Tuesday, January 13, 2009

[တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်ပါတယ်..] 1 New Entry: ကျွန်ုပ် နှင့် ဖိနပ်တစ်ဖက်

ကျွန်ုပ် နှင့် ဖိနပ်တစ်ဖက်

၂၀၀၉ ခုနှစ်၏ အသစ်သစ်သော နေ့တစ်နေ့၌ ကျွန်ုပ်သည် ယမန်နေ့ညက ကဲချင်တိုင်းကဲ ခဲ့သော အရှိန်နှင့် နေ့ခင်းကြောင်တောင် အိပ်ရေးအားဖြည့်လျက်ရှိနေချေသည် ။ဟောင်းမြင်းသွားသော ၂၀၀၈ အား မလွမ်းဆွတ်သကဲ့သို့ ။ ရောက်ရှိလာသော ၂၀၀၉ အားလည်း မျက်နှာလိုအားရ မကြိုဆိုမိခဲ့မိချေသည်မို့ ကျွန်ုပ်၏ အိပ်စက်ခြင်း၌ အလွမ်း အဆွေး အပျော် အလန်း တို့မကြီးစိုးပဲ အပျင်းများသာကြီးစိုးနေလေချေ၏ ။ အထက်၌ ဆိုခဲ့သော ယမန်နေ့ညက ကဲချင်တိုင်းကဲခဲ့သော အရှိန်ဆိုသည်ကား ကျွန်ုပ်ကဲခဲ့သော အကြောင်းများမဟုတ်ချေ ။ အစုစုသော နယူးရီးယား သူတို့၏ ကဲသံ ၊ ဆဲသံ ၊ အော်သံ ၊ ပျော်သံ များကြောင့် ကျွန်ုပ် အိပ်ရေးပျက်ခဲ့ရသော အရှိန်တည်း ။ အိပ်စက်ခြင်းအမှု ဆိုသည်ကားလူသားတစ်ယောက်အတွက် ...

"ဒုန်း ... ဒုန်း.. ဒုန်း"
အိုး... မိုင်...ဗုဒ္ဓ .. ။ ဒုက္ခတော့ ရောက်ချေပြီ ။ ကျွန်ုပ်၏ အိပ်စက်ခြင်းအမှုကို အဘယ်ကဲ့သို့သော သကောင့်သား များက လာရောက် နှောက်ယှက်ချေဘိသနည်း ။ ရိုင်းလိုက်ပေစွ ။
ကျွန်ုပ် ။ ။" ဟေ့ ... ဘယ်သူတုန်းကွ .... ကိုရင်ညိန်း အိပ်နေတယ် မနက်မှလာခဲ့ "
မောင်နိုင် ။ ။ " ငါပါဟ မောင်နိုင်ပါ .. ။ တံခါးဖွင့်ဦးဟ ... မနက်မှလာခဲ့ လုပ်မနေနဲ့ နေ့လည် ၂နာရီတောင်ထိုးနေပြီ "
ကျွန်ုပ် ။ ။" ဒီမှာ မောင်ရင် ... ကျွန်ုပ်က အမေရိကန် စံတော်ချိန်နဲ့ အိပ်နေတာ ... ခုမှ မနက် ၆ နာရီပဲရှိသေးတယ် ... လာမနှောက်ယှက်ပါနဲ့ ၊ မောင်ရင့်ကို အမေရိကန်ဥပဒေ နဲ့ အရေးယူ လိုက်ရင် မောင်ရင် ဘာဖြစ်သွားမယ်ထင်တုန်း ၊ ဒုက္ခလှလှကို အမေရိကန်လို ရောက်သွားမယ်မှတ် "
မောင်နိုင် ။ ။ " အေး .. ဒုက္ခကို အမေရိကန်လိုပဲရောက်ရောက် ၊ အင်္ဂလန်လိုပဲရောက်ရောက် မင်းတို့ရွာက အင်ဂျလီနာညိုမီက မြန်မာစံတော်ချိန်နဲ့ အွန်လိုင်းပေါ်ရောက်နေတာ ၁ နာရီကျော်နေပြီ "
ကျွန်ုပ် ။ ။"ဟေ"
မောင်နိုင် ။ ။ " နောက် ၅ မိနစ်နေလို့မှ အွန်လိုင်းမလာရင် မင်းကိုဆွမ်းသွတ်ဖို့ မုန့်ဟင်းခါးချက်ရင်တောင် ကြက်သွန်နီ အခွံမနွှာပေးဘူးတဲ့"

အိုး..မိုင်...ဗုဒ္ဓ ။ ဒုက္ခတော့ရောက်ချေပြန်ပြီ ။ ပြင်းလှသည့် မျက်စောင်း ။ ကျွန်ုပ်အားပြာကောင်းကောင်း ကျသွား စေမည် မဟုတ်တုံလော ။

ကျွန်ုပ် ။ ။" အိမ်း... အိမ်း .. ထပြီ မောင်ရင် "

စကား အရင်အိပ်ရာပေါ်မှ အလင်းအလျှင် ထက်ဝက်ခန့်ဖြင့်ထကာ ကွန်ပျူတာ ပါဝါခလုတ်အား အတွင်းအား များများဖြင့် အဆောတလျင် ဖွင့်မိချေ၏ ။ အိုး .. အလွန်အင်မတန်စတူးပစ် (Stupid) သော မိုင် ဦးနှောက် တည်း ။ ကျွန်ုပ်၏ ကွန်ပျူတာ၌ အင်တာနတ်ကြီးအား ပင့်မထားသည်မှာ ကြာချေပြီပကော ။ သို့နှင့် အခန်းတံခါးကို အမြန်ဖွင့်ကာ သတင်းကောင်း ဆောင်လာလေသော မောင်မင်းကြီးသားအား မျက်နှာချို သွေးရချေ၏ ။

ကျွန်ုပ် ။ ။"ကျွန်ုပ် ကွန်ပျုတာ အင်တာနက်ဧရိယာ ပြင်ပရောက်နေတယ် မောင်ရင် ၊ မောင်ရင့်ကွန်ပျုတာ ခဏသုံးလို့ရမလား"
မောင်နိုင် ။ ။ "ကျွန်ုပ် ကွန်ပျူတာတွေ မောင်ရင့်ကွန်ပျူတာတွေလည်း သုံးစရာမလိုဘူး ၊ အင်ဂျလီနာညိုမီ တွေ လီယောင်မိအေး တွေ ဂျနီဖာစာဥ တွေလည်း အွန်လိုင်းမှာ မရှိဘူး"
ကျွန်ုပ် ။ ။" ဘာ.... ဒီလိုဆို မောင်ရင် က"
မောင်နိုင် ။ ။ "ဟုတ်တယ် ... ဒီအတိုင်းဆို တံခါးမဖွင့်ပဲ ဆက်အိပ်နေမှာကိုး ၊ ခုတော့ "မ" သံလေးများကြားရင် ဆယ်မိုင်လောက်ဝေးလည်း ပြေးလိုက်မယ် ဆိုတဲ့အတိုင်းပဲ"

ရိုင်းလိုက်ပေစွ တကား ၊ ကျွန်ုပ်၏ အလွန်တရာ ညံ့နုလှစွာသော လူသားချင်းစာနာထောက်ထားခြင်း နှလုံးကို ဘောလုံး တစ်လုံးကဲ့သို့ မညှာမတာ ကန်ထုတ်လိုက်ခြင်းပေးတည်း ။

ကျွန်ုပ် ။ ။" အဲလိုတော့ မဟုတ်ပေဘူး မောင်ရင် ၊ ကျွန်ုပ်ရဲ့ ဆွမ်းသွတ်မှာ ကြက်သွန်နီနည်းနေမှာစိုးလို့ပါ ၊ ဒါနဲ့ မောင်ရင်က ဘယ့်နှယ့်ကြောင့် မဟုတ်ကဟုတ်က အုတ်ကြားမြက်ပေါက် သတင်းတွေနဲ့ ကျွန်ုပ်ရဲ့ အိပ်စက်ခြင်းကို နှောက်ယှက်ရတာတုန်း"
မောင်နိုင် ။ ။ " ငါ့ရဲ့ ဖိနပ်တစ်ဖက် ပျောက်နေလို့ အဲဒါ မင်းဆီများရှိမလားလို့ လာကြည့်တာ "

ကျွန်ုပ်အား ကျွတ်ကျဲသွားအောင် ဒင်းစွပ်စွဲချက်ကား ပြင်းလှချေ၏ ။ မတ်တပ်နေရာမှ ချက်ချင်း လေးဘက်ထောက်ကာ ဒင်းအား ဆီးဟောက်ရတော့မည့်ပုံပင် ။ ကျွန်ုပ်အား အမြီးတန်းလန်းနှင့် ရယ်သွမ်းသွေးလိုသော အနှီပုဂ္ဂိုလ်အား မည်သို့များတုန့်ပြန်ရသော် ကောင်းချေမည်နည်း ။ သို့သော်ငြား ချစ်တီးများ ပိုက်ဆံအိတ် အ၀င်သာရှိ၏ ဆိုသကဲ့သို့ ကျွန်ုပ်လည်း ကျွန်ုပ်၏ ပစ္စည်းမဲ့ ဒေါသများအား ဒစ်စကောင့် (Discount) မချလိုသောကြောင့်

ကျွန်ုပ် ။ ။" မောင်ရင့် ဖိနပ်တစ်ဖက်ကို ကျွန်ုပ်က ဘာကြောင်းကြောင့် ယူစီးရမှာတုန်း"
မောင်နိုင် ။ ။ " အင်းပါ ... မယူထားဘူး ဆိုလည်း ကူရှာပေးပါဦး"
ကျွန်ုပ် ။ ။" အိမ်း ... ဘာအရောင်လဲ .. မောင်ရင့် ဖိနပ်က"
မောင်နိုင် ။ ။ " အနက်ရောင်"
ကျွန်ုပ် ။ ။" အိမ်း မှားတတ်တဲ့အရောင်ပဲ .. အခုမောင်ရင်စီးထားတဲ့ ဖိနပ်ကကော ဘယ်သူ့ဖိနပ်တုန်း "
မောင်နိုင် ။ ။ " ဟာ ... ဒီဖိနပ်ကိုပြောတာမဟုတ်ဘူး ... အခုပျောက်နေတာက ဖိနပ်တစ်ဖက် ကွ"
ကျွန်ုပ် ။ ။ " အိမ်း .. တစ်ဖက်တည်း ဆိုတော့လည်း အတော်လေးတော့ ဂွကျသား ။ ဒါနဲ့ မောင်ရင် ဖိနပ်က ဘာဘရန်း(Brand) တုန်း"
မောင်နိုင် ။ ။ " ဘာလဲ ဘရမ်း က"
ကျွန်ုပ် ။ ။ " သြော် ... ကုမ္ပဏီ တံဆိပ်ကိုပြောတာပါ ။ အဲဒီးဒက်စ် တို့ ၊ နိုက်ကီတို့ ၊ ကွန်ဗာ့စ် တို့ ဘာလဲပေါ့"
မောင်နိုင် ။ ။ " တံဆိပ်တော့ မမှတ်မိဘူး နောက်မှာတော့ လက်သည်းညှပ် အသေးလေးချိတ်ထားတယ် "
အလွန်ဆန်းသော ဖက်ရှင်တည်း ။ ဖိနပ်၌ လက်သည်းညှပ်ပင် ချိတ်ကာ စတိုင်ထုတ်လေသော အာဂ တောသားပင် ။
ကျွန်ုပ် ။ ။ " ကဲ .. ဒါဆိုလည်း တစ်ခြားအခန်းတွေ လိုက်ရှာကြတာပေါ့ .. တွေ့မှာပါ "
မောင်နိုင် ။ ။ " မတွေ့လို့မရဘူး လောလောဆယ် ဇာတ်ကားကူးမလို့ "

ဇာတ်ကားနှင့် အနှီဖိနပ် တစ်ဖက် အဘယ်ကဲ့သို့ သက်ဆိုင်ပါသနည်း ။ ရှိစေတော့ ။ ဇာတ်ကားကြည့်လျှင် ဖိနပ်စီးရမည်ဟု မည်သူကများ ဒင်းကို အမှာတော်ပါးလိုက်ချေသည်မသိ ။ သို့နှင့် ကျွန်ုပ်လည်း အမေရိကန် စံတော်ချိန် မနက်စောစောစီးစီး၌ လူသားတစ်ယောက်အား ကူညီခြင်းအမှုကိုတစ်ခန်းဝင် တစ်ခန်းထွက် ပြုရလေတော့သည် ။

မောင်နိုင် ။ ။ " မင်း တို့အခန်းက ငါ့ဖိနပ်တစ်ဖက် ငှားထားသေးလား "
ကျွန်ုပ် ။ ။ " မောင်ရင်တို့ အခန်းက မောင်နိုင် ဖိနပ်တစ်ဖက် ဘယ်သူယူစီးထားသေးလဲ "

ဟုပါးစပ်ကလည်း မေးရင်း ကျွန်ုပ်မှာ ရှားလော့ဟုမ်း စတိုင်နှင့် ဆေးတံမရှိလေသောကြောင့် ဆေးလိပ်ကြီး ခဲလျက် ၊ မောင်နိုင်မှာလည်း ဆပ်ပြာသည် လင်ပျောက်သကဲ့သို့ ပြူးတူးပြဲတဲ ရှာလျက် ၊ တစ်ခန်းဝင် တစ်ခန်းထွက် ဖိနပ်တစ်ဖက် ရှာပုံတော် ဖွင့်နေလေတော့သည် ။ ထိုသို့ရှာဖွေရာတွင် ကျွန်ုပ်မှာ ဖိနပ်စင်များ ခုတင်အောက်များကို စူးစမ်းလေသလောက် မောင်နိုင်မှာကား ကွန်ပျူတာတင်သော စားပွဲများကိုသာ စူးစူးစိုက်စိုက် ရှာဖွေနေသည်ကို အံ့သြဖွယ် တွေ့ရလေသည် ။ ဖိနပ်တစ်ဖက်ပျောက်လျှင် ဤသို့ရှာရမည်ဟု အဘယ်သူက အမှာတော်ပါးလိုက်ပြန်ချေသည် မသိ ။ ရှိစေတော့ ။ ဤအဆင် ဤအချိုးကြောင့် ဖိနပ်တစ်ရံလုံး မပျောက်ပဲ ဖိနပ်တစ်ဖက် တည်းသာ ပျောက်ခြင်းဖြစ်ရပေမည် ။

ဤသို့တစ်ခန်းဝင် တစ်ခန်းထွက်ရှာဖွေရင်း ကျွန်ုပ်၏ တပည့်ကျော်ကြီး ငတေ အခန်းသို့ရောက်ရှိလာလေသည် ။ ကျွန်ုပ်လည်း တပည့်ကျော်ကြီး၏ အခန်းသို့ ဆရာတစ်ယောက်၏ ယုံကြည်မှုအပြည့်ဖြင့် ရှေ့မှဝင်လေသည် ။

ငတေ ။ ။ " ဟာ .. အာစရိ .. ခုပဲလာခေါ်မလို့ ... ဒီမှာဇာတ်ကားကောင်းလေးရထားတယ် ။ မင်းသမီးက အာစရိအကြိုက် "
ကျွန်ုပ် ။ ။ " အဲဒါ အသာထား ဒီမှာ မောင်နိုင်က ဖိနပ်တစ်ဖက်ပျောက်လို့တဲ့ "
ငတေ ။ ။ " ဟာ .. မောင်နိုင် .. အတော်ပဲ ငါလည်းအခုပဲ မင်းရဲ့ ဖလက်ဒရိုက် လာပေးမလို့ "
မောင်နိုင် ။ ။ " ဟာကွာ... ရှာလိုက်ရတာ .. ငါ့မှာ အဲဒီ ဖိနပ်တစ်ဖက် ပျောက်နေလို့ ကိုရင်ညိန်း နဲ့လိုက်ရှာနေတာ "
ကျွန်ုပ် ။ ။ " ဘာ... ဘယ်လို ဘယ်လို ... မောင်နိုင် .. မောင်ရင်ပြောတဲ့ ဖိနပ်တစ်ဖက်ဆိုတာ "
မောင်နိုင် ။ ။ " ဟုတ်တယ်လေကွာ .. ဒီမှာမတွေ့ဘူးလား ဖိနပ်တစ်ဖက် နောက်မှာ လက်သည်းညှပ် သေးသေးလေး တောင် ချိတ်ထားသေးတယ် "

ပြောပြောဆိုဆို မောင်နိုင်က ငတေလှမ်းပေးသော ဖလက်ရှ်ဒရိုက် (FlashDrive) ကို ကျွန်ုပ်မျက်နှာရှေ့ ၀ဲလျက် သူ့ကိုယ်ပိုင်ဖြစ်ကြောင်း သက်သေထူလေတော့သည် ။လက်သည်းညှပ် သေးသေးလေးက လှုပ်တုတ်တုတ်နှင့် ကျွန်ုပ်အား ကောင်းကောင်းကြီး သရော်နေချေ၏ ။ ကျွန်ုပ်အခုမှသိရပေပြီ ။ ဒင်း ဆိုလို ချင်သော ဖိနပ်တစ်ဖက် ဆိုသည်ကား ဖလက်ရှ်ဒရိုက် (FlashDrive) ပင်တည်း ။

မောင်နိုင် ။ ။ " ကျေးဇူးပဲ ကိုရင်ညိန်း"

သေစမ်း ကိုရင်ညိန်း ။ ဒင်း က သူ့ဖိနပ်တစ်ဖက် နှင့် ပျော်ပျော်ကြီး ထွက်သွားချေပြီ ။ ကျွန်ုပ်မှာကား စကားပင် မပြောနိုင်တော့ချေ ။ အဘယ်ပုဂ္ဂိုလ်က မောင်နိုင်အား ဖလက်ရှ်ဒရိုက် (FlashDrive) ကို ဖိနပ်တစ်ဖက်ဟု မြန်မာဗားရှင်းဖြင့် ခေါ်ဆိုရန် သင်ကြားပေးခဲ့သနည်း ။ အံမယ်မင်းရယ်တဲ့မှ ပြောရတော့မယ် ... ဟုအစချီကာ ကျွန်ုပ်ငိုချင်းချရတော့မည်လော မသိ ။ ငတေ ကားဘာမမသိချေ ။ မောင်နိုင်၏ ဖိနပ်တစ်ဖက်ဖြင့် ကူးထားသော ဇာတ်လမ်းကြည့်ရန် ကျွန်ုပ်အား လော်ကွတ်ချော်နေသေး၏ ။

ငတေ ။ ။ " အာစရိ ... လာလေ .. ဇာတ်ကားကြည့်ရအောင် "
ကျွန်ုပ် ။ ။ " တော်ပြီ မောင်ရင် ... ကျွန်ုပ် ဖိနပ်တစ်ဖက်ရမှပဲ လာကူးတော့မယ် "

You received this email because you are subscribed to the real_time feed for http://koyinnyein.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.