Monday, December 29, 2008

[မေမိုးမခ] 1 New Entry: စေတနာမှန်လျှင် ဝေဖန်ရေးကို မကြောက်ပါ

စေတနာမှန်လျှင် ဝေဖန်ရေးကို မကြောက်ပါ

စေတနာမှန်လျှင် ဝေဖန်ရေးကို မကြောက်ပါ


၂၀၀၈ ခု ကုန်ခါနီး၊ နှစ်ချုပ်အနေဖြင့် နိုင်ငံရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ တိုးတက်မှု ရှိမရှိကို ပြန်လည် သုံးသပ်တင်ပြကြသည့် အခါကာလပင် ဖြစ်ပါသည်။ ပြည်တွင်းရော ပြည်ပပါ အတိုက်အခံနိုင်ငံရေး အင်အားစုများ အနေနှင့်လည်း အမှန်ကိုအမှန်အတိုင်း ပြန်လည်ဝေဖန်သုံးသပ်သည့် အသံများပေါ်ထွက်လာသလို မိမိတို့၏ အားနည်းချက်၊ လွဲမှားချက်များကို ဖုံးဖိရန်နှင့် ပြင်ပမှ ဝေဖန်မှုများကို ရှောင်လွှဲရန်၊ ကြိုးစားပြီး ကာကွယ်ရန် ကြိုးစားနေကြသည့် အသံတွေကိုလည်း ကြားနေရပါသည်။ ဒါက နိုင်ငံရေး စင်မြင့်ပေါ်က နိုင်ငံရေး ကကွက်များ ကပြနေကြသည့် သရုပ်ဆောင်ကပြသူများ၏ အပိုင်းပါ။

ပွဲကြည့် ပရိတ်သတ်များထဲတွင် မိမိတို့ မြင်တွေ့သိနေရသော ဇာတ်လမ်း၊ ဇာတ်ကွက်နှင့် သရုပ်ဆောင်မှုတို့ကို မိမိတို့မြင်ရသည့် ရှု့ ထောင့်မှ ဝေဖန်မှုများကို ပေးနေကြမည်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဝေဖန်သူများအပိုင်းကို တင်ပြလိုပါသည်။ ကမ္ဘာပေါ်တွင် တိုးတက်နေသော၊ ယဉ်ကျေးသော နိုင်ငံများဖြစ်ပေါ်လာခြင်းသည်လည်း ဝေဖန်ရေး အားကောင်းသောကြောင့် ဖြစ်သည်ကို ကျွန်တော်တို့ နားလည်နိုင်ပါသည်။ အတ္တအကျိုးကို လုံးဝစွန့်ပယ်ကာ အများအကျိုး၊ လူထုအကျိုးကို ရှေးရှု့ သော ဝေဖန်ရေး ဟူသမျှသည် ကြိုဆိုအပ်ပါသည်။ ထာဝရလည်း ရှင်သန်နေသင့်ပါသည်။ တဖက်သူကို နစ်နာစေလိုသော စိတ်ဆန္ဒဖြင့် ဝေဖန်မှုများအားလုံးသည်လည်း လုံးဝမရှိသင့် မရှိထိုက်ပါ။ အလွန်တရာအောက်တန်းကျသော လုပ်ရပ်မျိုးလည်း ဖြစ်ပါသည်။

ဝေဖန်ခံရသူများ ဘက်ကထားရမည့် သဘောထားကတော့ ဝေဖန်မှုအပေါ် မှန်၊ မမှန်ကိုပဲ အဓိကထားပြီး ကြည့်ဖို့လိုပါသည်။ အတ္တကင်းသည့် ခံယူချက်ဖြင့် မည်သူက ဝေဖန်သည်ဖြစ်စေ၊ အချစ်အမုန်းပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဝေဖန်ချက်က မှန်ကန်နေလျှင် လက်ခံဖို့ပဲ ဖြစ်ပါသည်။ ငါတို့ဟာငါတို့ ဘာပဲလုပ်လုပ် ဝေဖန်ရေးတွေ ရှိနေမှာပဲ၊ ဂရုစိုက်စရာ မလိုပါဘူး ဟူသော အယူအဆသည် သာမန်ဗာလနံတို့အတွက် မတောင်းတာသော်လည်း လူထုကို ကိုယ်စားပြုသူများနှင့် လူထုအတွက်ပါဟု ဆိုင်းပုဒ်တင်ထားသူများအတွက် ဆိုလျှင်တော့ အလွန်အန္တရယ်ကြီးပြီး အောက်တန်းကျသော အယူအဆပင် ဖြစ်ပါလိမ့်မည်။ ဝေဖန်ရေးကို လောကဓံတရားဖြင့် မရောထွေးသင့်ပါ။ " လောကဓံကြုံ၊ မတုန်စမ်းနဲ့ မဖြုံတန်းပေါ့ စိတ်ခိုင်လေ " ဆိုတဲ့ လင်္ကာသည် ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုးနေတဲ့ ပုဂ္ဂိုလ်များအတွက်သာ ရည်ရွယ်ပါသည်။ ထင်ရာစိုင်းနေတဲ့ ယုတ်မာသူများ အတွက်မဟုတ်ပါ။ ဒါကြောင့် ဝေဖန်ရေးသည် လောကဓံတရား မဟုတ်ကြောင်း သတိချပ်သင့်ကြပါသည်။ ဝေဖန်ရေးမုန်တိုင်းကို လောကဓံတရားပါဆိုပြီး ကာကွယ်လို့လည်း ရမည်မဟုတ်ပါ။ လူသားကောင်းကျိုးအတွက် ဝေဖန်ရေးသည် အမြဲရှင်သန်နေမည်ပင် ဖြစ်ပါသည်။

ယနေ့ ကျွန်တော်တို့နိုင်ငံရေးလာကတွင် သဘောထားနုတဲ့ ဝေဖန်ခံရသူများဘက်မှ ထွက်ပေါ်လာသော စကားရှိပါသည်။ အဲဒါကတော့ " အခုဝေဖန်နေသူကကော ဘာလုပ်နိုင်လို့တုံး " ဟူသော စကားပင်ဖြစ်ပါသည်။ ခေတ်စကားနှင့်ပြောရလျှင် " ဘေးထိုင် ဘိုင်ကျ ဘုပြော " နေသူများဟုပင် ဆိုကြပါလိမ့်မည်။ ထိုသို့ပြောသူများသည် အမြင်ကျဉ်းပြီးသဘောထား နုသူများပင် ဖြစ်ပါလိမ့်မည်။ ပွဲကြည့်ပရိတ်သတ်သည် ပွဲမကတတ်ပါ။ သို့သော် ကောင်းမကောင်းတော့ ဝေဖန်မြဲဖြစ်ပါသည်။ အဆင့်အတန်းမြင့် လူ့အသိုင်းအဝိုင်းနှင့် တိုးတက်သည့်နိုင်ငံများမှာ ဝေဖန်ရေးကို စံနစ်တကျပြုလုပ်နေကြသော အဖွဲ့များအပြင် နိုင်ငံရေးခေါင်းဆောင်များ၊ ပါတီများ၊ အဖွဲ့အစည်းများကို သရော်မှုများ တရားဝင် ပြုလုပ်နေကြပါသည်။ ဤကဲ့သို့ဝေဖန်မှု သရော်မှုများကို တစိုက်မတ်မတ်လုပ်နေကြခြင်း သည်လည်း ဒီမိုကရေစီအတွက် အခြေခံလိုအပ်ချက်ကို လုပ်ဆောင်နေခြင်းပင် ဖြစ်ပါသည်။ လူထုကောင်းကျိုးကိုပဲ ရှေးရှုတဲ့အတွက် လက်ခံအားပေးကြရမည်ပင် ဖြစ်ပါသည်။

ရန်သူ ရှိနေချိန်တွင် စည်းလုံးညီညွတ်ရေးကို မထိခိုက်စေရန်အတွက် အချင်းချင်းဝေဖန်မှုကို ရှောင်ရမည်။ လူသိရှင်ကြား မဝေဖန်ပါနှင့်ဟူသော စကားသည် အလွန်ယုတ်မာပြီး လူလည်ကျသည့် စားဖားများ၏ အယူအဆပင် ဖြစ်ပါသည်။ ထိုအယူအဆနှင့် ဖိ၍တဖုံ၊ ချောက်၍တမျိုးလည်း လုပ်တတ်ကြပါသည်။ သို့သော် အမှန်တရားဆိုသည်မှာ ထာဝစဉ် မဖုံးကွယ်နိုင်ပါ။ ယနေ့ အင်တာနက် ခေတ်တွင် ဝက်ဆိုဒ်များ၊ ဘလော့များ မှိုလိုပေါက်လာပါပြီ၊ ရေဒီယိုများမှ တဆင့်လည်း ပြောလမ်းဆိုလမ်းတွေ ပွင့်လာကြပါပြီ။ ဒါကြောင့် န.အ.ဖ ရော၊ အတိုက်အခံများ ဘက်ကပါ ကောင်းကောင်းကြီး အဝေဖန်ခံကြရမည်မှာ မလွဲပါ။

ဝေဖန်သူများအနေနှင့် ဝေဖန်နိုင်စွမ်းပင် ရှိပါသည်။ တရားစွဲဆို ရုံးတင်နိုင်စွမ်းလည်း မရှိကြပါ။ ခေါင်းဆောင်ဆိုသူများကို တရားဝင်ရွေးကောက်တင်မြှောက်ခြင်း၊ ဖြုတ်ချကန့်ကွက်ခြင်းများကိုလည်း မပြုလုပ်နိုင်ကြပါ။ ထာဝရ ရာထူးကြီးများကို မည်သို့မျှ ပြောင်းလဲအောင် မပြုလုပ်နိုင်ကြပါ။ ဒါက ယနေ့အရှိတရားပင် ဖြစ်နေပါသည်။ ဒါကြောင့် ဝေဖန်ရေး ပရိတ်သတ်အနေဖြင့် ပြည်သူကိုသာ သက်သေထားတိုင်တည်နေရသော အခြေအနေမျိုးပါ။ ဝေဖန်ရေး၏ အမှားအမှန်ကို ပြည်သူက ဆုံးဖြတ်နိုင်စွမ်းရှိပါသည်။

ကျောင်းသားတယောက်ညံ့လျှင် ထိုကျောင်းသားတယောက်ပင်နစ်နာ ပါလိမ့်မည်။ ကျောင်းဆရာ တယောက်ညံ့လျှင်သူ၏ အတန်းသားအားလုံးနစ်နာနိုင်သလို ကျောင်းအုပ်ဆရာကြီး ညံ့ပြီဆိုလျှင် တကျောင်းလုံးရှိ ကျောင်းသားအားလုံး နစ်နာကြရမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဝေဖန်ခံရသူသည် ကိုယ်ဘယ်နေရာမှာ ရှိနေသည်ကို သတိချပ်ဖို့ လိုပါသည်။ ကိုယ်ညံ့လို့ ဘယ်သူတွေအတွက် ဘယ်လောက်နစ်နာနေကြသလဲဆိုတာကို အစဉ်အမြဲတွေးတော အဖြေရှာပြုပြင်နိုင်သော ခေါင်းဆောင်ကို ခေါင်းဆောင်ကောင်းဟူ၍ပင် သတ်မှတ်ရပါလိမ့်မည်။ ထိုခေါင်းဆောင်မျိုးသည် ဝေဖန်ရေးကို အမြဲ ကြိုဆိုလက်ကမ်းနေသူပင် ဖြစ်ပါသည်။

၂၀၀၈ အကုန်ပိုင်းတွင် နိုင်ငံရေးအတိုက်အခံတို့ဘက်မှ အချို့သောတာဝန်ရှိပုဂ္ဂိုလ်တို့၏ အသံများထွက်လာပါသည်။ " အထဲကို ပြန်ဝင်သွားတဲ့ အမတ်တွေနဲ့ စာရင် အပြင်မှာ ရပ်ခံပြီး ကျန်နေသူတွေကို ပိုပြီးလေးစားထိုက်တယ် " တဲ့၊ သဘောမတူသူက ဆဲရေးချင်မှာကို သိပါတယ်ဟုလည်း ဆိုထားပါသည်။ ချီးမွမ်းကဲ့ရဲ့ လောကဓံက ဘယ်သူကင်းကြပါသနည်းဟူ၍လည်း မေးခွန်းထုတ်ပြီး သူ့ကိုယ်သူ ဖြေသိမ့်ဟန်ရှိပါသည်။

ကဲ ဒီအသံကိုကြားသိရုံလောက်နဲ့ပဲ အနှီ နိုင်ငံရေးတာဝန်ရှိပုဂ္ဂိုလ်တို့ကို အကဲခတ်နိုင်ကြပါပြီ။ ထိုပုဂ္ဂိုလ်ကပဲဆက်ပြီး " မိမိတို့နဲ့ဆိုင်တဲ့ ပါတီအဖွဲ့အစည်းကိုယ်စား ခုခံကာကွယ်ဖို့ သဘောထားတင်ပြဆွေးနွေးဖို့ အလုပ်မှာလည်း ဒီလူတွေပဲ လုပ်ကြရတာ။ ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စမျိုးတွေမှာ လက်မှတ်ထိုးစရာမျိုးကို သူတို့ကပဲ လူထုကိုယ်စား အလုပ်မျိုးကို လုပ်ရပါတယ်လို့ ဆိုပြန်ပါတယ်။ ဒီလိုဆိုတော့ ထိုပုဂ္ဂိုလ်သည် မိမိဘယ်နေရာ၊ ဘယ်အဆင့်မှာ ဘယ်လိုတာဝန်မျိုးရှိတယ်ဆိုတာကိုသိရင် အထက်ပါစကားတွေကို ပြောစရာလိုမယ် မထင်ပါဘူး။ ကျောင်းဆရာလုပ်ရင် စာသင်ရမှာပဲ မဟုတ်ပါလား။ ကျောင်းသားတွေကို စာတတ်အောင်သင်ပေးနိုင် မပေးနိုင်ကိုသာ ပြောဖို့၊ ဝန်ခံဖို့ လိုပါတယ်။

ပေါ်လစီကို သိနေပြီး မလွတ်ရအောင် ဘယ်လောက်ပဲဝေဖန်လွယ်သူ၊ ကျယ်သူများကအော်နေနေ ထိန်းတည့်နေဖို့တာဝန်ကို သိကြလိုက်ကြရသူတွေပါလို့ ထိုပုဂ္ဂိုလ်က ပြောပြန်ပါတယ်။ သူပြောတာမှန်ပါတယ်။ ဝေဖန်သူဆိုတာကလည်း ပေါ်လစီကို သိနေသူတွေ အများကြီးပါ။ ဘယ်သူတွေက ပြောပြော နေမြဲအတိုင်း ထိန်းတည့်နေဖို့ တာဝန်ကို သိကြလိုက်ကြသူတွေဆိုတာလည်း အားလုံးသိနေကြရပါပြီ။ ထိုပုဂ္ဂိုလ်၏ စကားအတိုင်း " တံခါးဖွင့်ရင်ပိတ်၊ တံခါးပိတ်ရင်ဖွင့် " ဆိုသလို ကြိတ်ချေကြိတ်ဖြေရသူတွေ ဖြစ်ကြပါတယ်ဆိုတာ ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာ့သမိုင်းမှာ ဖြစ်ရပ်ဆန်း အဖြစ်မှတ်တမ်းတင်ပေးလိုက်ပါသည်။

ဒီမိုကရေစီသွေးစည်းညီညွတ်ရေးဆိုတာကို မူအားဖြင့်ခံယူပြီးသားပါ။ သို့သော် ဘယ်လိုဒီမိုကရေစီမျိုးလဲ ဆိုတာကိုတော့ ရှင်းလင်းဖို့ လိုအပ်ပါသည်။ မည်သို့ဆိုစေ ထိုပုဂ္ဂိုလ်ပြောသလို မညီသေးတာတွေကို ညီအောင်ကြိုးပမ်းဖို့အတွက် ပွင့်လင်းတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ ဖြစ်လာစေဖို့ ၂၀၀၉ ခုနှစ်က အဆင်သင့် လက်ကမ်း ကြိုဆိုနေပါကြောင်း။ ။


ဦးဖိုးသာအောင် (နော်ဝေ)


လင်းရောင်ခြည်မှကူးယူဖော်ပြသည်။

You received this email because you are subscribed to the real_time feed for http://thepalaungpeople.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.