Saturday, January 3, 2009

[နတ်သမီးလေးရဲ့ ပုံပြင်] 1 New Entry: အချိုခါးလွန်းသော

အချိုခါးလွန်းသော

"အချစ်ဆိုတာတောင်းခံလို့ရသလားဟင်
ရတယ် ဒါပေမယ့် အချစ်အပြင် တခြားအရာတစ်ခုပါ အပိုရတတ်တယ်
အဲဒါက သိမ်ငယ်စိတ်"

ညညတွေမှာ အိပ်ရာကလန့်နိုးတတ်တိုင်း ဗိုက်အောင့်လို့ ဒါမှမဟုတ် သူမရှိတော့လို့ပဲဟု ထင်ခဲ့မိသည်။ ဟိုနေ့က ကျန်းမာရေးအကြံပေးသူနှင့် ဆွေးနွေးဖို့ ဆေးရုံကိုသွားတော့ ဗိုက်တွေအောင့်တာ ဘယ်အချိန်လဲ ဟုအမေးခံရသည်။ ညဘက်တွေဆို အချိန်မှန်အိပ်ရာကနိုးပြီး အောင့်တာပါ ဟုဖြေတော့ အစာအိမ်သမားဟာ စိုးရိမ်စိတ် ကြောက်လန့်စိတ်နဲ့ အိပ်ရာမဝင်ရဘူးဟု အကြံပေးသည်။ အစာအိမ်ထဲက အက်ဆစ်တွေက စိတ်ခံစားမှုကြောင့် ထုတ်လုပ်နှုန်းပိုများလာမယ်လေ ဟုရှင်းပြသည်။ သူမအိမ်ပြန်လာတော့ အိပ်ရာမဝင်ခင် သိမ်ငယ်စိတ်အကြောင်း စဉ်းစားနေမိသည်။ ဒီလိုပဲတွေးရင်းနှင့် အိပ်ပျော်သွားပြန်သည်။ တစ်ခုတော့ရှိသည်။ သူမအဆုတ်ရောဂါတော့ ဘယ်တော့မှဖြစ်မည်မဟုတ်။ ငိုခြင်းသည် အဆုတ်ကို အားကောင်းစေသည်ဟု ကျန်းမာရေးဂျာနယ်တစ်ခုက ဆိုသည်။

"ငါတစ်ယောက်ထဲနေရဲပါတယ်
နင်မရှိပဲတော့ မနေရဲဘူး"

piccadilly circus မှာ ဂျစ်ပစီအဖွားကြီးတစ်ယောက်က မေးခွန်းတစ်ခုလောက်မေးပါလားဟု လက်ကိုဆွဲပြီး လာပြောတာခံရဖူးသည်။ ညစ်ပေပေ အရေတွဲတွဲလက်တွေကိုကြည့်ပြီး ရန်ကုန်မှာလို ရှောင်ထွက်သွားဖို့ အခုတော့ အင်အားနည်းနေပြန်သည်။
"အိပ်မက်တွေမက်တိုင်း ဘာအကြောင်းအရာလဲဆိုတာ ဘာကြောင့်မမှတ်မိရတာလဲ"
အဖွားကြီးက ကြပ်ခိုးရောင်မျက်လုံးတွေနှင့် စိုက်ကြည့်နေရင်း
"အိပ်မက်ကောင်းမဟုတ်လို့ပေါ့ "ဟုဖြေသည်။
အဲဒါတွေကို သူထွက်သွားပြီးမှ ဘာလို့မက်ရတာလဲဟု မေးချင်သော်လည်း မေးခွန်းတစ်ခုလောက်ဟူသောစကားကြောင့် သူမအဖွားကြီးကို သွားခွင့်ပြုလိုက်သည်။



"နင့်ကိုငါမလိုချင်ဘူး မလိုအပ်ဘူး နင်ကငါ့အတွက် မီးပဲ"
"နင်ငါ့ကိုတကယ်မလိုအပ်ဘူးလား ဒါဆိုနင့်ကိုနင်ပြန်ကြည့်လိုက်ပါဦး"
အို ဟုတ်ပါရဲ့ သူမကိုယ်တိုင်က မီးလျှံတွေနဲ့မှ ရှင်သန်ထမြောက်ရတဲ့ ဖီးနစ်ငှက်တစ်ကောင်ပါလား

သူအသံသွင်းပေးခဲ့သော စကားတွေထဲမှာ ဒီဟာလဲပါသည်။
"နေမကောင်းတဲ့အခါတွေကျရင်လဲ မောင့်ကိုသတိရလိုက်ပေါ့ ဟုတ်လား"
အရင်က အမှုအမှတ်မဲ့ နားထောင်ခဲ့မိသော်လည်း အခုဒါကိုပြန်နားထောင်တိုင်း တွေးနေမိသည်။ မောင့်ကိုသတိရလိုက်ရင် ပိုနေကောင်းမယ်လို့ မောင်ထင်ခဲ့လို့လား။ အခုတော့ စကားစုလေးကို ပြောင်းပြန်လုပ်ပစ်ရမှာပဲဟု တွေးမိရင်း ပြုံးမိသေးသည်။ မောင့်ကိုသတိရလိုက် ဆိုသောစကားစုနှင့် နေမကောင်းတဲ့ ဆိုသောစကားစုကို ရှေ့နောက်လွှဲပစ်ရင် ပိုသဘာဝကျမှာပဲဟု ကြံကြံဖန်ဖန်တွေးမိသောကြောင့်ဖြစ်သည်။

"ငါလေ ဆုတောင်းမှားပြီး နင့်အတွက် ပုစ္ဆာအမှားတစ်ခုဖြစ်သွားမိတယ်။
နင့်အချိန်တွေကို ပြုန်းတီးစေပြီး အဖြေကိုလဲ ထွက်မလာစေပြန်ဘူး"

"မောင် နင့်ကိုငါပြောစရာရှိတယ်"
"ကောင်မလေးရဲ့ မောင်လို့ခေါ်နေပြီးမှ ဘာလို့နင်နဲ့ငါနဲ့ပြောနေရသေးတာလဲ"
"ဘာလို့ဆို နင်ကငါ့ရဲ့ ချစ်သူ နင်ကငါ့ရဲ့ သူငယ်ချင်းမို့ပေါ့"
"ဒါပဲလား နောက်ဘာကျန်သေးလဲ"
"ဟင့်အင်း မပြောပြဘူး"
.................
.........
"အိမ်ဦးနတ်မလား"
သူရိုက်လိုက်သော စာကြောင်းလေးအပြီးတွင် သူနှင့်သူမ ပြိုင်တူရယ်လိုက်ကြသည်။
သူက သူ့ကျေနပ်မှုနှင့်သူ ရယ်ခြင်းဖြစ်ပြီး သူမကတော့ သူနှင့်တပြိုင်ထဲ notepad ပေါ်တွင် ရိုက်လိုက်မိသော စာကြောင်းလေးအတွက် ရယ်မိခြင်းဖြစ်သည်။
"နင်က ငါ့ရဲ့ဘုရားသခင်လဲဖြစ်တယ်"
သို့သော် ထို notepad လေးကို သူ့ကိုဘယ်တော့မှမပို့ပေးဖြစ်ခဲ့ပါ။
ဒီလိုနှင့် အဲဒီနေ့က နင့်ကိုငါပြောစရာရှိတယ်ဆိုသော သူမစကားကို သူနားထောင်ဖို့မေ့သွားခဲ့သည်။

"ကမ်းနဲ့မြစ်လိုပါပဲလား
အရှိန်ပြင်းပြင်းနဲ့ ဆုံတွေ့မိတိုင်း ပြိုကျပျက်စီး
ဆက်ပြီးအတူတူ စီးဆင်းမနေရပြန်တော့လဲ ငါတို့ရှင်သန်နေတာ ဘာထူးဦးမှာလဲ။"

"မောင့်သဲလေးရေ" ဟုတစ်ခါတစ်လေ သူကခေါ်တတ်သည်။
"သဲက မောင့်သဲလေးလား" ဟုသူ့ကိုမေးမိတော့ သူကဖြေပါသည်။
"မောင့်သဲလေးမဟုတ်လို့ သဲက ဘယ်သူ့သဲလေးဖြစ်ရမှာတုန်း ပြောပါဦး"
သူမရော သူပါ ရယ်မောလိုက်ကြသည်။
ဒီလိုနှင့် အဲဒီနေ့က မောင်ကရော သဲရဲ့မောင်လားဟု သူ့ကိုမေးဖို့ သူမမေ့သွားခဲ့သည်။


"နင်အကြောက်ဆုံးက ငါ့နားမှာ တယောက်ယောက်ရှိနေမှာ။
ငါအကြောက်ဆုံးက နင့်နားမှာ ဘယ်သူမှရှိမနေမှာ။"

သံချေးတက်သွားသော ခဲတံချွန်ဓားလေး၊ အရည်မရှိတော့သော ရေမွှေးပုလင်းခွံတို့ကို သူမသိမ်းထားတုန်းဖြစ်ကြောင်းသိစဉ်က သူက ဥစ္စာချောက်တာ လွန်နေတယ်ဟု လှောင်ပြောင်ခဲ့သည်။ သိမ်းထားခြင်းမဟုတ်ပဲ သိမ်းထားပေးခြင်းပါဟု အလောတကြီးရှင်းပြခဲ့သော်လည်း သူမကို သူနားလည်မလည်မသေချာခဲ့ပါ။ မစွန့်လွှတ်တိုင်းလဲ တပ်မက်စိတ်မဟုတ်သလို သွားခွင့်ပြုတိုင်းလဲ လျစ်လျူရှုခြင်းမဟုတ်ဆိုတာ သူမသေချာစွာရှင်းမပြတတ်ခဲ့။ ဓားကလေးနှင့် ပုလင်းလေးတို့ကို အမှိုက်ပုံးထဲမပစ်ခဲ့သော်လည်း မနေ့ကမှ မြေမှာမြှုပ်ပစ်ခဲ့သည်။

"ငါသာ တန်ခိုးရှင်တစ်ပါး ဖြစ်ခဲ့ရင် ဒီ့ထက်ပိုကောင်းတဲ့ အခြေအနေတစ်ခုတော့ ဖန်ဆင်းနိုင်ကောင်းပါရဲ့။
ငါဘာဖန်ဆင်းမလဲ နင်သိလား
နင့်ကိုမချစ်တတ်တဲ့ သတ္တဝါတစ်ကောင်အဖြစ် ဖန်ဆင်းလိုက်တော့မယ်
အချစ်ရဲ့ဒုက္ခဆိုတာ ငါတစ်ယောက်ထဲသာ ရင်စည်းခံလိုက်ချင်ပါတယ်"

"မောင်နဲ့ပြန်တွေ့မှ နောက်တစ်ခါငို ဟုတ်ပြီလား" ဟုသူကမှာခဲ့သည်။ ဟိုနေ့က အတန်းဖော်ယူရိုပီယံမကလေးက "မင်းမျက်လုံးတွေကို လိုင်နာထည့်တာ ဘာကြောင့် အနက်ရောင်တစ်ခါမှ မထည့်တာလဲ" ဟုမေးလာသည်။ "အနက်ရောင်က မျက်ရည်နဲ့ထိပြီးပျော်ကျရင် သိပ်အရုပ်ဆိုးတယ်" ဟုဖြေတော့ နားမလည်သလိုကြည့်နေပြန်သည်။ အကြောင်းတခုခုလှီးလွှဲပြီးတော့ လိမ်ညာလဲမပြောချင်ပါ။ သူမှာခဲ့သောစကားကို သတိရနေသော်လည်း သြဂတ်စလ ၁၃ရက်နေ့မှ နောက်တဘဝလုံးအတွင်း လုံးဝမငိုသောမိန်းမအဖြစ် သူမကိုယ်သူမ အသွင်ပြောင်းဖို့ မတတ်နိုင်ခဲ့ပါ။

"တစ်ခါတစ်လေတော့ နောင်တရမိသည်။
သူ့ကိုပြောစရာ စကားတွေ မကျန်တော့သည့်အတွက်။ သူ့ကို ချစ်စရာတောင်မကျန်အောင် ချစ်ခဲ့မိသည့်အတွက်။
အခုနေ သူမဆီက ကြားချင်တာတစ်ခုခုများကျန်ခဲ့လျှင် သူပြန်လာပြီးများ မေးဦးမည်လားဟု ထင်နေမိတတ်သည်"

နှုတ်ခမ်းနှင့်ထိတွေ့ခွင့်မရခဲ့သော ကော်ဖီခွက်ကလေးအကြောင်း သူရေးထားတာကို ဖတ်ရစဉ်ကတည်းက သူမမှာဒီလိုအတွေးမျိုးရှိခဲ့ပါသည်။ ထိခွင့်တွေ့ခွင့်မရခဲ့သော နှုတ်ခမ်းကလေးကလဲ ကော်ဖီခွက်ကလေးကို လွမ်းနေမှာပဲဟု။ သို့သော် သောက်ပြီးသွားသော ကော်ဖီခွက်တစ်ခွက်အတွက်တော့ ဘာကိုများ သတိတရဖြစ်စရာရှိသေးပါလိမ့်ဟုလဲ ခုတော့စဉ်းစားတတ်နေပြီဟု သူမထင်သည်။ ထိုကော်ဖီခွက်ကတော့ ပန်းကန်ဆေးစက်ထဲကို အမြန်ဆုံးရောက်ဖို့ မျှော်လင့်ဖို့သာရှိတော့သည်မဟုတ်လား။

"ဇာတ်သိမ်းမှာမပေါင်းတဲ့ဝတ္ထုတွေပဲ ဘာလို့ဖတ်ရတာလဲ အသဲ"
"အဲဒါတွေက ရင်ထဲမှာတစ်ခုခုကျန်ခဲ့စေလို့ပေါ့ မောင်"
"ဘာကြောင့်ရင်ထဲမှာ တစ်ခုခုကျန်ခဲ့တာလဲဆိုတာရော သိလား"
"ဟင့်အင်း ပြောပြပါဦး"
"စာရေးသူရဲ့ ရင်ထဲကတစ်ခုခုကို ထုတ်ပြီးပေးခဲ့လို့ပေါ့ အသဲရယ်"

အိမ်ပြန်ချိန်တွေမှာ သွက်လက်မှုမရှိတော့မှန်း သတိထားမိတတ်ခဲ့ပြီ။ အလုပ်မှာ နောက်ဆုံးကျန်နေခဲ့ပြီး လက်မှတ်ထိုးပေးဖို့ လူလိုတိုင်း လုပ်ဖော်ကိုင်ဖက်တွေကို ငဲ့ညှာစွာ သူမအမြဲနေပေးတတ်သည်။ သူသာသိလျှင် စိတ်မကောင်းဖြစ်ဦးမည်။ သူက သနားတတ်လွန်းသည်။
ဇာတ်သိမ်းမပေါင်းသော ဝတ္ထုတွေကို သူမလဲ ရေးတတ် ဖန်တီးတတ်ပါသည်။


You received this email because you are subscribed to the real_time feed for http://www.natthimilay.com/feeds/posts/default. To change your subscription settings, please log into RSSFWD.