Saturday, January 3, 2009

[Padauk Myay] 7 New Entries: အကျိုးမဲ့ထိပ်တိုက်ရင်ဆိုင်ရေး

အကျိုးမဲ့ထိပ်တိုက်ရင်ဆိုင်ရေး

အောင်ထက်

ဆရာဦးဝင်းတင် ထောင်ကလွတ်လာတော့ ဒီချုပ်ထဲမှာ ဘာဖြစ်နိုင်သလဲဆိုတာ ခန့်မှန်းတဲ့ ပို့စ်တစ်ခုတင်ခဲ့ တယ်။ တကယ်တော့ အခု ဒီချုပ်လူငယ်ထဲမှာပါနေတဲ့ အသက်နှစ်ဆယ်ကျော်လူငယ် တွေဟာဦးဝင်းတင်ကိုသိမှီလိုက်သူတွေ မဟုတ် ဘူး။နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ သတင်းစာဆရာကြီးဆိုတဲ့ image ကိုမြင်ပြီး နံမည်နဲ့လေးစားနေသူ တွေပါ။ ဒါ့ကြောင့်လည်း အဲဒီပို့စ်မှာ လူငယ်တွေနဲ့ ဦးဝင်းတင်ကြားမှာ ဘာဖြစ်လာမလဲဆိုတာစောင့်ကြည်ရမယ်လို့ ပြောခဲ့တာဖြစ်တယ်။

ဒါကလည်းအကြောင်းရှိတယ်။ ဒီချုပ်စဖွဲ့တုံးကထဲက တတ်သိအုပ်စုထဲက ဦးဝင်းတင်ရဲ့ အယူအဆ၊ အတွေး အခေါ်တွေကို ဒေါ်စုကအတော်လေးသဘောကျခဲ့တယ်။ ဦးဝင်းတင်ရဲ့ အယူအဆတွေ ထဲမှာ အဓိကအကျဆုံးကတော့ ၈၈ လှုပ်ရှားမှုအရှိန်ကို ဆက်ထိန်းထားနိုင်ဖို့အတွက် ဒီချုပ်အနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဆက်လုပ်ရမယ်၊ နိုင်ငံရေးဟာ Movement ရှိမှ အသက်ဝင်မယ်ဆိုတဲ့ အယူ အဆဖြစ်တယ်။ ဒါကို ဘာမှ အငြင်းပွားစရာမရှိဘူး။ ကျွန်တော်တို့လဲ လက်ခံတယ်။ ဒါပေမယ့် ပြဿနာက ဘယ်လိုနိုင်ငံရေးလှုပ်ရှားမှုလုပ်မလဲဆိုတာဘဲ။ ဒီနေရာမှာ ဦးဝင်းတင်၊ ဦးကိုယု တို့လို လက်ဝဲသမားတွေက မွေးနေ့ပွဲတွေ၊ နှစ်ပတ်လည်အထိမ်းအမှတ်တွေကို န၀တ ဆန့်ကျင်ရေး၊ စစ်တပ် ဆန့်ကျင် ရေး စင်မြင့်တွေအဖြစ် သုံးပြီးလှုပ်ရှားတာကို နိုင်ငံရေးလှုပ်ရှားမှုလို့ ကောက်ယူတယ်။ အဖွဲ့ချုပ်အဆင့်ဆင့်ကို ခိုင်မြဲ အောင်တည်ဆောက်တာတွေ၊ နိုင်ငံရေးရင့်ကျက်မှုရှိအောင် ပါတီဝင်တွေကို သင်ကြားလေ့ကျင့်ပေးတာ၊ ရေရှည်၊ရေတို နည်းဗျူဟာ၊ မဟာဗျူဟာတွေချမှတ်တာတွေဟာ အချိန်ယူရတယ်။ အချိန်ကုန်တယ်။ လူထုရဲ့ တက်ကြွမှုလျော့ကျ သွားနိုင်တယ်လို့ အစည်းအဝေး တွေမှာ ချပြတယ်။

ဒါ့ကြောင့် သူတို့က လူထုနဲ့ ပါတီဝင်တွေရဲ့ စိတ်ခံစားမှုတွေကို နှိုးဆွပေးနိုင်မယ့် လုပ်ရပ်တွေ၊ ဆောင်ပုဒ်တွေ၊ ကြွေးကျော်သံတွေကို သုံးပြီး ထိပ်တိုက်ရင်ဆိုင်ရေးလုပ်ဖို့ဆိုတဲ့ အယူအဆကို တင်တယ်။ မြန်မာ့နိုင်ငံရေးနဲ့ ဆယ်စု နှစ်နှစ်ခုကျော်ကင်းကွာနေတဲ့ ဒေါ်စုက သူတို့ပြောတာတွေကို ယုံပြီး ဒီလိုလှုပ်ရှားမှုတွေနဲ့ စစ်တပ်ကို ပြိုလဲသွားအောင် လုပ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဦးဝင်းတင်တို့ ကလည်း အခုအချိန်ဟာ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲဖြစ်တယ်။ ၄၆ တုံးက ဗိုလ်ချုပ်ဦးဆောင်သလို ၈၈ မှာ ဒေါ်စုခေါင်းဆောင်နေရပြီ။ ၄၆ တုံးက သပိတ်စုံသူပုန်ထ ဆိုပြီး လုပ်သလို အခုလဲ လုပ်ရမယ် ဆိုပြီး သွေးထိုးပေးတယ်။ ဒီလိုနဲ့ ဒီချုပ်ဟာ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းပေါ် ရောက်ပြီး အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ လို့ကြွေးကျော်သံ တွေထုတ်ပြီး လူထုကို လှုံ့ဆော်တဲ့ အခြေ အနေရောက်သွားတယ်။ ဦးဝင်းတင် ကိုယ်ဝန်ဖျက်ချတဲ့ ပါတီလူငယ်တစ်ဦးကို ၀ှက်ထားပေးတယ်ဆို တဲ့ အမှုနဲ့ ထောင်ကျသွားပေမယ့်လည်း ဒေါ်စုနဲ့ ဒီချုပ် ကတော့ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်း ပေါ်မှာပဲ ဆက်ရပ်ခဲ့တယ်။ အဲဒါရဲ့အကျိုးဆက်ကတော့ ဒီနေ့ ဒီချုပ်ရောက်နေတဲ့အခြေအနေပါဘဲ။

အခုဦးဝင်တင်ထောင်ကပြန်လွတ်လာတဲ့အချိန်မှာ မြန်မာ့နိုင်ငံရေးလမ်းကြောင်းဟာ အရေးကြီး တဲ့ အချိုးအကွေ့ အလှည့်အပြောင်းအချိန်ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်က အတည်ဖြစ်နေပြီ၊ လမ်းပြမြေပုံကို အကောင်အထည် ဖော်မယ့် အချိန်ဇယားရှိဖို့လိုတယ်လို့ ပြောတဲ့သူတွေအတွက် ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ အစိုးရက ပြောထားပြီ။ ပြည်တွင်းနိုင်ငံရေးအင်အားစု တွေအနေနဲ့ ဒီပါရာဒိုင်းအသစ်ကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာ အပြင်းအထန် ဆွေးနွေးနေတဲ့အချိန် ဖြစ်တယ်။ ဒီချုပ်ကတော့ အခြေခံဥပဒေကို လက်မခံဘူး၊ ပြန်ပြင်ဖို့ ဆွေးနွေးသင့်တယ်လို့ ရပ်တည် တယ်။ ဦးဝင်းတင်ပြန်လွတ် လာတော့ ဒီအခြေအနေပေါ်မှာ ဘယ်လိုသဘောထားမလဲဆိုတာရယ်၊ ဒီချုပ်ရဲ့ လူကြီး-လူငယ်အကွဲကို ဘယ်လိုသဘောထားမလဲဆိုတာ စိတ်ဝင်စားခဲ့ကြတယ်။

ကျွန်တော့်အနေနဲ့ကတော့ ဦးဝင်းတင်ဘာလုပ်မယ်ဆိုတာ မှန်းလို့ရနေတာကြောင့် ထူးပြီး စိတ်မ၀င်စားပါဘူး။ ထိပ်တိုက်ရင်ဆိုင်ရေးကို စတင်ခဲ့တဲ့ဦးဝင်းတင်ဟာ ထောင်ထဲမှာ နှစ်ရှည်လများ နေခဲ့ရတာကြောင့် ရလာတဲ့ ခံစားချက် တွေရယ်၊ ဦးဝင်းတင်ပြန်ထွက်လာရင် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအရှိန်မြင့်လာမယ်ဆိုပြီး ကြိုပြီး ဘေးတီးထားတာ တွေကြောင့် ဒီထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကိုပဲ လိုက်မယ်ဆိုရာ သိနိုင်ပါတယ်။ တကယ်လဲ ထွက်လာပြီး ၂၄ နာရီမပြည့်ခင်မှာပဲ အရင်ကိုင်ဆွဲထားတဲ့ စုလွှတ်တွေ့အတိုင်းပဲ ပြန်ပြောလာတယ်။ အခြေခံဥပဒေစာအုပ်ကိုကိုင်တောင် မကြည့်ဘဲ ၀ါးလုံးရှည်နဲ့ ရမ်းပြီး လက်မခံဘူးပြောလာတယ်။ လူငယ်တွေနဲ့တွေ့ပြီး မျိုးချစ်တွေ ဦးစီးတဲ့ စီအီးစီကို တိုက်ရိုက်မဝေဖန်ပေမယ့် လူငယ် နှုတ်ထွက်တွေမမှားဘူး၊ ပြန်ညှိရမယ်ဆိုတာတွေ လုပ်လာတယ်။ ဦးဝင်းတင်နဲ့ သူ့လိုပဲ လွတ်လာတဲ့ ဦးခင်မောင်ဆွေအတွဲဟာ ထိပ်တိုက်ရင်ဆိုင်ရေးမူတွေ ကို ပြန်ဆွဲတင်လာတယ်။ ၈၈- ၈၉ တုံးက တတ်သိ တွေနဲ့ သုံးရောင်ခြယ်လူငယ်တွေ ပေါင်းပြီး ကျန်တဲ့ သူတွေကို ဖိအားပေးခဲ့သလို မျိုးချစ်တွေကို ဖိအားပေးလာတယ်။

ဒီ့နောက်ပိုင်းမှာ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ လူငယ်တွေနဲ့ ကြိတ်ဝိုင်းတွေလုပ်သလို ဟောပြောပွဲဆိုပြီး လုပ်လာတယ်။ ဒီဟောပြောပွဲတွေမှာ ဦးဝင်းတင်က နိုင်ငံရေးထွက်ပေါက်ရှာဖို့ပဲ မစဉ်းစားနဲ့ ဖောက်ထွက်ဖို့လဲ ကြိုးစားရ မယ်လို့ တပ်လှန့်ခဲ့ပြီး ဦးခင်မောင်ဆွေကတော့ လူထု လှုပ်ရှားမှုဖြစ်လာရင် စက်တင်ဘာတုံးကလို တွေဝေမနေပဲ ဒီချုပ်က လူထုကို ဦးဆောင်ရမယ်ဆိုပြီး လှုံ့ဆော်ခဲ့တယ်။ ဦးဝင်းတင်တို့ဟာ အရင်စီအီးစီက ထုတ်ထားတဲ့ ကြေညာ ချက်တွေကို ဆန့်ကျင် တာမဟုတ်ပေမယ့် ဒီကြေညာချက်တွေမှာတောင်းဆိုထားတဲ့ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲဖို့၊ ၉၀ လွှတ်တော်ခေါ်ဖို့ ဆိုတာတွေကို လူထု လှုပ်ရှားမှုလုပ်ပြီးအကောင်အထည်ဖော်ဖို့ လုပ်လာတာ ဖြစ်တယ်။ တနည်းအားဖြင့် ၈၈-၈၉ တုံးကလိုပဲ လူထုလှုပ်ရှားမှုတွေလုပ်ရင်း ဖောက်ခွဲနိုင်ဖို့ စနက်တံ လိုက်ရှာနေတာသာဖြစ်တယ်။ ဒါဟာ လက်ဝဲသမားဖြစ်တဲ့ ဦးဝင်းတင်နားလည်တဲ့ နိုင်ငံရေးလှုပ်ရှားမှု ဆိုတာပဲဖြစ်တယ်။

ကောင်းပြီ။ ဒါဆိုရင် ဒီလမ်းကြောင်းဟာ ဘယ်ကို ရောက်သွားမလဲ။ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေးတို့ဆိုတာ ဒီနေ့အလုပ်ဖြစ်နိုင်သေးရဲ့လား၊ ဒီလမ်းကြောင်းကို ရွေးခဲ့လို့ ဒီချုပ်မှာ ဘာတွေအောင်မြင်ခဲ့ပြီလဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဒီချုပ်က ဦးဆောင်ပါမယ်ဆို တဲ့အိမ်မက်ကိုရော အကောင်အထည် ဖော်နိုင်ရဲ့လား။ ဒီနေ့မှာ လူထုအများစုက လမ်းပြမြေပုံသာလျှင် နိုင်ငံရေးအပြောင်းအလဲကို အေးချမ်းစွာလုပ်နိုင်မယ့် တစ်ခုတည်းသောလမ်းကြောင်းဆိုတာကို လက်ခံ ထားပြီးဖြစ် တယ်။ ဒါ့ကြောင့်လဲ Vote No, No Vote တွေကြားက ထောက်ခံမဲကို ပုံအောခဲ့တာလဲဖြစ်တယ်။ ဒါပေမယ့် အမှန်တရားကို ရင်မဆိုင်ရဲတဲ့ ဒီချုပ်က ဒါဟာ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းလို့ပါလို့ မျက်စိမှိတ်ငြင်းနေတယ်။ လူသန်းနှစ်ဆယ်ကျော်ကို ဘယ်လိုခြိမ်းခြောက်ပြီး ထည့်ခိုင်းတယ်ဆိုတာ တော့ ရှင်းမပြနိုင်ဘူး။ ခြိမ်းခြောက်ပြီးမဲထည့်ခိုင်းလို့ရတယ်ဆိုရင် ၉၀ တုံးက ဒီချုပ်ဘယ်နိုင်ပါ့မလဲ။ အခုတော့ ငါနိုင်ရင် ဒိုင်တော်တယ်။ ငါရှုံးရင် ဒိုင်ညစ်လို့ဆိုတဲ့အပေါက်နဲ့ - င်ပိတ်ပြီး ငြင်းနေတော့တာပဲ။ ဒီအမှန်တရားကို လက်မခံရဲ တာကြောင့် လမ်းပြမြေပုံကို မပျက်ပျက်အောင် ဖျက်မယ်ဆိုပြီး ကြေညာချက်တွေအမျိုးမျိုးလှည့်ထုတ်နေတာပဲ။

အခုလဲ ဦးဝင်းတင်တို့က ထိပ်တိုက်ရင်ဆိုင်ရေးတစ်ကျော့ပြန်လုပ်ပြန်ပြီ။ ဒီအတွက် ပထမဆုံး ခံရတာကတော့ မနူးမနပ်လူငယ်တွေပဲ။ ကြည့်ဦး ဆန္ဒပြတဲ့လူက ကိုးယောက်တဲ့ ။ ထက်ထက် ဦးဝေ လို ဗေဒင်ဟောလို့ ထမင်းမစားရ၊ ဆူမှပူမှ ထောက်ပံ့ကြေးရတယ်လို့ ထင်နေသူ၊ သူနဲ့ အတူ နေတဲ့ ပဲပြုတ်ခေါ် ၀င်းမြင့်မောင်လို ပျံကျသမားများကလွဲရင် အများစုက လူငယ် လေးတွေ၊ စမ်းချောင်းထဲက ကောင်းထက်လှိုင်ဆိုရင် ၁၈ နှစ်လောက်ပဲရှိသေးတယ်။ ဘာမှ မသိတတ် သေးတဲ့အရွယ်တွေကို မြှောက်ပေးပြီး လမ်းပေါ်ထွက် စစ်တပ်ကို ရင်ဆိုင်ခိုင်းတာပဲ။ အဲဒီကလေးတွေဟာ ဦးခင်မောင်ဆွေ ရဲ့ ဟောပြောပွဲကို တက်ပြီး ပြန်အထွက်မှာ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြဖို့လုပ်တာဖြစ်တယ်။ ဒီချုပ်ရုံးမှာ ဆိုင်းဘုတ်တွေ၊ ဘာတွေကို ဘယ်သူက အသင့်လုပ်ပေး ထားလဲ၊ ကလေးတွေကို ဘယ်လို လှုံ့ဆော်ပေးလိုက်သလဲ ဆိုတာတော့ စဉ်းစားသာကြည့်ကြတော့။

ဒါပေမယ့် ထိပ်တိုက်ရင်ဆိုင်ရေးလုပ်ရာမှာ ကျွန်တော့အတွေ့အကြုံအရ သတိထားမိတာ ရှိတယ်။ ဒါက ဒေါ်စုအပါအ၀င် ထိပ်တိုက်ရင်ဆိုင်ရေးကို အော်နေတဲ့ လူကြီးများဟာ လမ်းပေါ်ထွက်ပြီး ထိပ်တိုက်ရင်ဆိုင်ရေးလုပ်ရာမှာ ဘယ်တော့မှ မပါခဲ့ဘူးဆို တာပါဘဲ။ အခုလိုအချိန်မပြောနဲ့ ၈၈ တုံးက လမ်းပေါ်မှ လူသောင်းချီပြီး ချီတက်နေတုံးကတော့ ဒေါ်စု၊ဦးတင်ဦးနဲ့ ခေါင်းဆောင်များဟာ တို့တစ်တွေဟာ စင်မြင့်ပေါ် တက်ပြီး ဟောပြောတာကလွဲရင် လမ်းပေါ်တက်ပြီး မလျှောက်ခဲ့ပါဘူး။ သူတို့အပြောကတော့ စစ်တပ်က ပစ်တာခတ်တာများလုပ်ရင် လူကြီးတွေအတွက် အန္တရာယ်ရှိတယ် ဆိုပဲ။ ဦးဝင်းတင်ဆိုရင် ဆေးရုံကြီးဝင်းထဲက သပိတ်စခန်းနဲ့ လမ်းသစ်ရိပ်သာက သူ့တိုက်ခန်းမှာပဲ အချိန်ကုန်ခဲ့တာပါ။ စကားမစပ် အဲဒီလမ်းသစ်ရိပ်သာတိုက်ခန်းက ဟံသာဝတီကနေ အလုပ်ပြုတ် လာတော့ ဦးနေ၀င်းက တိုက်ခန်းတစ်ခု၊ ဖင်မလီယာကားတစ်စီးပေးလိုက်လို့ ပြောလို့ ရထားတဲ့ အခန်းပါ။ ဟဲဟဲ ဦးနေ၀င်းပေးတဲ့ အခန်းမှာနေ၊ သူပေးတဲ့ကား ကိုစီး၊ ဦးနေ၀င်းကို ကော်ဆဲနေတဲ့ အရေးတော် ပုံကာလပေါ့။ စစ်တပ်အာဏာသိမ်းပြီးနောက်နေ့ကျတော့ ခေါင်း ဆောင်ကြီးတွေ အပြေးအလွှားပုန်း ကြတာမှတ်မိပါသေးတယ်။ ကျွန်တော်တို့က ဘားလမ်းစပယ်ဦးစာပေက ကားနဲ့ ဆရာဦးဝင်းတင် ကို ခေါ်ပြီး ၀ဂ္ဂီရပ်ကွက်ထဲက ဆရာမောင်စွမ်းရည်တို့အိမ်သွားဖွက်ပေးဖို့ စီစဉ်ပေးတဲ့အထဲမှာ တစ်တပ် တစ်အား ပါခဲ့သေးသဗျ။ လူကြီးတွေပုန်းပြီးမှ ကိုယ်လဲ ပြေးရတာကိုး။ အခုလဲ ဆွေးနွေးပွဲမှာ သွေးထိုး ပေးလိုက်တာက လူကြီးတွေ၊ ကိုင်စရာဆိုင်းဘုတ်တွေ လုပ်ပေးတာက လူကြီးတွေ၊ အဲ လမ်းပေါ်ထွက် အဖမ်းခံရတော့ မနူးမနပ် ကလေးတွေ။ ကောင်းကြသေးရဲ့လား။

ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းကို ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ တကယ်ယုံကြည်တယ် ဆိုရင် ကိုယ်တိုင် ထွက်ပြီး ရှေ့ဆောင်သင့်တာပေါ့။မပြောကောင်းမဆိုကောင်း စစ်တပ်က ပစ်လို့ ဦးဝင်းတင် လမ်းပေါ်မှာကျဆုံး သွားတယ်ဆိုရင် ပိုပြီးကောင်းတဲ့ လှုံ့ဆော်ချက်မဖြစ်ပေဘူးလား။ အခုတော့ လူငယ်တွေကို နယ်ရုပ်တွေလိုပဲ ထိုးကျွေး မယ်။ ပစ်တာခတ်တာများဖြစ်ခဲ့ရင်လဲ ဒီအချက်ကို အခွင့်ကောင်းယူပြီး လူထုလှုပ်ရှားမှုစနက်တံကို ဖောက်ခွဲမယ် ဆိုတာတွေကတော့ တော်သင့်ပါပြီ။ အခုမြန်မာ့နိုင်ငံရေးမှာ လိုနေတာက လက်ဝဲ ပျက်အယူအဆတွေမဟုတ်ဘူး။ ကြောင်းကျိုး ဆီလျှော် စွာစဉ်းစားပြီးလက်တွေ့ကျကျလုပ်တာပဲဖြစ်တယ်။ ထိပ်တိုက်ရင်ဆိုင် ရေးကတော့ ဒီချုပ်ကို ဇာတ်သိမ်း ခန်းပို့ရုံတင်မဟုတ်ဘူး ကိုယ်ပါ ဓားစာခံ အဖြစ်ထိုးကျွေးခံရမယ်ဆိုတာ ကလေးတွေ သိဖို့ ကောင်းပြီ။

အောင်ထက်

၁ . ၁. ၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယ၏၂၀၀၉ ခုနှစ် နှစ်ဆန်း သြ၀ါဒကထာ - ခေတ်ပြိုင် click here
  • နေပြည်တော် အာဆီယံကောင်စစ်ဝန်ရုံးဆောက်ဖို့ ကြံစိုက်ခင်းတွေသိမ်း - ခေတ်ပြိုင် click here
  • နေပြည်တော် စက်မှု (၁) ၀န်ထမ်းများထံမှ အဓမ္မကောက်ခံငွေ ၀န်ကြီးပြန်ပေး - ခေတ်ပြိုင် click here
  • ပြည်သူနဲ့လွတ်လပ်ရေး (အန်အယ်ဒီ ဦးခင်မောင်ဆွေ ၏ ဟောပြောချက်) - ခေတ်ပြိုင် click here
  • ဒုက္ခသုက္ခတွေ၊ ဆုံးရှုံးမှုတွေအလွန် ၂ဝဝ၉ - ခေတ်ပြိုင် click here
  • စစ်သားနဲ့ နိုင်ငံရေး - ခေတ်ပြိုင် click here
  • အရှေ့မြောက်တိုင်းမှူးနှင့် ၀ လက်နက်ကိုင်အဖွဲ့သဘောတူညီမှုမရ - အာရ်အက်ဖ်အေ click here
  • ဖမ်းဆီးထားသော ပဲကုန်သည်ကြီးငါးဦးပြန်လွှတ် - အာရ်အက်ဖ်အေ click here
  • လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်အချို့ တွင်ဒီဇင်ဘာလလယ်ခန့်မှ စတင်၍ ဈေးနှုန်း များလျော့ချ - ၀ိကလီးအလယ်းဗင်း click here
  • ပေးသာ ပေးပါ မင်္ဂလာ - ၀ိကလီးအလယ်းဗင်း click here
  • ရန်ကုန်မြို့တွင် စီအင်န်ဂျီပြောင်းလဲပြီးသော ယာဉ်အစီးရေ ၂၃၆၀၀ ကျော်ထိရှိလာ - ၀ိကလီးအလယ်းဗင်း click here
  • ရခိုင်ပြည်နယ်၏ အကြီးဆုံးစာကြည့်တိုက်ဆောက်မည် - မြန်မာတိုင်းမ် click here
  • အန်စီစီ၏ ထူးချွန်ဆုများ ကေအမ်ဒီရရှိ - မြန်မာတိုင်းမ် click here

မသိခြင်းနှင့် မကြိုက်ခြင်း

မောင်သွေးသစ်

( ကျွန်တော်တို့ တစ်တွေဟာ အရာရာ အပေါ်မှာ ကြိုက်တယ်၊ မကြိုက်ဘူး အလွယ်တကူ မှတ်ချက်ချ ပြောလေ့ရှိပါတယ်။ တစ်ခါတစ်လေ ကိုယ်ကိုတိုင် ထဲထဲဝင်ဝင်သိလို့ ပြောတာရှိသလို အကြားနဲ့ မှန်းဆချက်နဲ့ ကြိုတင်ဆုံးဖြတ်ပြီး ပြောတာ လဲရှိပါတယ်။ ဒီလိုအဖြစ်တွေ အတွက် ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်နေ့၊ မြန်မာတိုင်း(မ်) ဂျာနယ်မှာ ပါတဲ့ ဆရာ မောင်သွေးသစ်၏ ဆောင်းပါး ကလေးက တွေးစရာတွေပါတာမို့ ဖြန့်ဝေပေး လိုက်ပါတယ်။ ကြိုတင်ခွင့်ပြုချက်မယူနိုင်တဲ့ အတွက် ဆရာမောင်သွေးသစ်နဲ့ မြန်မာတိုင်းမ် တို့က ခွင့်လွှတ်နိုင်မယ် ထင်ပါတယ်။ )

လူသည် အသိတရားရှိသော သတ္တ၀ါတည်း။

ထို့ကြောင့်ပင်

ရှင်သန်ခြင်းကို ကြိုက်သည်။

သေဆုံးခြင်းကို မကြိုက်ပါ။

အောင်မြင်ခြင်းကို ကြိုက်သည်။

ရှုံးနိမ့်ခြင်းကို မကြိုက်ပါ။

ကြီးပွားချမ်းသာခြင်းကို ကြိုက်သည်။

ဆင်းရဲမွဲငတ်ခြင်းကို မကြိုက်ပါ။

လှပတင့်တယ်ခြင်းကို ကြိုက်သည်။

အရုပ်ဆိုး အကျည်းတန်ခြင်းကို မကြိုက်ပါ။

ဣဋ္ဌာရုံကို ကြိုက်သည်

အနိဌာရုံကို မကြိုက်ပါ။

ဖော်ပြပါ `ကြိုက်ခြင်း´၊ `မကြိုက်ခြင်း´ အပေါ် ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ `သိ´နေရသောကြောင့် `ကြိုက်ခြင်း´၊ `မကြိုက်ခြင်း´ သဘောထားကို တပ်အပ်သေချာ အတည်ပြုနိုင်ခြင်း ဖြစ်သည်။

လူတိုင်း လူတိုင်းတွင် `ကြိုက်ခွင့်´၊ `မကြိုက်ခွင့်´ အခွင့်အရေးများကို ကိုယ်စီ ကိုယ်င ရှိထားပါသည်။ ထို့အတူ ရွေးချယ်၊ ငြင်းပယ်၊ ခေါင်းညိတ်၊ ခေါင်းခါမှုများကို ပြုခွင့်ရှိပါသည်။ `ကြိုက်ခြင်း´ သည် `သိခြင်း´နှင့် သက်ဆိုင်သကဲ့သို့ `မကြိုက်ခြင်း´သည်လည်း `သိခြင်း´နှင့်သာ ဆက်နွှယ်နေပါသည်။

စာရေးဆရာကြီး တစ်ဦးက စာဖတ်ခြင်းနှင့် ပတ်သက်၍ ကျွန်တော့်ကို ဤသို့ သွန်သင်ဆုံးမ ဖူးပါသည်။

``စာသမားဆိုတာ စာအစုံ ဖတ်ရတယ်။ မင်း ဟို . . . မဂ္ဂဇင်း ဖတ်ဖူးလား´´

``မဖတ်ဖူးဘူးဆရာ´´

``ဘာပြုလို့ မဖတ်တာလဲ´´

``မကြိုက်လို့ပါ ဆရာ´´

``ဘာလို့ မကြိုက်တာလဲ´´

``မကြိုက်လို့ကို မဖတ်တာပါ ဆရာ´´

``အေး အဲဒါ မင်းမှားတယ်။ ဒီမဂ္ဂဇင်းကို လုံးလုံး မဖတ်ဖူးဘဲနဲ့ မကြိုက်ဘူးဆိုတဲ့ မင်းဆုံးဖြတ်ချက်ဟာ မှားတယ်။ မတရားဘူး။ မင်းမှာ ဒီလိုမျိုး ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ မင်းအနေနဲ့ ဒီမဂ္ဂဇင်းကို ဖတ်ရမယ်။ ဖတ်ပြီးမှ ဘယ်ဟာက တော့ဖြင့် ကောင်းတယ်။ ဘယ်ဟာကဖြင့် မကောင်းဘူးဆိုတာ မင်းကိုယ်ပိုင် အသိတရားနဲ့ ရွေးချယ်ဆုံးဖြတ်ပြီးမှ `ကြိုက်ခြင်း´၊ `မကြိုက်ခြင်း´ကို မင်း ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ဒါမှလည်း ဒီဆုံးဖြတ်ချက်ဟာ မှန်ကန် ထိရောက်မယ်´´

အယ်ဒီတာကြီး တစ်ဦးက အယ်ဒီတာ ပေါက်စ ကျွန်တော့ကို ဤသို့ နည်းပေးလမ်းပြ ပြုဖူးပါသည်။

``မောင်ရင်၊ ကိုယ်တို့ မဂ္ဂဇင်းတိုက်ကို ရောက်လာတဲ့ စာမူမှန်သမျှ အကုန်လုံးကို အစအဆုံးဖတ်ပါ။ အဲဒီလို ဖတ်ပြီးမှ ဘယ်ကဗျာ၊ ဘယ်ဆောင်းပါး၊ ဘယ်ဝတ္ထုကတော့ အရေးအသား၊ အကြောင်းအရာ၊ ဦးတည်ချက် ကောင်းမကောင်း ဆိုတာကို ရွေးပါ၊ ကလောင် နာမည်လေး ကြည့်ပြီး စာမူကိုမဖတ်ဘဲ ရွေးပယ်တာမျိုး မလုပ်မိစေနဲ့။ မောင်ရင်က ရွေးတယ်၊ ဒီလိုရွေးတာဟာ ဘာကြောင့်ဆိုတာ ကာယကံရှင် အပါအ၀င် အခြားသူတွေကိုပါ ပြန်ပြောပြနိုင်ရမယ်။ အဲဒီလိုပဲ ပယ်တဲ့ စာမူကိုလည်း ဘာကြောင့် ပယ်ရတယ်ဆိုတာ စာမူရှင်ကို ချက်ကျလက်ကျ ဂဃနဏ ပြန်ပြောပြနိုင်ရမယ်။ ဒါမှ အယ်ဒီတာ ကောင်းတစ်ယောက်ဖြစ်မှာ´´

ဆရာသမားများ၏ အထက်ပါ သွန်သင်ဆုံးမမှုသည် ကျွန်တော့် ဘ၀အတွက် ခွန်အားသဖွယ် အလင်းရောင်ကဲ့သို့ ကောင်းကျိုး ကောင်းမှု ဖြစ်တည်စေခဲ့ပါသည်။ ဥပမာ ရုပ်ရှင်ဇာတ်ကား တစ်ကားကို ကျွန်တော် မကြည့်ရှုဘဲ မကောင်းဟု မဝေဖန်ပါ။

လူတစ်ယောက်ကို အကြောင်းဇာစ်မြစ် လုံးဝမသိပါဘဲနှင့် `အလကားလူ´ဟု မရှုတ်ချပါ။

လူသုံးကုန်ပစ္စည်း အမျိုးအစား တစ်ခုခုကို လုံးဝ မသုံးစွဲဖူးပါဘဲနှင့် `အဆင့်မရှိ´ဟု မသတ်မှတ်ပါ။

အယ်ဒီတာ တစ်ယောက် အနေဖြင့် ပြောရပါမူ ကဗျာတစ်ပုဒ်၊ ကာတွန်းတစ်ပုံ၊ ဆောင်းပါးနှင့် ၀တ္ထုများအပေါ် အယ်ဒီတာ တစ်ယောက် အနေဖြင့် လည်းကောင်း၊ စာဖတ်သူ တစ်ယောက်အနေဖြင့် လည်းကောင်း၊ စာရေးသူ တစ်ယောက်အနေဖြင့် လည်းကောင်း သုံးနားညီ သုံးဖက်မြင် ကိုယ်စားပြု မျှဝေဖတ်ရှု ခံစားပြီးမှ ရွေးချယ်လေ့ ရှိခဲ့ပါသည်။

မည်သို့ဆိုစေ၊

ကျွန်တော်တို့ တတ်နိုင်သမျှ `သိအောင်´ ကြိုးပမ်း အားထုတ် နေရပါဦးမည်။ `သိခြင်း´မှ `ကြိုက်ခြင်း´၊ `မကြိုက်ခြင်း´ အဖြေကို အနီးစပ်ဆုံး ထုတ်ယူရပါမည်။ `မသိဘဲ´နှင့် `မကြိုက်ခြင်း´ဟု ဆုံးဖြတ်ခြင်းမှာမူ အမှန်တရားဟု မဆိုနိုင်ပေ။

မောင်သွေးသစ်

ဘာတွေလဲကွာ၊ ဘာတွေလဲ၊

ကိုဂျူး

( မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်တဲ့ ကိုဂျူးရဲ့ အမြင် ဖြစ်ပါတယ်။ ဦးဝင်းတင် ပြောကြားချက်ကို ကိုးကားရာမှာ ဒီဇင်ဘာ ၁၀ ရက် နေ့စွဲနဲ့ ဦးဝင်းတင်က မြန်မာနိုင်ငံ သတင်းထောက် အသင်းကို ရေးတဲ့စာမှာ ပါတဲ့အချက်များနဲ့ နှိုင်းယှဉ် ဖတ်သင့်တယ် ထင်ပါတယ်။ )

ပြည်သူတွေ အသဲနာတဲ့နေ့

၁၉၈၈ခုနှစ် မဆလ တစ်ပါတီ လက်အောက်မှာ မတရား ဖိနှိပ်ညှင်းဆဲခံခဲ့ရတဲ့ မြန်မာ ပြည်သူတွေဟာ မခံနိုင်တဲ့ အဆုံး အရဲစွန့်လို့ လမ်းမပေါ် ထွက်ပြီး ပါတီစုံ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာ့ တပ်မတော်သားတွေများ ပြည်သူတွေ ဘက်က ရပ်တည် လာလေမလားလို့ မမျှော်လင့်ရဲ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ တပ်မတော်ဟာ ဒီမိုကရေစီ တောင်းဆိုသူတွေ ဘက်ကို မလိုက်ဘဲ ဗိုလ်ချုပ် နေ၀င်းနဲ့ တစ်ပါတီ စနစ်ဘက်က ရပ်တည်ခဲ့ပါတယ်။ စက်တင်ဘာလ (၁၈) ရက်နေ့မှာ အာဏာ သိမ်းပါတယ်၊ ဆန္ဒပြသူတွေကို ပြစ်ခတ် နှိမ်နင်းခဲ့ပါတယ်။ ပြည်သူ ၄၅၀ လောက်ကို လမ်းတွေပေါ်မှာ ရက်ရက် စက်စက် ပြစ်သတ် ပြလိုက်တော့ ပြည်သူတွေခင်မျာ အသဲနာနာနဲ့ ကိုယ့်အလောင်း ကိုယ်ကောက်ပြီး အိမ်ပြန်ခဲ့ရတာ မှတ်တမ်းတွေ ရှိပါသေးတယ်။ တပ်မတော် အရာရှိတစ်ဦးက မျက်နှာပူပူနဲ့ "ဒီတစ်ခါတော့ တပ်မတော်နဲ့ ပြည်သူကြားမှာ ကုလားကာ ခြားသွားပြီကွ၊ အဲဒါ ဒို့တပ်မတော် အတွက် သိပ်နစ်နာတယ်၊ ဘယ်တော့မှ ပြင်လို့မရတဲ့ အမှားဘဲ" လို့ ပြောတာ ကြားလိုက်ပါတယ်။ ဒီစကား ခုထိ မှန်ပါတယ်။

စစ်အာဏာရှင်က ကျားသေပါ

တိုတိုပြောရရင် မြန်မာပြည်မှာ စစ်အာဏာရှင် စနစ်ဟာ လူထုက လက်မခံလို့ ၁၉၈၈ အရေးအခင်း အတွင်း ကျဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။ လူတွေ စိတ်ထဲမှာ မရှိတော့ပါဘူး၊ မကြားချင်တော့ပါဘူး၊ ကျန်ခဲ့ပါပြီ၊ ပြီးသွားပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲမှာလဲ လူထုက ဒီစကားကို သေချာအောင် ထပ်ပြောပြီးပါပြီ။ မြန်မာကော ကမ္ဘာကပါ သိသွားပါပြီ။ ဒါကို အာဏာရှင် စနစ်ကို ဖက်တွယ်ထား လိုသူတွေက စစ်အာဏာရှင် ကျားသေကို အသက်သွင်းဘို့ ကြိုးစားလာ နေပါတယ်။ ဘယ်လိုမှ သေပြီးသား ကျားသေကြီးကို အသက်သွင်းလို့ မရနိုင်တော့ပါဘူး၊ အခုထိ စစ်အာဏာရှင် အစိုးရ ပြုတ် မကျသေးတာ ဟိုနား ဒုတ်နဲ့ ထောက်၊ ကော်နဲ့ ကပ်၊ ဒီနား အုန်းလက်နဲ့ ချီ ဆေးမြီးတို လုပ်နေလို့ဆိုတာ ပြည်သူတွေကော ကမ္ဘာကပါ သိပါတယ်။ အားမပေးပါဘူး။ ကျားသေကြီးမှန်း သိလို့် စစ်အာဏာရှင် နအဖအစိုးရ ဘာလုပ်လုပ် ပြည်သူ ထောက်ခံမှု မရတော့တာပါ။ သူ့ဟာသူ နောင်တော့ အရှိန်ကုန်သွားမှာပါ၊ အချိန်ဆိုတာ Matter of time ပါ။

အခြေနေ ဖန်တီးခွင့်၊ Law of the game တွေ Rule of the game တွေ ဟာ အာဏာရှိသူ အစိုးရလက်ထဲမှာ အမြဲရှိပါတယ်။ ဒါတွေကို ပြည်သူအပေါ် ဘယ်လို အသုံးချသလဲ ဆိုတာကို ကြည့်ကြပါတယ်၊ နိုင်ငံတကာက စံချိန်စံညွှန်းနဲ့ ညီ မညီဝေဖန်ပိုင်းခြားကြပါတယ်၊ နအဖ အစိုးရက ပြန်ရသွားတာ မဟုတ်ပါဘူး၊ ဘယ်တုန်းကမှ ပြည်သူတွေ ဘက်က မရခဲ့ပါဘူး၊ ၁၉၈၈မှာ ဗိုလ်ချုပ်စောမောင် ခေါင်းဆောင်တဲ့ န၀တ စစ်အစိုးရက လမ်းပေါ်မှ ရက်ရက်စက်စက် ပြစ်သတ်လို့သေကုန်တာ ပြည်သူတွေပါ။ နိုင်ငံတော် အာဏာကိုသိမ်းယူလိုက်ပြီ နောက်နေ့ ဆန္ဒပြရင် အင်အားသုံး နှိမ်နင်းမယ်လို့ ကြေညာ လိုက်တာဟာ တပ်မတော်က ပြည်သူတွေဘက်ကို အလေးမသာဘဲ စောစောက ကျားသေကြီးကိုဖက်တွယ် ရပ်တည်လိုက်ပြီ ဆိုတာ တရားဝင် ကမ္ဘာကို ကြေညာ လိုက်တာပါဘဲ။ ပြည်သူကို ရှင်းရှင်း လင်းလင်း လက်တွဲဖြုတ် လိုက်တာပါဘဲ။ အဲဒီအချိန်ကစလို့ ပါတီစုံ ဒီမိုကရေစီစနစ် တောင်းဆို ဆန္ဒပြတဲ့ ပြည်သူတွေဟာ လမ်းပေါ်မှာ ရက်ရက် စက်စက်ချေမှုန်း နှိပ်စက်ခံခဲ့ရပါတယ်။ စစ်အစိုးရအဆက်ဆက် ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုယ့်ပြည်သူတွေကို ပြည်သူလို့ မမြင်နိုင်လောက်အောင် အာဃာတ ကြီးမားစွာနဲ့ တရားလက်မဲ့ နှိပ်ကွပ်ခဲ့ပါတယ်။ ပြည်သူတွေဘက်ကို အင်အားချိန်ခွင်ညှာ အလေးမသာခဲ့ပါဘူးဗျာ။

စစ်တပ်မို့၊ အင်အားကြီးသူမို့ ပြည်သူတွေကို ကိုယ့်နှမသားသမီး မိဘတွေလိုသဘောထားပြီး စောင့်ရှောက်ရမှာပါ၊ ဒါကို ကိုယ်ကပြန် စော်ကားတာ၊ မိဘခြင်း နှမခြင်း မစာနာတတ်ရင် စော်ကားလို့ရပါတယ်။ ကိုယ့်ပြည်သူကို မညှာမတာ ရက်စက် စော်ကားပြီဆိုရင် လက်နက်ရှိသူ၊ အာဏာရှိသူက အစကထဲက နိုင်ပြီးသားပါ၊ တိုင်းပြည်ကို ကာကွယ်မယ်ဆိုပြီး ပြည်သူက တိုက်ခိုက်ဘို့ လေ့ကျင့်ပေးထားတဲ့ စစ်တပ်ဆိုတာ လက်နက် မပါဘဲတောင် မိန်းမ၊ ကလေး၊ မိအိုဖအိုတွေပါဝင်တဲ့ အရပ်သား ပြည်သူကို နိုင်ချင်သလိုနိုင် လုပ်ချင်သလိုလုပ်လို့ရပါတယ်၊ စစ်တပ်ငါးသိန်းကို သန်းငါးဆယ်ပြည်သူတွေက မနိုင်ဘူးလားတို့၊ Law of the game တွေ Rule of the game တွေပြောပြီး ဂုဏ်ယူစရာ ချီးမွန်းစရာ ဘာတကွက်မှ မရှိပါဘူး။

အိနြေ္ဒရတဲ့ NLD

မနေတနေ့ကဘဲ ဦးဝင်းတင်က ၂၀၀၈ကိုအသိအမှတ်မပြုဘူး၊ ၂၀၁၀ကိုဝင်မပြိုင်ဘူး၊ စုလွှတ်တွေ့ဘဲ၊ နောက်ရွေးကောက်ပွဲအကြောင်း လာမပြောပါနဲ့လို့ ပြောလိုက်တော့ အားလုံးရှင်းသွားပြီထင်ပါတယ်။ ခုလို NLDက ၂၀၀၈အခြေခံဥပဒေကို အသိအမှတ်မပြုဘဲထားတာ၊ ၂၀၁၀ကို ၀င် အရွေးမခံတာ ကတော့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အင်မတန် ကောင်းပါတယ်။ နအဖက ဒီမိုကရေစီမပေးချင်လို့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဘဲ အခြေခံ ဥပဒေအသစ် ဆွဲပြီး ၂၀၁၀ ရွေးကောက်ပွဲ ထပ်လုပ်တာ၊ ဒါကို ဒီမိုကရေစီ ရနိုင်မဲ့ လမ်းကြောင်းဘဲလို့ မောင်ရင်တို့ drive လုပ်နေတာ ဘယ်သူယုံမှာလဲ၊ ကျွန်တော်အကြိမ်ကြိမ်ပြောထားပါတယ်၊ ပြည်သူတွေကို ငတုံးတွေလို့ မထင်ပါနဲ့ခင်ဗျာ၊ မပြောရဲလို့ကြည့်နေကြတာပါ၊ လူတိုင်း မောင်ရင်တို့လောက်တော့ တတ်ပါတယ်၊ နိုင်ငံရေး နားလည်ပါတယ်။ နအဖကောင်းလာ ပြင်လာရင် အချိန်မရွေး အသိအမှတ်ပြု ပေးလိုက်လို့ ရနေတာဘဲ၊ တော်ကြာ အသိအမှတ်ပြုပြီးမှ နအဖ က ပိုဆိုးလာမယ်ဆိုရင် နောက်ဆုတ်လို့ မရတော့ဘူး၊ ဒါဆို ထောက်ခံသူတွေပါ ကြံရာပါဖြစ်သွားမယ်နော။ ဘယ်သူ တာဝန်ယူမှာလဲ၊ ရှင်းရှင်းပြော၊ အသိအမှတ်မပြုဘဲထားတာက political space ရှိနေသေးတယ်၊ လောစရာမရှိပါဘူး၊ အေးအေး ဆေးဆေးပါ၊ နအဖ သူ့အလုပ်သူ လုပ်ပါစေဦး၊ အစွမ်းအစပြပါစေဦး၊ NLDကို နအဖက လိုအပ်သူပါ။ မောင်ရင်တို့ ပြောသလို ပြောရရင် အသိအမှတ်မပြုဘဲ ထားတာကိုက လက်တွေ့ကျတယ်၊ မဟာဗျူဟာ မြောက်နေတယ်ပေါ့ဗျာ။

နအဖ ဘာများအောင်မြင်ခဲ့သလဲ

ကျွန်တော်တော့ ဘာမှ အောင်မြင်တာ မတွေ့ပါဘူး၊ ဈေးကွက် စီးပွားရေးဆိုပြီး တိုင်းပြည် သံယံဇာတတွေ ရောင်းစားခဲ့တဲ့ ပထမဦးပိုင်း နှစ်တွေမှာ ဟုတ်မလိုလိုနဲ့ အခုဒါတွေကုန်တော့ အိမ်တိုင်ချွတ်ရောင်းမဲ့ အဆင့်တော့ရောက်လာပြီ။ ဈေးကွက် စီးပွားရေး ကျွန်းကျင်လား မကျွမ်းကျင်လား ပြုံးစရာလေးတစ်ခု တူမလေးတစ်ယောက်ကပြောဘူးတယ်၊ နအဖ ဘယ်လောက် တော်လဲဆိုတာ အလွယ်ဆုံး ပိုက်ဆံရှာနည်းဖြစ်တဲ့ ငွေစက္ကူ လုပ်တာတောင် ဖြောင့်အောင် မလုပ်နိုင်ဘူးတဲ့၊ စက္ကူမှာ အရုပ်ရေးပြီး ဒါ ပိုက်ဆံကွလို့လုပ်ရတာ အလွယ်ဆုံးအလုပ်၊ ခုတော့ ငွေစက္ကူတွေ ကြည့်စမ်းပါ ကိုင်ချင်စရာ ကောင်းသလား၊ တိုင်းပြည် image ဘယ်လောက် ထိခိုက်သလဲ၊ ဒီလောက်ညစ်ပတ်စုတ်ပြတ်နေတဲ့ ပိုက်ဆံကို ကိုင်နေတာ ဘာလူမျိုးတွေလဲ၊ ဘယ်လောက်စုတ်ပဲ့တဲ့ အစိုးရအောက်မှာ နေရတာလဲဆိုတာ မှန်းကြည့်နိုင်ပါတယ် တဲ့၊ အစိုးရ ရှက်ဘို့ ကောင်းတာ မရှက်၊ ဘုန်းကြီးရိုက်တာမရှက်၊ နအဖလက်ထက် တိုင်းပြည်ကြီး စီးပွားရေး ၀ပ်ဆင်း သွားတာ၊ စစ်အရာရှိကြီးတွေ ပိုအကျင့်ပျက် ပိုချစား လာတာဘဲ တွေ့ရပါတယ်။ ဒီလိုအစိုးရမျိုးက တိုင်းပြည်ကို တိုးတက်အောင် ဘယ်လိုများ ခေါင်းဆောင် နိုင်မယ်တဲ့လဲ။ ကျွန်တော်တော့ မျှော်လင့်ချက်မရှိဘူးထင်တယ်၊

နအဖ စည်းကမ်းကော ရှိလား ဆိုတော့ တပ်မတော်သားတွေ အာဏာလေးရှိလာတော့ ခိုးကြ၀ှက်ကြ၊ ချစားကြနဲ့ နှစ်၂၀အတွင်းမှာ ပြုတ်သွားသူတွေ ထောင်ကျသူတွေနဲ့ မရေမတွက်နိုင်တော့ပါဘူး၊ ၁၉၈၈ န၀တလက်ထက်က ခုခေတ်ထိ ကျန်နေသေးတာ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ် မောင်အေး နှစ်ယောက်ဘဲ ကျန်ပါတော့တယ်။ ကျန်တဲ့အဖွဲ့ဝင် ၁၀၀ နီးပါးအကုန် လမ်းဘေးရောက်ကုန်ပါပြီ၊ သတ္တိရှိပါတယ်၊ ဖိုက်ပါတယ်၊ မိုက်ပါတယ်ဆိုတဲ့ စစ်ဗိုလ်ကြီးတွေ သွားလေးတွေအဖြီးသား စာရိတ္တနဲ့ ပတ်သက်တာချည်းဘဲ၊ တစ်ယောက်မှ အိနြေ္ဒမရပါဘူး၊ ဒေါ်စုနဲ့ NLDဟာ နှစ်၂၀အတွင်း ခုချိန်ထိ တစ်ချက်ကလေးမှ အိနြေ္ဒ မပျက်သေးပါဘူး၊ စာရိတ္တနဲ့ပါတ်သက်လို့လဲ ဘာသံမှ မကြားရပါဘူး။ ဒီလောက်ကြီးမားတဲ့ဖိအားကို စည်းကမ်းရှိရှိနဲ့ ကြံ့ကြ့ခံ နေနိုင်တာတော့ NLDက နအဖထက် အပြတ်သာတယ်။ ဒါမျိုးကို ပြည်သူကလေးစားတာ၊ လိုချင်တာ။

စိတ်ကူးတွေယဉ်

နအဖက ဒုက္ခပေးထားလို့ မြန်မာပြည်သူတွေ ဒုက္ခရောက်နေတာကို နိုင်ငံခြားအစိုးရများက နအဖကို ခယ၀ပ်တွား အောက်ကျို့ ပူးပေါင်းလာမယ်လို့ မောင်ရင်တို့ ခုထိ စိတ်ကူးယဉ် နေသေးသကိုး။ နိုင်ငံခြား အစိုးရများက ဆင်းရဲဒုက္ခ ရောက်နေတဲ့ ဖိနှိပ်ခံ မြန်မာ ပြည်သူတွေကို သနားပြီး နအဖကို ချဉ်းကပ်ပုံအသစ်နဲ့ လာချဉ်းကပ်မလဲ မျှော်နေတာ အနှစ် ၂၀ ရှိပြီ၊ Bane & Associates တို့လို နအဖဆီက ဒေါ်လာသိန်းချီယူပြီး နိုင်ငံခြားမှာ lobby လုပ်စားနေသူတွေတောင် လက်လျှော့ အသံတိတ်သွားပြီ။ အချိန်တွေ ကုန်လိုက်တာ။ ဒါကို မောင်ရင်တို့က အီးယူကဘယ်လို၊ ၀င်ရိုးစွန်းနိုင်ငံတွေက ဘယ်ဝါ၊ နအဖကို ချဉ်းကပ်ပုံ အသစ်လာတော့မယ်၊ ဒေါ်စုမွေးနေ့ အနောက်နိုင်ငံ သံရုံးတွေက လာမတက်တော့ဘူး၊ ဟေ့ ပျော်လိုက်တာ ဆိုပြီး အနှစ် ၂၀ လေလည်ပြ၊ နအဖက အဟုတ်တွေ မှတ်နေတာ ဘုန်းကြီးရူးနဲ့ လှေလူးဘဲ။ NLDရုံးရှေ့ခြုံထဲမှာ ပုန်းပြီး ဘယ်သူတွေ လာလဲ ဘာပြောလဲ ဓါတ်ပုံခိုးရိုက်၊ အသံ ခိုးနားထောင်၊ သတင်းပေး ဒလန်တွေက ပြန်ပြောလို့ သိတာလောက်နဲ့ နိုင်ငံရေး ဗျူဟာတွေ၊ မဟာဗျူဟာတွေ၊ နိုင်ငံရေး အခင်းအကျင်းတွေ နိုင်ငံရေး ကစားကွက်တွေ ချချပြောနေတာ လူရီစရာပါ။

ဒီလိုမတရား ဖိနှိပ်ခံပြည်သူတွေကို အားမပေး၊ မကူညီတဲ့အပြင် သွေးကွဲအောင် "ညံ့"လှချည်လား၊ "အ" လှချည်လား၊ ဒီလိုလုပ်ပါလား၊ ခံရတာ နဲသေးတယ်၊ မင်းတို့ရှုံးပြီ၊ စစ်အစိုးရက နိုင်သွားပြီ်နဲ့ နအဖပေါင်ပေါ်တက်ထိုင် ဆရာကြီး လုပ်နေသူတွေလဲ မျက်စိနောက်လောက်ပါရဲ့၊ မောင်ရင်တို့ရေးတဲ့ စာတွေဖတ်ကြည့်ရင် မောင်ရင်တို့စိတ်ထဲ ဘာတွေရှိတယ် ဆိုတာ သိတာပေါ့၊ အကဲခတ်လို့ ရတာပေါ့၊ ခေါင်းဆောင် လုပ်ချင်တာကလဲ တပိုင်းသေနေပြီ၊ NLDမှာလဲ နေရာမရ၊ တစ်လိုင်းတစ်စင် ထောင်တော့လဲ ဘယ်သူမှ မထောက်ခံ၊ နောက်လိုက်မရှိ၊ ဒီလိုနဲ့ ချိုသွေးပြီး အတိုက်အခံလိုလို နအဖဘက်သား လိုလိုနဲ့ ကိုယ်ကိုကိုယ် ဘာမှန်းမသိ၊ Identity ပျောက်၊ သင်းကွဲနေသူက အများစုဖြစ်ပါတယ်။ NLD ခေါင်းဆောင်တွေကို ဖယ်ရှားပြီး သူတို့အဲဒီ နေရာရနိုင်မလား၊ NLD ကို အလစ်မှာ အချောင်နှိုက်လို့ ရမလား သွေးတိုးစမ်း နေသူတွေလဲပါရဲ့၊ တဆိတ်ရှိ ဒေါ်စုနဲ့ NLD ခေါင်းဆောင်တွေကို ကြံဖန်မနာလို၊ မှားကြောင်း၊ ညံ့ကြောင်းတွေ လက်ညှိုးထိုး၊ ဆရာဝင်လုပ်၊ အရည်အချင်းကလဲ မယှဉ်နိုင်၊ သတ္တိကလဲမရှိမို့ လူထုထောက်ခံမှု အင်အား၊ နိုင်ငံတကာ အသိအမှတ်ပြုမှု မရတော့ ဒါတွေရပြီးဖြစ်တဲ့ Ready Made NLD ကို သွားရေတများများ ကျနေသူတွေပါ။

အစဉ်အလာ "ဇ" လေးကလဲရှိတော့ ဆရာကြီးကလဲ လုပ်ချင်၊ နောက်လိုက်ကလဲ မရှိ၊ ခွကျနေသူတွေလို့ တည့်တည့်ပြောရင် ရမယ် ထင်ပါတယ်။

စစ်အာဏာရှင်စနစ်ကို မကြိုက်ပါဘူး၊ ဒီမိုကရေစီကို လိုလားပါတယ် ထောက်ခံပါတယ် ဆိုပြီး အနား လာအားပေး သလိုလိုနဲ့ စစ်အစိုးရနိုင်သွားပြီ၊ ပြည်သူတွေရှုံးပြီ၊ ဒီမိုကရေစီ ဘယ်တော့မှ မရနိုင်တော့ဘူး၊ အနာခံ တောင်းမနေနဲ့တော့၊ စစ်အာဏာရှင်တွေ သွားခိုင်းတဲ့ လမ်းကိုသာ ဖြောင့်ဖြောင့် တန်းတန်း သွားလိုက်ကြတော့လို့ ကျွန်တော်တို့ ပြည်သူတွေကို နွားသတ်ရုံဘက် နွားမောင်းသလို ကိုယ့်လူ သူ့ဘက်သား လာလုပ်နေတဲ့ မောင်ရင်တို့အဖွဲ့တွေက ဘာတွေလဲကွာ၊ ဘာတွေလဲ။

စေတနာဖြင့်၊

ကိုဂျူး

၃၁ . ၁၂. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

  • မြန်မာ့ဒီမိုကရေစီရေး ဆန္ဒပြသူ ၉ ဦး ဖမ်းဆီးခံရ - ဗွီအိုအေ click here
  • မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရီအဆိုပြု - ခေတ်ပြိုင် click here
  • နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမောလ်ကြီး ဆောက်မည် - ခေတ်ပြိုင် click here
  • ထူးမခြားနား နယူးရီးယား - ဧရာဝတီ click here
  • ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ စည်းကားစွာ ကျင်းပ - ဧရာဝတီ click here
  • အရာခံဗိုလ်လုပ်ရပ်ကြောင့် ဒေသခံရွာသားများ မကျေမနပ်ဖြစ်နေ - ရိုးမ ၃ click here
  • အားတင်းထားပါ - ရိုးမ ၃ click here
  • ဗိုလ်ချုပ်မှူးကြီးထံ အခြေအနေမှန် မတင်ပြ - အာရ်အက်ဖ်အေ click here
  • တရားမျှတရေး လှုပ်ရှားသူအပေါ် ဖောက်ခွဲရေးပုဒ်မဖြင့် စီရင်မည် - အာရ်အက်ဖ်အေ click here
  • ဝေးလံထောင်ရောက် အကျဉ်းသားများရော မိသားစုများပါ ဒုက္ခတွေ့ - အာရ်အက်ဖ်အေ click here
  • အလုပ်သမားအဖွဲ့ကို တိုင်ကြားသူ ထောင်တွင်းမှာ သေဆုံး - အာရ်အက်ဖ်အေ click here

မြန်မာ့နိုင်ငံရေး သုံးသပ်ချက်နှင့် အလားအလာ(၃)

ပြည်တွင်းက အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လဲ အကွဲအပြဲ ဒဏ်ကို ခံရတာပါပဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အားလုံးသိတဲ့ အတိုင်း အရေးအခင်းမှာ ရှေ့တန်း ရောက်လာတဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး၊ ဒေါ်အောင်ဆန်း စုကြည်တို့ သုံးဦးပေါင်းပြီး ဖွဲ့ခဲ့တာပါ။ အောင်နဲ့ တင် အဖွဲ့က စစ်ဗိုလ်ဟောင်းတွေ ဖြစ်ပြီး စု အဖွဲ့မှာ တော့ နိုင်ငံရေး သမားများ၊ တတ်သိများ ပါပါတယ်။ အဲဒီအဖွဲ့ဝင် အများစုဟာ ပမညတ၊ အလံနီ၊ ဗကပ နဲ့ ပြည်သူ့ ရဲဘော်ဟောင်းတွေ ဖြစ်ပြီး လက်ဝဲသမားတွေ ဖြစ်ပါတယ်။ စကထဲက ယဉ်သကို ဆိုသလိုပဲ စစ်ဗိုလ်တွေက သူတို့ တစ်သက်လုံး တိုက်လာခဲ့တဲ့ ကွန်မြူနစ်ဟောင်းတွေကို မယုံပါဘူး။ ကွန်မြူနစ် များကလဲ သူတို့အခေါ် ဘောင်းဘီချွတ်တွေကို မယုံပါဘူး။

ဒီလိုနဲ့ အောင်စုတင်ကနေ ဦးအောင်ကြီး ခွဲထွက်သွားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့မှာ ရှိနေတဲ့ ကွန်မြူနစ်တွေကို ထုတ်ပစ်ဖို့ တောင်းဆိုရာကနေ မဲခွဲတော့ ဦးအောင်ကြီး မဲရှုံးပြီး ပါတီထဲက ထွက်သွားရပါတယ်။ အဲဒီမှာ ဦးတင်ဦး ခေါင်းဆောင်တဲ့ မျိုးချစ် ရဲဘော် ဟောင်းများက ဒေါ်စုဘက်က ပါသွားပါတယ်။ ဘာလို့ ပါသွားလဲ ဆိုတော့ ဦးအောင်ကြီးနဲ့ မျိုးချစ်ရဲဘော် ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးအောင်ရွှေ အုပ်စု တို့ကြားက ပုဂ္ဂိုလ်ရေးတွေကြောင့် ဖြစ်တယ်လို့ သက်ကြီး စကားသက်ငယ် ကြားခဲ့ဘူးပါတယ်။ အိမ်စောင့် အစိုးရ လက်ထက်တုံးက ဗိုလ်မှူးချုပ် အောင်ကြီးနဲ့ ဗိုလ်မှူးချုပ် မောင်မောင်တို့ဟာ ဦးနေ၀င်းပြီးရင် အာဏာ အရှိဆုံးလို့ ဆိုပါတယ်။ တပ်ထဲမှာ သူတို့ကို တစ်ရှဉ်းလို့ ခေါ်တယ်။ ဦးနေ၀င်းက မြင်းလောင်း၊ မိန်းမလိုက် လုပ်နေတုံး သူတို့ နှစ်ယောက်ကပဲ တပ်ကို နိုင်ငံရေး အကွဲတွေကြားမှာ မပါအောင် ထိန်းထား ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီလိုနဲ့ ၆၀ ရွေးကောက်ပွဲ ပြီးတော့ ဗိုလ်ချုပ် မောင်မောင်ကို ပထမဆုံး တပ်က ထွက်ခိုင်းပါတယ်။ ဦးနေ၀င်းနဲ့ ဗိုလ်မှူးချုပ် မောင်မောင်ကြား သဘောကွဲတာကြောင့်လို့ ပြောသလို၊ ဗိုလ်ချုပ် မောင်မောင်က စီအိုင်အေနဲ့ ပေါင်းပြီး ရှမ်းပြည်နယ်မှာ တရုတ်နီဘက်ကို ထောက်လှမ်းတဲ့ စခန်းတွေ ဖွင့်ခွင့်ပေးတာကို သိသွားလို့ ဖယ်ရှားတာလို့လဲ ပြောကြပါတယ်။ ဘယ်ဟာ မှန်သလဲ မသိပါ။ တစ်လလောက် ခြားပြီးတော့ မြောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ရွှေနဲ့ တပ်မဟာမှူးတွေကို ၆၀ ရွေးကောက်ပွဲမှာ တည်မြဲဘက် လိုက်ပြီး မဲခိုးလို့ဆိုပြီး အငြိမ်းစား ပေးပါတယ်။ အဲဒါတွေ ဖြစ်တဲ့အချိန်မှာ ဦအောင်ကြီးက ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ပါ။ သို့သော် ဦးနေ၀င်းကို မတားဘဲ လက်ပိုက် ကြည့်နေတယ်။ သူ့နဲ့ ပြိုင်ဖက်တွေ တပ်က ထွက်သွားရအောင် လူလည်ကျ သွားတယ်လို့ ဦးအောင်ရွှေတို့က ယူဆခဲ့တယ်။ အဲဒီ အကွဲဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းတဲ့ အချိန်အထိ ပါလာတယ်လို့ ဆိုရမှာပါ။

ဦးအောင်ကြီး ထွက်သွားပေမယ့် မျိုးချစ်တွေနဲ့ တပ်သိတွေကြားက အကွဲအပြဲက ကျန်နေတုံး ပါဘဲ။ မျိုးချစ်တွေက တတ်သိတွေ၊ ဒေါ်အောင်ဆန်း စုကြည်အနားက လူငယ်တွေကို မောက်မာတယ်၊ ရိုင်းတယ်လို့ မြင်ကြတယ်။ ဒေါ်အောင်ဆန်း စုကြည်ကိုလဲ ခေါင်းမာတယ်လို့ မျိုးချစ်တစ်ချို့က မြင်ကြ တယ်။ မကြာခင်က ပို့စ်တစ်ခုမှာ မျိုးချစ်တွေအနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထွက်ဖို့ အထိ ဆုံးဖြတ်ထား ပြီးပြီ၊ သို့သော် ၈၉ ဇူလိုင် ၂၀ မှာ ဒေါ်အောင်ဆန်း စုကြည် အဖမ်းခံလိုက်ရလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆက်ပြီး ထိန်းထားပေးတယ် ဖြစ်တယ်လို့ ရေးထားတာ ဖတ်လိုက်ရပါတယ်။

ဒေါ်အောင်ဆန်း စုကြည် အဖမ်းခံထားရတဲ့ အချိန်မှာ ပါတီ ခေါင်းဆောင်မှုဟာ မျိုးချစ်တွေ လက်ထဲကို ရောက်သွားပါတယ်။ ပါတီထဲမှာ ကျန်ခဲ့တဲ့ တတ်သိတွေ၊ ဒုတိယတန်း၊ တတိယတန်း ခေါင်းဆောင်တွေနဲ့ လူငယ်တွေက မျိုးချစ်တွေရဲ့ ခေါင်းဆောင်မှုကို ဘ၀င်မကျပါဘူး။ မျိုးချစ်များက လည်း လူငယ်တွေရဲ့ လှုပ်ရှားမှုတွေဟာ အစွန်းရောက်တယ်။ ပါတီ ဖျက်သိမ်းခံရတဲ့ အဖြစ်ထိ ရောက် နိုင်တယ်လို့ ယူဆပြီး လူငယ်တွေကို အဖွဲ့ချုပ်ကနေ ထုတ်တာတွေ လုပ်လာတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူငယ် - လူကြီး ပြဿနာ၊ တိုင်းစည်းနဲ့ ရွေးချယ်ခံ တစ်ချို့က စီးအီးစီကို စာရေး တောင်းဆိုတာ တွေဟာ မျိုးချစ်များနဲ့ တတ်သိတွေ၊ လူငယ်တွေကြားက အကွဲဂယက် ဖြစ်တယ်လို့ မြင်မိပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်း စုကြည် မရှိတဲ့အချိန်မှာ အဖွဲ့ချုပ်အနေနဲ့ ထိရောက်တဲ့ လုပ်ငန်းစဉ်တွေ ချပြ ရမယ့်အစား အဖွဲ့ချုပ် ကွဲပြဲမသွားအောင်၊ အစိုးရ ဖျက်တာ မခံရအောင် ကြိုးစားနေရတဲ့ ဘ၀ ရောက်သွားပါတယ်။ အခုအချိန် မှာတော့ ဦးဝင်းတင် ခေါင်းဆောင်ပြီး လူကြီး-လူငယ်ကြား ညီညွတ်ရေး ရဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဘယ်လို ဖြစ်လာမယ် ဆိုတာတော့ စောင့်ကြည့် ရဦးမှာပါ။

ပြည်တွင်းမှာ မညီညွတ်တော့ ပြည်ပမှာရော ဆိုတော့ သူ့ထက်ကဲလို့ ပြောရမှာပါ။ ၉၀ နှောင်းပိုင်းမှာ ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နယ်စပ် ရောက်လာတော့ အားလုံးက ၀မ်းပန်း တသာ ကြိုကြတယ်။ NCGUB စင်ပြိုင် အစိုးရဖွဲ့သလို ဗမာ နို်င်ငံရေး သမားများနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပေါင်းစည်းပြီး နအဖကို တိုက်နိုင်ဖို့ DAB, NCUB ဆိုတဲ့ အဖွဲ့တွေ ဖွဲ့ကြတယ်။ ဒါပေမယ့် တစ်ညီ တစ်ညွတ်တည်း လုပ်နိုင်သလားဆိုရင် ဟင့်အင်းလို့ ပြောရမှာပဲ။ NCUB မှာ အဖွဲ့ပေါင်းစုံက ကိုယ်စားလှယ်တွေ ပါတယ်။ ဒါပေမယ့် အစည်းအဝေးပြီးရင် ကိုယ့်မြင်း ကိုယ်စိုင်းကြတာပဲ။ NCUB ရဲ့ မဟာဗျူဟာ ဆိုတာ စာရွက်ပေါ်မှာပဲ ရှိတယ်။ အဖွဲ့ဝင်တွေက သူတို့ အများ သဘောတူ ရွေးခဲ့တဲ့ DAB , NCUB ဥက္ကဌ ဆိုတာတွေကို ဘယ်တုံးကမှ အလေးမထားခဲ့ဘူး။ တစ်ခါတစ်လေ အမှုဆောင်အဖွဲ့မှာ ပါနေတဲ့ သူတို့ ကိုယ်စားလှယ်ကိုတောင် သူ့အဖွဲ့အစည်းက ချောက်ချတာတွေလဲ ရှိသေးရဲ့။

DAB က တစ်မျိုး လုပ်သလို တိုင်းရင်းသား လက်နက်ကိုင်များ ဖွဲ့ထားတဲ့ NDF မဒတ ကလည်း သူ့မူနဲ့ သူပဲ။ နောက်တစ်ခါ NCUB ထဲက တိုင်းရင်းသား အဖွဲ့တစ်ချို့၊ ပြည်ပရောက် တိုင်းရင်းသား နိုင်ငံရေးသမား တစ်ချို့ပေါင်းပြီး ENC ဆိုတာဖွဲ့ပြီး ဖက်ဒရယ် အခြေခံဥပဒေ ဆိုတာ ဆွဲပြန်တယ်။ ဒါပေမယ့် NDF က ENC ကို အသိအမှတ် မပြုပြန်ဘူး။ NCGUB ကလဲ ENC ရဲ့ ဖက်ဒရယ် အခြေခံမူ ဆိုတာကို လက်မခံပြန်ဘူး။

တကယ်တော့ ဒေါက်တာ စိန်ဝင်း ခေါင်းဆောင်တဲ့ NCGUB က ပြည်ပရောက် ဒီမိုကရေစီ လှုပ်ရှားသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပေါင်းစည်း နိုင်အောင် ခေါင်းဆောင်မှု ပေးဖို့ တာဝန် ရှိပါတယ်။ ဒေါက်တာ စိန်ဝင်းဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မောင်နှမ တော်တယ် ဆိုတဲ့ ဂုဏ်နဲ့ မျက်နှာ အတော်ပွင့် လိုက်ပါသေးတယ်။ သို့သော် အခုအချိန်မှာ ညွှန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဆိုတာ ပြည်ပရောက် အတိုက်အခံ တွေကြားမှာ ပျက်လုံးတစ်ခု ဖြစ်နေပါပြီ။ အားလုံးကို ခေါင်းဆောင်ဖို့ နေသာသာ ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ ကြားမှာတောင် အစိုးရအဖွဲ့ရယ်၊ NLD (LA) ရယ်နဲ့ လွတ်တော် အမတ်များအဖွဲ့ သုံးပိုင်း ကွဲနေသေးတယ်။ ဒါ့ကြောင့်လဲ ကုလသမဂ္ဂမှာ နအဖရဲ့ ကိုယ်စားလှယ် နေရာကို စိန်ခေါ်ဖို့ လှုပ်ရှားကြတော့ NCGUB ဒေါက်တာ စိန်ဝင်းတို့က လက်မှတ် မထိုးဘူး။ ဒီတော့ လွှတ်တော် အမတ်အဖွဲ့က ဒေါ်စန်းစန်းတို့က စင်ပြိုင် အစိုးရကို တိုးချဲ့ဖွဲ့ ရမယ်လို့ တောင်းဆိုတာတွေ လုပ်လာတယ်။

အခုအချိန်မှာ အတိုက်အခံကရော၊ နိုင်ငံတကာကပါ နအဖ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေး ပါတီများနဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ကြားမှာ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ တောင်းဆို နေတာပါ။ တကယ်လို့များ နအဖက သုံးပွင့်ဆိုင် ဆွေးနွေးမယ်လို့များ ပြောလိုက်ရင် ဘယ်သူ တွေက ဘယ်အဖွဲ့ကို ကိုယ်စားပြုကြမလဲ ဆိုတာ စဉ်းစားကြည့်ကြပါ။ ပြည်တွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပြင် အမျိုးသား ညီလာခံကို တက်နေတဲ့ ပါတီတွေ ရှိသေးတယ်။ ပြည်ပမှာ ဖွဲ့ထားတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့ရှိတယ်။ မယူသေးတဲ့ အဖွဲ့ရှိတယ်။ လက်နက် မကိုင်ဘဲ တိုင်းရင်းသား အရေး လှုပ်ရှားနေသူ တွေရှိသေးတယ်။ ကိုယ်စားလှယ် ဘယ်လို ရွေးကြမလဲ စဉ်းစားကြည့်ပါ။ အဲဒါ ညီညွတ်မှု မရှိခြင်း၊ ဘုံသဘော တူညီချက် မရှိခြင်းကြောင့် ပထမဆုံး ရင်ဆိုင်ရမယ့် ပြဿနာပါဘဲ။ ပြီးရင် ဘယ်ရပ်တည်ချက်ပေါ်က ဆွေးနွေးမှာလဲ ဆိုတဲ့ ပြဿနာ ရင်ဆိုင်ရဦးမယ်။

ဒီလို ညီညွတ်မှု မရှိခြင်းကြောင့် နအဖကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ဖော်ဆောင်နိုင်ဖို့ လှုပ်ရှားနေ တယ်ဆိုတဲ့ အဖွဲ့တွေဟာ ပေါ်လာတဲ့ အခွင့်အရေးများကို ထိထိ ရောက်ရောက် အသုံးချဖို့ ပျက်ကွက်ခဲ့ ရတယ်လို့ မြင်မိပါတယ်။ ဒီတော့ ညီညွတ်မှု မရှိခြင်းဟာ အတိုက်အခံများ အတွက် အရေးအကြီးဆုံး အန္တရာယ် ဖြစ်လာပါတယ်။ နောက်ပြီး ဒီလို ညီညွတ်မှု မရှိခြင်းကြောင့် ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာများလည်း ရှိပါသေးတယ်။

၃၀ . ၁၂. ၂၀၀၈ ရက်နေ့ မြန်မာနိုင်ငံသတင်းများ

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မှာ ပျောက်ဆုံးနေ - ဗွီအိုအေ click here
မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး - ဗွီအိုအေ click here
ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူများ လက်တွန့် - ခေတ်ပြိုင် click here
နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (၂၀,၀၀၀) ကျော် မြို့ပြင် ထုတ်ဖို့ပြင် - ခေတ်ပြိုင် click here
ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု - ဧရာဝတီ click here
ကာတွန်းဆရာကြီးများ ကန်တော့ပွဲ အာဏာပိုင်များ စောင့်ကြည့် - ဧရာဝတီ click here
ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ - ရိုးမ ၃ click here
စစ်တပ်မှ ဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ်ပိုင်း ခေါင်းဆောင်များ ပြန်လည် ပေါ်ထွက်လာ - ရိုးမ ၃ click here
ကရင်နှစ်သစ်ကူးပွဲတော်ကို တက္ကဆက်ပြည်နယ်မှာ စုပေါင်းကျင်းပ - အာရ်အက်ဖ်အေ click here
တရားမျှတရေး လှုပ်ရှားသူအပေါ် ဖောက်ခွဲရေးပုဒ်မဖြင့် စီရင်မည် - အာရ်အက်ဖ်အေ click here
ဝေးလံထောင်ရောက် အကျဉ်းသားများရော မိသားစုများပါ ဒုက္ခတွေ့ - အာရ်အက်ဖ်အေ click here
အလုပ်သမားအဖွဲ့ကို တိုင်ကြားသူ ထောင်တွင်းမှာ သေဆုံး - အာရ်အက်ဖ်အေ click here
ဈေးသည်များအတွက် ကျပ်သိန်းနှစ်ထောင် ရန်ကုန်မြို့တော်စည်ပင်က ထုတ်ချေးပေးမည် - ရန်ကုန်တိုင်းမ် click here
ဖိလစ်ပိုင်က မြန်မာ့ပို့ကုန်များကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုပြီ - ရန်ကုန်တိုင်းမ် click here

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများသို့ သွားလာကူးသန်းနိုင်မှုအတွက် မန္တလေးမြို့ပတ်ကမ်းနားလမ်း သည် ပိုမို အရေးပါလာ - ၀ိကလီးအလဲဗင်း click here
နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာဘွဲ့သင်တန်း - လျှပ်တစ်ပြက် click here

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.