Saturday, January 3, 2009

[Moon Thet Pan] 1 New Entry: နှစ်ကူးရာသီ ပိုး

နှစ်ကူးရာသီ ပိုး

အပျင်းပြေချင်ရုံသက်သက်
ငါ နင့်ကိုချစ်ခဲ့တာမဟုတ်ဘူး ကောင်ငယ်လေးရေ…



ဘယ်လောက်များ ရူးသွပ်ခဲ့သလဲ… ဆို…

ဆယ်စုနှစ်တခုလုံး ပြိုအောင်
ငါသိမ်းခဲ့တဲ့ ဆန္ဒတွေထုတ်ဖော်ချင်ရုံ
ငြိမ်းအေးတဲ့ဘ၀မှာခိုဖို့
ပင်လယ်တစ်ဘက်ကို ပေါင်းကူးတံတားထိုးမိခဲ့ရုံ
စစ်ကြိုစာချုပ်ကိုမှ
ငြိမ်းချမ်းရေးလက်မှတ်လို့ထင်ခဲ့မိရုံပေါ့…

နေတစ်စင်း ၊ လတစ်စင်းတလှည့်စီ
ထွန်းလင်းတဲ့ကမ္ဘာမှာ
အရာအားလုံး သတ်မှတ်ခံရမှတော့
စည်းမျဉ်းတွေလည်း ငါ့ကြမ္မာကို မတားနိုင်ပြန်ဘူး
အဲဒီ နှစ်သစ်ကိုကြိုတဲ့နေ့မှာ
ငါမဟုတ်တဲ့ မင်းပျော်ခဲ့တဲ့ရင်ခွင်
ငါမနှိုးပေမယ့် မင်းကိုနိုးစေခဲ့တဲ့ ဖုန်းသံလွင်လွင်
တခဏဆိုလည်း ခဏလောက်မေ့ထားချင်ပါရဲ့…

စိတ်အစဉ်မှာ သုံးနှစ်တာဟာ
မနေ့တနေ့ကလို ငါ့ရင်ကို စို့နင့်စေတုန်း…
အချစ်စစ်မဟုတ်ဘူးဆိုတဲ့ စိတ္တဇက
ငါ့ကိုအထီးကျန်စေတုန်း…
ငယ်ချစ်ဆိုတဲ့ စကားလုံးတွေက
ငါ့ဘ၀ကို ၀ါးမျိုချင်တုန်း မို့…
အဖြေရှာမရတဲ့ နှလုံးသားမှာ
ကုမရသေးတဲ့ သံယောဇဉ်ပိုးတွေနဲ့
နှစ်ကူးရာသီ ရောက်ပြန်တိုင်း
တစ်စ စီကြေမွ…။ ။

မွန်းသက်ပန် (ဆေး-၁)
လောကအလှ အွန်လိုင်းမဂ္ဂဇင်း
၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်

You received this email because you are subscribed to the real_time feed for http://www.moonthetpan.com/feeds/posts/default. To change your subscription settings, please log into RSSFWD.