Tuesday, January 13, 2009

[Free In Mind] 3 New Entries: Diary 07-01-09

Diary 07-01-09

မေမြို့ဘက်က ရွာလေးတစ်ရွာကို သွားခဲ့ပါတယ်..။ အဲဒီရွာလေးနာမည် လက်ကောင်းလို့ ခေါ်ပါတယ်..။ ကျွန်တော်သူငယ်ချင်းရဲ့ အဘွားက လက်ကောင်းကပေါ့..။ ကျွန်တော်ရယ် သူရယ် နောက်ထပ် သူငယ်ချင်းတစ်ယောက်ရယ် အားလုံးပေါင်း သုံးယောက် ဒီနေ့သွားခဲ့ကြတယ်..။ မနက် ၇း၃၀ လောက်ကတည်းက ကျွန်တော်တို့ ပြင်ဆင်ပြီး သွားကြတယ်..။ မေမြို့အတက်နားက ရွာလေးဖြစ်တဲ့အတွက် သာယာအေးချမ်းတယ်..။ မေမြို့အထွက်ဘက်မှာ လမ်းလေးတွေ နေကျရင် သိပ်လှပါတယ်..။ ဒီလမ်းကို ဖြတ်လာတော့ ဘာရယ်မဟုတ်ဘူး အလင်းကျနေတာလေး သဘောကျတာနဲ့ ဓါတ်ပုံဆင်းရိုက်ဖြစ်လိုက်တယ်..။

လမ်းမှာ အလင်းလေးကျနေတာ သဘောကျလို့ နောက်တစ်ကွေ့မှာ ဆိုက်ကယ်ဇွတ်ရပ်ခိုင်းပြီး ပုံလေးတစ်ပုံရိုက်ဖြစ်လိုက်သေးတယ်..။ စက်ဘီးလေးနဲ့ လမ်းလေးနဲ့..။ အဲလိုနေရာလေးမှာ စက်ဘီးဝါ၀ါလေး စီးချင်တဲ့ ညီမတစ်ယောက်ကို သတိရမိတယ်..။ သူက အ၀ါရောင် ချစ်တယ်ဆိုပဲ..။

သူငယ်ချင်းနဲ့ လက်ကောင်းရွာကိုရောက်တော့ သူ့အဖွားအိမ်ကို ၀င်ပါတယ်..။ အဲဒီမှာ ကျွန်တော်တို့ကို မတ်ပဲကြော်ရယ် ရေနွေးကြမ်းရယ်နဲ့ ဧည့်ခံပါတယ်..။ သွားခါနီး လက်ဖက်ရည်ဆိုင်ကို ၀င်ထိုင်ပြီး ဗိုက်ဖြည့်ထားပေမယ့် သုံးယောက်သား အကြော်ကို အားပါးတရဆွဲ လက်ဖက်ရည်ကြမ်းလေးသောက်ရင် စကားနည်းနည်းပါးပါး ပြောဖြစ်တယ်.။ သူငယ်ချင်းက ကျွန်တော်နဲ့ သူ့အဖွား၊ သူ့အစ်ကိုဝမ်းကွဲ၊ သူ့ဦးလေးတွေ အဒေါ်တွေနဲ့ မိတ်ဆက်ပေးပါတယ်..။ အားလုံး ဖော်ရွှေကြတယ်..။ ခင်ဖို့လည်း ကောင်းတယ်..။ ဆောင်းမနက်ခင်းလေးမှာ အကြော်ပူပူနွေးနွေးလေးနဲ့ ရေနွေးကြမ်းလေးက အတော်လေး လိုက်ဖက်တယ်…။ စားကြပါဦးဗျ..။

ဓါတ်ပုံရိုက်ဖို့ ပြင်ဆင်ကြတယ်..။ ပထမဆုံးမြင်မိတာက သားအဖနှစ်ယောက်..။ သူတို့နှစ်ယောက် ဘာလုပ်နေကြတယ် မသိဘူး..။ အဖေကလည်း သူ့အလုပ်သူလုပ်နေတယ်..။ သားလေးကလည်း အဖေရှေ့မှာ ငုတ်တုတ်ထိုင်လို့..။ သူက သနပ်ခါးတွေ ဘဲကြားလိမ်းထားတယ်..။ ဒီသားအဖကို မြင်တော့ သဘောကျမိတယ်..။ သူတို့ရဲ့ အေးချမ်းနေတဲ့ ဘ၀လေးကို မြင်ကြည့်မိတယ်..။ တောသူတောင်သားတွေဘ၀က ဒီလိုပါပဲလေ..။ သူငယ်ချင်းပြောပြတာက အဖေလုပ်သူဟာ ပန်းစိုက်ခင်းလေးတွေ စိုက်တယ်ဆိုပဲ..။

ကျွန်တော်တို့ကို သူငယ်ချင်းရဲ့အစ်ကိုဝမ်းကွဲက လယ်ကွင်းတွေဘက် ခေါ်သွားမယ်..။ နောက်ပြီး ပန်းခင်းတွေဘက်မှာလည်း ရိုက်စရာတွေပေါတယ်..။ သူ့နယ်ဖြစ်တဲ့အတွက် အားနာစရာမရှိ ရိုက်ချင်သလိုရိုက်ဆိုပြီး အဆိုတင်သွင်း ကမ်းလှမ်းချက်ထုတ်လာပါတယ်..။ ကျွန်တော်တို့သုံးယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး အိုကေ ဆိုပြီး သဘောတူဖြစ်လိုက်တယ်..။ ဒါနဲ့ ကျွန်တော်တို့ လယ်ကွင်းတွေဘက် ထွက်လာခဲ့ကြတယ်..။ စပါးတွေသယ်နေတာ အဝေးကနေ လှမ်းမြင်နေရတယ်..။ အရမ်းလှတယ်…။

တခြားလယ်တွေနဲ့ မတူတာက သူတို့ရွာတွေဘက်မှာ လယ်ကွင်းတစ်ခုနဲ့တစ်ခု စပ်ကြားမှာ ပန်းပင်တွေ စိုက်တတ်တာပဲ…။ အဲဒီ ပန်းစိုက်ခင်းတွေဘက်ကိုလည်း ကျွန်တော့်ကို ခေါ်ပါတယ်..။ ကျွန်တော်တို့ ခြေတိုအောင် လမ်းလျှောက်ရတာပေါ့ဗျာ..။ လယ်ကွင်းတွေဘက်ကို ရောက်တော့ နေက အတော်လေး မြင့်နေပြီ..။ ပန်းစိုက်ခင်းတစ်ခုကိုရောက်တော့ ပန်းရောင်စုံလေးတွေ တွေ့တယ်..။ မေမြို့ပန်းလို့ သူတို့ခေါ်ကြတဲ့ ပန်းလေးတွေကို ကျွန်တော် ဒူးထောက် ဖင်ကုန်းပြီးရိုက်လာခဲ့တယ်..။ ဟဲဟဲ..။ ကျွန်တော့်သူငယ်ချင်းတွေကလည်း အားပေးပါတယ်..။ ဟေ့ကောင် မြေကြီးကုန်းနမ်းမလို့လား..။ ဘာနံ့ရတုန်းတို့ ဘာတို့အော်ဟစ်နေကြလေရဲ့..။

အဲဒီကနေ အထွက် ဟိုဘက်အဝေးဆီမှာ ထန်းပင်ရယ်.. ထန်းလက်နဲ့လုပ်ထားတဲ့ တဲလေးရယ် မြင်ရတယ်..။ အထီးကျန်လိုက်တာ..။ ဘယ်လိုမှန်းလည်း မသိဘူး..။ ကျွန်တော် ကင်မရာခလုတ်ကလေးကို ဆွေးမြေ့စွာနဲ့ နှိပ်ချလိုက်တယ်..။

ပန်းပင်လေးတွေ ဖြစ်ဖို့အတွက် အပွင့်လေးတွေပွင့်ဖို့အတွက် လနဲ့ချီပြီး စိုက်ပျိုးရတယ်..။ အခု အပေါ်ကလို မေမြို့ပန်းပင်လေးတွေဆိုရင် ၃လခွဲ ကာလ အချိန်ယူရတယ်ဆိုပါတယ်..။ အပင်ပေါက်ငယ်လေးတွေကို ရေလောင်းပေါင်းသင် မြေဖွ ပေးမှ အပင်လေးတွေရှင်သန်နိုင်ပါတယ်..။ သင့်တင့်တဲ့နေရောင်ခြည်.. ပြုစုပျိုးထောင်ပေးမှုတွေရယ် မရှိမဖြစ်လိုအပ်ပါတယ်..။ လူ့ဘ၀လည်း ထိုနည်းလည်းကောင်းပဲ..။ လူသားတစ်ယောက် ငယ်ငယ်ကတည်းကနေ ကြီးတဲ့အထိ ဖြတ်သန်းရတဲ့ ၀န်းကျင်ကနေ အတွေ့အကြုံ အဖြစ်သနစ်တွေ ရင်ဆိုင်လာရတယ်..။ ဒီကနေ ပညာတွေယူရတယ်..။ ဥယျာဉ်မှူးဆိုတာ ဆရာဆရာမတွေ မိဘတွေရယ်ကို ခေါ်တာ မဆန်းပါဘူး..။ အင်မတန်လှတဲ့ စကားလေးပါ..။ ပန်းပင်လေးတွေတောင် ဒီလိုဂရုစိုက် ရေလောင်းပေါင်းသင် အပင်ပန်းခံ လုပ်ပေးမှ ငွားငွားစွင့်လှပတဲ့ ပန်းပွင့်လေးတွေ ဖြစ်လာမယ်..။ အရည်အသွေးမှီတဲ့ ပန်းပွင့်လေးတွေ ဖြစ်လာမယ်လေ..။ ကိုယ်က မိဘနေရာမှာ ဆရာနေရာမှာ တစ်ချိန်ချိန်မှာ ရောက်လာမှာပါ..။ ဂရုစိုက်ဖို့လိုတာပေါ့..။

ကောက်ဆိုက်သမလေးတွေ စပါးသယ်ကြတယ်.။ ကျွန်တော်ရယ် သူငယ်ချင်းတွေရယ် လိုက်ပြီး ဓါတ်ပုံရိုက်ပါတယ်..။ သူတိုလည်း နည်းနည်းရွံ့တွံ့တွံ့ဖြစ်နေကြတယ်..။ သူငယ်ချင်းရဲ့ အစ်ကို ပါလာတော့ ဘာမှသိပ်မပြောကြပါဘူး..။ တယ်လီနဲ့ကို အနီးကပ်ရိုက်ဖြစ်လိုက်သေးတယ်..။ ပါးကွက်ကြားနဲ့ တောင်းကြီးခေါင်းဆောင်းလာတာ..။ သူတို့ စပါးကို ခေါင်းရွက်နဲ့ အဝေးကြီးသယ်ရတယ်..။ လယ်ထဲ နွားလှည်းနဲ့ ၀င်လို့မရရင် အဲလိုပဲ သယ်ရတယ်လေ..။ ပင်ပန်းတဲ့အလုပ်ပေါ့..။ အောက်ကပုံကတော့ စပါးသယ်ပြီးအပြန်မှာ ရိုက်ထားတာလေးပါ..။

စပါးခြွေရတာ လွယ်တာ မဟုတ်ပါဘူး..။ အတော်လေး ပင်ပန်းပါတယ်..။ စပါးပင်တွေကိုစည်း.. ပြီးတော့ ခုံဖြစ်ဖြစ် တန်းဖြစ်ဖြစ်ပေါ်မှာ အားနဲ့လွှဲရိုက်ရပါတယ်..။ အဲဒီလိုလုပ်တော့ စပါးစေ့လေးတွေ အောက်မှာရိုက်ချခံရလိုက်ရလို ကျန်နေခဲ့ပါတယ်..။ စကားခြွေတဲ့သူတွေက တစ်စည်းကို ၃ ကျပ်ရပါတယ်..။ အတော်နည်းတဲ့ ပမာနလို့ မထင်လိုက်ပါနဲ့ဗျာ..။ တစ်ရက်ကို မနည်းဘူး ပြီးတယ် ဆိုပဲ..။ ဒီတော့ ပိုက်ဆံလည်း အတော်စီတယ်တဲ့..။

အဲဒီကနေ ကျွန်တော်တို့ အေးအေးလူလူရှိတဲ့နေရာလေးမှာထိုင်ရင်း အညောင်းဖြေကြပါတယ်..။ လယ်ကွက်တွေ မနည်ဘူး လျှောက်လိုက်ရတယ်..။ နောက်ပြီး စပါးတွေရိတ်ထားလို့ လယ်ကွင်းတွေကနေ ဖြတ်လာလို့သာ အတော်မြန်တာ..။ လယ်ကန်သင်းတွေကနေဆို မလွယ်ဘူးလေ..။ အတော်ကို ခြေတိုနိုင်တယ်..။ ကျွန်တော်စကားပြောနေရင်းကနေ လက်က ငြိမ်ငြိမ် မနေဘူး..။ အဝေးကပန်းပင်လေးတွေကို ဓါတ်ပုံရိုက်နေတယ်..။

စကားပြောကောင်းနေတာ နေ့လယ်စာစားဖို့တောင် အချိန်လွန်နေပြီ..။ အိမ်ပြန်ကြစို့ဆိုပြီး ကျွန်တော်တို့ သူငယ်ချင်းအိမ်ရှိတဲ့ ရွာဘက် ထွက်လာခဲ့ပါတယ်..။ အဲဒီမှာ ထမင်းစားဖို့ ဟင်းတွေဘာတွေ အဆင်သင့်ပြင်ထားပြီးပြီ..။ ဟင်းချိုဟင်းတစ်ခွက်.. အချဉ်တစ်ပွဲ.. ငါးခြောက်ဟင်းတစ်ခွက်.. မြေပဲဆန်ကြော်.. ကြက်ဥကြော်တွေနဲ့ ဖွယ်ဖွယ်ရာရာ စီစဉ်ပေးထားတာတောင် ဟင်းကသိပ်မကောင်းလို့ အားနာတယ်ဆိုတဲ့စကားပြောလို့ ကျွန်တော်က ပြန်အားနာနေမိတယ်..။ ငါတို့အိမ်လာတာ ငါတို့က တာဝန်ကျေရမယ်ဆိုတဲ့ စိတ်ဓါတ်ကလေးတွေ ချစ်ဖို့ကောင်းပါတယ်..။ အားရပါးရစားပါလား.. ခွေးလိုဝက်လိုစားပါလား လို့ မပြောရုံတမယ်ပါပဲ..။ ရှမ်းပြည်ဘက်မှာ ဧည့်သည်ကို အားမနာအောင် အားပါးတရစားစေချင်လို့ ဒီလိုပြောတတ်တယ်လို့ ကြားဖူးတယ်..။

ထမင်းစားပြီး လှည့်ကြည့်လိုက်တော့ ကျွန်တော့်နားကို ကလေးလေးတစ်ယောက် လာရပ်နေတယ်..။ သူငယ်ချင်းရဲ့ တူမလေးပေါ့..။ ပါးနီတွေချယ်ထားတယ်..။ ကြည့်ရတာ သဘောကျသွားတယ်..။ ဒါနဲ့ကျွန်တော်ဓါတ်ပုံရိုက်ပေးမယ်ဆိုပြီး ကင်မရာလည်း ဆွဲလိုက်ရော သူ့အမေက ကလေးကို အင်္ကျီလေးလဲပေးချင်လို့ဆိုတယ်..။ ဒါနဲ့ ဟုတ်ကဲ့ဆိုပြီး သူငယ်ချင်းနဲ့ စကားပြောရင်း စောင့်လိုက်တယ်..။ အဲဒီအထိတော့ အိုကေပဲ..။ ကလေးအင်္ကျီအသစ်ကလေးနဲ့ထွက်လာတယ်..။ နောက်တော့ ကျွန်တော်က ရိုက်မယ်ဆိုပြီး ကင်မရာနဲ့ ချိန်တော့မှ အာပြဲနဲ့ အော်ငိုတော့တယ်..။ ဟီး..။ ကျနော် ဘီလူးချောချောလို့များ အဲသလိုငိုသလားမသိပါဘူးဗျာ..။

စားသောက်ပြီး ကျွန်တော်တို့ ပြန်ဖို့ပြင်ဆင်ရပါတယ်..။ အားလုံးကို သေသေချာချာနှုတ်ဆက်ခဲ့တယ်..။ ခဏတာ တွေ့ရပေမယ့် အတော်လေးကို ကျွန်တော်နဲ့အလွမ်းသင့်နေတဲ့ ကျွန်တော့်သူငယ်ချင်းအစ်ကိုကိုလည်း သေချာကျေးဇူးတင်ကြောင်းပြောပြီး နှုတ်ဆက်ခဲ့တယ်..။ အပြန်လမ်းမှာ ကျွန်တော်တို့ ရှင်လောင်းလှည့်တာနဲ့ ကြုံနေတယ်..။ ဒါနဲ့ ဓါတ်ပုံနည်းနည်းပါးပါး ရိုက်ခဲ့တယ်..။

ရွာက အပျိုတွေတဲ့… …

ဒီလိုနဲ့ပဲ ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန် ညနေ ၃နာရီကျော်ပါပြီ..။ ဒီပုံလေးတွေက ဒီနေ့ရလိုက်တဲ့ ပုံကောင်းလေးတွေပေါ့..။ တခြားပုံတွေ အများကြီးရှိပေမယ့် ဒီပုံလေးတွေကိုတော့ သဘောကျမိတာနဲ့ပဲ ဆွဲထုတ်တင်ဆက်လိုက်ရပါတယ်..။ မြန်မာရနံ့ မြန်မာဓလေ့လေးတွေ ငတ်မွတ်နေတဲ့ ပရိတ်သတ်ကြီးအတွက်ပါ..။ ဝေဖန် အကြံပြုပေးဖို့လည်း ကျွန်တော်မှ အနူးအညွတ် ဖိတ်ခေါ်ပါတယ်ဗျာ..။

ညီမင်းစံ

ယင်ကောင်

ယင်ကောင်ကို ရိုက်ထားတာ..။ ဒီကောင် ပို့စ်အပေးကောင်းသား..။ ၈၀ ၂၀၀ တယ်လီနဲ့ manual focus, manual aperture, manual shutter ချိန်ပြီး ကိုယ်ကို ရှေ့လေးနည်းနည်းတိုး နောက်လေး နည်းနည်းဆုတ်နဲ့ အပြင်းအထန် ကြိုးစားရိုက်ထားတာ..။

Diary

ဒီနေ့ တစ်နေကုန် အိမ်မှာပဲ နေဖြစ်လိုက်တယ်..။ ဘယ်မှမထွက်ဖြစ်ဘူး..။ ၀ယ်ထားတဲ့စာအုပ်လေးနှစ်အုပ် ဖတ်ကြည့်ဖြစ်တယ်..။ ဒေါက်တာတင်အောင် ရေးတဲ့ မိုးနတ်မင်းနှင့်ဒေါက်တာမိုးသီး တွေ့ဆုံခြင်း နဲ့ မိုးနတ်မင်းနှင့်ဒေါက်တာမိုးသီး ပြန်လည်တွေ့ဆုံခြင်း နှစ်အုပ်ပါ။ အဲဒီစာအုပ်က ကာတွန်းလေးတွေ ဆွဲထားတာပါ..။ Physics ကို သိပ်ခပ်မြင့်မြင့်တွေမပြောဘဲ ဗဟုသုတရမယ့် ကာတွန်းပုံလေးတွေ ဆွဲပြီး တင်ဆက်ထားတာဖြစ်လို့ ဖတ်ရတာကောင်းပါတယ်..။ တစ်ခုပဲ အားနည်းချက်ရှိပါတယ်..။ ဒေါက်တာတင်အောင်က ကာတွန်းဆွဲတဲ့ ကာတွန်းဆရာမဟုတ်လေတော့ ကာတွန်းရုပ်ကလေးတွေ ကြည့်ရတာ အသက်မ၀င် စိတ်မချမ်းသာလှပါဘူး..။ လက်ရာသေသပ်တဲ့ professional တစ်ယောက်ကို ဆွဲခိုင်းမယ်ဆိုရင် ပိုကောင်းမယ်လို့ စဉ်းစားမိတယ်..။ ပိုပြီး မြိုင်ဆိုင်ထိရောက်သွားမယ်လို့ စဉ်းစားမိတယ်..။ အဲဒီစာအုပ်က မုံရွေးစာစဉ်ပါ..။ မုံရွေးက ကိုတာတို့အုပ်စု လုပ်တာဆိုတော့ ပညာပေးစာစဉ်တွေအနေနဲ့ ထိရောက်တဲ့နည်းလမ်းတွေ ပိုပြီးရှာနိုင်မယ်လို့ ယုံကြည်ပါတယ်..။

ဆံပင်တွေရှည်နေတာကို အိမ်က ကြည့်မရပါဘူး..။ ကျွန်တော် ဆံပင်မညှပ်တာ နည်းနည်းတော့ကြာသွားပါပြီ..။ နည်းနည်းရှည်လာတော့ ညင်းသိုးသိုးရုပ်ပေါက်ပြီး လူမမာရုပ်ပေါက်နေတယ်လို့ ပြောတာနဲ့ စိတ်ပျက်လက်ပျက်နဲ့ပဲ ဆံညှပ်ဆိုင် သွားရပါတယ်..။ ဆံပင်ညှပ်ခက ၁၀၀၀ ပါ..။ မျက်ခွံအစ်သွားပါတယ်..။ အေးလေ..။ အကုန်တက်နေတော့ သူလည်းတက်တာပါပဲဆိုတာ လက်ခံပေမယ့် အတော်များများ ကုန်ပစ္စည်းဈေးတွေ ကျနေချိန်မှာ ဆံပင်ညှပ်ခ မကျရှာပါဘူး..။ ဒေါက်တာတင်အောင်ရေးတဲ့ ကာတွန်းစာအုပ်ထဲက လူတစ်ယောက်ပြောတာ သွားသတိရမိတယ်..။ ဆံပင်တွေရှည်နေလို့ တစ်ယောက်က မေးပါတယ်..။ အိုင်းစတိုင်းဂိုက်ဖမ်းထားတာလား မေးတော့ မဟုတ်ပါဘူးဗျာ.. ဆံညှပ်ခတွေဈေးကြီးလို့ အရှည်ထားထားတာပါတဲ့..။ ကျွန်တော်လည်း အရှည်ထားထားရင်ကောင်းမယ် စဉ်းစားပါတယ်..။ တော်တော်ကြာမှ အိုင်းစတိုင်းက မင်းထက် ပိုကြည့်ကောင်းသကွ ဖြစ်နေမှာစိုးတာနဲ့ ၁၀၀၀ ပေးပြီးညှပ်ရပါတော့တယ်..။

ဆံညှပ်ဆိုင်က ပြန်လာတော့ လူက ပြောင်ချော်ချော်ဖြစ်နေတယ် ခံစားနေရတယ်..။ တစ်မျိုးကြီးပဲ..။ ခေါင်းလျှော်ရေချိုးပြီး နေ့လည်စာ စားပါတယ်..။ စားရတဲ့အချိန်က ၂း၃၀ ဖြစ်နေပါပြီ..။ စားသောက်ပြီး စာအုပ်စဉ်က စာအုပ်တွေ ပြန်နွေးပြီး ဖတ်ဖို့ လိုက်ရှာပါတယ်..။ ထမင်းလုံးဆီ ဇိမ်ယစ်တာ စာအုပ်ကလေးတစ်အုပ်နဲ့ဆို ပိုမိုက်တယ် ထင်တာပဲ..။ ဒါနဲ့ စာအုပ်စဉ်မှာ စာအုပ်တစ်အုပ် ဆွဲထုတ်လိုက်တယ်..။ ဆရာတာရာမင်းဝေရေးတဲ့ ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး ဆိုတဲ့စာအုပ်လေးပါ..။ အဲဒီစာအုပ်ကို ဖတ်တာ ဘယ်နှခေါက်လဲဆိုတာ မသိဘူး..။ ဒါပေမယ့် ခုချိန်ထိ ဖတ်လို့ကောင်းတုန်းပဲ..။ အောက်မှာ ပြုစုထားတဲ့ စာရင်းက ကျွန်တော့်ဆီမှာ ကျွန်တော်ဝယ်ထားတဲ့ ဆရာတာရာမင်းဝေရဲ့ စာအုပ်တွေပါ..။ ဒီစာအုပ်စာရင်းမြင်တာနဲ့ ကျွန်တော်ဟာ ဆရာ့ရဲ့စာအုပ်တွေ တခုတ်တရဖတ်တယ်ဆိုတာ သိမယ်ထင်ပါတယ်..။

  • လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်
  • အလံမထူခဲ့သော လက်များ
  • ဆိုင်းသံဗုံသံမပါသော အက္ခ္ခရာများ
  • အာလာဒင်မသိလိုက်တဲ့ မီးခွက်
  • ကျွန်တော်တူးဖေါ်ခဲ့သည့် မြေဆိုင်မြေခဲများအကြောင်း
  • သိုးဆောင်းဂစ်တာတစ်လက်ရဲ့ မှတ်တမ်း
  • ပန်းလက်ဖ၀ါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး
  • အရှေ့မြို့ရိုးမှ မိုးရေစက်များ
  • လရောင်ကိုပန်၍ ညဥ့်ယံ၌လည်း မွှေးမြဖြူစင်နိုင်စေ
  • ၀တ်မှုန်တစ်စက်ရဲ့ အတ္ထုပ္ပတ္တိ
  • ကိုယ်ရေးကိုယ်တာ ပုရပိုက်
  • ပန်းခေတ်က လမင်း
  • တစ်ကိုယ်တော်ရေးတဲ့ ကကြီးခခွေး
  • ယန္တရားအရေခွံနဲ့လူ
  • သူ့အိုးပုတ်ကလေးကို ကျွန်တော်ပြန်မပေးပါ
  • ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လက် (ပထမပိုင်း)
  • ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လက် (ဒုတိယပိုင်း)
  • ခေတ်နေအတွက် စာတစ်ရွက်
  • စောင်းကြိုးတန်းလန်းနဲ့ လခြမ်း
  • ကတ်ကြေးတစ်လက်နဲ့ ကောင်းကင်တစ်ထည်
  • ကောင်းကင်အကြွေကောက်တဲ့လက်
  • ရှူး
  • နတ်ပျိုမအတွက်ပန်း
  • ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိမ်ပြန်ပွင့်ခွင့်ရသော်
  • ကိုယ့်လက်နဲ့ဖမ်းမိတဲ့ နဂါးငွေ့တန်း
  • စကားခုနှကြိမ်ကြာပြီးနောက်
  • တေးသွားနံပါတ် ၁၀၀၁
  • ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး
  • သင်နှင့်နံနက်ခင်းကိုသာ ၀င်ခွင့်ပြုမည်
  • ကိုးမရှိတဲ့န၀င်း
  • မှော်ဆရာရဲ့ ကျောင်းစာအုပ်
  • ပင်လည်အတုထဲကကျွန်း
  • ကျွန်တော်နှင့် ကြယ်မြင်လမြင် လောကဓံ
  • ပြိုင်မြင်းတို့၏ခွာသံ
  • ဧဒင်ကခြေသည်
  • စောင်းကြိုးပြတ်ရွာနှင့် မွန်းတည့်အလွန် ၄ နာရီ
  • ဘုံခုနှစ်ဆင့်မှာ လွင့်တဲ့တိမ်တိုက်
  • ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု
  • နေရဲ့အင်္ကျီ
  • ကြယ်သီချင်းနှင့် လမင်းသံစဉ်
  • ကျွန်တော်နှင့်အ၀ါရောင်ဗီးနပ်စ်
  • မျဉ်းဖြောင့်တစ်ကြောင်း၏ ဧရိယာ
  • ဆောင်းရာသီ ဒဿနများ
  • ဂါလီဗာအိပ်မက်

ညနေပိုင်းမှာ အင်တာနက်တက်လာဖြစ်တော့တယ်..။ အက်ဆေးတစ်ပုဒ် ချရေးဖြစ်ပေမယ့် ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ဘယ်တွေချော်တောငေါ့ကုန်တယ် မသိပါဘူး..။ တိုင်ပတ်နေတာနဲ့ ရေးထားတာ ချထားပြီး အပြင်ထွက်လာခဲ့တာပါ..။ စိတ်ထဲပေါ်တာတွေ အကုန်ထိုင်ရေးနေတော့လည်း ကောင်းသလို ကောင်းမယ်ထင်တာတွေမရေးမိဘူး ပြန်စဉ်းစားမိပြန်တော့လည်း မရေးချင်တော့ပြန်ဘူး..။ ဘယ်သူမှမသိပေမယ့် ကိုယ်ပြန်ဖတ်ကြည့်ရင် စိတ်ညစ်ရတာမျိုးတော့ မရေးချင်တော့ဘူး..။

ကင်မရာလေး ရောင်းရတော့မယ့် အခက်အခဲတွေ တွေ့လာရတယ်..။ ငွေကြေးမပြည့်စုံခြင်းဆိုတာလည်း မကောင်းဘူး..။ ရောင်းရမှာ နှမြောနေတယ်..။ တစ်ဖက်က ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေလည်း ပုံတိုက်နေတယ်..။ ကျွန်တော် ကင်မရရိုက်ရတာလေးရယ် ကင်မရာက ပုံလေးတွေ retouch လုပ်ပြီး result ကလေးတွေကြည့်ပြီး ဖန်တီးထားတာလေးတွေ ပီတိဖြစ်ရတဲ့အရသာကို စွန့်လွှတ်ရမယ်ဆိုတော့ ကျွန်တော် စိတ်မကောင်းဘူး..။ တတ်နိုင်သလောက်ကြိုးစားပြီး လုပ်ကြည့်ရတော့မှာပေါ့..။ ပင်လယ်ဆိုတာ ရပ်ကြည့်ဖို့မဟုတ်ဘူးတဲ့..။ ဖြတ်သန်းဖို့..။ အခက်အခဲနဲ့ ဒုက္ခဆိုတာလည်း ရပ်ကြည့်နေဖို့ တွေဝေနေဖို့မှ မဟုတ်တာ..။ ရင်ဆိုင်ဖြေရှင်းဖို့ပဲ..။

You received this email because you are subscribed to the real_time feed for http://blog.freeinmind.net/?feed=rss2. To change your subscription settings, please log into RSSFWD.