တွေ့ဆုံချိန်မှာ တန်ဖိုးထား...
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။
မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို တစ်ခါမှ မတွေးခဲ့မိဘူး။ လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက် တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။
ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာ ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ?
ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ....
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ်။ တောထဲမှာ မင်းသား လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။ တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား? အဲဒီတွေ့ဆုံခြင်းမှာ နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ်။
တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် .... တွေ့ဆုံခြင်းပါတဲ့။
ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ ရှိခဲ့ကြတယ်ဆိုတာကို အထိမ်းအမှတ် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူအများရဲ့ တွေ့ဆုံခြင်းမှာ နှုတ်ဆက်ခြင်း၊ အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။ တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာ လမ်းဖြတ်ကူးသလိုပဲ ပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။ နှုတ်ဆက်ဖို့ဆိုတာ ဝေးလို့ သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ ကျန်ရစ်ခဲ့တယ်။
တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက် ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။
ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊ အကြင်နာတွေ ပိုပါစေ။
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ်။
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့....
နိုင်းနိုင်းစနေ
အမြဲတမ်း ရှိနေပါတယ်
တစ်ချို့က ကိုယ့်အတွက် ဂုဏ်ယူကြတယ်။
တစ်ချို့က ကိုယ့်ကို သတိရကြတယ်၊ ဂရုစိုက်ကြတယ်။
တစ်ချို့က ကိုယ်နဲ့ စကားပြောချင်ကြတယ်။
တစ်ချို့က အခက်အခဲ တွင်းနက်ထဲ ကိုယ်ပြုတ်မကျဖို့ မျှော်လင့်ကြတယ်။
တစ်ချို့က ကိုယ်ကူညီခဲ့တာကို ကျေးဇူးတင်နေတယ်။
တစ်ချို့က အရာရာ အဆင်ပြေချောမွေ့ဖို့ ကိုယ့်ကို ဆုတောင်းပေးကြတယ်။
တစ်ချို့က ကိုယ့်လက်ကို ဆုတ်ကိုင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို အကာအကွယ်ပေး စောင့်ရှောက်ချင်တယ်။
တစ်ချို့က ဒီလောကမှာ ကိုယ်အသက်ရှင် ရှိနေမှန်း အသိအမှတ်ပြုပေးတယ်။
တစ်ချို့က ကိုယ့်ကို လက်ဆောင်တစ်ခုပေးနိုင်ဖို့ ဆန္ဒရှိနေတယ်။
တစ်ချို့က ကိုယ့်အောင်မြင်မှုအတွက် ဂုဏ်ယူပြီး ပွေ့ဖက်ချင်တယ်။
တစ်ချို့က သူ့အတွက် ကိုယ်ဟာ အကောင်းဆုံးလက်ဆောင်လို့ ထင်တယ်။
တစ်ချို့က ကိုယ့်ကို သိပ်မအေး၊ သိပ်မပူဘဲ သက်တောင့်သက်သာ နေနိုင်ဖို့ မျှော်လင့်တယ်။
တစ်ချို့က ကိုယ့်အကြောင်းကို တွေးပြီး ပြုံးနေတတ်တယ်။
တစ်ချို့က ကိုယ်နဲ့သာဆိုရင် ဘာမဆို ရင်ဆိုင်ရဲသတဲ့။
တစ်ချို့က ကိုယ့်ရဲ့ကြံ့ကြံ့ခံနိုင်မှုကို အားကျတယ်။
တစ်ချို့က ကိုယ့်ပုခုံးထက်မှာ ခိုမှီနားနေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ အပျော်တွေ မျှဝေချင်တယ်။
တစ်ချို့က ကိုယ့်ရဲ့ခွင့်လွတ်ခြင်းကို တောင့်တနေတယ်။
တစ်ချို့က ကိုယ်ခွင့်လွတ်လိုက်လို့ ပျော်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ လွတ်လွတ်လပ်လပ် ရယ်မောနေချင်တယ်။
တစ်ချို့က ကိုယ့်နဲ့တွေ့ရဖို့ အချိန်တွေကို မစောင့်နိုင်တော့ဘူးတဲ့။
တစ်ချို့က ကိုယ့်ကို မှတ်မိနေပြီး သူ့တို့ဘေးမှာ ကိုယ်အမြဲ ရှိနေစေချင်ခဲ့တယ်။
တစ်ချို့က ကိုယ့်စိတ်ဝိညာဉ်ကိုတောင် တန်ဖိုးထားတယ်။
တစ်ချို့က ကိုယ့်ကိုယ်ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်နေတယ်။
တစ်ချို့က ကိုယ့်ကိုသူဘယ်လောက် မြတ်နိုးကြောင်း ပြောပြချင်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ သူ့အိပ်မက်ကို မျှဝေခံစားစေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ ရှိနေတဲ့အခါ အချိန်ကို ရပ်တန့်ထားချင်ခဲ့တယ်။
တစ်ချို့က သူ့ကိုကိုယ်သတိထားမိဖို့ မျှော်လင့်နေတယ်။
တစ်ချို့က ကိုယ့်ကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
တစ်ချို့က ကိုယ်နဲ့အတူ အမြဲတမ်း ရှိနေချင်တယ်။
တစ်ချို့က ကိုယ့်ရင်ခွင်ထဲ တိုးဝင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားချင်တယ်။
တစ်ချို့က ကိုယ်နဲ့သူငယ်ချင်း ဖြစ်ချင်နေတယ်။
တစ်ချို့က ကိုယ်က သူ့သူငယ်ချင်းဖြစ်နေလို့ ပျော်ရွှင်နေတယ်။
တစ်ချို့က ကိုယ့်ကို ပိုနားလည်ချင်နေတယ်။
တစ်ချို့က ကိုယ့်ကို ယုံကြည်တယ်။ တစ်ချို့က ကိုယ့်ယုံကြည်မှုကို လိုနေတယ်။
တစ်ချို့က ဒီစာကိုဖတ်ပြီး ကြည်နူးနေတယ်။ တစ်ချို့က မျက်ရည်ဝဲနေတယ်။
တစ်ချို့က ကိုယ့်ဆီက ဒီလိုအီးမေးလ်မျိုးကို မျှော်နေတယ်။
တစ်ချို့က ကိုယ့်အားပေးတာကို လိုအပ်နေတယ်။
တစ်ချို့က ကိုယ့်ကို အားပေးနေတယ်။
တစ်ခါတလေမှာ ကိုယ်မေ့နေခဲ့ပြီလား...!
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးနဲ့အားငယ်နေခဲ့ပြီလား..!
တကယ်တော့ အမြဲတမ်း ကိုယ့်ကို ဂရုစိုက်၊ အလေးထားတဲ့လူတွေက ကိုယ့်ဘေးမှာ ရှိနေပြီးသားပါ...
ဒီလိုစာပုံစံမျိုးတွေ အင်တာနက်ပေါ်မှာ ဖတ်ဖူးကြမှာပါ။ ဘာပဲဖြစ်ဖြစ် တစ်ချို့က ဖတ်ဖို့မျှော်လင့်နေလို့ ရေးလိုက်ပါတယ်။
နိုင်းနိုင်းစနေ
တွေ့ရကြုံရ ဒီဆရာမဘဝ
စာမေးပွဲခန်းစောင့်တာ ဒီတစ်ကြိမ်နဲ့ဆို ကျွန်မ နှစ်ကြိမ်မြှောက်ရှိခဲ့ပါပြီ။ ပထမဆုံးအကြိမ် စောင့်ရတုန်းက ဆရာမ ပူပူနွေးနွေးဖြစ်စမို့ သူတို့ဖြေတဲ့ အဖြေလွှာတွေကို ကြည့်ပြီး အမှားဖြေထားတာမြင်ရင် အားမလို အားမရ ဖြစ်မိတတ်တယ်။ အဖြေကိုတိုက်ရိုက် မပြောပြဖြစ်ပေမယ့် ဒီတစ်ပုဒ် မမှန်ဘူးနော်။ သေချာပြန်ကြည့် လို့ ဝင်ဝင်ထောက်ပေးဖြစ်တယ်။ ရီတော့ရီရတယ်.... တစ်ချို့ကျောင်းသား ခိုးချတာကိုမြင်ရက်နဲ့ ကျွန်မ မဖမ်းရဲဘူး ဖြစ်နေတယ်။ ကျောင်းသားတွေကလည်း ကျောင်းသားတွေပဲ သူတို့နဲ့ ဝင်ရောတဲ့ဆရာမဆို မကြောက်ကြဘူး။ ဒီနေ့ ဘယ်အခန်းမှာ ဘယ်ဆရာစောင့်မယ် ဆိုတာကိုကြည့်ပြီး သူတို့နဲ့ရင်းရင်းနှီးနှီး ဆက်ဆံတဲ့ ဆရာအလှည့်ဆိုရင် ခိုးချဖို့ ကြံစည်နေကြတယ်။
ဒီတစ်ခေါက်တော့ ဘယ်အခန်းမှာ ဘယ်ဆရာစောင့်မယ်ဆိုတာကို ကြော်ညာသင်ပုန်းမှာ ကပ်မထားတော့ဘူး။ ကျွန်မကလည်း သုံးလဆိုတဲ့ ဆရာမပါးက နည်းနည်းဝလာတော့ စာမေးပွဲခန်းထဲဝင်ရင် နဂိုဆူပုပ်ပုပ် မျက်နှာကို ပိုကြည့်ရ ရုပ်ဆိုးအောင် တည်ထည့်ပစ်လိုက်တယ်။ ဒါတောင် အတန်းကြီးကျောင်းသားတွေက သူတို့ထက် ကိုယ်လုံးသေးတဲ့ ဆရာမကို မကြောက်ကြဘူး။
အရင်တစ်ပတ် ကျွန်မစောင့်ရတဲ့အခန်းမှာ ကျောင်းသားတစ်ယောက် စာခိုးချတယ်။ သူက စာကို စာရွက်သေးလေးပေါ်မှာ ရေးပြီး အကျီင်္လက်ရှည်ထဲမှာ ထိုးထည့်ထားတယ်။ စာစဖြေချင်းမှာ သူမဖြေဘူး.. စာမရသူတို့ရဲ့ လက္ခဏာအတိုင်း ဟိုခြစ်ဒီငေးနဲ့ နာရီဝက်ကြာ သူလုပ်နေတယ်။ အင်္ကျီလက်ကို ဆွဲရှည်လိုက်၊ ပင့်တင်လိုက်နဲ့ ကျွန်မအလစ်ကို ချောင်းနေပုံရတယ်။ နောက်ဆုံး အချိန်စေ့လို့ စာရွက်လာထပ်တော့ သူဖြေထားတာကို ကျွန်မယူကြည့်မိတယ်။ အကုန်လုံး ဖြေထားတာ မှန်နေတာပဲ.. ဘယ်တုန်းက ခိုးကြည့်လိုက်မှန်း မသိဘူး။ ကြည့်ရတာ ဝါတော်တော်ရင့်နေပြီး မနူးမနပ် လက်နှေးနေတဲ့ ဒီဆရာမကို ပညာပေးလိုက်ပုံရတယ်။ ဒါမျိုးက သိပ်မတရားဘူး။ တစ်ကယ်ကျက်ပြီး ကြိုးကြိုးစားစား ဖြေသူထက် သူက အမှတ်ပိုများနေတယ်။
နောက်တစ်ရက် နောက်ဆုံးဘာသာဖြေမယ့်နေ့မှာ အဲဒီအခန်းကိုပဲ ကျွန်မစောင့်ပါရစေလို့ ဆရာကြီးတွေဆီ ခွင့်တောင်းလိုက်တယ်။ ဒီတစ်ခါတော့ သူ့ကို ကျွန်မအလစ်မပေးခဲ့ဘူး။ သူက ထုံးစံအတိုင်း အင်္ကျီလက်မောင်းကို ဆွဲလိုက်၊ ငေးလိုက်နဲ့ စာမဖြေခဲ့ဘူး။ တစ်ခန်းလုံးမှာ ကျွန်မတစ်ယောက်ပဲ စောင့်တာဆိုတော့ ကျွန်မလစ်တာနဲ့ သူက စာရွက်ကိုထုတ်ပြီး ဖြေတဲ့စာရွက်အောက်မှာ ထည့်ထားလိုက်တယ်။ ပြီးတော့ ဟိုလှန်ဒီလှန်နဲ့ လစ်ရင်လစ်သလို ကူးချတော့တယ်။ ဒီတစ်ခေါက်တော့ ကျွန်မ မရဲနေလို့ မဖြစ်တော့ဘူး။ သူ့ဆီတည့်တည့်လျှောက်ပြီး စာရွက်ကို ဆတ်ခနဲ့ လှမ်းယူလိုက်တယ်။ စာရွက်အောက်မှာက သူ့ရဲ့ကယ်ဆေး စာရွက်တိုလေးပေါ့။ တစ်ခြားကျောင်းသားတွေ အာရုံပျက်မှာစိုးလို့ ကျွန်မ ဘာမှမပြောဘဲ စာရွက်ကိုပဲ လှမ်းယူလိုက်တယ်။ အဲဒီနေ့က သူစာရွက်လာထပ်တော့ သူ့အဖြေလွှာက ကွက်လပ်တွေချည်းပဲ။
သူခိုးချတဲ့ စာရွက်ကို သူ့အတန်းပိုင်ဆီ ပေးလိုက်တယ်။ မတတ်နိုင်ဘူး... ကျွန်မလည်း ကျွန်မအလုပ်ကို ကောင်းအောင်ကြိုးစားလုပ်နေသလို သူလည်း သူ့ကျောင်းသားအလုပ်ကို ပီသအောင်လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီနေ့ကျွန်မလုပ်ခဲ့သမျှက သူ့အတွက် ပိုကောင်းအောင်ဆိုတာ စိတ်နဲ့ လုပ်ခဲ့တယ်ဆိုတာကို တစ်ချိန်ချိန်မှာ သူနားလည်ခဲ့မယ်ဆိုရင် ကျွန်မကျေနပ်ပါပြီ...
နိုင်းနိုင်းစနေ
You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.