မိုးမောင်ရဲ့၂၀၀၈ ပြန်တမ်း
ကျနော်မိုးမောင်က ဟတ်ပီးကလောက်ဆိုတဲ့ ဆိုင်းဝိုင်းကြီးမှ နှဲဆရာတစ်ဦး ဖြစ်ပါတယ်။ တစ်ရက်မှာ 2009 ကို ကြိုဆိုပွဲအဖြစ် စိုင်းစိုင်းရဲ့ One man show မှာ တီးမှုတ်ပေးရမယ့် "မင်းတို့ရဲ့လက်တွေ လေထဲကို မြှောက်ထား လိုက်" ဆိုတဲ့သီချင်းကို ကျနော့်နှဲလေးနဲ့ တီးကွက်ဖော် လေ့ကျင့်နေမိပါတယ်။ အဲဒီအချိန်မှာ ယနေ့ နာမည်ကျော်ကြား လူကြိုက်များလှတဲ့ အန်တီမီဆိုတဲ့ ဇာတ်မင်းသမီးကြီးတစ်ယောက်က သူ့တို့အိမ်မှာ ကောက်ညှင်းပေါင်း လုပ်စားလို့ ဆိုပြီး.. ကျနော့်အိမ်ကို ကောက်ညှင်းပေါင်း လာပို့ပါတယ်။ ပြီးတော့ မှာသွားပါသေးတယ် အခုချက်ချင်း အကုန်စားရမယ်နော်တဲ့။
သူက ယနေ့ ရေပန်းရော မီးပန်းပါစားနေတဲ့ နာမည်ကျော်မင်းသမီးကြီးဆိုတော့ မိုးမောင်တစ်ယောက်ကြောက် ရတာပေါ့ဗျာ။ ဒါနဲ့ နှဲမှုတ်လျက် တန်းလန်းကနေပဲ ကောက်ညှင်းပေါင်းလေးစားလိုက် နှဲလေးပြန်မှုတ်လိုက်နဲ့ လုပ် ရတာ။ အဲသလို ကောက်ညှင်းပေါင်းစားရင် နှဲမှုတ်ရတော့ လက်ပေါက်တွေက ကပ်ကပ်နေတာပေါ့း)။ ပြီးတော့ ကျနော့် စိုင်းစိုင်းသီချင်းကလဲ ဘယ်လိုအသံတွေ ထွက်လာမှန်းမသိဘူး။ အဲဒီ့ အသံထွက်တွေနဲ့သာ စိုင်းစိုင်းကို တီးပေး ရရင် စိုင်းစိုင်းဝမ်းပါချုပ်သွားနိုင်တယ်ဗျး)။
အပျော်ပါဗျာ.... ဟဲ..ဟဲ....
ခင်လို့မင်လို့ ကြည်စားတာပါ...း)။ ကျနော်ခင်မင်ရတဲ့ အမကြီးမယ်လိုဒီမောင်က "နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးချိန်" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကျနော့်ကို Tag ထားပါတယ်။ အမှန်တော့ မမီကကျနော်ကို "တိန်" ကနဲမြည်အောင် ထု လိုက်တာဗျ။ ကျနော့်ရဲ့ ၂၀၀၈ဖြတ်သန်းပုံကို ပြန်ပြီးအနှစ်ချုပ်ရရင် နောင်လာနောက်သား လူငယ်တွေ အတု ယူမှားမှာတောင် ဆိုးရတယ်.. မကောင်းမှုအားပေးတွေများတာကိုး။

ပြီးတော့ ဒီနှစ်ထဲ အကြိမ်ကြိမ်ပေါင်းမိတဲ့ သူတွေကလဲ ကြည့်အုံး... ယိမ်းနွဲ့ပါးက သူရာမန်း မိုးကြယ်တို့အဖွဲ့၊ အိမ်မက်ရှင်၊ မိုးမြင့်တိမ်(လတ်တလော ဘလောဂ့်ပြေး) အဲသလို ပုဂ္ဂိုလ်ထူးတွေနဲ့ ဆိုတော့ကာ... (အား..လား... မား.. ကိုယ့်ဘာသာတောင် လန့်မိတယ်ဗျ) သူတို့နဲ့ တိုးတိုးတိတ်တိတ်ပြောရမယ့် ဟာတွေတောင်ပါသဗျ ဟေး..ဟေး။ ဒီကြားတဲ့ ကိုရင်နော်ကြီးကတမှောက်... ကလေးလေးက ဘီအီးပုလင်းဖွက်ထားလို့ပါ ပြောပြောပြီး ဟတ်ပီးကလောက်မှာ တင်သမျှအရက်တွေ လာလာမော့တတ်သေး..း)။ သူလုပ်မှ ဟတ်ပီးကလောက်က ခွက်ပုန်းအရက်ဆိုင်လိုလို ဘာလိုလိုတောင် ဖြစ်တော့မယ်။ နောက်လာကြည့် အကြွေးမရောင်းဘူး..(အဲလေ) ပြောနေရင်း...း)။
၂၀၀၈ရဲ့ အပြောင်းအလဲသစ်အနေနဲ့ နှစ်ဆန်းပိုင်းလောက်မှာ ကျနော့ကိုဘလောဂ့်ဆိုတဲ့ ကူးစက်ရောဂါပိုးက ၀င်စပြုနေပြီ၊ အဲ..သိပ်မကြာဘူး ဆိုးသွမ်းဆိုတဲ့ ငတိနဲ့သွားလဲပေါင်းမိရော ရောဂါကအလျင်အမြန်ကို ကူးစက် တော့တာပါပဲ။ နောက်.. မီးလောင်ရာလေ့ပင့်တတ်တဲ့ ကိုဖိုးမောင်နဲ့ပါ ထပ်တွဲမိတယ်။ သူနဲ့ကလဲ နဂိုကမှ ဆွေမျိုးမကင်းတဲ့ ဖအေမတူ မအေကွဲ ညီအကိုဖြစ်နေတော့ သူ့စကားကို ပိုပြီးနားယောင်တော့တာပေါ့ဗျာ။ ဒါနဲ့ နှစ်ဆန်းပိုင်းမှာတင် စပြီးဘလောဂ့်မိကြတယ်။
၂၀၀၈ခုနှစ်ကို ထဲထဲဝင်ဝင် ချဉ်းနင်းလာမိတော့ ဖိုးမောင်နဲ့ မိုးမောင်နှစ်ယောက်ပေါင်းပြီး ဘလောဂ့်မှာ ဗုံမကျ ပတ်မကျ.. ၀တ္တုလိုလို ကဗျာလိုလိုတွေက တော်တော်ရေးမိနေပြီ။ ကိုယ့်ဘာသာပြန်ဖတ်မိတော့ တစ်ယောက် ယောက်ကများ လက်လွန်ခြေလွန် လာဆဲမှာစိုးလို့ ရပ်ထားရင်တောင် ကောင်းမလား စဉ်းစားမိသေးတယ်။ ဒီကြားထဲ အချင်းချင်းသတိပေးနေတဲ့ကြားက သမိုင်းလမ်းဆုံဖက် ရောက်ရောက်သွားလို့ ဆူးလေးဖက်ကား ပြောင်းစီးရတာလဲ ခဏခဏး)။ အဲသလို နှစ်ယောက်တိုင်ပတ်နေတုန်း.. မအိမ်သာ(အဲလေ)မွှားလို့.. မအိန္ဒြာဆို တဲ့ ကဗျာမကြီး..(အာ..မှားပြန်ပြီ) ကဗျာဆရာမကြီးနဲ့ ထပ်တွေ့တော့ သုံးယောက်ပေါင်းပြီး လောင်းကိုကျော် တော့တာပါပဲး)။
အခုလို ၂၀၀၈ ကုန်ခါနီးလဲရောက်ရော မိုးမောင်လဲ ရှိသမျှပေးစရာ အကြွေးတွက်မိတာ နှလုံးရောဂါတောင် ဖြစ်ချင်သလိုလိုဖြစ်သွားတယ်။ ဒါနဲ့ ၂၀၀၈ခုနှစ်အတွက် တရားရသယောင်ယောင် ဘာယောင်ယောင်လုပ်ပြီး သောက်လက်စပုလင်းလေး ကုတင်အောက်မှာဖွက်၊ ပုလင်းဟောင်းတွေ ကုလားဆီကိုရောင်းစားနဲ့ နှစ်ကုန် ဘက်ဂျက်စာရင်း ပိတ်ရတော့တာပေါ့ဗျာ..း)။ ဒီကြားထဲ ကြင်နာသူက မိုးမောင်ညညမအိပ်ပဲ ဘလောဂ့်ဂင်းလို့ ဆိုပြီး အွန်လိုင်းမာရှယ်လောတွေ ဘာတွေတောင် ထုတ်ခံရတယ်ဗျး)။ အခုဒီပိုစ့်ရေးနေတာတောင် သူ့ကိုအိပ်ပြီလို့ ညာပြောလိုက်ရသေး။ (ဟေ့လူတွေ ဒီသတင်း သွားမပြောကြေးနော်)
မာမီမောင်က.. ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ၃၁ရက်နေ့အထိ ပါရမယ်ဆိုလို့ ပိုပြီးတိကျအောင် Welcome 2009 Count Down အချိန်မစမှီအထိ ထည့်ရေးလိုက်တယ်ဗျာ။
၂၀၀၈၊ ဒီဇင်ဘာ ၃၁ရက်နေ့ တနေ့ခင်းလုံး အလုပ်ထဲမှာပါပဲ။ အဲဒီတစ်နေ့လုံး ဘာကိုမှစိတ်မပါပဲ ညဖက်နှစ်ကူး အချိန်မှာ ဖြတ်သန်းမယ့် ကိုယ့်ရဲ့စိတ်ကူးတွေကို သဏ္ဍာန်အမျိုးမျိုးနဲ့ ပုံဖော်ကြည့်နေမိတယ်။ ဒီလိုနဲ့ အလုပ်က ပြန်ချိန်ရောက်တော့ ၀န်ထမ်းအားလုံးက အိမ်အမြန်ပြန်ချင်လို့ ဖျတ်ဖျတ်လူးနေကြပြီ။ ဖြစ်ချင်တော့ ဖယ်ရီက ဒီနေ့မှ မတရားကိုနောက်ကျတာဗျာ။ အဲဒီနောက်ကျတဲ့ ကားဆရာလဲ လာရော.. သူ့မျက်နှာတည့်တည့်ကို ကြည့်ပြီး သူမသိအောင် ဗမာလို ရီရီမောမောနဲ့ ၀ိုင်းဆဲတာပေါ့၊ လက်တွေကလဲ နှစ်ကူးအတွက် နှုတ်ဆက်သလို လို ဘာလိုလို လက်ဆွဲနှုတ်ဆက်ရင်းပေါ့။
အိမ်ရောက်တော့ အသည်းအသန်ရေချိုး၊ ထမင်းတောင် မစားနိုင်ဘူး.. မိုးမောင်တို့ သုတ်ခြေတင်ပြီး ချိန်းထားတဲ့ နေရာကို ပြေးတာ။ ကိုယ်က နောက်ကျသူဆိုတော့ ဖုန်းတွေလဲ အလီလီဆက်ပြီး လာပြီးဆိုတဲ့ အကြောင်း သတင်းပို့ရတာလဲ အမေား)။ ဒီလိုနဲ့ ၂၀၀၉ကို ကြိုဆိုဖို့ အသင့်ပြင်ဆင်ထားတဲ့ နေရာကို ရောက်လာခဲ့ပါတယ်။ အချိန်က ည၁၀နာရီကျော်လာတယ်ဆိုရင်ပဲ မိုးမောင်ကို အထင်သေးသူ တစ်စုက "မူးနေပြီလား.. ပြဲနေပြီလား.. ကွဲနေပြီလား.. အခြေအနေ ဘယ်လိုလဲ"ဆိုပြီး သြဘာပေးကြတယ်ဗျ။ သူတို့ကတော့ မအိမ်သာတို့ မိုးမြင့်တိမ်တို့ ဆရာသုတိုပေါ့ဗျာ (((ကတောက်)))...
အမှန်စင်စစ်က မိုးမောင်လုံးဝမမူးဘူး... ဒီနှစ်တော့ လုံးဝအငြိမ်ဖြစ်နေတာ ဘာလို့လဲဆိုတော့..(အင်း).. ဘာမှ မဟုတ်တော့ပါဘူးလေး)။ ပြောမိရင် ကွန့်မန့်မှာလာပြီး ချီးမွမ်းထောပနာပြုမယ့် ကိုဖိုးမောင်ကိုလန့်လို့။ မိုးမောင်တစ်ယောက် ၁၁နာရီထိုးလောက်ကတည်းက Happy New Year SMS တွေနဲ့ နပန်းလုံးနေတာ ၁၁ခွဲလောက်ရောက်တော့မှ ဘေးဘီကိုကြည့်မိတော့ ကိုယ့်ကိုအရေးတယူခေါ်မယ့်သူက မရှိတော့ဘူး။ တခြားသူတွေကတော့ သူ့ဟာနဲ့သူ ပျော်လို့ပါးလို့ ပါပဲ။ ဖြစ်ချင်တော့ ၁၁နာရီခွဲလောက်ကစပြီး ဖုန်းလိုင်းတွေက လုံးဝဆက်မရတော့ဘူး၊ ကိုယ့်ကို နှစ်ကူးကြိုဆိုဆုတောင်းပွဲအတွက် ဖိတ်ကြားတဲ့သူကိုလဲ ဖုန်းလှမ်းဆက်လို့က မရ။ စိတ်ထဲမှာတော့ တော်တော်လေးယောက်ယက်ခတ်နေတယ်.. ဖုန်းလိုင်းကပါ ပြဿနာဖြစ်တော့ ပိုဆိုးတာ ပေါ့ဗျာ။
၁၁နာရီ ၅၅ မိနစ်လဲ ရောက်ရော မိုးမောင်စိတ်ကို ဒုံးဒုံးလျော့ချလိုက်ပါတော့တယ်။ ကိုယ့်ကိုဖိတ်ခေါ်တဲ့သူကို ဘယ်လိုမှ ဆက်သွယ်လို့မရတော့တဲ့ အဆုံး ဒီကြိုဆိုပွဲရဲ့ ခပ်လှမ်းလှမ်းတနေရာက ကွန်ကရစ်လှေကားထစ် လေးမှာ ထိုင်ပြီး SMS တစ်စောင်ကို ဖုန်းလိုင်းကမရမှန်း သိရက်နဲ့ သဲကြီးမဲကြီး ပို့နေမိတယ်။ ဒီအချိန်မှာပဲ "Auld Lang Syne" သီချင်းသံက ထွက်ပေါ်လာပါတယ်..။
၁၂နာရီထိုးပြီး...
၂၀၀၉ခုနှစ်ကို ရောက်ပါပြီ...
အားလုံးက ၀မ်းသာစွာအော်ဟစ်နေကြတဲ့ အသံတွေလဲ အတိုင်းသားပဲ....
ပြီးတော့ ကျနော့်လက်တွေကလဲ လိုင်းပြတ်နေတဲ့ ဖုန်းရဲ့ခလုတ်တွေကို အရူးတစ်ယောက်လို့ အကြိမ်ကြိမ် နှိပ်နေမိတယ်... စိတ်ကူးထဲမှာလဲ အပြုံးတွေဝေနေတဲ့ မျက်နှာတစ်ခု....
PS/ မာမီမောင်ရေ.. ကျနော်ဒီလောက်ရေးရင် ရပြီနော်.. စိတ်မဆိုးကြေး...း)။ တလက်စတည်း ၂၀၀၈ ပြန်တမ်းနဲ့အတူ နှစ်သစ်ကို ကြိုဆိုပါတယ်ဗျာ..။

လမ်းခုလတ် ၃၅
ဒီနေ့ဟာ ကျနော်တို့ Happy Cloud ရဲ့ အားအထားရဆုံး Member ဖြစ်တဲ့ အမကြီးအိန္ဒြာရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ သူရဲ့မွေးနေ့မှာ သူနဲ့ဆုံတွေ့ခဲ့ပုံလေး ပြန်လည်တင်ပြချင်ပါတယ်။ အမှန်စင်စစ်တော့ ကျနော်တို့ရဲ့ ဆုံတွေ့ပုံကဆန်းသားဗျ။ ဒါကတော့ မအိန္ဒြာပါပဲလို့ စသိခဲ့တာ မဟုတ်ပါဘူး... သူ့ရဲ့ "တယောသံနဲ့ကတဲ့ ကဗျာ" ကို စတင်သိကျွမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီဝတ္တုတိုလေးကို စတင်မိတ်ဆက် ပေးသူကတော့ MTZO ပဲဖြစ်ပါတယ်။ အဲဒီ့ တယောသံ ကနေမှတဆင့် မအိန္ဒြာနဲ့ ခင်မင်သိကျွမ်းခွင့်ရခဲ့ပြီး၊ ယခုတိုင် တကယ့် မောင်ရင်းနှမတွေလို ရင်းနှီးခဲ့ကြရပါတယ်။ ဒါကတော့ သူနဲ့ကျနော်တို့ရဲ့ အမှတ်ရစရာကောင်းတဲ့ ဆုံတွေ့မှုလေးပေါ့ဗျာ။
သူနဲ့ဆုံတွေ့ပြီးတဲ့နောက် ကျနော်တို့ရဲ့ စာပေနဲ့ပက်သက်တဲ့ အသိပညာဟာလည်း နယ်ပယ်ကျယ်ပြန့် လာခဲ့ပါတယ်။ စာပေနဲ့ပက်သက်တဲ့ လေ့လာစရာ၊ အားထားစရာ မဏ္ဍိုင်တစ်ခုဖြစ်နေခဲ့တယ် ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။ ပြီးတော့ ကျနော်တို့ သေချာသိနေခဲ့တာ တစ်ခုရှိပါတယ်။ သူဟာ သူ့ဝါသနာ၊ သူ့ကဗျာ၊ သူသံယောဇဉ်ထားတဲ့ သူတွေအပေါ်မှာ တကယ်ကို သစ္စာရှိနေတယ်ဆိုတာပါပဲ။ သူရဲ့အတွေးတွေဟာလဲ ခေတ်လွန်အရေးအသားထက် ဆန်းသစ်ပြီး သရုပ်မှန်တဲ့ ဗီဇတွေကို အတိုင်းသားမြင်တွေ့နိုင်ပါတယ်။ သူဟာ မိန်းမသားတစ်ဦးဖြစ်ပေမယ့် မိန်းမဆန်တဲ့ အရေးအသားမျိုး မတွေ့ရပါဘူး။ ကျနော်တို့ တယောသံကို စတင်ရင်းနှီးချိန်ကဆို ရေးသားသူဟာ ယောင်္ကျားတစ်ဦးပဲ ဖြစ်မယ်လို့တောင် တွေးထင်ခဲ့ကြတယ်။ ပြီးတော့ သူ့ရဲ့ဝတ္တုတိုတွေမှာဆို အခြေခံလူတန်းစားရဲ့ စရိုက်လက္ခဏာတွေကိုသာ အသားပေးရေးသား ထားတာ တွေ့နိုင်ပါတယ်။

သူ့မွေးနေ့မှာ သူ့ရဲ့မွေးနေ့ကဗျာလေး (သူရဲ့အိန္ဒြာဘလော့ဂ်မှာလည်းတင်ထားပါတယ်) နှင့်အတူ သူချစ်ခင်တဲ့၊ သူ့ကိုလည်းလေးစား ချစ်ခင်ကြတဲ့ အစ်ကိုနှင့် မောင်ငယ်လေးများရဲ့ ကဗျာများကိုမွေးနေ့ အမှတ်တရအဖြစ် တင်ပြလိုက်ပါတယ်ခင်ဗျာ။
ဖိုးမောင်၊မိုးမောင်
အိန္ဒြာ ( ၁၉၇၃- ...... )
ဒီအသက်အရွယ်မှာ..
ဗုဒ္ဓရှင်တော်မြတ်ဟာ ဘုရားစင်စစ်ဧကန်ဖြစ်နေပြီ
ယေရှုခရစ်က နှစ်ခြင်းခံပြီးပြီ၊
ဒီအသက်အရွယ်မှာ..
ဗိုလ်ချုပ်အောင်ဆန်းက အသက်စတေးလိုက်ရပြီ
မဟတ္တမဂန္ဒီက ဖိနှိပ်မှုဆန့်ကျင်ရေးခေါင်းဆောင်ဖြစ်နေပြီ
လုဒ်ဝစ်ဗန်ဘီသိုဗင်က သူ့ဆင်ဖိုနီကို ဆွဲဖြဲပစ်ရဲပြီ
ချေဂွေဗားရားက သူ့ယုံကြည်ချက်ကို သွေးနဲ့စက်လိုက်ပြီ၊
ဒီအသက်အရွယ်မှာ..
ဗင်းဆင့်ဗန်ဂိုးက အာလူးစားနေတဲ့လက်တွေကို ဆေးသားရင့်ရင့်ချယ်ပြပြီ
မောင်ချောနွယ်က သူပိုင် ရတနာကျွန်းမှာ မင်းမူပြီ
အယ်ဒီဆင်က အသံတွေကို သေတ္တာထဲထည့်သိမ်းထားနိုင်ပြီ
ဘီ(လ်)ဂိတ်စ်က ကုဋေကြွယ်သူဌေးဖြစ်နေပြီ၊
ဒီအသက်အရွယ်မှာ..
ရှယ်လီဆို လှေလေးတစ်စင်းနဲ့ ခရီးဆန့်သွားပြီ
ထူးအိမ်သင်က ညနေကြယ်တစ်ပွင့်နဲ့ ခရီးသစ်ထွင်ပြီ
မာတင်လူသာက ဘာသာရေး ကန့်ကွက်ချက်တွေ ရေးပြရဲနေပြီ
နေးလ်အမ်စထရောင်းက လမျက်နှာပြင်မှာ သူ့ခြေရာတင်ဖို့ အကြီးအကျယ်အိမ်မက်မက်နေပြီ
ဒီအသက်အရွယ်မှာ..
ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူကို အထပ်ထပ်အရောင်တင်နေကြပြီ
ဆစ်ဗီယာပသာ့သ်က ဓါတ်ငွေ့မှိုင်းရှုပြီး အနိုင်ပိုင်းသွားပြီ
မာရီအင်တွိုင်းနက်က နန်းစည်းစိမ်နဲ့ ပေါင်မုန့်ကို လဲပေးလိုက်ရပြီ
မအိက တောင်ပေါ်မှာ ပလိုင်းထမ်းနေပြီ၊
မေမေ့ခမျာတော့ လောကဓံ အသစ်စက်စက်နဲ့
လက်ဆွဲနှုတ်ဆက်လိုက်ရပြီ...
ဒီအသက်အရွယ်မှာ..ပေါ့ .....။
ဒီအသက်အရွယ်..တွေ အတွက်
တန်းမြင့် နှလုံးသား
ယုံကြည်ခြင်း ကိုယ်ရည်ကိုယ်သွေး
ပေးဆပ်မှု အနုပညာ
အခမ်းနားဆုံး အတွင်းစိတ်
အခွင့်အလမ်း၊ ဇွဲ၊ သတ္တိ နဲ့ သိက္ခာ။
ကိုယ့်ဒိုင်ယာရီကိုယ် လိပ်ပြာသန့်သန့် ချန်ရစ်ဖို့
ကိုယ့်ရာဇ၀င်ကိုယ် တင့်တောင်းတင့်တယ် ပြန်ခင်းဖို့
နှစ်ပေါင်း သုံးဆယ်ကျော်ကျော်ဟာ
အမှန်တကယ် လုံ လောက် တယ် တဲ့ လား-
သေချာပါတယ်....
အိန္ဒြာဆိုရင်
စိမ့်အိုင်လာမယ့် သူ့အနာဂါတ်တွေကို ခပ်သောက်ဖို့
သူ့မျှော်လင့်ချက်ကို သူ လက်ယက်တွင်းတူးပြီးစောင့်နေပြီ။ ။
အိန္ဒြာ(၃၀.၁၂.၂၀၀၆)
မွေးနေ့ဆိုတာကို ရောက်လာခဲ့ပါပြီ..။ လမ်းခုလတ်၃၅ ဆိုတဲ့ အက်ဆေးလေးကို အကောင်းဆုံးရေးမယ်လို့.. ကိုးစားခဲ့ပေမယ့်.. ခုထိလက်စမသတ်နိုင်အောင် စိတ်တိုင်းမကျအောင် ဖြစ်နေခဲ့ပေမယ့်.. မွေးနေ့ကတော့ ရောက်လာခဲ့ပါပြီ..။
နောက်ဆုံးတော့...အရင်မွေးနေ့တစ်ခုက ရေးဖြစ်ခဲ့တာကိုပဲ တင်တော့မယ်လို့.. စိတ်ကိုဒုံးဒုံးချပြီး တင်လိုက်ရ တာပါ... အမြဲတမ်း ကိုယ့်ကိုကိုယ်.. ခံစားနေရတဲ့.. စိတ်တစ်ခုကို ချရေးဖြစ်ထားတဲ့ ကဗျာတစ်ပုဒ်မို့.... ခပ်ကြမ်းကြမ်း ဖြစ်နေခဲ့ပါတယ်..။ ဘာပဲဖြစ်ဖြစ် အမှတ်တရအနေနဲ့..မို့..။
အိန္ဒြာ(၃၀.၁၂.၂၀၀၆)
"ပစ္စက္ခ"
ကောင်းကင်ကို ပစ်တင်လိုက်တဲ့မြားဦးမှာ
ရင်ဘတ်တန်းလန်းနဲ့
ပက်ပက်စက်စက် ခြောက်သွေ့နေပုံက...
...........
ငါ့ကိုယ်ငါ မေ့နေလောက်အောင်
ပြိုကျခဲ့တဲ့ တိမ်တွေ လိုက်ကောက်နေခဲ့
လေညှင်းရယ် အပြစ်အခတ် ရပ်စဲပေးပါ...
တစ်ချိန်က မင်းနဲ့အတူဖြိုချခဲ့တဲ့ ကမ်းပါးတွေ
မင်းနဲ့ငါ့ကို တစ်စစဝေးကွာစေရင်း
မြစ်ကျိုးအင်းအဖြစ်နဲ့
ပုံ့ပုံ့လေး လဲကျကျန်ရစ်ခဲ့တဲ့ငါ...
ငါ့အိပ်ရာခင်းတွေ ခမ်းနားစေချင်လို့
အလိမ္မာနဲ့ဖြန့်ခင်း ထိုင်ကြည့်ရင်း
ရာဇဝင်ထဲမှာ နိစ္စဓူဝတွေ ကျဆုံးခဲ့...
ရုန်းကြွစေချင်လို့ မာနတွေအသားမာအတက်ခံပြီး
ကုန်းထပေးခဲ့တာ အကုန်မြင့်မလာပဲ
တစ်ချို့နစ်မြုတ်သွားတယ်...
ပေါက်ကွဲဖျက်ဆီးခဲ့ပြီးမှ အိနြေ္ဒရရ
ကြေးပန်းအိုးဘဝနဲ့ အနာရွတ်တွေတိုက်ချွတ်ပြီး
ဈေးကွက်တင်ထားတဲ့ ဥပစာ
အဲဒီနောက်ဖက်က အနာတရနဲ့
ဆုတ်ဖြဲခံခဲ့ရတဲ့ ငါ့ရဲ့ကြော်ညာ..
ယောနသံလို ခပ်မြင့်မြင့်ပျံချင်ခဲ့
အတောင်ပံတွေ ကောင်းကင်နဲ့ငြိပြီး
ဟင်းလင်းပြင်ကြီးထဲ အကြိမ်ကြိမ်ကျွံကျ
ကျိန်စာသင့်ခဲ့တဲ့ညညတွေ...
လက်ယဉ်နေတဲ့ လှည့်ကွက်ထဲ
ဘဝကိုထည့်ပြီးအချိုးခံ ကုလားဖန်အကြိမ်ကြိမ်ထိုးပေမဲ့
နှပ်ကြောင်းနဲ့အမြဲတိုးခဲ့တဲ့ ငါ
ရနံ့တွေ အငွေ့ပျံ သွားတဲ့ ရေမွှေးတစ်စက်လို
အစွန်းကွက်သက်သက်..
ဘယ်လိုမှမတူညီနိုင်တဲ့ ဆန့်ကျင်ဖက်လားရာနှစ်ခု
ညီမျှခြင်းအတုအဖြစ် မာယာကိန်းသေတွေချ
သက်တန့်ကွေးကွေးလေးနဲ့ ပဉ္စလက်ပြခဲ့တာ
အက်ရာတွေထမှ ကောခဲ့တဲ့မြစ်တစ်စင်း
ဆက်စီးဆင်းနိုင်ပါ့မလား...
မိတ္တူကူးထားတဲ့ စာမျက်နှာတွေနဲ့
ရွာနာခဲ့တဲ့ငါ ..
ပွင့်ချပ်တွေ ကြွေကျနေပေမဲ့
နေရသလောက်တော့ ဝေပြချင်တဲ့သောက
အနင်းခံပြီး ငါ့မာနနဲ့ငါ တင်းခံမယ်..
ပစ္စက္ခမှာ ကိုယ်တိုင်သွေးခဲ့တဲ့ဓါး
ရင်ဝနားမရောက်ခင်ထိ
ကောင်းကင်ကြီးနဲ့ ဝတ်မူန်ကူးပြီး
ငါ့ကဗျာတွေ ဒီကမ္ဘာကြီးအတွက်
ရှိုက်ကြီးတငင် သွန်ချလိုက်မယ်.. ..၊၊
မင်းသုခ(Fri 26,Dec..13:05)
ညီမပြေးခဲ့တဲ့ ပြေးလမ်းတလျောက်က မှတ်တိုင်တွေမှာ လက်ခုပ်တဖျောင်းဖျောင်းတီး ဆုတံဆိပ်တွေပေး နောက်ဆုံးရေအေးအေးလေးတစ်ခွက် မဖန်တီးပေးခဲ့နိုင်တာ လက်တွေကျိန်စာသင့်နေလို့ ခွင့်လွတ်ပါ... ထပ်လှန်ကြည့်မဲ့ စာမျက်နှာတွေအတွက် ဆုတောင်းတွေနဲ့ ဝေပြမဲ့အစား ပဲ့ကြွေကျနေတဲ့ ငါ့လက်ထဲက ခပ်နွမ်းနွမ်းကိတ်လေးကိုပဲ ရေခဲရိုက်ပြီးပေးလိုက်တယ်..
မင်းသုခ(Fri 26,Dec..13:05)
ဇာမဏီ၏ စာမျက်နှာ (၃၅)
ဇက်ကုန်ဖွင့်မယ့် မှော်ဝင်မြင်း
ဝလ္လာတံတိုင်းကို ထိုးခွင်းချိန်
စိတ်ဓါတ်ကို ချွန်မြအောင်သွေးလို့
နဂါးငွေ့တန်းရဲ့ သားချော့တေးမှာ နိုးထ
ကဗျာဆရာတွေနဲ့ ဆောက်တဲ့ကမ္ဘာအောက်
မဉ္ဇူသကတစ်ပွင့် ရဲရဲဝင့်တောက်တယ်
ကဗျာမြေဆီကို သောက်လို့ပေါ့...။
ကာလဖောင်ကိုစီး
သက္ကရာဇ်ခရီးကို နောက်ပြန်ဆုတ်
လမင်းကို ခရီးဆောင်အိတ်လုပ်လို့
ကြယ်စင်တို့ လမ်းပြရာ
(၃၅)နှစ်ဆိုတဲ့ သဏ္ဍာန်မှာ တွေ့မယ်
တင့်ဆန်းတဲ့ နတ်ပန်းဖြစ်တည်ရာ...။
ကြမ်းတမ်းတဲ့ ကံကြမ္မာကမ်းရိုးတန်း
လျှောက်လှမ်းတာ မကြောက်မရွံ့
နက္ခတ်ရင်ညွန့်က သွပ်တစ်ချပ်တောင်
လွင့်ပျက်လို့ မဆုံးရှုံးရအောင်
လေပြင်းကို ဆန်တဲ့မှော်ဝင်လက်
သူရိယ၀တ်ရုံအလှပ်မှာ ထိုးဖောက်
အလင်းပျောက်နဲ့ တည်တဲ့အိမ်ထဲ
ကဗျာတွေနဲ့လည်း ပျော်ခဲ့တယ်...။
ကဗျာသည်သာ အသက် ကဗျာသည်သာ မနက်
ကဗျာနဲ့ မျက်နှာသစ်တတ်တဲ့
အချစ်ဓါတ်နဲ့ ရစ်ငင်တဲ့ကြိုးတစ်မျှင်
သက်တန့်ရင်ခွင်မှာ ပျော်ဝင်ချိန်
ကံ့ကော်တွေ ဝေတဲ့ကျွန်းမှာ
သံယောဇဉ်တသိုက်နဲ့
ကဗျာတွေကိုလေ
တက်ညီလက်ညီ စိုက်ခဲ့တယ်...။
စွဲမြဲတဲ့ သံဓ္ဓိဌာန်
ရဲရင့်တဲ့ ယုံကြည်ချက်
ထွန်းပြောင်တဲ့ အနုပညာလက်နဲ့
ကောင်းကင်မှာ ချိတ်ဆွဲတဲ့
ကဗျာဆရာမရဲ့ ဇာမဏီရက်စွဲ
(၃၅)နှစ်နေ့စွဲမှစ နောင်နှစ်ပေါင်းများစွာသည်
နူးညံ့ခြင်းနဲ့ မြဲစေသော်ဝ်...
ထည်ဝါခြင်းနဲ့ လင်းစေသော်ဝ်...
မြင့်မြတ်ခြင်းနဲ့ ဆက်စေသောဝ်...
ပြတ်သားခြင်းနဲ့ အောင်စေသောဝ်...။
မကြီးရဲ့ (၃၅)နှစ်မြောက်မွေးနေ့အမှတ်တရ
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
မကြီးရေ...
မကြီးအတွက် (၃၅)နှစ်ပြည့်မွေးနေ့အမှတ်တရ ကျွန်တော်တတ်သလောက်လေးနဲ့ ကဗျာတစ်ပုဒ်စပ်ပြီး လက်ဆောင်ပေးပါတယ် မကြီးရေ။ မကြီးရဲ့ (၃၅)နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကာ မကြီးချစ်သောခင်ပွန်း၊ မိသားစုနဲ့ အတူ ပျော်ရွှင်သော နေ့ရက်တွေကို ပိုင်ဆိုင် ဆင်နွှဲနိုင်ပါစေကြောင်း ဆုတောင်းပတ္တနာ ပြုအပ်ပါတယ် မကြီးရေ။
ခင်မင်လေးစားခြင်းများစွာဖြင့်...
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကဗျာတပ်မှူး
နှစ်တစ်နှစ်ရဲ့ ပြည်ဖုံးကားမချခင် တစ်ရက်အလိုမှာ
ဘ၀တစ်ခုရဲ့ အလှပဆုံးပန်းချီကားတစ်ချပ်က ပွင့်အာတယ် ...
နှင်းသည်းသည်း မြူစခပ်ဝဲ၀ဲ ထဲ
အူဝဲငိုသံကဗျာတစ်ပုဒ်နဲ့ ကဗျာသူရဲကောင်းဘဝ
လင်းကျင်းနဲ့ နိဒါန်းစခဲ့တယ် ... ။
ဒီလိုနဲ့ ...
ရင်ဘတ် အဘိဓမ္မာ တစ်ချပ်နဲ့ စလှပ်တဲ့ စာမျက်နှာမှာ
မာတိကာဟာ ကဗျာတွေနဲ့ လှခဲ့ ... ။
လူ့နှလုံးသားတွေ ညွှတ်ခွေယိုင်လဲ
အနုပညာ စီးချင်းထိုးပွဲ တစ်ချို့
ဖွဲ့နွဲ့ခြင်း ချပ်ဝတ်တန်ဆာတို့နဲ့ ဖွဲ့ချည်
စကားလုံးတိုင်းကို ဇတ်ခွံ့လို့ ... ။
ကားစွင့်တဲ့ အတွေ့အကြုံကို
မြင်းရိုင်းလို အသားသေစီး
အသိမ်းအနှုတ် ကျနတဲ့ ဓါးသွားမြမြတွေမှာ
ခံစားမှုအကျအနတွေနဲ့ အစအနတွေ ဟာ
ကဗျာတွေသာ ဖြစ်လာတယ်
တစ်လက်လက်နဲ့ ... ။
တစ်ခါက
ကိုမင်းသုခ ပြောဖူးသလို
"ကျစ်" ဆိုတဲ့စကားလုံးနဲ့ ဓါးတစ်ချောင်းဖန်ဆင်း ...
ဆောင်ဓါး အ၀င့်မှာ ထိရှချက် အဖိုဖိုဆင့်ဆင့်ဟာ
ရင်ထွင်းမယ့် အသွားပါး
တိုက်ပွဲတိုင်းမှာ လှိုက်စားပြီး
လှစ်ခနဲ ... ၀င်
ရိပ်ကနဲ ... ဖမ်း
စွပ်ကနဲ ... ဆင်း
ထိုးခွင်းဝင်ဖောက်လိုက်တာများ ... ။
အဲခံစားချက် ထူထူတွေကြားက
နုညံ့ပြတ်သားတဲ့ အာရုံဓါးလွတ်နဲ့ ...
ကဗျာရွတ်တိုက်ပွဲစ
ခေါင်းမော့ .... ရင်ကော့
လျှပ်ပြက်သလို ဓါးချက်တွေ ငွားငွားစွင့် ပွင့်ဖူး
ဒီလို ဓါးဦးတွေ အမြူးမှာ
ကာရံတွေ ကားကနဲ ... နဘေတွေ ရဲကနဲ ...
နှလုံးသား သွေးစီးချောင်းထဲက အဖတ်ဖတ် ခံစားချက်တွေ
အကွဲကွဲအပြဲပြဲ... ဖရိုဖရဲ နဲ့....။
၃၅ ခုမြောက် ရင်ချင်းဖောက် တိုက်ပွဲမှာ
လောကဓံဟာ စစ်မြေပြင်တစ်ခုလို
ပတ်ဝန်းကျင်ဟာ ဆူပွက်
စိန်ခေါ်သံဟာ .... ညံ ...
အဖန်ဖန် သွေးပျက်မတတ် မြင်ကွင်းတွေက ထိပါး
မိုးထက် ပျံ့ "ကျား" ဟစ်သံတွေကြား
အင်အားမမျှခြင်းတွေ ရှိရင်တောင်
အနုပညာစစ်ကြောင်းမှာ
ကလောင်သွား ... ဓါးတစ်ချောင်းနဲ့
ချေမှုန်းနင်းဖြတ်မယ့် မာန်ရင့်ကာ တင့်လို့ ... ။
ယခု ကြည့်စမ်း ...
တိုက်ပွဲအောင်လံထူ ...
ခရာသံ ဆူဆူထဲ ပြုံးလို့ ...
ဓါးဦးကို လွှင့်လိုက်တဲ့အခါ ...
အရာရာဟာ ဒူးထောက်
သူ့လက်အောက်မှာ ... ပြားပြားဝပ်ခဲ့ ... ။ ။
(မကြီးအိန္ဒြာရဲ့ ၃၅ နှစ်မြောက်မွေးနေ့အတွက် ခံစားရေးဖွဲ့ခြင်း ဖြစ်ပါသည်)
အိပ်မက်ရှင်
30 December 2008 05:12
မိုင်တိုင်အမှတ်(၃၅)
ဘူတာတစ်ခုကိုရောက်ခဲ့ပြန်ပြီ။
စိမ်း၊၀ါ၊နီ၊ပြာညတွေကို
ဖြတ်သန် တန်းတန်းမတ်မတ်ပဲ
ခုတ်မောင်းခဲ့။
ပြတင်းတံခါးကိုနှင်းစတွေလာရိုက်တယ်
ကောင်းကင်ကိုလည်းခေါင်ပေါ်တင်ထားတယ်
နေပူကြဲကြဲမှာ ရေဗူးလည်းဆောင်ထားတယ်
ပင်လယ်တွေကိုဖြတ်တဲ့အခါ ဇင်ယော်တွေနဲ့အတူပျံသန်းတယ်
တောင်တွေကိုဖြတ်တဲ့အခါ သစ်ပင်တွေနဲ့အတူအိပ်စက်တယ်
တံခါးတွေအားလုံးကို ကဗျာတွေနဲ့ချိုးဖောက်ခဲ့တယ်။
စုတ်ချက်နဲ့ဆေးစက်တွေအတွက်
မလှပခဲ့ပေမယ့်
ကဗျာပန်းခင်းမှာ အစွမ်းကုန်
ဖူးပွင့်ခဲ့တယ်။
သိမ်မွေ့ခြင်းနဲ့ခမ်းနားစေတယ်
ရိုးသားခြင်းနဲ့ကြီးမြတ်စေတယ်
အနုပညာလက်တွေနဲ့လေ
ဟောဒီကမ္ဘာကြီးကို ထောက်ကန်ထားတယ်။
စံပယ်တွေရဲ့ရယ်သံ
လေညှင်းရဲ့ တေးသံ
ပင်လယ်ရဲ့ဆည်းဆာ
ကောင်းကင်ရဲ့အပြုံး
ကမ္ဘာမြေရဲ့ အနမ်းတွေနဲ့အတူ
ဘူတာတစ်ခုကိုရောက်ခဲ့ပြန်ပြီ။
မိုးကြယ်
(အစ်မရေ မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းနဲ့ပြည့်စုံနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်။)
ကျနော်တို့ညီနောင်ချစ်တဲ့ အစ်မကိုယ်တိုင်ရေးစပ်ထားတဲ့ ကဗျာ၊ ကျနော်တို့လို ချစ်ခင်တဲ့ ညီအစ်ကိုတွေ ရေးစပ်ပေးတဲ့ ကဗျာတွေနဲ့ အစ်မရဲ့ မွေးနေ့မင်္ဂလာမှာ အလှတွေ ဝေဖြာနေပါပြီခင်ဗျာ။
အထက်က ကဗျာဆရာတွေရဲ့ ကဗျာတွေကို အားပါးတရခံစားရင်း ကျနော်တို့ညီနောင်နှစ်ယောက် အစ်မ တစ်ယောက် ကောက်ရခဲ့ခြင်းဟာ အင်မတန်ကံထူးခြင်းပါပဲဟု စိတ်တွင်းမှ တွေးတော ကြည်နူးပီတိဖြာမိ ပါတယ်ခင်ဗျာ။
ကျနော်တို့ရဲ့ အစ်မတစ်ယောက် လမ်းခုလတ် ၃၅ မွေးနေ့မှသည် နှစ်သစ်ကိုကြိုဆိုရင်း ဘ၀ခရီးကြမ်းကို မညည်းမငြူ၊ မမောမပန်း အလှပဆုံး အောင်ပန်းတွေဖြင့် ဖြတ်သန်း နိုင်စေကြောင်းဆုမွန်ကောင်းတစ်ခုကို ရွှင်ကြည်စွာ ဆန္ဒပြုလိုက်မိကြောင်းပါခင်ဗျား။
အားလုံးကိုကျေးဇူးတင်စွာဖြင့်...
ဖိုးမောင်၊မိုးမောင်
ဖိုးမောင်၊မိုးမောင်
You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.