Saturday, January 3, 2009

[::Just Speaking Out Loud::] 1 New Entry: ၂၀၀၈ခုနစ်

၂၀၀၈ခုနစ်

နှစ်တစ်နှစ်ကတော့ ကူးတော့မယ်။ အဲဒီ့တော့ ဒီတစ်နှစ်လုံးမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားမိတယ်။

နှစ်စကတည်းက အလုပ်ကို ငြီးငွေ့နေခဲ့ပြီး ဒီနှစ်မှာတော့ အပြောင်းအလဲ တစ်ခုခုဖြစ်အောင် လုပ်မယ်လို့ စဉ်းစားထားခဲ့တယ်။ အရာရှိစာမေးပွဲကိုလဲ အမေတိုက်တွန်းတာနဲ့ ကြိုးစားပန်းစား ဖြေဆိုခဲ့ပေမယ့် ပထမအဆင့်တောင် မအောင်ခဲ့တော့ နောက်တစ်ခါ ထပ်မဖြေတော့ဖို့ ဆုံးဖြတ်ချက်ချထားတယ်။ အဲဒီ့အချိန်မှာ စိတ်ဓါတ်တွေကျနေပြီးတော့ ငါတော့ ဒီအလုပ်က လွဲလို့ တခြားလုပ်စရာ မရှိတော့ဘူးလားလို့ စဉ်းစားလာတယ်။

သိပ်မကြာပါဘူး ပုဂ္ဂလိဂကျောင်းတစ်ခုမှာ ကွန်ပျူတာအလုပ် ၀င်လျှောက်ရာကနေ assistant teacher အလုပ်ရသွားခဲ့တယ်။ သုံးလပဲ ခံခဲ့ပေမယ့် အတွေ့အကြုံတော့ အများကြီးရခဲ့ပါတယ်။ ပြီးတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကိုလဲ တွေ့ရှိခဲ့တဲ့အတွက် အဲဒီ့အလုပ်မှာ ကျွမ်းကျင်ဖို့အတွက် ဒီပလိုမာသင်တန်းတစ်ခု တက်ရောက်ခဲ့တာ အခုဆိုရင် ခြောက်လကျော်ပါပြီ။ မနက်ပိုင်းမှာ သင်တန်းတက်ပြီး အားလပ်ချိန်မှာ စာသင်လို့ရတယ်။

သင်တန်းမှာက ပညာပိုင်းဆိုင်ရာ အပြင် လူမှုရေးဆိုင်ရာ အတွေ့အကြုံတွေပါ အများကြီးရပါတယ်။ ကိုယ့်ကတော့ စေတနာနဲ့ လုပ်ပေးပေမယ့် အခွင့်ကောင်းယူပြီး အချောင်ခိုသူတွေကြောင့် စိတ်တိုရပေါင်းလဲ များလှပါပြီ။ သည်းခံတယ်ဆိုတာကလဲ အဓိကကတော့ ကိုယ့်အတွက်ပါပဲ။ ကိုယ်လုပ်လိုက်တာတွေက နောင်အခါ အမ်အေတက်ဖို့ ကြိုးစားချိန်မှာ အထောက်အကူဖြစ်မှာမို့လို့ မကျေနပ်ပေမယ့် ကိုယ်တိုင်ပဲ အပင်ပန်းခံပြီး ဆက်လုပ်နေဆဲပါပဲ။ မနက်ပိုင်းသင်တန်းတက်ရင်းနဲ့ ပိုနေတဲ့အချိန်တွေမှာ အလကားနေမယ့်အစား တခြားဒီပလိုမာတစ်ခု တက်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ အရမ်းကို ၀င်ရခက်တဲ့သင်တန်းကို တက်ခွင့်ရခဲ့ပေမယ့် အချိန်မှီမတက်ရောက်နိုင်တာကြောင့် ဆက်မတက်ဖြစ်ပါဘူး။ လူအများကတော့ နှမြောစရာကြီးလိုပဲ ပြောကြပေမယ့် ကိုယ်ကတော့ မနှမြောပါဘူး။

ကျန်တာတော့ သိပ်မထူးပါဘူး။ အရင်လို ကိုရီးယားကားတွေ ကြည့်ဆဲ၊ ကိုးရီးယားသီချင်းတွေ နားထောင်ဆဲပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ သာမန်အချစ်ကားတွေကိုလဲ ကြည့်ရတာ ရိုးအီလာလို့ အမေရိကန် ဇာတ်လမ်းတွဲတွေကိုပဲ အကြည့်များတော့တယ်။ ကိုရီးယားသီချင်းတွေကိုတော့ နားထောင်ဆဲဖြစ်ပေမယ့် အရင်လို ခေတ်ပေါ်ပေါ့ပ်သီချင်းတွေကို နားထောင်ဖို့ စိတ်မပါတော့ပါဘူး။ အခုလို စိတ်ပြောင်းသွားတာ သိပ်မကြာသေးပါဘူး။

အရင်ကတော့ အင်တာနက်ပေါ်က နောက်ဆုံးထွက်တာတွေ လိုက်ရှာပြီး ဟိုလူ့ အကူအညီတောင်း၊ ဒီလူ့ အကူအညီတောင်းနဲ့ download တွေ လျှောက်လုပ်ခိုင်းမိတယ်။ အခုတော့ စိတ်ကိုမပါတော့တာပါ။ ကိုရီးယား Indies တွေကိုပဲ နားထောင်ဖြစ်တာ များတယ်။ တရားခံကတော့ Coffee Prince OST ပေါ့။ အဲဒါတွေကို နားထောင်ပါများရင်းနဲ့ပဲ အချိန်တိုင်း Indies တွေပဲ နားထောင်ချင်လာတော့တယ်။

မြန်မာဂီတမှာတော့ ဟန်ထွန်းတစ်ယောက်ကိုပဲ နားထောင်တယ်။ အရင်လို ဟစ်ဟော့တွေလဲ နားထောင်ဖို့ စိတ်မပါတော့ဘူး။ ဟန်ထွန်းကို ကော်ပ်ီဆိုမှန်းသိပေမယ့် ဘာကြောင့် ကြိုက်မှန်းကို မသိဘူး။

You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.