Tuesday, January 13, 2009

[ကပ်ပါပေ့ ပီကေရယ်] 3 New Entries: ကူညီချင်စိတ်

ကူညီချင်စိတ်

အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အား မရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။ သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့ မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင် သူ့သားစီ စာတစ်စောင် ရေးလိုက်တယ်။

ချစ်သား

အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို နားကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင် ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် ခွန်အားတွေ ဘယ်မှာ ရှိတော့မှာလဲ သားရယ်။ အဖေဟာ အသုံးမဝင်တော့တဲ့ လူအိုကြီး ဖြစ်နေပါပြီ။ လူလေးသာ ဒီမှာ ရှိနေမယ်ဆိုရင် အဖေ ဒါတွေ ဘယ်ပူရတော့မလဲနော်။ မင်းသာ ထောင်မကျခဲ့ရင် အဖေအစား ထယ်ထိုးပေးနေမှာ မြင်ယောင်မိပါတယ်။

ချစ်တဲ့
အဖေ


များမကြာခင်မှာပဲ အဖိုးအိုဆီကို ကြေးနန်းတစ်စောင် ရောက်လာတယ်။

"ဟာ ... အဖေ၊ လျှောက်မလုပ်နဲ့နော်။ မြေကြီးတွေ လျှောက်မတူးနဲ့ဦး။ သား အဲဒီအောက်မှာ သေနပ်တွေ မြှုပ်ထားတာ။
နံနက် ၄ နာရီ "


နောက်နေ့ မနက်မှာပဲ စစ်တပ်နဲ့အတူ ရဲတွေ အများကြီး အဖိုးအိုဆီ ရောက်လာတယ်။ စိုက်ခင်းကြီး တစ်ခုလုံးကို မြေလှန်ပြီး ရှာလိုက်တာ ရစရာကို မရှိဘူးလေ။ ဒါပေမယ့် ဘာ သေနပ်မှ မတွေ့လို့ ပြန်သွားလေရဲ့။

အင်မတန် ခေါင်းရှုပ်သွားတဲ့ အဖိုးအိုက ဖြတ်ပျက်သမျှကို စာတစ်စောင် ရေးပြီး သူ့သားဆီ ပို့လိုက်တယ်။ ဘာဆက်လုပ်ရဦးမလဲ ဆိုတာလည်း မေးထားတယ်။

သားလုပ်သူ စာပြန်လိုက်တာက
"အားလုံး အဆင်ပြေသွားပြီပဲ အဖေ၊ ပျိုးပင်တွေ စ စိုက်လို့ရပြီပေါ့။ ဒါ သား အတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ။"

xxxxxx ဝဝဝဝဝဝ xxxxxx

ဒီပုံပြင်လေးကို ဖတ်လိုက်ရပြီး ကျနော် ပြုံးမိပါတယ်။ အရင်တစ်ခါက သူများကို ကူညီပေမယ့် မကောင်းပြောခံရတဲ့ အကြောင်း ရေးဖူးပါတယ်။ အခု ဒီပုံပြင်မှာ ဆိုရင် သားတစ်ယောက်အနေနဲ့ ထောင်ထဲကနေ ဘာကူညီနိုင်မှာလဲလို့ ပထမတော့ ကျနော်လည်း တွေးမိပါတယ်။ ကျနော်က ဒီအဖိုးအိုကို ကူညီဖို့ စိတ်မပြင်းပြတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ထောင်နန်းစံ သားကတော့ သူ့အဖေကို အစွမ်းကုန် ကူညီချင် ရှာမှာပါ။ ဒါကြောင့်လည်း အစွမ်းကုန် အကြံဉာဏ် ထုတ်လိုက်တာ နေမှာပေါ့။ ဒီပုံပြင်လေးကို ဖတ်ပြီး ကျနော် သိလိုက်ရတာ တစ်ခုက ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာမှာပဲ ကပ်နေပါစေ။ တစ်ခုခုကို လုပ်ဖို့ အူထဲ အသည်းထဲ နှလုံးသားထဲက တကယ် ဆုံးဖြတ်ထားရင် ကျနော်တို့ လုပ်ကို လုပ်နိုင်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ပဓာန မကျပါဘူး။ မဖြစ်နိုင်ခြင်းအတွက် အကြောင်းပြချက်တွေ ရှာနေမယ့်အစား ဖြစ်နိုင်ခြင်းအတွက် အကြောင်းရပ်တွေ ရှာကြံမယ်ဆိုရင် နည်းလမ်းဆိုတာ ရလာစမြဲလို့ ယုံကြည်မိပါတယ်။

တပါးသူအား ကူညီတတ်ခြင်း

တစ်နေ့မှာ ဘုရားသခင်နဲ့ သူတော်စင်တစ်ပါး စကားလက်စုံ ကျကြရင်း သူတော်စင်က ဘုရားသခင်ကို တစ်ခု တောင်းဆိုလိုက်တယ်။
"အရှင်ဘုရား နိဗ္ဗာန်နဲ့ ငရဲပြည် ဘယ်လိုကွာသလဲဆိုတာ သိလို မြင်လိုပါတယ်။ တပည့်တော်ကို ပြတော်မူပါ ဘုရား။"

ဒါနဲ့ ဘုရားသခင်ဟာ သူတော်စင်ကို တံခါးနှစ်ပေါက်ဆီ ဦးတည်ပြီး ခေါ်သွားတယ်။ တံခါးတစ်ပေါက်ကို ဖွင့်ပြလိုက်တော့ သူတော်စင်က အထဲကို လှမ်းကြည့်လိုက်တယ်။ အခန်းရဲ့ အလယ်မှာ စားပွဲဝိုင်း အကြီးကြီး တစ်လုံး ချထားတယ်။ စားပွဲရဲ့ အလယ်ခေါင်မှာ ရှိတဲ့ ဟင်းအိုး အကြီးကြီးကနေ ခုန်ထွက်လာတဲ့ အမွှေးနံ့ဟာ သူတော်စင်ကိုတောင် မနေနိုင်အောင် သားရေကျတဲ့အထိ ဆွပေးနေတယ်။ စားပွဲ ပတ်ပတ်လည်မှာ ထိုင်နေတဲ့ လူတွေကို ကြည့်လိုက်တော့ ပိန်လီလို့။ နည်းနည်း လှုပ်လိုက်ရင် အထဲက အရိုးတွေ ကန်ထွက်လာမှာတောင် စိုးရိမ်ရသေး။ သူတို့ကို ကြည့်ရတာ တအားကို ဆာလောင်နေကြပေမယ့် လက်ထဲမှာလည်း ဇွန်းတွေ ကိုယ်စီနဲ့ပါ။ ဇွန်းတွေ အားလုံးကလည်း ရိုးတံ ရှည်တော့ အလယ်ခေါင်က ဟင်းအိုးကို လှမ်းခပ်ဖို့ မီပါတယ်။ ဒါပေမယ့် ခက်နေတာက ဇွန်းတံရှည်တော့ သူတို့ရဲ့ ပါးစပ်ထဲကို ထည့်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ မြင်လျက်နဲ့ မကြင်ရတဲ့ ဘဝကို မြင်ပြီး သူတော်စင်ခမျာ သနားရုံကလွဲပြီး ဘာတတ်နိုင်မှာတဲ့လဲ။ "အခု မြင်နေရတာ ငရဲပဲ" လို့ ပြောပြီး ဘုရားသခင်ဟာ တခြားတံခါးပေါက်ဆီ ဦးတည်ပြီး လျှောက်သွားတယ်။

သူတော်စင်ဟာ နောက် တံခါးတစ်ချပ်ကို ဖွင့်ပြီး အထဲကို အသေအချာ လေ့လာကြည့်လိုက်တယ်။ ပထမ ဝင်ခဲ့တဲ့ အခန်းနဲ့ ဘာမှ မထူးပါဘူး။ စားပွဲဝိုင်း အကြီးကြီး၊ အင်မတန်မှ စားချင့်စဖွယ် ဟင်းအိုးတစ်လုံး နဲ့ ရိုးတံရှည်ရှည်နဲ့ ဇွန်းတွေ။ ထူးတာက စားပွဲ ပတ်လည်မှာ ထိုင်နေတဲ့ လူတွေက အရင် အခန်းကလို ပိန်လှီမနေဘဲ ဝလို့ ဖြီးလို့။ တရယ်ရယ် တမောမော နဲ့ စကားတွေ ဝိုင်းဖွဲ့ ပြောနေလိုက်ကြတာ။

ဒီအခြင်းအရာကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သူတော်စင်က ဘုရားသခင်ကို မေးခွန်းထုတ်ရတော့တယ်။
"တပည့်တော် နားမလည်နိုင်ဘူး ဖြစ်နေပါတယ် ဘုရား"
"အင်မတန်မှ ရိုးရှင်းပါတယ်" လို့ ပြောရင်း ဘုရားသခင် ဆက်လက် မိန့်ကြားလိုက်တာက
"အတတ်ပညာ တစ်ခုပဲ လိုတာပါ။ ကြည့်စမ်း ... ။ ဒီလူတွေ တစ်ယောက်ကို တစ်ယောက် ခွံ့ကျွေးဖို့ နားလည်ကြပေမယ့် ဟိုဘက်အခန်းက လောဘသားတွေက ကိုယ့်အတွက်ပဲ စဉ်းစားနေကြတာလေ။"

Translated from They have learned to feed each other

မြှော်လင့် မြော်တွေး၊ မျှော်ငေးရင်းသာ

မြန်မာစာ ပညာရှင်တွေက မြန်မာစာမှာ စကားလုံးတိုင်းဟာ အပိုအလိုမရှိ ပိပိရိရိကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ တချို့ စကားလုံးတွေဆို အသံထွက်တူပြီး စာလုံး ကွဲတာကြောင့် နှစ်မျိုးကို တစ်မျိုးပေါင်းပစ်ဖို့ အကြံပေးကြတာလည်း ရှိပါတယ်။ တကယ်လို့ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်၊ အတ္ထုပ္ပတ္တိနဲ့ သမိုင်းကို နားလည်ထားမယ်ဆိုရင်၊ ခြေခြေမြစ်မြစ် သိထားမယ်ဆိုရင် ပေါင်းစပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာ သဘောပေါက်သွားမှာပါ။ ဥပမာ ပြောရရင် တချို့ စာလုံးတွေက ယပင့်နဲ့ ပေါင်းထားတာ ရှိသလို အဲဒီ စကားလုံးကိုပဲ ရရစ်နဲ့ ပေါင်းထားတာ ရှိပြန်တော့ ဒီစကားလုံး နှစ်လုံးကို ပေါင်းပြီး တစ်မျိုးပဲ သုံးပါလားလို့ အကြံပေးကြတာ ရှိတယ်။ စာလုံးအနေနဲ့ ထုတ်ပြရရင် မျှော် နဲ့ မြှော် ပေါ့။ မြန်မာစာမှာ ဒီလို အသံတူပြီး အကြောင်းကွဲတဲ့ စကားလုံးတွေ အများကြီး ရှိလို့လဲ ခဏခဏ မှားကြပါတယ်။ တခါတခါ မှန်သလား၊ မှားသလား ဝေခွဲမရတဲ့ အကြိမ်တွေလည်း အများကြီး ဖြစ်မှာပါ။ အရင်ကတော့ စာအုပ်လှန်စစ်တယ်။ အခုတော့ အွန်လိုင်း စာလုံးပေါင်းသတ်ပုံကျမ်း ရှိလို့ အလွယ်တကူ သွားစစ်ဆေး နိုင်ပါပြီ။

အစာမကြေရင် ဝမ်းကို တစ်ခါတလေ ဒုက္ခပေးတတ်တယ်။ စာမကျေရင် ဦးနှောက်ကို တစ်သက်လုံး ဒုက္ခ ပေးတတ်တယ်တဲ့။ သတ်ပုံမှားတယ် ဆိုတာ စာမကျေတဲ့ သဘောပါပဲ။ ဒါကြောင့် အစာချေပေးတဲ့ အနေနဲ့ အခု မျှော်၊ မြှော် နဲ့ မြော် အသုံး ဘယ်လိုကွဲသလဲ ဆိုတာ တင်ပြပါရစေ။

မျှော် ဆိုတာ
အဝေးကြည့်၊ အနီးကြည့်၊ မနီးမဝေးကြည့် ဆိုတဲ့ ကြည့်ခြင်းသဘောကို ပြပါတယ်။ အမှတ်မထင် မြင်တဲ့ အကြည့်မျိုးမဟုတ်ပါဘူး။ တစ်စုံတစ်ခုကို ရယူလိုတဲ့ လောဘဇော၊ တွေ့လို မြင်လို သိလိုတဲ့ ဆန္ဒ ပြင်းပြင်းပြပြ ဖြစ်ပေါ်တဲ့အခါမှာ အနီးကပ် စူးစူးစိုက်စိုက် ကြည့်ခြင်းကို "မျှော်တယ်" လို့ ခေါ်ပါတယ်။ မျက်စိတစ်ဆုံး မြင်နိုင်သလောက် အဝေးကို လှမ်းပြီး စိန်းစိန်းကြီး ကြည့်နေတာကိုလည်း "မျှော်တယ်" လို့ ခေါ်ပါသေးတယ်။

ဥပမာနဲ့ ပြရရင် "ဟေ့ကောင် ငညို၊ သူတကာစားနေတာ ဘာလို့ မျှော်နေရတာလဲ" ဆိုတဲ့ စကားရပ်မှာ မောင်ညိုဟာ တခြားသူတစ်ယောက် စားနေတာကို တွေ့ပြီး သူလည်း စားချင်တာကြောင့် ပါးစပ်တပြင်ပြင်နဲ့ အနားနားကနေ ကြည့်နေတာကို "မျှော်" နဲ့ သုံးထားတာ တွေ့ရပါလိမ့်မယ်။ နောက် ဥပမာ တစ်ခု ထပ်ပြပါဦးမယ်။ ခွေးသည် သားတစ်မှတ်၍ စားချင်စိတ် အာသာငမ်းငမ်းဖြင့် ပေါက်ပွင့်ကို မျှော်သည်။ ဒီဥပမာ နှစ်ခုစလုံးမှာ တူညီနေတာက မျက်လုံးကို အသုံးချပြီး အရာဝတ္ထုတစ်ခုခုကို လှမ်းကြည့်နေခြင်းကို "မျှော်" ဆိုတဲ့ စကားလုံးနဲ့ သုံးထားတာ တွေ့ရပါတယ်။

မြှော် ဆိုတာ
စောင့်စားခြင်း၊ ငံ့လင်းခြင်း အဓိပ္ပာယ် ရပါတယ်။ စိတ်ကို အာရုံတစ်ခုခုမှာ ဇောကပ်ပြီး နေခြင်း၊ မက်မက်မောမော တောင့်တနေခြင်းကို "မြှော်သည်" လို့ သုံးပါတယ်။ ယပင့် မျှော် နဲ့ ရရစ် မြှော်ရဲ့ ခြားနားချက်ကို နားလည်လွယ်အောင် ဘောလုံးပွဲ ဥပမာနဲ့ ပြပါတယ်။ ဘောလုံးပွဲ မစခင် ဘောလုံး ဝါသနာအိုးတွေက "ငါတို့တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပဲ" လို့ အာရုံဇောကပ်ပြီး စောင့်စားနေတာက ရရစ် မြှော်။ ဘောလုံးသမားတွေ ကွင်းထဲ ဆင်းလာတာက စပြီး ကစားပွဲကို ကြည့်နေတာက ယပင့် မျှော် ဖြစ်ပါတယ်။ ဒါကြောင့် မြှော်ဟာ ပကတိမျက်လုံးရဲ့ မြင်ကွင်း မဟုတ်ပါဘူး။ အတွင်းမနော လူ့စိတ်ဆန္ဒကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

နောက်ထပ် ဥပမာ စာကြောင်း အနည်းငယ်နဲ့ ပြရရင်
ငါ မင်းကို လူကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မြှော်လင့်တယ်။
ခရီးသည်များသည် မီးရထားအလာကို မြှော်နေကြသည်။
ဆီတိုင်တွင် ဆီပြတ်သွားသဖြင့် ဘောက်စာကားအလာကို မြှော်နေကြသည်။
အာရုံတစ်ခုခုကို စိတ်နဲ့ စောင့်စားငံ့လင့်ခြင်း အနက် ပြချင်ရင် ဟထိုး ရရစ် မြှော် ကိုပဲ သုံးရပါမယ်။

မြော် ဆိုတာ
ဉာဏ်ပညာ မျက်စိနဲ့ ကြည့်ပြီး တွေးတောခြင်း၊ ကြံစည်ခြင်း၊ စိတ်ကူးခြင်း အနက်ကို ဆောင်ပါတယ်။ အကြောင်းအရာ တစ်စုံတစ်ခု၊ လူ တစ်ဦးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို အလေးအနက်ထားပြီး စိတ်နဲ့ တွေးခြင်းကို "မြော်တယ်" လို့ ခေါ်ပါတယ်။ ဒီနေရာမှာ မြှော် နဲ့ မြော် နှစ်မျိုးစလုံးက စိတ်မှာ အရင်းခံတယ် ဆိုပေမယ့် ခြားနားချက် ရှိပါသေးတယ်။ ကိုယ့်ကိုယ်ကို မဟုတ်ဘဲ အဝေးရောက် အာရုံတစ်ခုခုကို ကိုယ့်စီ ဆွဲယူ သိမ်းသွင်းခဲ့ရင် ဟထိုး မြှော် ကို သုံးပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ကိုယ့်ရဲ့ ဉာဏ်ကို ထုတ်သုံးပြီး တွေးတော ကြံစည် စိတ်ကူးမယ်ဆိုရင် ရိုးရိုး ရရစ် မြော် နဲ့ သုံးရပါတယ်။

ဥပမာ အနေနဲ့ ပြောရရင်
"ရှေ့မြော် နောက်မြင်၊ ပညာရှင်တို့၊ လျှောက်တင်ရေးရာ၊ ...." (မဃဒေဝ၊ ၁၉၁)
ဝိဓူရသည် အမြော်အမြင် ကြီးသော ပညာရှိ သုခမိန် ဖြစ်သည်။
ကြာရိုးကို မြော်ထောက်၍ ရေတိမ်၊ ရေနက်ကို သိရာ၏။
မြော်တွေးသော်လည်း ရေးရေးမျှ မပေါ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမြော်သွားသည်။

အချုပ်ဆိုရသော် ...
မျှော် - အာရုံတစ်ခုခုကို ပကတိ မျက်စိဖြင့် အနီးကပ် စူးစိုက်စွာ ကြည့်သည်။
မြှော် - အဝေးအာရုံ တစ်ခုကို စိတ်ဖြင့် မှန်းဆ၍ တောင့်တသည်။
မြော် - အကြောင်းအရာ ဖြစ်ရပ်တစ်ခုခုကို ဝမ်းတွင်း ဓာတ်ခံ ပင်ကိုယ်ဉာဏ်ဖြင့် နက်နဲစွာ တွေးခေါ်သည်။

မှတ်ချက် ။ ။ ယခု မြန်မာစာဌာနမှ နောက်ဆုံး ထုတ်ဝေသော မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း နှင့် မြန်မာအဘိဓာန် စာအုပ်တို့တွင် ရရစ် ဟထိုး မြှော် ဟူသော စကားလုံးအား ထုတ်ပယ်၍ ထိုစကားလုံး အစား ယပင့်ဟထိုး မျှော်ကိုသာ အသုံးပြုထားသည်။ ထိုကြောင့် ခေတ်သစ် မြန်မာဝေါဟာရတွင် ရရစ်ဟထိုးဖြင့် ပေါင်းသော မြှော် ဟူသော စကားလုံး မရှိတော့ပါ။

"သဒ္ဒါအမြင် စာအမြင် - ဒဂုန်ဦးစန်းငွေ" စာအုပ်မှ ကောက်နုတ် တင်ပြသည်။

You received this email because you are subscribed to the real_time feed for http://pikay.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.