ထားရစ်ခဲ့တဲ့ ၂၀၀၈ နဲ့ ရှေ့ဆက်တိုးမယ့် ၂၀၀၉
တနှစ်တနှစ်ကုန်သွားရင် ငါဘာတွေဖြစ်ခဲ့သလဲ နောင်နှစ်မှာ ဘာတွေလုပ်မလဲ အဲဒီလို သုံးသပ်တတ်တဲ့ လူစားထဲကတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မယ်လိုဒီမောင်က ရေးစေချင်တယ်ဆိုလို့ ရေးကြည့်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈က ထူးခြားခဲ့ပါတယ်။ မှတ်မှတ်ရရတွေ အများကြီး ဖြစ်ခဲ့တာပေါ့။ အဲဒီအထဲမှာ….
မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်သက်လို့
ဒုတိယကမ္ဘာမှာ မမျှော်လင့်ပဲ တွေ့ဆုံခင်မင်ခဲ့ရတဲ့ တချို့ အတွက် ကျေနပ်တယ်။ တချို့သော အကြောင်းအရာတွေနဲ့ ပတ်သက်လာရင် အပြင်မှာ အဲဒီလောက် စကားပြောလို့ ကီးကိုက်တဲ့ သူငယ်ချင်းမျိုး မရှိခဲ့သလောက်ပဲ။ ဒါပေမယ့် လက်ရှိပြင်ပကမ္ဘာက သူငယ်ချင်းတွေအတွက် အချိန်ပေးတာ အရမ်းနည်းသွားခဲ့လို့ စိတ်မကောင်းဘူး။
အများအကျိုးနဲ့ပတ်သက်လို့
ကိုယ့်မွေးနေ့ရက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် နာဂစ် ရောက်လာခဲ့တယ်။ သိကျွမ်းခင်မင် ပတ်သက်သူတွေ အများကြီး အပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တယ်။ အတတ်နိုင်ဆုံး ကိုယ်ထိလက်ရောက် ကူညီခွင့် ရခဲ့တဲ့ အချိန်ပိုင်းလေးအတွက် အတိုင်းအတာ တခုအထိ ကျေနပ်မိပါတယ်။
သို့သော်လည်း တနှစ်လုံးကို ခြုံကြည့်လိုက်ရင် ကိုယ့်ဘ၀ တိုးတက်မှုအတွက် အချိန်တွေကို ဒီ့ထက် အကျိုးရှိရှိ မျှတအောင် စီမံနိုင်ခဲ့သင့်တယ် လို့ ထင်တယ်။
လာမယ့် ၂၀၀၉ အတွက်တော့ ဘလော့ဂ်နဲ့ ပတ်သက်တာတွေကိုပဲ ပြောပြပါရစေ။
၂၀၀၈ နှစ်မကုန်ခင် ဘလော့ဂ်ထဲမှာ စစ်တမ်းလေးတခု ကောက်ခဲ့ပါတယ်။ ၃ လလောက် ကြာတယ် ထင်တာပဲ။ မဲကို တခုထက်ပိုပြီး ရွေးချယ်ပေးလို့ရတဲ့ option ကို ဖွင့်ပေးခဲ့ပါတယ်။
ရလာဒ်ကတော့ ရေးချင်တာရေးဖို့ မဲပေးတဲ့ အဖြေများတယ်။ ၀တ္ထု ကဗျာတွေကိုလည်း ပိုရေးစေချင်ကြတယ်။ စုစုပေါင်း မဲပေးကြိမ် ၁၉၀ ထဲမှာ ဘာရေးရေး မကြိုက်တာကလည်း ၁၉မဲ ရှိတာတွေ့ရတယ်။ ၁၀% သော မဲပေးသူများက ကိုယ်ရေးတာ ဘာတခုမှမကြိုက်တာ ဖြစ်နိုင်သလို တစ်ယောက် နှစ်ယောက်လောက်ကပဲ ထပ်ကာတလဲလဲ မဲပေးနေရင်တော့ အလွန့်အလွန်ကို မကြိုက်သောသူ အနည်းငယ် ရှိနေတယ်လို့ ယူဆရမယ်။ မှတ်သားဆင်ခြင်စရာပါ။
ကိုယ့်အတွက်တော့ စာရေးတယ်ဆိုတာ သူများကို ဖတ်စေချင်တယ် ဆိုတာ သေချာပါတယ်။ ဖတ်သူရှိမှလည်း အဓိပ္ပာယ်ရှိတာပါပဲ။ မှတ်ချက်တွေ cbox တွေ တပ်ဆင်ထားတဲ့ ဘလော့ဂ်ထဲ လာရေးနေမှတော့လည်း တုံ့ပြန်မှုဆိုတာ အရေးပါတာ ထင်ရှားတယ်။ လာဖတ်ဖြစ်အောင် အတင်းဆွဲဆောင် တိုက်တွန်းခြင်း နဲ့ ရေးချင်တာရေးပြီး လုံးဝ လျစ်လျူရှုထားခြင်း ဆိုတဲ့ အစွန်းနှစ်ခုကို ရှောင်ပြီး သင့်တင့်တဲ့ အလယ်အလတ် အနေအထားနဲ့ စာဖတ်သူတွေကို ထိတွေ့ဖို့ ကြိုးစားရပါဦးမယ်။
မည်သို့ပင်ဖြစ်စေ ဘလော့ဂ် ဆက်ရေးဖြစ်မှာပါ။ ဘလော့ဂါ ဆိုတာထက် စာရေးချင်လွန်းလို့ ရေးထားတဲ့ စာတွေကို ဘလော့ဂ်ထဲမှာ တင်တဲ့လူ ဆိုတော့ အချိန် ကလွဲလို့ တခြားအရာတွေက ကန့်သတ်သွားလိမ့်မယ် မထင်ဘူး။ ကိုယ်ရေးကြည့်ချင်တဲ့ စာမျိုးကို ၁၀% လောက်တောင် မရေးရသေးဘူး ထင်တာပဲ။ ပါစင်နယ်တွေတော့ ပိုလျှော့ရေးဖြစ်မယ်။ (အခုလည်း အများကြီးတော့ မပါဘူးထင်ရဲ့။) စာရေးဖို့နဲ့ စာဖတ်ဖို့အတွက် အချိန်တွေ မလောက်မင ဖြစ်လာရင်တော့ အွန်လိုင်းမှာ စကားပြောမိတာကို အရင်ဆုံး လျှော့ဖြစ်မယ်။ ဂျီတော့ခ် မ၀င်သလောက် ဖြစ်လာနိုင်တယ်။
ဒီစာရေးနေရင်းမှ resolution ချတာဟာ ပိုပြီး စိတ်ဓာတ်ကျစရာ နောင်တရစရာ ဖြစ်လာနိုင်တယ် ဆိုတဲ့ ရှုထောင့်က ရေးထားတဲ့ သတင်းဆောင်းပါးလေး တစ်ပုဒ် ဖတ်လိုက်ရသေးတယ်။ ဒီတော့ အခု စဉ်းစားထားတာတွေ ဖြစ်ချင်လည်းဖြစ် ဖြစ်မလာလည်း နေပေါ့လေ။ ပေါ့ပေါ့ပါးပါးပဲ ထားပါတယ်။ အလုပ်ထဲက KPI တွေနဲ့တင် ကိုယ့်ကိုယ်ကို ဖိစီးမှုပေးနေရတာ လုံလောက်သင့်ပြီ။
You received this email because you are subscribed to the real_time feed for http://pandora-and-pandora.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.