Monday, December 29, 2008

[Public Health in Myanmar] 1 New Entry: Genetic Diseases (3)

Genetic Diseases (3)

Complex Genetic Disorders




မျိုးရိုးဗီဇကြောင့် ဖြစ်ရသော ရောဂါ အုပ်စု သုံးခု စလုံးအနက် Complex Disorders သည် တခြား နှစ်ခုထက် ပိုမို ရှုပ်ထွေးပြီး အဖြစ်များဆုံး ဖြစ်သော်လည်း ၈၀% ကျော်ကို လုံးဝ ကာကွယ်၍ ရနိုင်သော ရောဂါ များသာ ဖြစ်သည်ကို တွေ့ရ ပါသည်။ Multi-factorial Disorders (သို့) Complex Disorders ရောဂါ များကို သုတေသန ပြုချက်အရ မိသားစုဝင်များ နှင့် ဆွေမျိုး များတွင် ဖြစ်လေ့ရှိသည့် အပေါ် မူတည်ပြီး မျိုးရိုး ဗီဇနှင့် ဆိုင်သည်ဟု သတ်မှတ် ထားသော်လည်း ထိုရောဂါ အများစုသည် Environmental Factors ဟုခေါ်သော ပတ်ဝန်းကျင် ဘ၀ လူနေမှု ပုံစံနှင့် များစွာ သက်ဆိုင်နေပြီး မိဘ မျိုးရိုးတွင် ထိုရောဂါများ မရှိသူ များလည်း အနေအထိုင်၊ အစား အသောက် မဆင်ခြင်ပါက မည်သူမဆို ရရှိနိုင်သည့် ရောဂါများ ဖြစ်ပါသည်။ ဤပို့စ်တွင် ဥပမာ အဖြစ် ဖေါ်ပြ ထားသည့် ရောဂါများ အထဲမှ အားလုံး နီးပါးကို ဤဘလော့ဂ်ရှိ Health Education အောက် တွင် ရှာဖွေ ဖတ်ရှုနိုင်သောကြောင့် ဤပို့စ်တွင် ထိုရောဂါ များ အကြောင်းကို အသေးစိတ် ဖေါ်ပြမည် မဟုတ်ပဲ ကာကွယ်၍ ရနိုင်သည်များကို ကာကွယ် နိုင်စေရန် မျိုးရိုး လိုက်သည့် ပုံစံနှင့် သဘော သဘာဝ ကိုသာ အသားပေး တင်ပြ သွားမည် ဖြစ်ပါသည်။

အဖြစ်များသော Complex Genetic Disorders ရောဂါ ဥပမာ တချို့ကို ခန္ဓာကိုယ်အလုပ်လုပ်မှု စနစ်အလိုက် အောက်ပါအတိုင်း တွေ့ရနိုင်ပါသည်။

အစာခြေ အင်္ဂါအဖွဲ့အစည်း

(၁) အူမကြီးကင်ဆာ (Colo-Rectal Cancer) - အဆီများသော အစားအစာများနှင့် အမျှင်နည်းသော အစားအစာများကို စားသုံးသောကြောင့် အဓိကဖြစ်ရသည်။
(၂) နံပါတ် (၂) အမျိုးအစား ဆီးချိုရောဂါ ( Type (2) Diabetic Mellitus) - အ၀လွန်ခြင်းနှင့် အချိုဓါတ် လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။
(၃) နံပါတ် (၁) အမျိုးအစား ဆီးချိုရောဂါ ( Type (1) Diabetes Mellitus) - ခုခံမှုအား တုန့်ပြန်မှုကို ဗိုင်းရပ်နှောင့်ယှက်ခံရသောကြောင့် ဖြစ်ရသည်။
(၄) အ၀လွန်ခြင်း ရောဂါ (Obesity) - Body Mass Index (BMI) ၃၀ ကျော်သူများကို ဆိုလိုပြီး ထမင်းအပါအ၀င် ကာဗွန်ဟိုက်ဒရိတ် အစားအစာများနှင့် အဆီပါသော အစားအစာများကို လိုသည်ထက် ပို၍ လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။


နှလုံးသွေးလှည့်ပတ် အင်္ဂါအဖွဲ့အစည်း

(၁) နှလုံးရောဂါ (Coronary Heart Disease)
(၂) သွေးတိုးရောဂါ (Hypertension)
(၃) လေဖြတ်ခြင်း (Stroke) စသည်တို့ ဖြစ်နိုင်ပြီး ၎င်းတို့အားလုံးသည် အဆီစားများခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကော်လက်စထရောလ်ဓါတ် များခြင်းနှင့် စိတ်ဖိစီးမှုများခြင်း တို့ကြောင့် ဖြစ်ရသည်။


အာရုံကြောနှင့် ကြွက်သားအဖွဲ့အစည်း

(၁) အယ်လ်ဇီးမာ ရောဂါ (Alzheimer Disease) - အင်ဇိုင်းချို့တဲ့မှုများနှင့် ဓါဓုဗေဒဆိုင်ရာ ဓါတ်ပေါင်းများ မမျှတခြင်းကြောင့်ဟု ဆေးသုတေသီများ ခန့်မှန်းသည်။
(၂) စိတ်ရောဂါများ (Psychiatric Disorders) - အာရုံကြော၌ ဓါဓုဗေဒ ဓါတ်ပေါင်း မညီမျှခြင်းကြောင့်ြ ဖစ်ရသည်ဟု ပညာရှင်များ ခန့်မှန်းသည်။
(၃) အရက်စွဲရောဂါ (Alcoholism) - လူမှုပတ်ဝန်းကျင်နှင့် ဘ၀နေထိုင်မှု ပုံစံမှားယွင်းသောကြောင့် ဖြစ်ရသည်။


အမျိုးသမီး ရင်သား ကင်ဆာနှင့် သားအိမ် ကင်ဆာများသည် မျိုးရိုး လိုက်သည့် ရောဂါများ တွင် ပါဝင်ပြီး ဖြစ်ရသည့် အကြောင်းရင်း အတိအကျ မသိရ သော်လည်း အဆီစား များသူနှင့် အရက် သောက်သည့် အမျိုးသမီး များတွင် အများဆုံး ဖြစ်သည် ဟု လေ့လာ သိရှိ ရပါသည်။

အထက် ဖေါ်ပြပါ ဥပမာ ပေးထားသည့် ရောဂါ များသည် မျိုးရိုး လိုက် ရောဂါများဟု အမည် ပေးထား သော်လည်း Type (1) ဆီးချို ရောဂါမှအပ တခြား ရောဂါများ အားလုံးသည် ဖြစ်ရသည့် အကြောင်းရင်း အတိအကျ ရှိပြီး အနေအထိုင်၊ အစား အသောက် ဆင်ခြင်ပြီး ကာကွယ်၍ ရနိုင် ပါသည်။ သို့သော်လည်း မျိုးရိုး ရှိသူနှင့် မျိုးရိုး မရှိသူနှစ်ဦး နေထိုင် စားသောက် မဆင်ခြင်ပုံ တူညီပါက မျိုးရိုး ရှိသူ များတွင် ပို အဖြစ် များသည်။ ဥပမာ အားဖြင့် အ၀ လွန်သူများ အားလုံးတွင် နံပါတ် (၂) အမျိုးအစား ဆီးချို ရောဂါ မရှိ နိုင်သော်လည်း မျိုးရိုးတွင် ဆီးချို ရောဂါရှိသူ အ၀လွန်ပါက မျိုးရိုးတွင် ရောဂါ မရှိသူ အ၀ လွန်သူထက် ရောဂါရရန် ပို သေချာပါသည်။ ထို့ကြောင့် မျိုးရိုး ဗီဇ ကြောင့် ဖြစ်နိုင်သည့် အခန်း ကဏ္ဍ ကိုလည်း လုံးဝ ပစ်ပယ်၍ မရပဲ မျိုးရိုး တခုတည်း ကြောင့် (သို့) ပတ်ဝန်းကျင် ဘ၀ နေထိုင်မှု ပုံစံ တခုတည်းကြောင့် မဟုတ်ပဲ ၎င်းတို့ နှစ်ခု စလုံး ပေါင်းစပ်မှု ကြောင့် ထို ရောဂါများကို အများဆုံး ဖြစ်စေ ပါသည် ဟုသာ သတ်မှတ် နိုင်ပါသည်။

မိသားစုဝင်များသည် ဗီဇနှင့် ပတ်ဝန်းကျင် (အစားအသောက်၊ လူနေမှုပုံစံ) နှစ်ခုစလုံးတွင် ထပ်တူနီးပါး တူညီပြီး ထိုအလေ့အထအတိုင်း ကြီးပြင်းသည်အထိ ဆက်လက်၍ နေထိုင်စားသောက်သောကြောင့် ရောဂါရှိသော မိသားစုမှ ဆင်းသက်လာသော မွေးချင်း မောင် နှမများတွင် ရောဂါ ရရှိရန် အခွင့်အလမ်း များသည်မှာ သဘာဝ ပင် ဖြစ်သည်။ မွေးချင်းများ အားလုံးသည် အမွေ ဆက်ခံမှု သဘော သဘာဝ အရ တယောက်နှင့် တယောက် ဗီဇ ၅၀% ထပ်ထူ ကျပြီးသား ဖြစ်သည်။ Genetic အရ ရောဂါ အမွေ ဆက်ခံမှုသည် ရုပ်သွင် လက္ခဏာ အမွေ ဆက်ခံမှုနှင့် အတူတူ ပင် ဖြစ်သောကြောင့် အမွှာ မောင်နှမ များကို လေ့လာခြင်း ဖြင့်လည်း ရောဂါ တခုတွင် ဗီဇနှင့် ပတ်ဝန်းကျင် နှစ်ခုစလုံး အရေး ပါသည်ကို ပိုမို ရှင်းလင်းစွာ နားလည် နိုင်ပါသည်။

အမွှာ မောင်နှမ များတွင် Monozygotic (မျိုးဥ တလုံးတည်း မှ မွေးလာသူများ) နှင့် Dizygotic (မျိုးဥ နှစ်လုံးနှင့် Spam တကောင်စီဖြင့် မျိုးစပ်ပြီး မွေးလာ သူများ) ဟူ၍ နှစ်မျိုး ရှိပြီး Monozygotic များသည် ဗီဇအရ ရာနှုန်းပြည့် ထပ်တူ ကျသောကြောင့် ၎င်းတို့သည် ရုပ်သွင်၌ ပုံတူ (Concordant trait) ဖြစ်ပြီး ကွဲပြား စရာ ဆိုသည်မှာ ပတ်ဝန်းကျင် ကြောင့်သာ ရှိပါသည်။ Dizygotic များမှာမူ အတူတူ မွေးလာ သော်လည်း မျိုးဥတလုံးစီ Spam တခုစီမှ မွေး လာသော ကြောင့် ၎င်းတို့သည် ရုပ်သွင်၌ ပုံတူ မဟုတ် (Discordant trait) ပဲ ဗီဇအရ တခြား မွေးချင်းများကဲ့သို့ ၅၀% သာ တူပါသည်။ အကယ်၍ ဥတလုံးတည်း နှင့် မွေး လာသည့် (Monozygotic) အမွှာများ မျိုးရိုး ဗီဇကြောင့်သာ ရောဂါ ရရှိမည် ဆိုပါက နှစ်ဦး စလုံးတွင် တူတူ ရရှိရမည် ဖြစ်သည်။ သို့သော် လက်တွေ့တွင် အမွှာ မောင်နှမ ထဲမှ တယောက်ယောက်တွင် ဆီးချို၊ နှလုံး၊ သွေးတိုး ရှိတိုင်း တခြားတယောက်တွင် လိုက် ဖြစ်သည်ကို တွေ့ခဲ ပါသည်။ ဤသည်မှာ ထို ရောဂါများတွင် Gene သည် အဓိက မကျခြင်းကို ဖေါ်ပြ နေခြင်းပင် ဖြစ်သည်။

သို့ရာတွင် တခြား တဖက်တွင်မူ မွေးစား သားသမီးများကို လေ့လာသည့် သုတေသန ပြုမှု တခုတွင် အထက်ပါ ပုံစံ အတိုင်း မဟုတ်ပဲ Gene သည် အရေးပါသည့် အခန်း ကဏ္ဍတွင် ပါဝင် နေသည်ကို တွေ့ရပါသည်။ မွေးပြီး ကတည်းက ၎င်းတို့၏ မူရင်း မိဘများ (Biological parents) ဆွေမျိုး များနှင့် လုံးဝ မတူညီသည့် လူနေမှု ဘ၀ပုံစံနှင့် ပတ်ဝန်းကျင်တွင် ကြီးပြင်းသော မွေးစား ကလေးများကို လေ့လာ သောအခါ ထို ကလေး တချို့တွင် ၎င်းတို့၏ မူရင်း မိဘ ဆွေမျိုးများ၏ မျိုးရိုး တွင် ဖြစ်လေ့ ရှိသည့် ရောဂါများ အထူးသဖြင့် စိတ်ကြွ ရောဂါ အပါအ၀င် တခြား စိတ်ပိုင်း ဆိုင်ရာ ထိခိုက်သည့် ရောဂါများ သည် ကို တွေ့ရှိ ရပါသည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် ပတ်ဝန်းကျင် ဘ၀ နေထိုင်မှု မပါပဲ ဗီဇ တခုတည်း ကြောင့်လည်း ရောဂါ ဖြစ်နိုင်သည် ကို လေ့လာ သိရှိ ရပါသည်။ ထို့ကြောင့် Complex Genetic Disorders တွင် မျိုးရိုး ဆက်ခံသည့် ပုံစံသည် ပိုမို ရှုပ်ထွေးပြီး အတိအကျ ပြော၍ မရနိုင်ပါ။ ခန့်မှန်း၍ ရနိုင်သည့် အချက် များ တွင် မိဘများနှင့် ဘိုးဘွား များ၏ မွေးချင်း များတွင် ထိုရောဂါများ ရရှိသူ အရေအတွက် မည်မျှရှိပြီး ရောဂါ ပြင်းထန်မှု အတိမ်အနက် (Intensity) မည်မျှ ရှိသည်ကို ကြည့်ပြီး မိမိနှင့် မိမိ သားသမီးများ၏ မျိုးရိုး အရ ရောဂါ ဖြစ်နိုင်ခြေ (Risk Factors) ကို ခန့်မှန်း နိုင်ပါသည်။ ကျန်သည့် ဖြစ်နိုင်ခြေ ရှိသည့် အပိုင်းကိုမူ မိမိ၏ ဘ၀ လူနေမှုပုံစံနှင့်သာ အများဆုံး သက်ဆိုင် နေပါသည်။

မည်သို့ပင် ဖြစ်စေ ထို ရောဂါများ၏ ဖြစ်နိုင်ခြေ ရှိသည့် အချက်များ (Risk Factors) များ ကိုလေ့လာ သောအခါ ရာခိုင်နှုန်း အနေနှင့် မျိုးရိုး ဗီဇသည် အစိတ်အပိုင်း တခုအဖြစ်သာ ပါဝင် နေသည်ကို တွေ့ရပြီး အဓိက အကြောင်းရင်း မဟုတ်သည်ကို တွေ့ရပါသည်။ မျိုးရိုး မရှိသူများတွင်လည်း အနေအထိုင်၊ အစားအသောက် မဆင်ခြင် သောကြောင့် ထိုရောဂါများ ဖြစ်နေသူ များစွာရှိပြီး ဘ၀ နေထိုင်မှု မှန်ကန် သောကြောင့် ရောဂါ မရသူများ လည်း ရှိသည့် အတွက် ဖြစ်ရခြင်း အကြောင်းရင်း နှစ်ခုတွင် ပတ်ဝန်းကျင် ဘ၀ နေထိုင်မှုသည် ပို၍ အဓိက ကျသည်ကို တွေ့ရမည် ဖြစ်သည်။ အဓိက အားဖြင့် ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်များဆုံး စာရင်းဝင် နေသော နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ ရောဂါ အတော် များများကို ကျန်းမာစွာ နေထိုင် စားသောက်ခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း၊ စိတ်ဖိစီး မှု ကို ပြေပျောက် စေသည့် တရားမှတ်ခြင်း အပါအ၀င် နည်းလမ်း များစွာဖြင့် ကာကွယ်၍ ရနိုင်သည့်ရောဂါများသာ ဖြစ်သည်။ ဆီးချို ရောဂါ တခုတည်းမှာပင် ကာကွယ်၍ ရနိုင်သော Type (2) ဆီးချိုသည် ၈၅% ရှိပြီး သုတေသီ များက ကာကွယ်ရန် နည်းလမ်း ရှာမတွေ့ သော Type (1) ဆီးချို ရောဂါမှာ ၁၅% သာ ဖြစ်နေသည် ကို ကြည့်ခြင်း အားဖြင့် တခြား ရောဂါများ တွင်လည်း ကာကွယ် သင့်သည့်ကို မကာကွယ် သဖြင့် ရောဂါ ဝေဒနာ ခံစား နေရခြင်းမှာ ငြင်း၍ ရနိုင်မည် မဟုတ်ပါ။

အချုပ်အားဖြင့် မျိုးရိုးဗီဇ ရောဂါများတွင် ဗီဇ အမွေ ဆက်ခံသည့် ပုံစံကို တွက်ချက် ခန့်မှန်း၍ ရနိုင်သော ဗီဇတခုခု တွင် ပုံမှန် မဟုတ်သည့် (Single Gene disorders) ရောဂါများနှင့် ခရိုမိုဇုမ်း ပုံမှန် မဟုတ်သည့် အထဲမှ တချို့မှ လွဲ၍ ကမ္ဘာပေါ်တွင် လက်ရှိ အဖြစ်များ နေသော မျိုးရိုးဗီဇ ရောဂါများ အားလုံးသည် ဗီဇ တခု တည်းတွင် အခြေခံခြင်း မဟုတ်ပဲ ပတ်ဝန်းကျင် အခြေအနေ များလည်း ပေါင်းစပ် ပါဝင် နေသော ကြောင့် အနည်း နှင့် အများ ကာကွယ်၍ ရနိုင်သော ရောဂါများ သာ ဖြစ်သည်ကို တွေ့ရပါသည်။ သို့သော်လည်း ထိုကာကွယ်၍ လုံးဝ မရနိုင်သော Single Genes disorders ရောဂါများသည် အနည်းအကျဉ်း သာတွေ့ရပြီး ကာကွယ်၍ ရနိုင်သော မျိုးရိုးဗီဇ ရောဂါများ ကိုသာ အများဆုံး တွေ့နေရ သည်မှာ အမှန်ပင် ဖြစ်သည်။

ထိုရောဂါများ၏ သဘော သဘာဝနှင့် ရောဂါ ရရှိပုံကို သိရှိ ထားပါက ကာကွယ် သင့်သည်များကို ကာကွယ် နိုင်ပါလိမ့်မည်။ ထိုသို့ ကာကွယ် သင့်သည်ကို မကာကွယ် ခြင်းသည် အကြောင်း အမျိုးမျိုး ရှိနိုင် သော်လည်း လူအများစု အတွင်း ကျန်းမာရေး ဗဟုသုတ လေ့လာမှု အားနည်းခြင်းနှင့် ပညာရှင်များမှ ကျန်းမာရေး ပညာပေး အားနည်း နေခြင်း နှစ်ခုစလုံး ကြောင့် ဖြစ်နိုင် ပါသည်။ ကာကွယ်ခြင်း သည် ကုသခြင်း ထက် များစွာ သက်သာပြီး ထိရောက် သောကြောင့် အသက်ရှင် စဉ် ကာလအတွင်း ဘ၀ကို ကျန်းကျန်း မာမာ သက်တောင့် သက်သာစွာ နှင့် ဖြတ်သန်း နိုင်ကြ စေရန် လေ့လာ သင့်သော ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ များကို လေ့လာပြီး ကာကွယ် ကြပါရန် တိုက်တွန်း ဆန္ဒပြုလိုက် ပါသည်။

You received this email because you are subscribed to the real_time feed for http://health.ngoinmyanmar.org/feeds/posts/default. To change your subscription settings, please log into RSSFWD.