည်းအဝေးများ လုပ်တာကို ရှောင်ပါ။ မိမိကလာဘ်စည်းနှင့် မိမိသီးခြားဆက်သွယ်မှုသာ လုပ်ပါ။ အိုဂျီလုပ်ငန်းဆောင်တာများ ပြုလုပ်နေသော အဖွဲ့များရဲ့ အစည်းအဝေးများ၊ အခမ်းအနားများကို လုံးဝသွားမတက်ပါနဲ့။

မဖြစ်မနေ အစည်းအဝေးလုပ်စရာရှိခဲ့ရင် နေရာကို သုံးယောက်ထက်ပိုပြီး အသိမပေးပါနဲ့။ လူတွေကို သီးသန့်နေရာတွေမှာ ခွဲချိန်းပါ။ နောက်ယောင်ခံတာရှိမရှိ သေချာဆန်းစစ်ပါ။ ပြီးမှ အသုတ်များခွဲပြီး ဆုံမှတ်နေရာကို သွားပါ။ တနေရာတည်းပုံမှန် ဘယ်တော့မှ မသတ်မှတ်ပါနဲ့။ ရက်တွေအများကြီး ကြိုပြီး အချိန်ကို အသိမပေးထားပါနဲ့။

ဆက်သွယ်ရေး

"လိုင်းလုံးဝ၊ လုံးဝ မပူးပါနဲ့"။ မြေအောက်ရဲဘော်တယောက်အတွက် ဒီအချက်ဟာ အသက်တမျှ အရေးကြီးလှပါတယ်။ အိုဂျီအသွင် လှုပ်ရှားသူတွေနဲ့ လိုင်းသွားပူးမိလို့၊ ထောက်လှမ်းရေး နောက်ယောင်ခံလိုက်ခံနေရတဲ့ လိုင်းတွေနဲ့ သွားပူးမိလို့၊ အချိန်မတန်ခင် ရန်သူ့လက်ထဲ ရောက်သွားရတဲ့ အဖြစ်အပျက်တွေအများကြီးပါ။ အဖေနဲ့သားတောင် တလိုင်းတည်းမဟုတ်ရင် အချင်းချင်းဖွင့်ဟ မေးမြန်းတာတွေ မလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်းတယောက်က တယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေမှန်း သိနေရင်တောင် မသိချင်ယောင်ဆောင်နေလိုက်ပါ။ လိုင်းလုံးဝမပူးပါနဲ့။

ပြည်ပမှာ နာမည်ကြီးနေတယ်ဆိုပြီးလဲ လိုင်းသွားမဆက်ပါနဲ့။ မလိုအပ်ပဲ လိုင်းသွားဆက်မိတဲ့အခါ သူတို့ရဲ့ ဂျီတော့ခ်တွေကို စောင့်ကြည့်ခံနေရတာဆိုရင် ကိုယ့်အမည် ပေါက်ထွက်သွားနိုင်ပါတယ်။ မီဒီယာများနဲ့ ဆက်သွယ်တဲ့အခါမှာလဲ ဒီလိုပါပဲ။ မိမိတာဝန်က သတင်းယူဂျီမဟုတ်ပဲ၊ ကလာဘ်စည်းတည်ဆောက်ရေး၊ ရေရှည်မြှုပ်နှံရေးဆိုရင် မီဒီယာများနဲ့ လုံးဝလိုင်းမပူးပါနဲ့။

ပြည်ပနဲ့၊ မီဒီယာနဲ့၊ အိုဂျီတွေနဲ့ သတင်းဆိုင်ရာ၊ ဆက်ဆံရေးဆိုင်ရာ တာဝန်ယူရတယ်ဆိုရင် သီးခြားအီးမေးလ်ကိုသုံးပါ။ ကိုယ့်ပြည်တွင်းကလာဘ်စည်းများနဲ့ ဆက်သွယ်နေတဲ့ အီးမေးလ်ကို လုံးဝမသုံးပါနဲ့။ ဆက်သွယ်ရေးအီးမေးလ်ကို အမည်ရင်းများနဲ့ လုံးဝမဖွင့်ပါနဲ့။ အီးမေးလ်လိပ်စာရှေ့မှာ နာမည်တွေ ထည့်ထားတာမလုပ်ပါနဲ့။ အီးမေးလ်လိပ်စာပဲ address book မှာ ထည့်ထားပါ။ လိပ်စာတွေကို တတ်နိုင်သမျှ BCC ထဲထည့်ပြီး ပို့ပါ။ မိမိအီးမေးလ် အဖောက်ခံရတယ်လို့ သံသယရှိရင် ဒီအီးမေးလ်လိပ်စာကို တခါတည်း ဖျက်ချပစ်လိုက်ပါ။ လုံးဝမထားပါနဲ့တော့။ မသိတဲ့လူများက ဆက်သွယ်မိရင် သတင်းပေါက်ကြားသွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ပိုင်ဘလော့ရှိသူများ ဘလော့ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာကို ပြည်တွင်းပြည်ပဆက်သွယ်ရေးမှာ မသုံးပါနဲ့။

ပြည်တွင်းလှုပ်ရှားမှု ဓာတ်ပုံများပို့ရင် ဓာတ်ပုံတွေမှာ လူပုံတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ။ လူပုံရိပ်တွေပါရင်တောင် ထင်ရှားတဲ့ အမှတ်အသားတွေပါတဲ့အထိ အနီးကပ်ဓာတ်ပုံရိုက်ပို့တာတွေ မလုပ်ပါနဲ့။ ကိုယ့်ရဲဘော် လုံခြုံရေးကို အမြဲဂရုပြုပါ။ သတင်း တပုဒ်လေး အတွက် ကိုယ့်ရဲဘော်ကိုယ် စတေးလိုက်မိတဲ့ အဖြစ်မျိုး လုံးဝမဖြစ်ပါစေနဲ့။

စာရွက်စာတမ်း

တတ်နိုင်သမျှ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ် မထားပါနဲ့။ USB ထဲမှာ စာရွက်စာတမ်းတွေ ရှိနေတုန်း၊ ပိတ်ဖမ်းနေတာမျိုး ကြုံတဲ့အခါ၊ မလွတ်နိုင်တော့ဘူးထင်ရင် USB ကို ချိုးဖဲ့ဖျက်ဆီးပစ်လိုက်ပါ။ စာရွက်စာတမ်းတွေနဲ့ အမိမခံပါနဲ့။

စာရွက်စာတမ်းတွေကို အိမ်မှာမထားပါနဲ့။ မလိုအပ်တာတွေကို သိမ်းမထားပါနဲ့။ အသုံးပြုစရာ မလိုတော့တဲ့ ပိုစတာဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ ကွန်ပျူတာသုံးတယ်ဆိုရင် ကွန်ပျူတာထဲမှာ သိမ်းမထားပါနဲ့။ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့ ပစ္စည်းလေးတွေထဲကို ပြောင်းထည့်လိုက်ပါ။ အီးမေးလ်ထဲက မလိုအပ်တော့တဲ့ မေးလ်တွေကို ဖျက်ပစ်လိုက်ပါ။ သိမ်းမထားပါနဲ့။ အထူးသဖြင့် ပြည်ပနဲ့ ဆက်သွယ်ထားတဲ့ chat တွေကို အကုန်ဖျက်ပစ်လိုက်ပါ။ လက်ဝယ်ရှိတဲ့ စာရွက်စာတမ်းတွေကို သိမ်းထားဖို့လိုတယ်ဆိုရင် တခြားကျောင်းမှတ်စုတွေ၊ အလုပ်မှတ်စုတွေနဲ့ ရောထားလိုက်ပါ။ ဖိုင်သီးသန့်ခွဲသိမ်းတာမျိုး မလုပ်ပါနဲ့။

မိတ်ဆွေများအတွက် တစုံတရာ အကျိုးရှိမယ် ယူဆပြီး၊ စေတနာနဲ့ အကြံပြုချက်များသာ ဖြစ်ပါတယ်။

တော်လှန်ရေးသစ္စာဖြင့်
ခင်မမမျိုး (၂၆၊ ၁၂၊ ၂၀၀၈)

မလေးနိင်ငံရောက် မြန်မာ အလုပ်သမားများ ဒုက္ခရောက်

ကျော်သိင်္ခ | ဒီဇင်ဘာ ၂၇

ကမ္ဘာ့စီးပွားရေ အကြပ်အတည်းက မလေးရှားနိုင်ငံကိုလည်း ရိုက်ခတ်လာတဲ့အတွက်ကြောင့် မလေးရှား နိုင်ငံသားတွေလည်း အလုပ်ပြုတ်သူကပြုတ်၊ အလုပ်ရှာနေသူတွေကရှာနဲ့ တော်တော်ကို သောင်းကနင်း ဖြစ်နေပါတယ်။ ဒီကြားထဲမှာ အဆိုးဆုံးကတော့ မလေးရှားမှာ တရားဝင်၊ ရော တရားမ၀င်ပါ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ဗမာအပါအ၀င်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှား အလုပ်သမားတွေပါဘဲ။

မလေးမှာ တရားမ၀င် နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးရေးအဖွဲ့ ရေလာ (RELA) ဆိုတာရှိပါတယ်။ ခါတိုင်းဆို RELA တွေက စနေ၊ တနင်္ဂနွေ ဆိုရင် လူစည်ကားရာဘူတာရုံ၊ ကားဂိတ်စတဲ့ နေရာတွေမှာ စနေနေ့ ညနေ ၃ နာရီလောက်ဆို စဖမ်းနေပြီ။ တနင်္ဂနွေနေ့တွေ လိုမျိုးဆိုရင် လမ်းကြောင်းပေါ်ပြေးနေတဲ့ လိုင်းကားတွေကို ပိတ်ဆို့ပြီး၊ ကားပေါ်က လူတွေကို အကုန်ဆင်းခိုင်း၊ မှတ်ပုံတင်ကဒ် စစ်တာတို့၊ နိုင်ငံခြားသားဆိုရင် ပတ်စ်ပို့ ပါ၊ မပါ စစ်တာတို့ လုပ်ပါတယ်။

အခုကျတော့ တရားမ၀င်နိုင်ငံခြားသားတွေကိုဖမ်းတာ RELA တစ်ဖွဲ့တည်း မဟုတ်တော့ပါဘူး။ DBKL လို့ခေါ်တဲ့ စည်ပင်သာယာ ကားလာရင် အလုပ်သမားတွေ ၀ရုန်းသုန်းကား ပြေးကြရပါတယ်။ စည်ပင်သာယာ ၀န်ထမ်းတွေကပါ နိုင်ငံခြားသား အလုပ်သမားတွေကို တွေ့ရင် စစ်ဆေးမေးမြန်းပြီး၊ အမှန်အကန်မဟုတ်လျှင် ရဲခေါ်ပြီး၊ ရဲလက်ထဲအပ်သည်။ အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး မလေးရှား အလုပ်သမား တစ်ချို့ရဲ့ ပြောပြချက်တွေကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

"ကျနော်တို့မှာ ဟိုတုန်းက RELA ဘဲကြောက်ရတယ်။ အခုဆိုရင် စည်ပင်ကား လာတာနဲ့တောင် ကျနော်တို့ ပတ်ပြီးပြေးနေရတယ်။ နောက်ပြီး အလုပ်ကလည်း မရှိတော့ဘူး။ အခု အလုပ်အသစ်တစ်ခု ထပ်ရှာနေရတယ်။ အရင်လို အလုပ်ရဖို့က မလွယ်တော့ဘူး။ မလေးအစိုးရက အလုပ်ရှင်တွေကို ပြောထားတယ်။ တရားမ၀င် အလုပ်သမားတွေကို အလုပ်ခန့်ရင် သူတို့ ရဲ့ လုပ်ငန်းလိုင်စင်တွေပါ သိမ်းပစ်မယ်ပြောထားတော့၊ အလုပ်ရှင်တွေ ကပါ ကျနော်တို့ကို အလုပ်မခန့်ရဲဘူး"



ကိုဇော်သိန်း (ဂျိုဟိုးဘာရူး နယ်မြေ)

"ဟာ.. အစ်ကိုကလည်း တရားမ၀င် အလုပ်လုပ်တဲ့ သူတွေမပြောနဲ့ ကျနော်တို့ ပတ်စ်ပို့၊ အလုပ်ပါမစ် သမားတွေတောင် လွယ်တာ မဟုတ်ဘူး။ တော်တော်များများ အလုပ်ပြုတ်တယ်။ တစ်ချို့ဆို စက်ရုံက မြန်မာပြည်ပြန်ပို့မယ် ပြောလို့၊ ကြားကြားချင်း ထွက်ပြေး ကြတယ်။ ပတ်စ်ပို့ကတော့ သူဋ္ဌေးလက်ထဲမှာ ကျန်ခဲ့တာပေါ့။ မြန်မာပြည်ပြန်လည်း ဘာထူးတာမို့လို့လဲ။ ဒီမှာဒုက္ခတော်တော်ကို ရောက်နေတယ်။ မြန်မာပြည်ပြန်သွားလည်း ထွက်လာတာ အရင်းတောင် မကျေသေးဘူး။ ပြန်ရမယ်ဆိုရင် ကိုယ့်ဘက်က အရှုံးချည်းဘဲ။ ဟိုရောက်ရင် လည်း ဟိုမှာက တစ်လ လေး၊ ငါးသောင်းလောက်နဲ့ ရန်ကုန်မှာဆို သွားလာတဲ့ စရိတ်နဲ့ ဘာမှ လုပ်လို့မရဘူး။ ဗမာပြည်ကိုတော့ မပြန်ချင်ဘူး။ ဘာဆက်လုပ်မလဲ တစ်ခုခုတော့ စဉ်းစားနေတုန်း။"

ကိုသောင်းထွန်း (ပီနန်- ဖိနပ်စက်ရုံ)

"ပြီးခဲ့တဲ့ ညကတင် ဒီမှာ အော်ပရာစီ (operation) ၀င်သွားတယ်။ ဆိုင်တွေထဲမှာ အလုပ်လုပ်တဲ့ သူတွေကို ၀င်ဆွဲတာ။ ကျနော့် အခန်းမှာနေနေတဲ့ ကောင်လေး သုံးယောက်ပါသွားတယ်။ ကျနော်ကတော့ လွတ်သွားတယ်။ အခုသူတို့ကို ရဲစခန်းမှာ တခြားသူတွေနဲ့ အတူချုပ်ထားတယ်။ သူတို့ကတော့ ယူအင်န် ကဒ် ကိုင်ထားတယ်။ ဒါပေမယ့် ယူအင်န် က လိုက်လည်း ရဲက ပြန်မလွှတ်ဘူး။ မလေး အစိုးရ နဲ့ ယူအင်န် နဲ့က အစေးမကပ်ဘူး။ အခု အဖမ်းခံထားရတဲ့သူတွေကို ထောင်ထဲကို ထည့်မှာ။ သူတို့ကို မလေး- ထိုင်းနယ်စပ်ကို သွားပစ်တော့မှ ကျနော်တို့ ပိုက်ဆံတွေ စုပေါင်းပြီး ပွဲစားကို ပိုက်ဆံပေးပြီး၊ သူတို့ကို သွားခေါ်ခိုင်းရမှာ။ ဖြစ်ချင်တော့ အလုပ်မကောင်းတဲ့ အချိန်ကျမှ ဒီလိုဖြစ်တော့၊ ကျနော်တို့လည်း ပိုက်ဆံသိပ်မလိုက်နိုင်ဘူးပေါ့။ ဒါပေမယ့် တစ်ခုခုတော့ လုပ်ရမှာပေါ့။"

ကိုအေးမင်း (အလော့စတား နယ်မြေ)

"ကျနော်တို့ ခါတိုင်းလို မြို့ထဲတောင် သိပ်မသွားရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကဆို လမ်းမှာ ကားတွေကို ပိတ်ပြီး ဖမ်းနေတယ်လို့ ကြားရင်၊ ကျနော်တို့က ရထားစီးသွားတာကိုး။ အခုဆို ဟိုတစ်လောက ရထားဘူးတာတွေကနေ RELA တွေရော၊ တစ်ခြား အာဏာပိုင်တွေပါ တက်လာပြီး ရထားပေါ်မှာ ရှိသမျှလူတွေကို မှတ်ပုံတင်လိုက်စစ်တယ်။ အထောက်အထားတစ်ခုခု မပြနိုင်တဲ့သူတွေကို နောက်ဘူတာ ရောက်ရင် အကုန်ဆင်းခိုင်းပြီး ဘူတာနားမှာ အသင့် ချထားတဲ့ ထရပ်ကားတွေနဲ့ ခေါ်သွားတာ။ အများကြီးဘဲ။ ဘယ်လို ရှောင်သွားသွား မလွတ်တော့ဘူး။"

ကိုသန်းဇော် (ဆာဒန်း နယ်မြေ)

အဲဒါတွေကတော့ မလေးမှာ ရှိတဲ့ ဗမာ အလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပက်သက်ပြီးတော့ အလုပ်သမား တစ်ချို့ကို ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။ မလေးနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ခြောက်သိန်းကျော် အနက် ထက်ဝက်နီးပါးဟာ တရားမ၀င် အလုပ်လုပ်ကိုင် နေကြသူတွေ ဖြစ်ပါတယ်။ အခုလို စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အလုပ်ရှင်တွေဘက်က စာနာမှုနဲ့ အလုပ်ခန့်တာမျိုးတွေ ရှိပေမယ့်၊ မလေးအစိုးရရဲ့ တရားမ၀င်အလုပ်သမားတွေကို အလုပ်ပေးတာကို ကန့်ကွက်မှုတွေ လုပ်လာ တာကြောင့် ဘယ်သူမှ အလုပ်မခန့်ရဲပါဘူး။ သို့သော်မြန်မာအလုပ်သမားများအနေနှင့် ငါးယောက်စုပြီး နေထိုင်တဲ့ အုပ်စုမှ နှစ်ယောက်က အလုပ်မရှိလျှင် ကျန်တဲ့ သုံးယောက်မှာရှိတဲ့ ၀င်ငွေလေးနဲ့ မျှတပြီး စားသောက် ကြတာကြောင့် တစ်ခြားနိုင်ငံသားတွေနှင့် စာလျှင် တော်သေးသည်ဟု ဆိုရမည်။ တစ်ခြား နိုင်ငံသားတွေ နှင့် စာလျှင် မြန်မာလူမျိုး အချင်းချင်း ရိုင်းပင်းကူညီသည့် စိတ်ဓာတ်ကြောင့် အရေးကြုံလျှင်၊ ဒုက္ခကို မျှဝေခံစားကြတာလည်း ရှိသည်။

တစ်ခြားနိုင်ငံသားများထက် ဆိုးသည့်အချက်က မြန်မာနိုင်ငံသားများ မြန်မာပြည်ကို ပြန်သွားလျှင် အခြေအနေ က နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း သလိုဖြစ်မည်။ ပြန်လျှင်လည်း ဒုက္ခ၊ မပြန်ဘဲ နေလျှင်လည်း၊ အဖမ်းအဆီး တွေကြားက အလုပ်လုပ်နေကြရ။ မလေးရှားမှာ တရားမ၀င် အလုပ်လုပ်ရသည်က ထောင် နှုတ်ခမ်းဝ မှာ အလုပ်လုပ်နေကြသည့် အခြေအနေ။ တစ်ချို့ကလည်း မြန်မာပြည် က အေးဂျင့် အဆက်အသွယ် နှင့် ထွက်လာတာ တစ်လဘဲရှိသေးကြောင်း၊ ဒီရောက်တော့မှ အလုပ်ရှင်က အလုပ်မပေး နိုင်တော့၍ တစ်လအတွင်း over-stayed ဖြစ်သွားကြောင်း၊ ထိုအခါ အေးဂျင့်ကို ဆက်သွယ်တော့လည်း၊ အေးဂျင့်က ဖုန်းမကိုင်ကြောင်း၊ မလေးရှားကို ရောက်ရောက်ချင်းပင် အို (overstayed) သွားကြောင်း ပြောပါသည်။

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.