Saturday, January 3, 2009

[စည်းလုံးခြင်းရဲ့ အင်အား] 2 New Entries: အသားကင် စားချင် သေးလား

အသားကင် စားချင် သေးလား

တောက်တဲ့ (နံမည်ပြောင်) နှင့် သူငယ်ချင်း ဆားပုလင်းများ ခံခဲ့ရပုံ

ဆောင်းပါးရှင် - အနော်ရထာ (အမျိုးသားထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး)

စာဖတ်သူများ ခင်ဗျား-

အမျိုးသား ထောက်လှမ်းရေး အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မေမြို့ စစ်တက္ကသိုလ် ကျောင်းဆင်း တပ်မတော် အရာရှိ တစ်ဦးက "အသားကင် စားချင်သေးလား" ဆိုတဲ့ ဆောင်းပါးကို ကလောင်နံမည် အနော်ရထာ ဖြင့် ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ ယခုလို ပေးပို့တဲ့ အမျိုးသား ထောက်လှမ်းရေး အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆောင်းပါးရှင် အနော်ရထာအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ အဆိုပါ တပ်မတော် အရာရှိရဲ့  ဆောင်းပါးများ ပေးပို့လာတဲ့အပေါ် မူတည်ပြီး အပတ်စဉ် အလျဉ်းသင့်သလို စာဖတ်သူများအား တင်ပြသွားပါမယ်။ ဒီဆောင်းပါးမှာ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့  အသက်ခန္ဓာ လုံခြုံရေးကို မတော်တဆ ထိခိုက်လာပြီဆိုရင် သူတို့ ယုံကြည်စိတ်ချရပါတယ်ဆိုတဲ့ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကိုတောင်မှ ခွင့်မလွှတ်ဘဲ အရေးယူတာမို့ တပ်မတော်သားများအနေနဲ့ သတိ သံဝေဂတရား ရရှိဖို့ တင်ပြထားပါတယ်။

မှတ်မှတ်ရရပေါ့ (၅ဝ)နှစ်ပြည့် တမ်မတော်နေ့ မရောက်ခင် တစ်နေ့ (၂၆-၃-၁၉၉၅) ရက်နေ့က ကမ္ဘာအေး ဆွမ်းဆန်စိမ်း လောင်းလှူပွဲဟာ တပေါင်းလပြည့်နေ့ နှင့်ကြုံနေတော့ ကျွန်တော် တို့ ထောက်လှမ်းရေးတွေ အလုပ် တော်တော်များ နေခဲ့ကြတာပေါ့၊ အဲဒီအထဲ ကျွန်တော်တို့က ကံဆိုးခဲ့တာလား၊ ကံကောင်းခဲ့ တာလားတော့ မသိဘူး ၊ပြောစရာတစ်ခု ချန်ထားခဲ့တယ်လေ၊၊

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်အာဏာရှင် တော်တော်များများကို ချီးပန်းအောင် လုပ်လိုက်မိလို့ပါ၊၊ ဖြစ်စဉ်ကတော့ ဒီလိုပါ။ တပ်ချုပ်နဲ့ တက်ရောက်လာကြသော ဗိုလ်ချုပ်များကို ကျွန်တော်တို့ ထောက်လှမ်းရေးမှ စေတနာဗလပွဖြင့် အသားကင်နှင့် ဧည့်ခံဖို့ တာဝန်ယူထားလေရာ ကျွန်တော်တို့က ဝယ်ယူရေး တာဝန်ကျပါတယ်၊၊ အဲဒီနေ့နံနက် စောစောပိုင်းမှစပြီး သူငယ်ချင်းအရာရှိ တစ်ဦး ကြောင်ရှာကောင်း၍ (ဂွင်ကောင်းကောင်း) ရထားသော ကားဖြင့် မြို့ထဲသို့ သွားကာ လမ်းမတော်နှင့် လသာမြို့နယ်များမှ အသားကင်ဆိုင်များကို အခြားသူများအား ပေးမရောင်းစေဘဲ လည်ပင်းညှစ် အသားကင်များကို ဝယ်ယူပြီး ကမ္ဘာအေးဘုရားသို့ ပြန်ခဲ့ကြပါတယ်၊၊ မျက်နှာလို မျက်နှာရ လုပ်၍ လှပစွာဖြင့် CID မှုခင်းတပ်ဖွဲ့မှ ဒုရဲအုပ် ရဲမေ များက ပြင်ဆင်ကာ ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်၊၊ အားလုံးပြီးစီး၍ ပြန်သွားကြပြီး နောက်နေ့ ညနေ ၅နာရီခန့်မှာတော့ ရုတ်တရက် ကျွန်တော်တို့ကို နေထိုင်ရာနေရာ အသီးသီးမှ အမှတ်(၂) စစ်အကျဉ်းထောင်၊ ရွှေပြည်သာသို့ ပင့်ဆောင် ခေါ်ယူသွားပါတော့တယ်၊၊ စစ်ကြောရေးစခန်းမှာ ဗိုလ်မှူးတစ်ဦးနဲ့ ဒုဗိုလ်မှူးကြီး တစ်ဦးတို့က ညီလေးတို့တော့ နိုင်ငံတော်လုပ်ကြံမှု၊ အင်းစိန်ထောင်နဲ့ ရွှေပြည်သာထောင် ကြိုက်တာသာ ရွေးပေတော့လို့ ပြောလာရာ ကျွှန်တော်တို့ (၅)ယောက် ဘုမသိ ဘမသိဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ရပါတော့တယ်၊၊

စစ်ကြောရေးမှာ (၂)ည အိပ်ပြီးတဲ့နောက် ညီလေးတို့ မိခင်တပ်ကို ပြန်လည်သတင်းပို့ပါလို့ စစ်ကြောရေး တပ်မှူးက ပြောပြီး တပ်ပိုင်ကားဖြင့် လိုက်ပို့ပေးပါတယ်၊၊ တပ်ရောက်မှ အသေးစိတ် သိရတာက ဖြစ်ကြောင်း ကုန်စင်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

အသားကင်များ စားပြီးနောက် တပ်ချုပ်ြကီးခမျာ ဝမ်းတော်လားကာ ဒရစ်ပုလင်းကြီး ခြောက်လုံးတောင် သွင်းရကြောင်း တပ်ချုပ်ကတော်မှာလည်း ပန်းမမဘ၀ရောက် အားပြတ်သလို ဖြစ်သွားကြောင်း၊ စစ်ရေးပြ အခမ်းအနားမှာ တပ်ချုပ်အနေနဲ့ စစ်ရေးပြ စင်မြင့်ပေါ်သို့ လူတွဲ၍ သွားရကြောင်း၊ စတန့်ထွင်ခြင်း မဟုတ်ရကြောင်း၊ ဗိုလ်ချုပ် တော်တော်များများလည်း ယင်းသို့ဖြစ်ကြကြောင်း၊ ဒါကြောင့် ဝယ်ယူသူ အားလုံးကို တပ်ချုပ်မှ ဖမ်းချုပ်ခိုင်းခြင်း ဖြစ်ကြောင်း စသဖြင့် သိရှိရပါတယ်၊၊

ဒါပေမဲ့ ဓါတုဗေဒဝန်ရုံးမှ ဆေးစာအရ အသားကင်နှင့် တို့၍စားသော အချဉ်ရည်မှာ ပြင်းထန်သော ဝမ်းရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသဖြင့် ဒီကိစ္စ ဒီလောက်နဲ့ ပြီးသွားခဲ့ပါတယ်၊၊ ကျွန်တော်တို့ကိုတော့ ခွင့်မလွှတ်ဘဲ ကိုယ်ရေးရာဇ၀င်မှာ မှင်နီ ပါအောင် တားကာ ရာထူး နှောင့်နှေးစေတဲ့ ပြစ်ဒဏ် မှတ်တမ်းတင် သတိပေးခြင်း ခံလိုက်ရပါတယ်၊၊

ကျွန်တော်တို့ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ဟာ အဲဒီဖြစ်စဉ်ကြောင့် ဒေါကန်ပြီး "ကြွက်မနိုင် ကျီ မီးနဲ့ ရှို့ " ပါတော့တယ်။ လမ်းမတော်နှင့် လသာမြို့နယ်များရှိ အသားကင်ဆိုင် အားလုံးအား ည ၁၁းဝဝနာရီ ထိသာ ရောင်းချရမည် ဖြစ်ကြောင်း နှိပ်ကွပ်ပါတော့တယ်။ အဲဒီမြို့နယ်များမှ ကာရာအိုကေနှင့် အနှိပ်ခန်းများ ၊ချဲဒိုင်များ ကိုလည်း လိုင်းကြေး ပိုတောင်း ကောက်ခံပါတော့တယ်။ တောက်တဲ့ (နံမည်ပြောင်) နှင့် သူငယ်ချင်း ဆားပုလင်းများ ခံခဲ့ရပုံ အပိုင်း(၁) ဤမှာပြီးပါတယ်၊၊ တပ်ချုပ်သာ အဲဒီကိစ္စမှာ မာလကီးယားပြီး သေသွားခဲ့ရင် ယနေ့တပ်မတော်နှင့် ပြည်သူတို့ အခုလို ဒုက္ခတွေ ခံစားချင်မှ ခံစားနိုင်ပါမယ်၊၊ ဒါကြောင့် တပ်ချုပ်ကြီးအား အသားကင် စားချင်သေးလားလို့ မေးကြည့်ချင်ပါသေးတယ်။ စားချင်ရင်တော့ ဒီတခါ တကယ် မာလကီးယားအောင် ကျွေးပလိုက်မယ်လို့ စိတ်ကူးမိ ပါသေးတယ် ခင်ဗျား။

တရားသော စစ်

တရားသော စစ်

ဆောင်းပါးရှင် - ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း တစ်ဦး

အရပ်ဘက် တာဝန်ကို ယနေ့ လက်ရှိ ထမ်းဆောင်နေသော ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း တစ်ဦးက ကျွန်တော် ကိုဖိုးတရုတ်ထံ ဆောင်းပါးတစ်ပုဒ် ရေးသားပေးပို့ လာပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲဟာ တရားသောစစ် ဖြစ်တဲ့အကြောင်း ရဲရဲဝံ့ဝံ့ ရေးသားပေးပို့ လာတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ဆောင်းပါးရှင်ကို စည်းလုံးခြင်းရဲ့အင်အား ဘာလော့ဂ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ လာမဲ့ ၂၀၀၉ နှစ်သစ်ကူး ရက်တွေမှာလည်း အထူးအစီအစဉ် အနေနဲ့ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ တပ်မတော်အရာရှိများ ပေးပို့ထားသော ဆောင်းပါးများကို တင်ဆက်ပေးမဲ့အကြောင်း အားပေးနေတဲ့ စာဖတ်ပရိတ်သတ်များကို သတင်းကောင်းပါးအပ်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာ ယခုလက်ရှိ ဖြစ်ပျက်နေပုံကို ကွက်ကွက်ကွင်းကွင်း ပြောပြချင်တယ်။ ဘာလဲဆိုရင် စာချိုးလေးတစ်ခုပါ။

"လူဆိုး သူခိုး ပွပေါက်တိုး၊ လူရိုး လူဖြောင့် ဆန်ပြုတ်သောက်၊ လူကောင်း လူတော် ထောင်မှာပျော်" တဲ့။ ကိုဇာဂနာတို့ ကိုစောဝေတို့ တော်ချက်ကဗျာ။ ငတိုအစိုးရက သူတို့ကို ကြောက်လိုက်ပုံများ နှစ်ပေါင်းများစွာ ချုပ်ထားတယ်ဗျာ။ ပေးပေး မပေးပေး ငါ့ရွှေခွက်ပေး ဆိုတဲ့ ငယ်ငယ်တုန်းက ရွှေမန်းတင်မောင်ရဲ့ ဥစ္စာရှူး ဇာတ်ထုတ်လိုဘဲ၊ ပေးပေး မပေးပေး ငါ့အာဏာပေး ဆိုသလိုဘဲ ဒီအာဏာရှူးတွေရဲ့ ကယောင်ကတမ်းနဲ့ မိုက်ကမ်းပုံက ယပ်တောင်ကမ်းရဖို့တော့ သေချာနေပြီ။ တော်တော် အကုသိုလ် ကြီးနေတဲ့ "အစိုးမရ" ဘဲ။ ကျွန်တော်လည်း တပ်မတော်သား တစ်ယောက် ဖြစ်ခဲ့ပါတယ်။ တပ်မတော်ကို သိပ်ချစ်ပါတယ်။ သိပ်ချစ်လို့ ဒီလိုပြောရပါတယ်။ မြန်မာ့တပ်မတော်ဟာ လူတစ်စုကြောင့် ပြည်သူနဲ့ ရန်သူဖြစ်နေတယ်။ ကမ္ဘာ့အလယ်မှာ တံတွေးခွက်ထဲ Underwear နဲ့ လန်ကွတ်တီနဲ့ မျှောနေတယ်။

အမှန်အကန်တစ်ခု ပြောပြအုံးမယ်။ ကျွန်တော်သိတဲ့ ညီငယ်အရာရှိ တစ်ယောက်ဟာ ရုရှားကို ပညာတော်သင် သွားဖို့ ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး လိုက်ရတယ်တဲ့။ သူ့ပြန်လာတဲ့ အခါကျတော့ တပ်က ထွက်တော့မလို့ ငွေကြေးအမြောက်အများ အကုန်အကျခံပြီး ထွက်ခွင့်ကျအောင် လိုက်အုံးမလို့တဲ့၊ သဘော ကတော့ဗျာ စစ်တပ်အရာရှိ တစ်ယောက်အနေနဲ့ စစ်အာဏာရှင် တွေကို စိတ်ကုန်လို့ မလုပ်ချင်တော့ဘူး ဆိုပါတော့။ ဒီမိုကရေစီကျကျ သတင်း လွတ်လပ်ခွင့် ပေးကြည့်ပါလား။ ဒီစစ်အစိုးရ "မျိုး" တောင် ကန်းသွားအုံးမယ်။ ဆက်သွယ်ရေးတပ်က အရာရှိတချို့ တောင် အီးမေးလ်ကို မသိဘူး ဘာအရောင်လဲ ဘာလုပ်ရတာလဲတဲ့။ "ခေတ်မှီ ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံ" အကြောင်း ပြောပါတယ်။ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ တိုင်းပြည် တကယ်ချစ် တကယ်ကောင်းစားတာ မြင်ချင်လို့ ဘ၀တွေ အသက်တွေ ပေးပြီး ဖြတ်သန်းခဲ့ကြ၊ နီလာသိန်းတို့ မီးမီးတို့ စုစုနွေးတို့ မိန်းမသားတွေတောင် အမှန်တရားအတွက် ပေးဆပ်ရဲခဲ့ကြတာ ပြည်တွင်းပြည်ပက အတိုက်အခံတွေ အွန်လိုင်းပေါ်မှာဘဲ အချိန်ကုန် ကြတော့မလား။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကျကျ အရပ်သားအစိုးရ အုပ်ချူပ်ဖို့၊ စစ်အစိုးရ ပြုတ်ကျဖို့ တိုက်ရတဲ့  တရားသောစစ်ပွဲအတွက် စစ်ရေးနည်း၊ အနုနည်း၊ အကြမ်းနည်း၊ ဘာနည်းညာနည်း ရှိသမျှ အကုန်ပေါင်းချကြပါတော့လား။

အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးတဲ့၊ အခု မွေးရာပါ လူ့အခွင့်ရေးအတွက် ဒီမိုကရေစီ ဆိုတဲ့ တိုက်ပွဲဟာ တရားမျှတလို့ ပိုလို့တောင် တိုက်သင့်တယ်။ တိုက်ရမယ်။ စစ်အစိုးရ အုပ်ချူပ်လို့ စစ်တပ် အောက်ခြေရော ကောင်းစားသလား။ နေ့စဉ်နဲ့အမျှ ထွက်ပြေးနေကြတဲ့ တပ်ပြေးတွေ၊ ပြည်သူလူထုနဲ့ ထပ်တူ ဆင်းရဲ နိမ့်ကျနေတာတွေကို အောက်ခြေ အရာရှိ စစ်သည်တွေ လက်တွေ့သိကြတယ်။ ဒါကြောင့် သူတို့ အနေနဲ့ လက်တွေ့မှာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး အချိန်ကောင်း အခါကောင်း တစ်ခုကို ဖန်တီးဖို့ဘဲ လိုတယ်။ တိုင်းပြည်ကို တိုးတက်အောင် မလုပ်နိုင်ရင်လည်း သိက္ခာရှိတဲ့ အစိုးရ အနေနဲ့ နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေဟာ နိုင်ငံသားတိုင်း အနေနဲ့ လုပ်ကိုလုပ်ရမဲ့ မွေးရာပါ တာဝန်ဘဲ။ ပြည်သူထဲက ပေါက်ဖွားလာတဲ့ တပ်မတော်သားတွေ အနေနဲ့ အမှန်တရားကို သိမြင်ဖို့လိုတယ်။ အာဏာရှင်တွေကို ကာကွယ်ပေးဖို့ မလိုဘူးဆိုတာကို သိစေချင်တယ်။

တပ်မတော်သားတွေ အနေနဲ့ ပြည်သူ့ဘက်ကို ရပ်တည်ဖို့ တိုးတက်နေတဲ့ အနီးကပ်ဆုံး ထိုင်းနိုင်ငံရဲ့ ဖြစ်စဉ်ကိုဘဲ ကြည့်လိုက်ကြစမ်းပါ။ အရင်တုန်းက ကျွန်တော်တို့ လက်အောက်ရောက်ခဲ့တဲ့ ဒီနိုင်ငံကို ယနေ့မှာတော့ ကျွန်တော်တို့ လူမျိုးတွေ ကျွန်သွားခံနေရတာကို ရင်နာကြစမ်းပါ။ ကျွန်တော်တို့ ဇာတိ ပဲခူးနယ် တ၀ိုက်မှာ အသိတွေကို မေးလိုက်ရင် ထိုင်းမှာ အလုပ်သွားလုပ် နေတယ်ချည်းဘဲ။ အမျိုးကို ချစ်တယ် တိုင်းပြည်ကို ချစ်တယ်ဆိုရင် ဘာလုပ်သင့်တယ် ဆိုတာ သိကြစမ်းပါ။ ထိုင်းနိုင်ငံမှာ ထိုင်းစစ်တပ်က ပြည်သူ့ဆန္ဒကို လုံးဝ အခွင့်အရေး ပေးတယ်။ ပြည်သူတွေဟာ ၀န်ကြီးချူပ်တွေကို ဆက်တိုက်ဖြုတ်ချ နိုင်ခဲ့တယ်။ အခု မြန်မာတပ်မတော်က စစ်တပ် အရာရှိတွေဟာ ငအောင်သောင်းတို့လို သူ့အမျိုး သူချစ် သူတို့ကောင်းစားအောင်ဘဲ သူတို့ လုပ်နေတာကို ထိုင်ကြည့်နေရတယ်။ မောင်သန်းရွှေတို့ သူ့ရဲ့ တရားမ၀င် သားမက်လက်ထဲကို တိုင်းပြည် ရောင်းစားနေတာ ကိုလည်း လက်ပိုက် ကြည့်နေရတယ်။ ပထွေးတရုတ်ကို သူခိုးဈေးနဲ့ တိုင်းပြည် အဆီအနှစ်တွေကို ဆက်သနေကြတာကို မသိဟန်ဆောင် နေကြရတယ်။

ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ ဘ၀ ဘယ်လောက် ဆိုးရွားနေသလဲ ဆိုတာ မိဘဖြစ်တဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုပြီး ရက်စက်ယုတ်မာတဲ့ ပထွေးတစ်စုကို ကာကွယ်ပေး နေရတယ်။ ဒါကြောင့် ဒီနေ့ကစပြီး တပ်မတော်သားတွေ အားလုံး ပြည်သူ့ဘက် ရပ်တည်ကြဖို့ လူတစ်စု ကောင်းစားဖို့ထက် လူထုကောင်းစားဖို့ အာဏာရှင်စနစ်ကို ပြည်သူနဲ့ လက်တွဲတိုက်ပွဲဝင်ြကပါလို့ တပ်လှန့် နှိုးဆော် လိုက်ရပါတယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.