မြန်မာ့နိုင်ငံရေးသုံးသပ်ချက်နှင့်အလားအလာ(၂)
နအဖ အစိုးရအနေနဲ့ ပြည်တွင်းမှာ ရှိတဲ့ အတိုက်အခံ အဖွဲ့အစည်းများကို ထိန်းချုပ်နိုင်ဖို့ အတွက် အရေးယူ အပြစ်ပေးခြင်း၊ ဝေဖန် အပုတ်ချခြင်းနဲ့ ဆွဲဆောင် စည်းရုံး သိမ်းသွင်းခြင်း ဆိုတဲ့ နည်းလမ်းများကို အသုံးပြုပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ကျယ်ကျုယ် ပြန့်ပြန့်ပြော ဆိုနေကြ၊ အစီရင်ခံစာတွေ ထုတ်ပြန်ကြ လုပ်နေတာမို့ အကျယ် မပြောတော့ပါဘူး။ အဲဒီအထဲမှာ အရေးယူ အပြစ်ပေးခြင်းနဲ့ ဆွဲဆောင် စည်းရုံး သိမ်းသွင်းခြင်း နည်းလမ်း နှစ်ခုကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကျန်အတိုက်အခံများဟာ ဘာမှ ထိထိ ရောက်ရောက် လှုပ်ရှားနိုင်ခြင်း မရှိတော့တာကို တွေ့ရပါတယ်။ သို့သော် ဝေဖန် အပုတ်ချခြင်း လုပ်ငန်းကတော့ သိပ်ပြီး ထိရောက်မှု မရှိတာကို တွေ့ရပြန်တယ်။ ဒေါက်တာ ကျော်ရင်လှိုင်ရဲ့ စာတမ်း တစ်ခုမှာတော့ ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ် အတွင်း ပြုလုပ်ခဲ့တဲ့ ပြည်တွင်းက စစ်တမ်း ကောက်ယူမှု တစ်ခုမှာ ၉ % ကပဲ အစိုးရ မီဒီယာတွေမှာ ပါတဲ့ အတိုက်အခံများနဲ့ ပတ်သက်တဲ့ ရေးသားမှုတွေကို အလေးထား ဖတ်ကြောင်း၊ ၃၅ % ကတော့ အဲဒီသတင်းတွေထဲမှာ အမှန်တရား နည်းနည်း ပါးပါးပါတယ်လို့ ယုံကြည်ကြောင်းနဲ့ ကျန်တဲ့သူ တွေကတော့ အဲဒီ သတင်းတွေကို အလေးမထားဘူးလို့ ဆိုကြောင်း ဖော်ပြထားတာကို ဖတ်ရပါတယ်။ ဒီနေရာမှာ အစိုးရ အနေနဲ့ ပြည်တွင်းက လှုပ်ရှားမှုတွေကိုသာ ထိန်းချုပ်ဖို့ အခွင့်အရေးရှိပြီး ပြည်ပမှာ လှုပ်ရှားနေတဲ့ အတိုက်အခံများရဲ့ လှုပ်ရှားမှုများကိုတော့ ဘယ်လိုမှ ထိန်းချုပ်လို့ မရတာကို သတိပြုရမှာပါ။ ဒါဆိုရင် ဘာဖြစ်လို့ ဒီလှုပ်ရှားမှုတွေဟာ ပြည်တွင်းက လူတွေကို အထောက်အကူ ပေးနိုင်တဲ့အထိ အင်အား ကောင်းမလာတာလဲ။ ပြည်တွင်းမှာရော ၈၈ တုံးကလို ဘာဖြစ်လို့ ပြန်မလှုပ်ရှား နိုင်တာလဲ ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။
ညီညွတ်ရေး
အတိုက်အခံ အဖွဲ့အစည်းတွေ အကြားမှာ ညီညွတ်မှုရှိဖို့ လိုတယ်ဆိုတာ လူတိုင်း လက်ခံကြပါတယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက် နေတာကို ၀မ်းနည်းစရာ တွေ့ရပါတယ်။ ဒီအချက်ဟာ နအဖကို အတိုက်အခံ ပြုလုပ်နေတဲ့ လှုပ်ရှားမှု မအောင်မြင်ရခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုလို့လဲ မြင်မိပါတယ်။ ဒီသုံးသပ်ချက်ကို ကြိုက်ချင်မှ ကြိုက်မယ်။ လက်တွေ့မှာ တော့ ဒီအတိုင်း ဖြစ်နေတာ အမှန်ပါဘဲ။ အတိုက်အခံ တွေကြားမှာ ဘယ်လို စည်းလုံး ညီညွတ်မှု ပြိုကွဲ နေသလဲ။ ၈၈ အရေးအခင်းကို စတင် ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေကိုပဲ ကြည့်ရအောင်။
၈၈ ခုနှစ် မတ်လ ဖုန်းမော် အရေးအခင်းက စပြီး စက်တင်ဘာလ န၀တ အာဏာသိမ်းတဲ့ အချိန် ကြားမှာ ကျောင်းသား လှုပ်ရှားမှုမှာ မကသနဲ့ ဗကသ ဆိုပြီး အဓိက အုပ်စုနှစ်ခု ပေါ်လာခဲ့တယ်။ မကသ ဖြစ်လာမယ့် အစုကို မင်းဇေယျာ၊ အေးလွင်တို့က ဦးဆောင်ခဲ့ပြီး ဖုန်းမော် အရေးအခင်းမှ စပြီး လှုပ်ရှားပါတယ်၊ ဖုန်းမော် အရေးအခင်းကြောင့် ကျောင်းတွေ ပိတ်လိုက်ပြီး မင်းဇေယျာတို့ အုပ်စု အဖမ်းခံ နေရချိန်မှာ မင်းကိုနိုင်၊ မိုးသီးဇွန်တို့ အုပ်စု ပေါ်လာပါတယ်။ ဒါတွေက သိပြီးသား ဖြစ်လို့ အကျယ် မပြောတော့ပါ။ ဒေါက်တာ မောင်မောင် တက်လာတော့ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပြီး မင်းဇေယျာတို့လဲ ပြန်လွတ်လာတယ်။ ဒီအချိန်မှာ ကျောင်းသား လှုပ်ရှားမှုကို ဦးဆောင်ဖို့ အတွက် သမဂ္ဂပြန်ဖွဲ့ဖို့ လုပ်ပါတယ်။
အဲဒီလှုပ်ရှားမှုကြောင့်ပဲ ကျောင်းသားတွေ ကြားမှာ အကွဲအပြဲ စခဲ့တာ ဖြစ်တယ်။ RASU မှာ အခြေစိုက်နေတဲ့ မင်းဇေယျာတို့ အုပ်စုက မကသဖွဲ့ဖို့ အစည်းအဝေး လုပ်မယ့်နေမှာပဲ ဆေးရုံကြီးမှာ အခြေစိုက်တဲ့ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုကိုကြီး၊ အုပ်စုကလဲ ကျောင်းထဲကို ရောက်လာပြီး ဗကသ ဖွဲ့ ကြောင်း ကြေညာပါတယ်။ အဲဒီကစပြီး ဗကသ၊ မကသ နှစ်ခြမ်းကွဲပြီး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြန်အလှန် စွတ်စွဲကြ၊ ပုတ်ခတ်ကြ ဖြစ်တာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ နောက်ဆုံး အဲဒီ အကွဲဟာ ကျောင်းသား တပ်မတော်ဖွဲ့တဲ့ အထိ ပါသွားပြန်တယ်။ ABSDF ဖွဲ့ဖို့ လုပ်တဲ့ ညီလာခံမှာ မကသနဲ့ ဗကသ အားပြိုင် နေတာကြောင့် ဥက္ကဌ လုပ်မယ့်သူကို ရွေးလို့မရဘူး။ ဒါ့ကြောင့် နောက်ဆုံးတော့ ကြားလူဖြစ်တဲ့ ၇၅ လှုပ်ရှားမှုမှာ ပါခဲ့တဲ့ (ကို) ထွန်းအောင်ကျော်ကို ခေါင်းဆောင် တင်ရတယ်။ ၁၉၉၀ မှာ မိုးသီးဇွန် နယ်စပ် ရောက်လာတော့ ဒုတိယအကြိမ် ညီလာခံ ကျင်းပတယ်။ အဲဒီမှာ မိုးသီးဇွန်က ဥက္ကဌဖြစ်လာပြီး အထွေထွေ အတွင်းရေးမှူးက နိုင်အောင် ဖြစ်လာတယ်။ တကယ်တော့ နိုင်အောင်ဟာ ဗကသ၊ မကသ အုပ်စုဝင် မဟုတ်ဘူး။ သူက မုဒုံက ထွက်လာတာ။ ဒါပေမယ့် မကသ အုပ်စုက သူ့ကို ထောက်ခံပြီး အတွင်းရေးမှူး တင်လိုက်တယ်။ ဒီတော့ ဒုတိယ ညီလာခံဟာ ညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲ မိုးသီးဇွန်နဲ့ နိုင်အောင် အုပ်စု အားပြိုင်တဲ့အဖြစ်ကို ရောက်သွားတယ်။
အဲဒီအချိန်က ကျောင်းသား တပ်မတော်ထဲမှာ ရှိခဲ့သူတွေ အနေနဲ့ ဒီအကွဲအပြဲဟာ ဘယ်လောက် ပြင်းထန်ခဲ့တယ် ဆိုတာ မှတ်မိဦးမှာပါ။ တပ်ရင်းလိုက်၊ စခန်း ကော်မတီ အလိုက် သူ့အုပ်စု၊ ကိုယ့်အုပ်စု ကွဲကြ၊ အားပြိုင်ကြနဲ့ ကျွန်တော်ဖြင့် တစ်ခါတစ်ခါ န၀တကို တိုက်ကြမှာလား၊ အချင်းချင်း တိုက်ကြမှာလား ဆိုတာတောင် ဝေခွဲမရဘူး။ အဲဒီတော့ အုပ်စု တစ်ခုနဲ့ တစ်ခု အမုန်းဟာ န၀တကို မုန်းတာထက်တောင် ပိုမလားလို့ ထင်မိတယ်။ နောက်ဆုံး အဲဒီအကွဲအပြဲဟာ ကေအင်ယူထဲ အထိပါသွားပြီး နိုင်အောင် အုပ်စုကို ထောက်ခံတဲ့ ကေအင်ယူ တပ်ရင်းတွေက သူတို့နယ်မြေထဲကို မိုးသီးဇွန်အုပ်စုဝင် ကျောင်းသား တပ်ဖွဲ့တွေကို အ၀င်မခံသလို မိုးသီးဇွန်ကို ထောက်ခံတဲ့ ကေအင်ယူတွေကလဲ နိုင်အောင် အုပ်စုဝင် တပ်တွေကို ဒီလိုပဲ လုပ်ခဲ့တာပါ။
၉၆ ခုနှစ် ညီလာခံကျတော့ နိုင်အောင် ဥက္ကဌ ဖြစ်လာတယ်။ အဲဒီအချိန်မှာ ကျောင်းသား အတော် များများဟာ တပ်ကိုစွန့်ပြီး နိုင်ငံခြားမှာ ပညာသင်ဖို့ ၊ ခိုလှုံဖို့ ထွက်ကုန်ပါပြီ။ နောက်တော့ နိုင်အောင် လဲ မိန်းမကိစ္စနဲ့ ဥက္ကဌအဖြစ်ခံ ဖယ်ရှားခံရ၊ မိုးသီးဇွန်လဲ အမေရိကန်မှာ သွားအခြေချတာကြောင့် ABSDF ဟာ တိုက်ခိုက်ရေး အင်အားစု အဖြစ်ကနေ တစ်ခန်းရပ် သွားပါတော့တယ်။ ကျောင်းသား တပ်မတော်ကနေ ထွက်ပြီး ပြည်ပမှာ ပညာသင်ကြ၊ အလုပ်လုပ်ကြတဲ့ ကျောင်းသားတွေဟာ နံမည် အမျိုးမျိုးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့အဖွဲ့တွေ ဖွဲ့ကြပြန်တယ်။ စိတ်မကောင်းစရာက ဗကသ၊ မကသ အကွဲ ဟာ အဲဒီလှုပ်ရှားမှုတွေ အထိ ဆက်ပြီး ပါသွားတာ နောက်ဆုံး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ အထိ ဖြစ်သွား တာပါပဲ။ နိုင်အောင်ဆိုရင် ဟားဗတ် တက္ကသိုလ်မှာ ပညာသင်ခွင့်ရပြီးမှ ABSDF မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းသားချင်း အစုလိုက် သတ်ဖြတ်မှုမှာ ပါခဲ့တဲဆိုပြီး မိုးသီးဇွန် အုပ်စုဝင်တစ်ချို့က စာရေးတိုင် ကြားခဲ့လို့ ပညာသင်ခွင့် ပြန်ပယ်ဖျက် ခံခဲ့ရတာပါ။ တကယ်တော့ အဲဒီ သတ်ဖြတ်မှုတွေ ဖြစ်တာ မြောက်ပိုင်းက သံချောင်းတို့ လုပ်တာဖြစ်ပြီး ထိုင်းနယ်စပ်မှာ ရှိနေတဲ့ နိုင်အောင်က အားလုံးပြီးမှ သိရတာပါ။
အဲဒီလို အချင်းချင်း အပုတ်ချမှုတွေ၊ နံမည်ဖျက်မှု တွေဟာ အခုအချိန်ထိ ပြည်ပရောက် အဖွဲ့ တွေကြားမှာ ရှိနေတုံးပါ။ ပြည်တွင်းမှာ မင်းကိုနိုင်နဲ့ မင်းဇေယျ ပြန်လက်တွဲပြီး လုပ်နေတဲ့ အချိန် ၂၀၀၆- ၂၀၀၇ မှာ တောင် ပြည်ပက အဖွဲ့တွေကို ကြည့်လိုက်ရင် အုပ်စုစွဲတွေနဲ့ ဖွဲ့ထားတာ တွေ့ရ မှာဖြစ်ပါတယ်။ ဒီတော့ ပြည်ပရောက် ကျောင်းသား လှုပ်ရှားမှုကြားမှာ တူညီတဲ့ ရည်မှန်းချက်၊ ဘုံ ရပ်တည်ချက်၊ ဘုံမဟာဗျူဟာ မချနိုင်တာ ဘာမှ မဆန်းပါဘူး။ ညီညွတ်ရေး အလှမ်းဝေးမှုကြောင့် ကျောင်းသား လှုပ်ရှားမှုကြီး ဘယ်လောက် နစ်နာခဲ့တယ် ဆိုတာ ကာယကံရှင်တွေ ပြန်သုံးသပ်ဖို့ အချိန် ရောက်ပြီ ထင်ပါတယ်။
၂၈. ၁၂. ၂၀၀၈ ရက်နေ့ မြန်မာသတင်းများ
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ - နိရဉ္စရာ click here
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ် - နိရဉ္စရာ click here
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦးဝင်းတင် စွပ်စွဲ - ခေတ်ပြိုင် click here
- တရုတ်နယ်စပ် ရွှေလီမြို့ကို ဗဟိုပြု၍ ငလျင်တစ်ခု လှုပ်ခတ် - သျှမ်းသံတော်ဆင့် click here
- ခရစ်စမတ်အပြန် ရှမ်းလူငယ်ကို ရဲနှင့် ပြည်သူ့စစ်တို့ ရိုက်သတ် - သျှမ်းသံတော်ဆင့် click here
- ငွေကြာယံကျောင်းတိုက်မှ သံဃာတွေအတွက် အယူခံတင်ရန် ရှေ့နေပါဝါမရ - ဒီဗွီဘီ click here
- ထွက်ပြေးသည့် တပ်သားတစ်ဦး ခြေကျိုးသည်အထိ ရိုက်နှက်ခံရ - ဒီဗွီဘီ click here
- လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမား ထောင်ချီ အလုပ်လက်မဲ့ဖြစ် - ဒီဗွီဘီ click here
- နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသတွေမှာ သီးထပ်စပါး စိုက်ပျိုးသူနည်းပါး - အာရ်အက်အေ click here
- မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အရေးဆောင်ရွက်နေသူတစ်ဦး လူတစ်စုက ဖမ်းဆီး - အာရ်အက်အေ click here
- ပလီပေါက် ကင်းနေဗီ လူထုထံမှ ဓါးပြတိုက် - နိရဉ္စရာ click here
- စစ်တပ်မှ ဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ်ပိုင်း ခေါင်းဆောင်များ ပြန်လည် ပေါ်ထွက်လာ - ရိုးမ ၃ click here
You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.