Thursday, January 29, 2009

[ဆုံဆည်းရာ] 19 New Entries: လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူ အဖမ်းခံရ

လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူ အဖမ်းခံရ

ဗွီအိုအေ၊ ဇန်န၀ါရီလ ၁၇ ရက် ၂၀၀၉

မြန်မာပြည်က အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ပတ်သက်ပြီးတော့ အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကို တိုင်ကြားခဲ့လို့ ထောင်ချခံခဲ့ရတဲ့ လယ်သမားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူ ဟာ အောင်လံမြို့က အပြန် ကြာသပတေးနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ ရှေ့နေ ကိုဖိုးဖြူကို အာဏာပိုင်တွေက ဘာကြောင့် ဖမ်းဆီးခဲ့တာလဲ ဆိုတာကိုတော့ အကြောင်းစုံကို စုံစမ်းထားတဲ့ မအေးအေးမာ က တင်ပြထားပါတယ်။

ပြီးခဲတဲ့အပတ်ကတည်းက အမှုစစ်ပြီးအပြန် အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းတာကို ခံခဲ့ရပြီးတဲ့နောက် အခု အပတ်မှာတော့ သူကိုယ်စား တရားရုံး ရဲ့ ထွက်ဆိုချက်တွေမှာ သက်သေအထောက်အထားနဲ့ တင်ပြနိုင်ဖို့ အချက်အလက်တွေ လာပေးရင်း ရှေ့နေ ဦးဖိုးဖြူ ဟာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပါတယ်။

ဦးဖိုးဖြူ အဖမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ လယ်သမား ဦးဇော်ဌေးရဲ့ မိသားစုဝင်တဦး ပြောပြတာကတော့ -

"ကိုဖိုးဖြူဟာ အောင်လံကနေပြီးတော့ မကွေးကနေ ထွက်လာတဲ့ အောင်ကမ္ဘာကားကို ရွှေမိုး လ္ဘက်ရည်ဆိုင် ကနေ ဆက်စီးပြီးတော့ ၁၀ နာရီလောက်မှာ အထွက်မှာ အောင်လံကအထွက် တောင်ဘက် တံပိုး ရွာနားမှာ အထွက်ဂိတ်ပေါ့ဗျာ။ အဲဒီဂိတ်ကနေပြီးတော့ မြို့နယ်မှူး အပါအ၀င် ရဲတွေအားလုံးက အက်စ်ပီ တွေက မကွေးက ညွှန်ကြားထားတဲ့အတိုင်း ဖမ်းဆီးပြီးတော့ ညတွင်းချင်း မကွေးကို ဂျစ်ကားနဲ့ ပို့လိုက်တယ်လို့ ကျနော်တို့ သိရတယ်ခင်ဗျ။"

နတ်မောက်မြို့ က လယ်သမား ဦးလှစိုးနဲ့ အောင်လံက ဦးဇော်ဌေးတို့ ၂ ဦးဟာ သူတို့ရဲ့လယ်တွေကို စစ်တပ်ကနေ အဓမ္မ သိမ်းဆည်းတာ နဲ့ပတ်သက်ပြီး အိုင်အယ်လ်အို ကို တိုင်ကြားရင်း ဖမ်းဆီးခံလိုက်ရသူများ ဖြစ်ပါတယ်။ သူတို့ အဖမ်းခံရတာနဲ့ပတ်သက်ပြီး လူငယ်ရှေ့နေ ဦးဖိုးဖြူ က အမူလိုက်ပေးနေရာကနေ တရားရုံးမှာ ကြုံတွေ့နေရတဲ့ မမှန်ကန်တဲ့သက်သေတွေကို ခေါ်လာမှု၊ မှန်ကန်တဲ့ သက်သေတွေကို စကားပြောဆိုခွင့် မပေးတာတွေနဲ့ပတ်သက်ပြီး အခြေအတင် ဖြစ်ပြီး ရှေ့နေပါဝါကို ရုတ်သိမ်းပြီး သူနဲ့ တွဲဘက်ဖြစ်တဲ့ ရှေ့နေ ဦးအောင်သွင်လင်း ကို အမူ ဆက်လိုက်စေခဲ့ပါတယ်။ အခုအပတ် ဦးဇော်ဌေး တို့ တရားရုံးထုတ်စစ်ဆေးတဲ့ နေ့ကို သူရောက်ရှိလာခဲ့ပြီးတဲ့နောက် ရန်ကုန်အပြန်မှာ ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါမှာတော့ အခုလိုပြောကြားပါတယ်။

"အဲဒါတော့ မသိပါဘူးရှင်။ အိမ်နဲ့လည်း ဘာ အဆက်အသွယ်မှ မရှိပါဘူး။"

ဦးဖိုးဖြူနဲ့ပတ်သက်ပြီး သူဟာ ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်နေတဲ့ ရှေ့နေတဦးဖြစ်ပြီး နစ်နာသူတွေဘက်ကနေ ဖိဖိစီးစီး လုပ်ဆောင်ပေးနေတဲ့သူသာ ဖြစ်ကြောင်း ဦးဇော်ဌေးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

"ကိုဖိုးဖြူကတော့ ကျနော်တို့ ဒီတိုင်းပြည်မှာရှိတဲ့ တိုင်းသူပြည်သားတိုင်း မည်သူမဆိုပေါ့ဗျာ။ တရားဥပဒေရဲ့ အကာအကွယ် အစောင့်အရှောက် ကို ရရှိသင့်တယ်ဆိုပြီးတော့ နေတဲ့သူပဲလေ။ နောက်တခါ အခုတရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုဇော်ဌေး ရဲ့ အကျိုးဆောင်အဖြစ် ဆောင်ရွက်တဲ့အခါကျတော့ ပိုပြီးတော့ ဖိဖိစီးစီး လုပ်ရတာပေါ့ဗျာ။ ကျေးရွာတွေကို ရောက်တယ်၊ ရွာသူရွာသားတွေကို တွေ့တယ်။ တရားဥပဒေရဲ့ အကာအကွယ် ရရှိဖို့အတွက် ကြိုးကြိုးပမ်းပမ်း နိုက်နိုက်ချွတ်ချွတ် ဆောင်ရွက်တတ်တဲ့အတွက် လက်ရှိ ဒီ ဆုလဒ် ရတယ်လို့ပဲ ကျနော်တို့တော့ ထင်တယ်။"

နောက်ဆုံးကြားရတဲ့သတင်းတွေအရ ဦးဖိုးဖြူ ကို မကွေးရဲစခန်းမှာပဲ အာဏာပိုင်တွေက ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ရွှေဝါရောင်လှုပ်ရှားမှု ခေါင်းဆောင် ဦးဂမ္ဗီရ အစာငတ်ခံ ဆန္ဒပြ

ဗွီအိုအေ၊ ဇန်န၀ါရီလ ၁၇ ရက် ၂၀၀၉

၂၀၀၇ ခုနှစ် သံဃာတော်မျာရဲ့ ရွေဝါရောင် တော်လှန်ရေး မြင်ကွင်းတရပ် (စက်တင်ဘာ ၂၄၊ ၂၀၀၇)
စက်တင်ဘာ သံဃာ့လှုပ်ရှားမှုခေါင်းဆောင် သံဃာတော်တပါး ဖြစ်တဲ့ ဂမ္ဗီရဟာ မန္တလေး အကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေပြီးတော့ ကျန်းမာရေး မကောင်းဘူးလို့ သိရပါတယ်။ ဒါ့အပြင် ထောင်ဝင်စာ သွားတွေ့တဲ့ သူ့မိသားစု ကိုလည်း အာဏာပိုင်တွေဘက်က ထောင်ဝင်စာ တွေ့ခွင့်မပေးတဲ့ အပြင် အခုဆိုရင် ပါဆယ်ကိုတော့ ပေးခွင့်မရှိဘူးလို့ ဆိုပါတယ်။ အရှင်ဂမ္ဗီရ အနေနဲ့ မန္တလေးထောင်တွင်းမှာ ဘာကြောင့် အစာငတ်ခံ ဆန္ဒပြနေတာလဲ။ ဘယ်နေ့ကစပြီး အစာငတ်ခံဆန္ဒပြခဲ့တာလဲ ဆိုတာကို သိရအောင်လို့ အရှင်ဂမ္ဗီရ ရဲ့ အစ်မဖြစ်သူကို မေးကြည့်တော့ -

"ဘယ်နေ့ကလဲဆိုတော့ ၁၃ ရက်နေ့ကလို့တော့ ပြောတယ်။ ဒီနေ့ ၁၇ ရက် ဆိုတော့ ၄ ရက်တော့ ရှိပြီပေါ့။"

ဘာအကြောင်းကြောင့် သူ ဆန္ဒပြတာလဲရှင်။ -

"အဲဒါ အမေနဲ့တွေ့မှ သိရမှာပါ။ ဘာအကြောင်းကြောင့်ဆိုတာ မေးတော့မေးတယ်။ မသိဘူးတဲ့ မေးကြည့်တော့လည်း ပြောတယ်လေ။ အယ် မိသားစု နဲ့မတွေ့ရတာလား၊ အဲဒါကလည်း တကြောင်းတော့ ပါမယ်ထင်တယ်။ အဲဒီထက် ကြီးတဲ့ဟာလည်း ရှိလိမ့်မယ်လို့တော့ ထင်တာပဲ။"

ထောင်ဝင်စာတွေရော တွေ့ခွင့်ရှိလား အစ်မ။ -

"၂ ပတ်ရှိပြီ။ မတွေ့ရတာ။ ထောင်ဝင်စာလည်း မတွေ့ရဘူး။ ပါဆယ်လည်း မပေးရဘူး။"

သူ့ရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲရှင့်။ -

"အခု ဘယ်လိုရှိလဲ ဆိုတော့ အိပ်ယာထဲမှာ လဲနေတယ်တဲ့။ ရေတောင်မှ မသောက်ဘူး။ ရေလည်း မချိုးဘူး။ ဘာဆိုဘာမှမစားဘူး ဆိုတော့ တော်တော်တော့ စိတ်ပူနေတယ်။ အခြေအနေလည်း ဆိုးနေတယ်လို့တော့ ပြောတယ်။"

ထောင်ဝင်စာ သွားတွေ့တော့ အရှင်ဂမ္ဗီရ ရဲ့ မယ်တော်ပဲ သွားတွေ့တာလားရှင်။ -

"ပထမဆုံး ဒီဇင်ဘာ ၂၄ ရက်နေ့ တွေ့ရတုန်းကတော့ အဖေ နဲ့ အမေ သွားတာလေ။ အဲဒီတုန်းက တခေါက် တွေ့ခဲ့ရတယ်။ အဲဒါပြီးတော့ နောက် ၂ ပတ်မှာ မောင်လေးနဲ့အမေ နဲ့သွားတာပေါ့။ အဲဒါ မတွေ့ရဘူး။ ၁၄ ရက်နေ့ကပေါ့။ သူက ဗုဒ္ဓဟူး တရက်ပဲ တွေ့လို့ရတာလေ။ အခက်အခဲ ရှိတာပေါ့။ ငွေကြေး အခက်အခဲဆို ဒီလို သွားဖို့လာဖို့အတွက် တော်တော် စုယူရတယ်။ အလုပ်တွေကလည်း အရင် ဆိုင်ကယ် ၀က်ရှော့ ရှိတာနဲ့ ကုန်စုံဆိုင်ကလည်း သူတို့ ပိတ်ပစ်တယ်လေ။ ပိတ်ပစ်တယ် ဆိုတာက လူတွေမလာရဲအောင် ပိတ်တာပေါ့။ ဗုံးတွေ အလုံး ၅၀ ရှိတယ်တို့၊ လက်နက်တွေ တွေ့တယ်တို့ ဆိုတော့ လူတွေက မလာရဲကြတော့ဘူး။ အဲဒီတော့ လုံးလုံး ပိတ်ပစ်ရတယ်။ အဲဒီလို နေ့စဉ်ဝင်ငွေလည်း မရှိ၊ ဘာ ၀င်ငွေ မှလည်း မရှိတဲ့အခါကျတော့ ဦးပဉ္ဖင်းကို အပတ်စဉ် ကူဖို့ဆိုတာ တော်တော်ကြီးကို ခဲယဉ်းပါတယ်။ တော်တော် ကြိုးစားရတယ်။"

ဒါကတော့ မန္တလေးအကျဉ်းထောင်တွင်းမှာ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ သံဃာလှုပ်ရှားမှု ခေါင်းဆောင် အရှင် ဂမ္ဗီရ အစာငတ်ခံဆန္ဒပြနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး အစ်မဖြစ်သူက ပြောပြခဲ့တာဖြစ်ပါတယ်။

လှေစီးပြေး ဒုက္ခသည်များ အပေါ် ရက်စက်မှု ထိုင်း ငြင်းဆို

ဗွီအိုအေ၊ ဇန်န၀ါရီလ ၁၇ ရက် ၂၀၀၉

မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ကနေ လှေနဲ့ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ကို ထိန်းသိမ်းထားပြီးတဲ့နောက်၊ ပင်လယ်ထဲ မှာ လှေ နဲ့ အသေခံ ပစ်ထားခဲ့တယ် ဆိုတဲ့ သတင်းတွေ ကို ထိုင်း စစ်တပ် က ငြင်းဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ နဲ့ ထိုင်းနိုင်ငံထဲ ၀င်ရောက်လာတဲ့သူတွေ ကို ပင်လယ်ထဲ အဓမ္မ ပြန်ထွက်သွားအောင် စစ်တပ် က လုပ်ခဲ့တယ် ဆိုတဲ့ သတင်း ကို ထိုင်းစစ်အရာရှိတွေ က ငြင်းဆိုကြတာပါ။ ပြန်နှင်ထုတ်တာသာ ဖြစ်ပါတယ်လို့ ထိုင်းစစ်တပ် အရာရှိတွေ က ပြောပါတယ်။ အချက်အလက် အားလုံး နဲ့ အဲဒီ ကိစ္စ ဖြစ်ခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေ ကို စစ်ဆေးနေပါတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ကျေညာချက် ကတော့ ဆိုပါတယ်။

ထိုင်းအစိုးရ က စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး က သောကြာနေ့ မှာ တောင်းဆိုခဲ့ပါတယ်။

သူတို့ ကို ထိုင်း ရေတပ် က ဝေးလံခေါင်ဖျား ကျွန်းတစ်ကျွန်းမှာ ရက်ပေါင်းများစွာ ထိန်းသိမ်းခဲ့ပြီး၊ လှေပေါ်တင် ပင်လယ်ထဲ ကို ပြန်ဆွဲသွားခဲ့တယ်လို့ စာနယ်ဇင်းသမားတွေ နဲ့ လူ့အခွင့်အရေး အုပ်စုတွေ ကို စကားပြောခဲ့ကြတဲ့ အသက်ရှင် ကျန်ရစ်သူတွေ က ဆိုပါတယ်။

လူ ၄၀၀ လောက် ပါတဲ့ အဲဒီ အုပ်စု မှာ အဓိက က မြန်မာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဖြစ်ကြတယ်လို့ အသက်ရှင် ကျန်ခဲ့သူတွေ က ပြောပါတယ်။

သူတို့ ကို စက်မပါတဲ့ လှေတစ်စင်းပေါ်တင်ပြီး အစားအစာ နဲ့ ရေနည်းနည်း နဲ့ ဒီဇင်ဘာလ အတွင်း က ပင်လယ်ထဲ ပြန်မျှောထားခဲ့တယ်လို့ သူတို့က ပြောပါတယ်။ လူလေးယောက် ကို လက် ကြိုးတုပ်ပြီး၊ ရေထဲ ပစ်ချခဲ့တယ်လို့ သူတို့ က ဆိုကြပါတယ်။

အဲဒီ လူ ၄၀၀ ထဲ က အများစု က ရေနစ်သွားခဲ့ကြပြီး၊ ၁၀၀ လောက် က အိန္ဒိယ နိုင်ငံ အန်ဒမန် ကျွန်းတွေ ကို ရောက်သွားခဲ့ကြပါတယ်။

လှိုင်းရိုင်းမဲလ်တယ်

ထိုင်းအစိုးရရဲ့ မြန်မာပြည် သဘောထား ဒီမိုကရေစီအင်အားစု ထောက်ခံ

ဗွီအိုအေ၊ ဇန်န၀ါရီလ ၁၇ ရက် ၂၀၀၉

မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံတွင်းမှာ ပြောင်းလဲမှုတွေလုပ်ဖို့ အသစ်တက်လာတဲ့ ထိုင်း အစိုးရ က တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထားရှိသွားမယ့် ထိုင်းအစိုးရသစ်ရဲ့ မူဝါဒတွေကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပါတယ်။ စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ ဒေသတွင်း အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့လည်း အခုထက်ပိုပြီးတော့ တက်တက်ကြွကြွနဲ့ တိုက်တွန်း ဆောင်ရွက်သွားဖို့ ထိုင်းအစိုးရက မျှော်လင့်နေတဲ့အကြောင်း ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘင် (Ron Corben) ရဲ့ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ထိုင်းအစိုးရသစ်ရဲ့ မူဝါဒတွေကို ထိုင်းဝန်ကြီးချုပ် သစ် အဘီဆစ် ၀ိုက်ချာချီဝ (Abhisit Vejjajiva) က ဒီအပတ်ထဲမှာပဲ သူ့ရဲ့ အဓိက မိန့်ခွန်းတခု မှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ရဲ့သတိပေးပြောဆိုမှုတွေက ဒေသတခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်နိုင်ခဲ့ပါတယ်။

မှန်ကန်တဲ့ချဉ်းကပ်မှုနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကနေဆင့် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်အောင် ထိုင်းအစိုးရအနေနဲ့ တိုက်တွန်းသွားမယ်လို့ ဒီတပတ်အတွင်း နိုင်ငံခြားသတင်းထောက်များ ကလပ် FCCT မှာ မစ္စတာ အဘီဆစ် ပြောသွားခဲ့တာဖြစ်ပါတယ်။

လတ်တလော အာဆီယံအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ယခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရင်းပစ်ဆူဝမ် (Surin Pitsuwan) ချမှတ်ခဲ့တဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု က လူ့အခွင့်အရေး ကိစ္စလိုမျိုး အကြောင်းအရာတွေမှာ ပိုပြီးတော့ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းပါတယ်။

"အာဆီယံအဖွဲ့ကြီး ခိုင်မာဖို့အတွက်က နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ လေးစားမှုနဲ့ ယုံကြည်ကိုးစားမှု လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေက ကျန် ဒေသတခုလုံးကို အကျိုးသက်ရောက်စေတယ်ဆိုတာ ရှင်းပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်ကျရောက်နေပြီဆိုတာကို ကျနော် ထောက်ပြမှာပါ။ ကျနော်တို့ အလေးထားတဲ့အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အခုထက်ပိုပြီးတော့ တက်တက်ကြွကြွ လုပ်ဖို့ လိုပါတယ်။ ဒါဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးဆိုပေမယ့် ဒီလိုမျိုး အပြောင်းအလဲတွေ နဲ့ တိုးတက်မှုတွေကို ကျနော်တို့ တွေ့မြင်ခဲ့ဖူးပါတယ်။"

၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ချီရှာဝဒ် အစိုးရလက်ထက်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အကျိုးအမြတ်တွေအတွက်သာ ဦးစားပေးခဲ့ပါတယ်။ အပြုသဘောဆောင် ချဉ်းကပ်မှု မူဝါဒအောက်မှာ ထိုင်း နဲ့ အာဆီယံ တို့ဟာ မြန်မာစစ်အစိုးရ နဲ့ ဆက်ဆံတဲ့နေရာမှာ သိသာထင်ရှားမှု မရှိတဲ့ သံတမန်ရေး ချဉ်းကပ်မှုတွေနဲ့ ချဉ်းကပ်ခဲ့ကြပါတယ်။

ဒီမိုကရေစီနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့က မြန်မာကျောင်းသားခေါင်းဆောင် ဒေါက်တာ နိုင်အောင် က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး နဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို အဓိကထား ချဉ်းကပ်ဆောင်ရွက်မယ့် ထိုင်းအစိုးရသစ်ရဲ့ ချဉ်းကပ်မှုကို ကြိုဆိုပါတယ်။

"ထိုင်းအစိုးရသစ် ဟာ လူ့အခွင့်အရေး အခြေခံပေါ်မှာ ရပ်တည်မှာပါ။ ဒါကြောင့် ဒီမိုကရေစီကျင့်ထုံးတွေနဲ့ ပိုပြီးတော့ အလေးထား ရပ်တည်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံကို ဖိအားပေးတဲ့နေရာမှာ အာဆီယံအဖွဲ့ကနေ တဆင့် ချဉ်းကပ်မယ်ဆိုရင်တော့ ဒီချဉ်းကပ်မှုက ခက်ခဲနေဦးမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ - အာဆီယံ အနေနဲ့က ၀င်ရောက်မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒကို လက်ကိုင်ထားနေဆဲ့ ဖြစ်တာကြောင့်ပါ။"

Alternative ASEAN လို့ခေါ်တဲ့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ စင်ပြိုင် အာဆီယံအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ ဒက်ဘီ စတော့ဟက် (Debbie Stothardt) က လည်း ထိုင်းအစိုးရရဲ့ မူဝါဒ ထဲမှာ မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးရမယ်ဆိုတာကို တောင်းဆိုဖို့ လိုတယ် လို့ ဆိုပါတယ်။ လက်ရှိ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌရာထူး ယူထားတဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့အရေးမှာ အဓိက ကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးဟာလည်း ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ထိုင်းနိုင်ငံမှာပြုလုပ်ဖို့ ရှိနေပါတယ်။

"လက်ရှိ ထိုင်းအစိုးရသစ်အပါအ၀င် တခြား အာဆီယံ အဖွဲ့ဝင် အစိုးရတွေ အနေနဲ့ မြန်မာနိုင်ငံပြဿနာကို ကိုင်တွယ်ရာမှာ နိုင်ငံရေးအရ စိတ်အားထက်သန်မှု အပြည့်အ၀ ရှိဖို့လိုပါတယ်။ အာဆီယံ အနေနဲ့ သိရမှာက မြန်မာစစ်အစိုးရဟာ ယဉ်ကျေးတဲ့ သံတမန်ရေးအရ ဆက်ဆံပြောဆိုမှုတွေကို လေးစားလိုက်နာမှာမဟုတ်ပါဘူး။ အာဆီယံအနေနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချထားတယ်ဆိုတာကို ပြသနိုင်မှသာ အာဆီယံကို လေးစားလိုက်နာမှာပါ။"

မြန်မာ့အရေးဆောင်ရွက်နေတဲ့ စင်ပြိုင် အာဆီယံအဖွဲ့ က ဒက်ဘီ စတော့ဟက် ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ က သူ့ရဲ့ ဒီမိုကရေစီ လမ်းပြမြေပုံ နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးခြေလှမ်းတွေ လှမ်းနိုင်ဖို့ အစိုးရ အနေနဲ့ လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လေ့လာသုံးသပ်သူ တော်တော်များများကတော့ - စစ်အစိုးရဟာ စစ်တပ်ကို အလေးပေးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အခြေခံပြီးတော့ ပါလီမန်သစ်မှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှု ဆက်ယူနိုင်အောင် ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ စစ်အာဏာသိမ်းခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ လက်ရှိအစိုးရကတော့ ၁၉၈၈ ခုနှစ်က အာဏာသိမ်းယူခဲ့တဲ အစိုးရဖြစ်သလို လတ်တလော နေအိမ်အကျယ်ချုပ် ကျခံနေ့တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း လျစ်လျူရှုခဲ့တာ ဖြစ်ပါတယ်ရှင်။

ကရင်သူပုန်များကို တိုက်ခိုက်ရန် နောက်ထပ် တိုက်ပွဲ မကြာမီ စတင်မည်

မဇ္ဈိမ-ဒယ်နီရယ် ပီဒါဆင်၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၀၉

မဲဆောက် (မဇ္ဈိမ)။ ။ ထိုင်းနယ်စပ်မြို့ မဲဆောက်၏ တောင်ဘက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အထူးတပ်ရင်း ၁ဝ၃ ကို တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ မှ တပ်ဖွဲ့ဝင်များဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက် ရှိသည်။

အထူးတပ်ရင်း အမှတ် ၁ဝ၃ သည် လွန်ခဲ့သောအပတ်က ယင်း၏အခြေခံစခန်းကိုဆုံးရှုံးခဲ့ရပြီး၊ လွန်ခဲ့သော ၇ ရက်လုံးလုံး တချိန်လုံး ရွှေ့ပြောင်းနေခဲ့ရသည်။ ရန်သူကို အာရုံလွှဲနိုင်ရန် မြေမြှုပ်မိုင်းများ၊ ရှေ့ထွက်မိုင်းများ အသုံးပြုခဲ့ကြရသည်။

ထိုင်းနိုင်ငံ ဖုပ်ဖရ (Phop Phra) ခရိုင်အတွင်း ဖြစ်ပွါးနေသော တိုက်ပွဲမှာ ထိုင်းမြန်မာနယ်စပ် မြောက်ပိုင်း တလျှောက် လွန်ခဲ့သောနှစ် ဇွန်လ ၃ဝ ရက်နေ့ကတဲက ဘတပြန် ကျားတပြန် ဖြစ်နေခဲ့သည်။

လွန်ခဲ့သော အပတ်ကမူ မြန်မာအစိုးရ တပ်ဖွဲ့များက တပ်ရင်း ၁ဝ၃ ၏ အခြေခံစခန်းကို သိမ်းပိုက်မိခဲ့ပြီး၊ ဖျက်ဆီးပစ်ခဲ့သည်။ ဤစခန်းသည် နေရောင်ခြည် စွမ်းအင်သုံးမီးများ၊ ငါးကန်များ၊ အလွန်ကြီးသော စပါးကျီနှင့် အနီးအနား ရွာ ၂ ရွာမှ လူပေါင်း ၈ဝဝ ခန့်ကို ဆေးဝါး ကုသပေးနေခဲ့သော ဆေးခန်းတို့ဖြင့် အကြီးအကျယ် တည်ဆောက်ထားခြင်း ဖြစ်သည်။

KNLA သည် လွန်ခဲ့သော နှစ်ကတည်းက ဤစခန်းကို ဆုံးရှုံးလိုက်၊ ပြန်အရယူလိုက်ဖြစ်နေခဲ့ပြီး ယခုအခါမှာမူ ပြန်ရ နိုင်စရာ မရှိတော့ပါ။

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် အဓိကကျသော အဖွဲ့အချို့ အနက်မှ တခုဖြစ်ပြီး (KNLA) သည် ဤအဖွဲ့၏ လက်နက်ကိုင်တပ် ဖြစ်သည်။

တပ်မှူး ဗိုလ်မှူးကြီး နဒါးမြ က သူတို့၏ အခြေခံစခန်းကို ဆုံးရှုံးခဲ့ပြီး၊ ယခုအခါ သူ့တပ်ဖွဲ့ဝင်များသည် မြောက်ဘက်ရှိ တပ်ရင်း ၂ဝ၁ ၏ ဝါးလေခီးစခန်းကို ကာကွယ်ရန် ပြန်လည်စုဖွဲ့ နေရာယူမှုများ ပြုလုပ်လျက် ရှိသည်ဟု ပြောသည်။

ဤစခန်းသည် ၁၉၉၈ ခုနှစ်ကတည်းကတည်ရှိခဲ့ပြီး၊ ယမန်နှစ် ဂျူလိုင်လအတွင်း ခေတ္တ သိမ်းပိုက်ခံခဲ့ရသေးသည်။ သို့သော် ၃ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ရပြီးနောက် ပြန်လည် အရယူနိုင်ခဲ့သည်။

လွန်ခဲ့သော အပတ်က ဖြစ်ပွါးခဲ့သော တိုက်ပွဲများ၌ နအဖ (SPDC) တပ်များ အလွန်အထိနာခဲ့ပြီး ထိုင်းနိုင်ငံမဲဆောက် ဆေးရုံတွင် စတီး လက်တွန်းလှည်းများဖြင့် တွန်းယူလာသော မိုင်းထိ မြန်မာစစ်သား လူနာများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤတိုက်ပွဲ ဖြစ်ပွါးရာနေရာသည် တောင်ပေါ်ရှုခင်းသာများ ရှိသဖြင့် ကမ္ဘာလှည့် ခရီးသည်များ လာရောက်လေ့ရှိသော ထိုင်းနိုင်ငံ အုန်းဖန် (Umphang) ဒေသ၏ တဘက်တွင် တည်ရှိသည်။

နအဖတပ်များသည် ဝါးလေခီးစခန်းကို အကြီးအကျယ် တိုက်ခိုက်ရန် ကြာသပတေးနေ့က နေရာယူထားခဲ့ပြီး၊ ထိုစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မမှန်ဘဲ လွဲချော်သွားခဲ့သည်။

စခန်းအနီးရှိ တောင်ကုန်း အမြင့်များပေါ်တွင် အစိုးရတပ်များ နေရာယူထားနိုင်ပြီး ထိုနေရာများမှ ၈၁ မမ စိန်ပြောင်း များဖြင့် ပစ်ခတ်လျက် ရှိသည်။

KNLA တွင်လည်း သံချပ်ကာယဉ်များပေါ်တွင် တပ်ဆင်ထားလေ့ ရှိသည့် အလွန်ကြောက်မက်ဘွယ်ကောင်းသော ပွိုင့် ၅ (လက်မ) စက်သေနတ်ကြီး ရှိသည်။

KNLA ကဤစခန်းကို အသဲအသန် ထိန်းသိမ်းထားလိုသည်မှာ ဤစခန်းသည် ဒေသတွင်း ထူးခြားအရေးပါသော စခန်းဖြစ်၍ သင်တန်းခန်းမများ၊ ဆေးပေးခန်းများ ရှိခြင်းကြောင့်သာမဟုတ်၊ စစ်သင်းချိုင်းလည်း ဤစခန်းတွင်ရှိ နေသောကြောင့် ဖြစ်သည်။

နအဖ သည် ဤဒေသအတွင်း ထွက်ရှိသည့် ထူးခြားသော သတ္တုသိုက်များဖြစ်သည့် ရွှေ၊ သံဖြူ၊ သွပ်၊ အဖြိုက်နက် (ခနောက်စိမ်းကို ယင်းမှ သန့်စင် ထုတ်ယူသည်) တို့ကို လုယူ၍ "စီးပွါးရေးအရ အပြည့်အဝ ထိန်းချုပ်" ထားလိုသည့် အတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သူပုန်တပ်ဖွဲ့က ပြောဆိုပါသည်။

မည်သည့် အဖွဲ့ကပင်ဖြစ်စေ၊ သူတို့ အရင်းအနှီးများအတွက် လုံခြုံရေး အာမခံချက်သာ အပြည့်အဝ ပေးနိုင်မည်ဆိုပါက အဆိုပါ သတ္တုများကို တူးဖော်ထုတ်ယူရန် ထိုင်ဝမ်နှင့် ထိုင်း သတ္တုတူး ကုမ္ပဏီများက အသင့် စောင့်ဆိုင်းနေကြသည်။

ဒေသအတွင်း KNLA ၏ လှုပ်ရှားမှုသည် အမြဲတမ်း မရေမရာသာ ရှိခဲ့သော်လည်း ယခုနောက်ဆုံး ဖြစ်ပွါးနေသော တိုက်ပွဲများသည် နှစ်ပေါင်းများစွာအတွင်း ဖုပ်ဖရ ဝန်းကျင်၌ ဖြစ်ပွါးခဲ့သော တိုက်ပွဲများအနက် အရှည်ကြာ အပြင်းထန်ဆုံးသော တိုက်ပွဲများ ဖြစ်သည်။

အကူအညီပေးရေး လုပ်သားများ၏ အပြောအရ နယ်စပ် တဘက်တချက်တွင်ရှိသော ဟက်တာရာ ပေါင်းများစွာ ရှိသည့် ပြောင်းခင်းများကိုပင် မရိတ်သိမ်းတော့ဘဲ ထိုင်းလယ်သမားများသည် ကရင် ဒုက္ခသည် စခန်းများဆီသို့ ဦးတည်လာနေ ကြသည်ဟု ဆိုသည်။ ထိုနေရာတွင် သူတို့အတွက် အနည်းဆုံး စားစရာတော့ ရမည်။

ထိုင်းကြည်းတပ်ကလည်း ထိုဒေသအတွင်း နယ်စပ်တလျှောက် အင်အား ဖြည့်တင်းချထားမှုများ ပြုလုပ်ခဲ့ပြီး၊ အဝင် အထွက် အားလုံးကို သေချာစွာ စောင့်ကြည့်နေသည်။

ဤဒေသအတွင်း KNLA ၏ အနာဂါတ်အတွက် ယခု ရက်သတ္တပတ်ကုန်ပိုင်းသည် အရေးပါသော အချိန်ဖြစ်လိမ့်မည်။

ပြင်းထန်စွာ ဖြစ်ပွါးသော တိုက်ပွဲများကြောင့် ပြန်လည် ဆုတ်ခွါရန်မှာ မဖြစ်နိုင်တော့ဘဲ ဝါးလေခီးစခန်းမှာ သေချာပေါက် ဖျက်ဆီးခံရတော့မည့်ပုံ ရှိနေသည်။

တနင်္လာနေ့ကလည်း ဗြိတိသျှလူမျိုး ဓါတ်ပုံဆရာတဦးကို စောင်ဖြင့်အုပ်၍ ထိုင်းနိုင်ငံ ဘေးလွတ်ရာသို့ တောတွင်းမှ ခေါ် ထုတ်လာခဲ့ရသည်။

ဗုဒ္ဓဟူးနေ့ကလည်း အလားတူ နိုင်ငံခြားသား စေတနာ့ ဝန်ထမ်းတဦးကို သင်တန်းအစီအစဉ် တခုကို ရပ်တန့်၍ တိုက်ပွဲများ မဖြစ်ပွါးမီ ထွက်ခွါခိုင်းခဲ့ရသည်။

ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင်လည်း မဲဆောက် အထွေထွေဆေးရုံကြီး၏ စင်္ကြံများပေါ်တွင် လူနာတင် လက်တွန်း လှည်းများ သွားလာနေသည်ကို တွေ့မြင်ကြရဦးမည်။

အမေရိကန်ဒဏ်ခတ်မှုကို မဝေဖန်လိုဟု မက်စ်မြန်မာကုမ္ပဏီပိုင်ရှင်ပြော

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၁၆ ရက် ၂၀၀၉

မိမိလူမျိုးကောင်းအောင် လုပ်ကိုင်နေခြင်း ဖြစ်သည့်အတွက် မက်စ်မြန်မာကုမ္ပဏီအား အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးဒဏ်ခတ်သည့်ကိစ္စအပေါ် ဝေဖန်မှုမလုပ်လိုကြောင်း မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာစစ်အစိုးရအား ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် ပံ့ပိုးပေးခဲ့သည့် မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်နှင့်တကွ ၎င်းပိုင် မက်စ်မြန်မာကုမ္ပဏီ (၈) ခု အား စီးပွားရေးဒဏ်ခတ်ထားသူများ စာရင်း (Specially Designated Nationals) တွင် ထည့်သွင်းကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့တွင် ကြေညာထားသည်။

ယခုကဲ့သို့ အမေရိကန်အစိုးရ၏ စီးပွားရေးဒဏ်ခတ်မှုအပေါ် မည်ကဲ့သို့ သဘောထားပါသနည်းဟု ခေတ်ပြိုင်က မေးမြန်းရာ မက်စ်မြန်မာကုမ္ပဏီမှ ဦးဇော်ဇော်က "သဘောကတော့ ဘာမှမရှိပါဘူး။ ကျနော် ကိုယ့်တိုင်းပြည်ကို ချစ်တာပဲ။ ကိုယ့်လူမှုရေးကိစ္စကိုပဲ လုပ်တယ်။ သမာအာဇီဝလုပ်တယ်။ ကိုယ့်လူမျိုးတွေ ကောင်းအောင်ကြိုးစား တယ်။ သူများနဲ့ ပတ်သက်လို့တော့ ဘာမှမပြောလိုပါဘူး။ သူတို့လည်း သူတို့အလုပ်လုပ်တာပဲ။ ကျနော့်ရင်ထဲက တော့ ကျနော်တို့တိုင်းပြည်အတွက် ကျနော်ဘောလုံး (ဥက္ကဋ္ဌ) လုပ်တယ်။ လူမှုရေးလုပ်တယ်။ ကလေးတွေ စာသင်ပေးတယ်။ ၀န်ထမ်းသုံးထောင်ကျော် နေ့စဉ်ထမင်းစားဖို့ ကျနော်ကြိုးစားနေတယ်။ ကိုယ့်လူမျိုးကို ချစ်တယ်ဗျာ။ ဒီခံယူချက်ပဲရှိတယ်။ ကျန်တာက သူတို့ဘာလုပ်လုပ် ကျနော်မပြောလိုပါဘူး။ ဒါနဲ့ ပတ်သက်လို့ ကျနော့် စိတ်ထဲမှာ ဘာမှမရှိပါဘူး" ဟု ပြောသည်။

ဒဏ်ခတ်မှုများကြောင့် ကုမ္ပဏီအနေဖြင့် မည်ကဲ့သို့သော ထိခိုက်မှုများရှိလာမည်ဟု မျှော်မှန်းထားပါသလဲဟု ဆက်လက်မေးမြန်းရာ "ဒါကတော့ ကျနော်တို့က အများကြီးကြိုပြီး မျှော်မှန်းထားတာမရှိပါဘူး။ ကျနော်တို့က လည်း..ဟို..အများကြီးတော့.. ဘာမှကြိုပြီးတော့ တွက်မထားပါဘူးခင်ဗျ" ဟု မက်စ်မြန်မာ ကုမ္ပဏီ၏ အကြီးအကဲရာထူးကို ရယူထားသူ ၎င်းက ကုမ္ပဏီ၏ရှေ့ရေးအလားအလာကို တွက်ဆမထားမိကြောင်း ပြောသည်။

မက်စ်မြန်မာ ဥင်္ီးဇော်ဇော်သည် မြန်မာစစ်ခေါင်းဆောင်ပိုင်းအပေါ် ငွေကြေးအရှိန်အ၀ါ သြဇာရှိသည့်အကြောင်း ပြည်တွင်း သတင်းထောက်တဦးကပြောရာတွင် "သူစစ်အစိုးရနဲ့ ပတ်သက်မှုအတိုင်းအတာ ဘယ်လောက် ထိရှိတယ်ဆိုတာ အတိအကျ မသိရပေမယ့် ဗိုလ်ချုပ်ကြီးတွေကို သူလိုရာတောင်းနိုင်တယ်။ ထဲထဲဝင်ဝင် ပတ်သက်မှုရှိနိုင်တယ်ဆိုတာကိုတော့ ၂၀၀၇ ခုနှစ်အတွင်း မြန်မာအမျိုးသမီးအသင်းဗိုလ်စွဲတုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီအထိ တိုက်ရိုက်ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ နောက် တခြား တိုင်းမှူးတွေ၊ ၀န်ကြီးတွေဆီကိုလည်း ဖုန်းဆက်ပြီး ကောင်မလေးတွေကို ဆုချပါဆိုပြီး ပြောတော့ အားလုံးက သူတို့တော့ ဘယ်လောက်ဆုချပါမယ့်ဆိုပြီး သူ့ဆီကို ချက်ချင်းအကြောင်းပြန် ကြရတာကတော့ ကျနော်တို့ မြင်တွေ့ကြား သိခဲ့ရတာတွေပေါ့" ဟု ပြောပြသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေးဒဏ်ခတ်ရာတွင် ပုံစံအမျိုးအမျိုးရှိသည်။ ဥပမာ အမေရိကန် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ် မလုပ်ရန်တားမြစ်သည့် ဒဏ်ခတ်မှု (Sanctions for new investment)၊ စစ်အစိုးရပိုင် လုပ်ငန်းများကို ပစ်မှတ်ထားသည့် ငွေကြေးဆိုင်ရာဒဏ်ခတ်မှု (Financial Sanctions)၊ ၂၀၀၈ ခုနှစ်မှာ ထပ်မံပြဋ္ဌာန်းသည့် မြန်မာ ကျောက်မျက်ရတနာများ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ပင်သည့် ဒဏ်ခတ်မှု (Block Burma Jade Act)၊ မြန်မာစစ်အစိုးရအား ထောက်ပံ့ပေးနေသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ (ဥပမာ ဘိန်းဘုရင် လော်စစ်ဟန်နှင့်သား စတီဗင်လော၊ ဦးတေဇ စသည်) အား အမေရိကန်နိုင်ငံသားများ၊ အမေရိကန်လုပ်ငန်းရှင်များနှင့် မဆက်ဆံရမည့်သူများအဖြစ် နာမည်ပျက်စာရင်း သွင်းသည့်နည်း စသဖြင့် အမျိုးမျိုးရှိသည်။

၁၉၉၇ ခု မေလ (၂၀) ရက်မှစတင်၍ အမေရိကန်နိုင်ငံသားများ၊ အမေရိကန်လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ် မလုပ်ရန်တားမြစ်သည် ဒဏ်ခတ်မှုကို စတင်သည်။ အမေရိကန် သမ္မတဘုရှ်သည် လက်ရှိ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများအား တိုးချဲ့ထားသည့် ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့၌ လက်မှတ် ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် အခြေ အနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုပ်သိမ်းနိုင်သည်။

ဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖက ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန်အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါအချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

ဒဂုံဝင်းအောင်နှင့် Max ဇော်ဇော်တို့ကို USက ဒဏ်ခတ်

ဧရာဝတီ၊ ဇန်န၀ါရီလ ၁၆ ရက် ၂၀၀၉

သမ္မတ သက်တမ်း လေးရက်သာ ကျန်တော့သည့် အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ် အစိုးရက မြန်မာ ဗိုလ်ချုပ် ကြီးများနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီး နှစ်ဦးကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့သည့် စာရင်းအတွင်းသို့ ယမန်နေ့က ထည့်သွင်းလိုက်သည်။

၎င်းတို့ နှစ်ဦးမှာ စစ်အစိုးရကို ငွေကြေး ရှာဖွေ ထောက်ပံ့သည့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအကြီးအကဲ ဦးဝင်းအောင်၊ Max Myanmar ကုမ္ပဏီအကြီးအကဲ ဦးဇော်ဇော်တို့ ဖြစ်သည်။

အဆိုပါစာရင်းထဲတွင် ကနေဒါ-မြန်မာ ဖက်စပ်လုပ်ငန်းတခုဖြစ်သည့် မြန်မာ အိုင်ဗင်ဟိုး ကုမ္ပဏီလည်း ပါဝင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးအဖွဲ့ (OFAC)၏ ကြေညာချက်တွင် ဖော်ပြထားသည်။

"ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများကို နှိပ်ကွပ်နေသမျှကာလပတ်လုံး မြန်မာစစ်အုပ်စုအပေါ် ပြင်းထန်သည့် ဒဏ်ခတ်မှုများကို ချမှတ်ရန် လိုအပ်ကြောင်းကို အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်ထားပြီးဖြစ်သည်" ဟု OFAC ညွှန်ကြားရေးမှူး Adam J Szubin က ကြေညာချက်တွင် ပြောကြားထားသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အကျဉ်းချထားခြင်းသည် စစ်အုပ်စုက နိုင်ငံတကာအသိုင်းအဝန်း၏ အလေးအနက်ထားမှုကို လိုလားမှုမရှိကြောင်း ပြသနေသည်၊ လူ့အခွင့်အရေး ချိုးဖောက်ရာတွင် အဆိုးဝါးဆုံးဖြစ်သော အစိုးရကို ဆက်လက်ဖိအားပေးရမည်ဟူသည်ကိုလည်း ပြသနေကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတသစ် မစ္စတာ အိုဘားမား၏ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ဖြစ်လာတော့မည့် Susan Rice ကလည်း မြန်မာစစ်အုပ်စုအပေါ် အရေးယူ ပိတ်ဆို့မှု မျိုးစုံ ပြုလုပ်ရေးကို ထောက်ခံပါကြောင်း အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီတွင် ပြောကြားလိုက်သည်။ ဤကြေညာချက် ထွက်သည့်နေ့တွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

သမ္မတဘုရှ်၏ သက်တမ်းတွင် အမေရိကန် အစိုးရက အနောက်နိုင်ငံများကို ဦးဆောင်ပြီး မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ခဲ့သည်။ စစ်ခေါင်းဆောင်များ၊ ၎င်းတို့နှင့်နီးစပ်သူများ၊ အဓိကကျသည့် နိုင်ငံပိုင် လုပ်ငန်းများ စသဖြင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စုစုပေါင်း ၁ဝဝ ခန့်ကို ဒဏ်ခတ် အရေးယူသည့် စာရင်းတွင် ထည့်သွင်းထားပြီး ဖြစ်သည်။

ဦးဇော်ဇော်သည် Max Myanmar ကုမ္ပဏီအုပ်စု၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး ကျောက်မျက်၊ ကျွန်းသစ်၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းတို့ကို လုပ်ကိုင်လျက်ရှိသည်။

ကြေညာချက်တွင် ဖော်ပြထားချက်အရ Max Myanmar ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းများဖြင့် စစ်အစိုးရကို အကျိုးပြုနေသည်ဟု ဆိုသည်။ အရေးယူသည့်စာရင်းတွင် Max Myanmar ကုမ္ပဏီအုပ်စုမှ ကုမ္ပဏီ ၈ ခု ပါဝင်သည်။

ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအကြီးအကဲ ဦးဝင်းအောင်သည်လည်း ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် စစ်အစိုးရကို အကျိုးပြုနေပြီး၊ စစ်အစိုးရကို ငွေကြေးအမြောက်အများ လှူဒါန်းလျက်ရှိသည်ဟု ကြေညာချက်က ဆိုသည်။

ယခု ဖြည့်စွက်လိုက်သည့် စာရင်းတွင် စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သော ဦးတေဇ၏ ဟိုတယ်လုပ်ငန်းတခု နှင့် စင်္ကာပူနိုင်ငံသူ Cecilia Ng ၏ လုပ်ငန်းများ ပါဝင်သည်။

ဤအတောအတွင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်လာတော့မည့် Susan Rice က နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာ့အရေးတွင် ပိုမို ဆောင်ရွက်ရန် လိုအပ်သည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

Susan Rice သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်တော့မည့် မစ္စတာ အိုဘားမား၏ နိုင်ငံခြားရေးရာမူဝါဒနှင့် ပတ်သက်ပြီး အဓိက အကြံပေးသူတဦးအဖြစ် အများကယူဆကြသည်။

သူက မြန်မာပြည်ကို အပြစ်မဲ့ပြည်သူများကို ဖိနှိပ်သည့် ကမ္ဘာပေါ်မှ နိုင်ငံတခုအဖြစ် သတ်မှတ်ထားသည်။

"စစ်အစိုးရကို နည်းမျိုးစုံနဲ့ ဒဏ်ခတ်ပိတ်ဆို့ရမှာပဲ" ဟု သူက ဆိုသည်။

ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရ သက်တမ်းမရှိတော့ဟု ဒေါ်စန်းစန်းပြော

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၁၅ ရက် ၂၀၀၉

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရသည် သက်တမ်းပြည့်ပြီ ဖြစ်သည့်အတွက် အဆိုပါစင်ပြိုင်အစိုးရ မရှိတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ခေတ်ပြိုင်သို့ ပြောသည်။

မကြာခင် အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့တွင် ကျင်းပမည့် အမ်ပီယူညီလာခံ၌ နောက်တက်မည့်အစိုးရအား ရှေ့လုပ်ငန်းစဉ်များ ချပြသွားမည်ဖြစ်သည်ဟု ဒေါ်စန်းစန်းက ပြောသည်။

သက်တမ်းမရှိတော့သည့် ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရအား အရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်များဖြင့် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါအစိုးရမှတဆင့် လွှတ်တော်ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒေါ်စန်းစန်းက ဆက်လက်ရှင်းပြသည်။

ဒပ်ဗလင်မြို့တွင် ညီလာခံကျင်းပမည့်ကိစ္စ၊ ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရအား တိုးချဲ့ရေးကိစ္စတို့နှင့်ပတ်သက်၍ အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းအား ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းခဲ့သည်။

http://soneseayar.blogspot.com/feeds/1561975277340348255/comments/default

မြန်မာပြည် လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ ဖော်ပြ

ဗွီအိုအေ၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လွတ်လပ်ခွင့်အခြေအနေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ကြီးက နှစ်စဉ် လေ့လာတင်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ဦးမှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွက် လွတ်လပ်ခွင့် အခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အပါအ၀င် ၄၂ နိုင်ငံဟာ မလွတ်လပ်ကြဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို လေ့လာရာမှာ ဘယ်လိုအချက်အလက်တွေကို ကြည့်ရှုခဲ့ပါသလဲ။ အပြည့်အစုံကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

၂၀၀၉ ခုနှစ် ကူးလာခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အခြားနိုင်ငံ ၄၂ နိုင်ငံနဲ့အတူ မလွတ်လပ်တဲ့တိုင်းပြည် ဖြစ်မြဲဖြစ်နေပါသေးတယ်လို့ Freedom House အဖွဲ့ကြီးရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာက ဆိုပါတယ်။ Freedom House အဖွဲ့ကြီးဟာ ကမ္ဘာတ၀န်းနိုင်ငံတွေရဲ့ လွတ်လပ်ခွင့်တွေကို နှစ်စဉ် စောင့်ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် အစီရင်ခံစာကို ဒီကနေ့ပဲ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော်မှာ ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့နိုင်ငံတွေကို ခွဲခြားကြည့်ခဲ့ပုံနဲ့ပတ်သက်ပြီး ကမ္ဘာ့လွတ်လပ်ခွင့် လေ့လာရေးအဖွဲ့ရဲ့အရှေ့တောင်အာရှ ပိုင်ခြားသုံးသပ်သူက အခုလိုပြောပါတယ်။ သူက သူ့အမည်ကို မဖော်ပြဖို့ ဗွီအိုအေကို မေတ္တာရပ်ခံပါတယ်။

"Freedom House အဖွဲ့ကြီးက နိုင်ငံတွေကို လွတ်လပ်သောနိုင်ငံ၊ တပိုင်းတစလွတ်လပ်သောနိုင်ငံနဲ့ မလွတ်လပ်သောနိုင်ငံတွေအဖြစ် ခွဲကြည့်ပါတယ်။ မြန်မာနိုင်ငံနဲ့အခြားနိုင်ငံတွေဟာ အမှတ် ၇ ရပါတယ်။ အဲဒီအမှတ်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးအရ ခွဲတာပါ။ အထူးသဖြင့် နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့
လွတ်လပ်မှုအရ မလွတ်လပ်တဲ့သဘော ဖြစ်ပါတယ်။"

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံက အဲဒီ မလွတ်လပ်တဲ့နိုင်ငံ ၄၂ နိုင်ငံမှာ နေထိုင်နေကြရတာပါ။ အဲဒီလူဦးရေရဲ့ တ၀က်က တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာဆိုရင် တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက မြန်မာနိုင်ငံလိုပဲ မလွတ်လပ်တဲ့စာရင်းက မကျွတ်နိုင်ကြသေးပါဘူး။

အရှေ့တောင်အာရှမှာဆိုရင်တော့ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတွေကလည်းမြန်မာနိုင်ငံနဲ့အတူ မလွတ်လပ်တဲ့နိုင်ငံတွေထဲမှာ ပါနေပါတယ်။ တောင်အာရှနိုင်ငံတွေဖြစ်ကြတဲ့ ပါကစ္စတန်၊ မော်လ်ဒိုက်ဗ်နဲ့ ဘူတန်နိုင်ငံတွေက မနှစ်က ရွေးကောက်ပွဲတွေကို အတော်အတန် လွတ်လပ်ပြီး တရားမျှတ ကျင်းပခဲ့ကြတဲ့အတိုင်း Freedom House
အစီရင်ခံစာမှာ တိုးတက်မှုတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် လူဦးရေထူပြောတဲ့ တရုတ်နိုင်ငံက မလွတ်လပ်တဲ့ အတွက်ကြောင့်လည်း ကမ္ဘာ့လူဦးရေရဲ့ တ၀က်ဟာ မလွတ်လပ်တဲ့ အခြေအနေမှာ နေနေရတယ်လို့ Freedom House အဖွဲ့ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေ့လာခဲ့တဲ့အခါ အခုလိုတွေ့ရှိရတယ်လို့ သူမက ဆိုပါတယ်။

"ဒီနှစ် ကျမတို့ လေ့လာတဲ့အခါ ရွှေဝါရောင်တော်လှန်ရေး နောက်ဆက်တွဲ ချေမှုန်းရေးတွေကို အထူးအာရုံစိုက် ကြည့်ပါတယ်။ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးတဲ့ လူအရေအတွက် ကြည့်ပါတယ်။ ဒီနှစ်အစောပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ၊ လွတ်လပ်ခွင့်တွေကို ကျမတို့ ကြည့်ပါတယ်။အဲဒါတွေက မြန်မာနိုင်ငံကို အမှတ်အဆင့် သတ်မှတ်ရာမှာ သော့ချက်ကျပါတယ်။"

နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကလည်း မြန်မာနိုင်ငံမှာ မရှိသလောက်ပဲလို့ ပိုင်းခြားသုံးသပ်သူက ပြောပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြည့်ရာမှာ လွတ်လပ်စွာဖော်ပြခွင့် ရှိမရှိ၊ ယုံကြည်ခွင့်ရှိမရှိ၊ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခွင့် ရှိမရှိ၊ ဥပဒေ
စိုးမိုးမှု ရှိမရှိ၊ တဦးချင်း အခွင့်အရေးတွေ ရှိမရှိဆိုတဲ့ အချက်တွေကို ကြည့်ရှုပါတယ်။ လွတ်လပ်စွာဖော်ပြခွင့်နဲ့ ပတ်သက်ပြီး သုံးသပ်သူက အခုလို ဆက်ပြောပါတယ်။

"လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဆင့်သတ်မှတ်ချက်က အရင်နှစ်အတိုင်းပါပဲ။ ၂၀၀၈ နှစ်ဦးပိုင်းမှာ အထူးသဖြင့် မီဒီယာကို ချေမှုန်းခဲ့ပါတယ်။ စာနယ်ဇင်းသမား အယောက် ၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မီဒီယာကို လိုသလို ကစားခဲ့ပါတယ်။"

လွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ရာမှာ လွတ်လပ်ခွင့်အရှိဆုံးကို ၁၊ မရှိဆုံးကို ၇ သတ်မှတ်ပါတယ်။ ၁၉၇၂ ကနေ ၁၉၈၀ အထိ၊ အဲဒီနောက် ၁၉၈၈ နဲ့ ၈၉ တွေမှာနိုင်ငံရေး အခွင့်အရေးက အဆင့် ၇ ဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကတော့
၅ နဲ့ ၆ တွေမှာ ရှိခဲ့ပါသေးတယ်။ ၁၉၈၉ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်ဟာ အဆိုးဆုံးအဆင့် သတ်မှတ်ချက် ၇ မှာ ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။

စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အသစ် ရွေးချယ်မည်

မဇ္ဈိမ-နန်းဒေ၀ီ၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၀၉

နယူးဒေလီ (မဇ္စျိမ) ။ ။ ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ၏ ၀န်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို အိုင်ယာလန်နိုင်ငံတွင် ယခုလအတွင်း ပြုလုပ်သွားမှာဖြစ်သည်။

၎ နှစ်တကြိမ် ပြုလုပ်သည့် ၀န်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို ပြည်ပရောက် ပါလီမန်အမတ်များက လျှို့ဝှက်မဲပေးခြင်းဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း NCGUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရမှ ၀န်ကြီးတဦးဖြစ်သူ ဒေါက်တာစန်းအောင်က ပြောသည်။

ယခုလုပ်မည့် အစည်းအဝေးတွင် လွှတ်တော်အမတ်များသမဂ္ဂ (MPU) မှ အမတ်ပေါင်း ဦးရေ ၃၀ ကျော် တက်ရောက်မည်ဖြစ်ပြီး၊ ၀န်ကြီးချုပ်အသစ် ရွေးချယ်ခြင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်။

၁၀ ရက်တာ ကြာမြင့်မည်ဆိုသည့် အစည်းအဝေး၏ ပထမပိုင်း ၅ ရက်တွင် အမတ်များ အစည်းအဝေး ပြုလုပ်ခြင်းနှင့် ဒုတိယပိုင်း ၅ ရက်ကို တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သည့် တိုင်းရင်းသား လူမျိုးများကောင်စီ (Ethnic Nationalities Council) ၊ SYCB ခေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် အပါအ၀င် အခြားအဖွဲ့အစည်းများလည်း ပါဝင်ဆွေးနွေးကြမည်။

ပြည်ပအခြေစိုက် စင်ပြိုင်အစိုးတရပ်က ၀န်ကြီးချုပ်အသစ် ရွေးချယ်မည့် အစီအစဉ်ကို ယခုလအတွင်း ပြုလုပ်သွားမည်ဆိုသည့် သတင်း ပေါ်ထွက်မလာခင် လဆန်းတရက်နေ့က အတိုက်အခံ တပ်ပေါင်းစု အဖွဲ့ကြီးတခုဖြစ်သည့် NCUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက အစိုးရသစ်တရပ် ဖွဲ့စည်းမည်ဆိုသော ကြေညာချက်ပေါ်ထွက်လာခဲ့သည်။

ဒေါက်တာ စန်းအောင်က ယခုလို ခြေလှမ်းမျိုး မပြုလုပ်သင့်ကြောင်း ပြောဆိုသည်။

သူက "NCUB ဆိုတာ တပါတီမဟုတ်ဘူး။ တပ်ပေါင်းစုဖြစ်တယ်။ အဲဒီထဲက အဖွဲ့ဝင်တွေက ကျေကျေလည်လည် ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက် ချရတယ်။ ကျော်ပြီးတော့ ဆုံးဖြတ်လို့၊ လုပ်လို့ မရဘူး။ တဖွဲ့တစည်းက လုပ်ချင်ရင် သူ့ဟာသူ လုပ်လို့ရတယ်။ NCUB အရှိန်ကို သုံးပြီးတော့ လုပ်လို့မရဘူး'' ဟု ပြောသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီတွင် အခြေပြုလျက်ရှိသော NCGUB ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များထဲမှ ပြည်ပရောက်နေသူများဖြင့် ဖွဲ့စည်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲ တော်စပ်သူ ဒေါက်တာစိန်ဝင်းက ၀န်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲ ၀င်ပြိုင်ရေး ဘိုကလေးမှာ စည်းဝေး

မဇ္ဈိမ-သန်းထိုက်ဦး၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၀၉

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲတွင် လူအများ ပါဝင်လာရေး စည်းရုံး လှုံ့ဆော်ရန်အတွက် ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ နိုင်ငံရေးသမားတချို့ ယမန်နေ့က အစည်းအဝေး ပြုလုပ်ခဲ့သည်။

မြန်မာအတိုက်အခံများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများအား ဝေဖန်စာများ ရေးသားကာ မကြာခဏဆိုသလို အင်တာနက် စာမျက်နှာထက် ပို့နေသူတဦးဖြစ်သည့် ကိုနေမျိုးဝေ၏ ဘိုကလေးမြို့ ၄ ရပ်ကွက်၊ ပိတောက်လမ်းရှိ အမှတ် ၅၃ နေအိမ်တွင် နိုင်ငံရေးသမား တချို့နှင့် ဒေသခံတချို့တို့ဖြင့် နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

''ရည်ရွယ်ချက်က ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူများ နိုးကြားတက်ကြွစွာ စိတ်ဝင်တစား ပါဝင်လာဖို့ အရေးပေါ့။ နောက် ၂၀၁၀ ရွေးကောက်ပွဲကို ရွေးချယ်ခံရမယ့် ကိုယ်စားလှယ်တွေကို လူစစ်နိုင်အောင်ပေါ့။ လူစစ်နိုင်တယ် ဆိုတာက အရည်အသွေးမီတဲ့ လူတွေကို စစ်နိုင်အောင်၊ မေးခွန်တွေ မေးတတ်အောင် အဲဒါကို ကျနော်တို့က ကြိုတင်ပြီး လုပ်တာ။ အလေ့အကျင့် လုပ်ချင်တဲ့ သဘောပေါ့'' ဟု ကိုနေမျိုးဝေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''မေးခွန်းနဲ့ပတ်သက်လို့ သိပ်မေးနိုင်တဲ့ အနေအထားတောင် မရှိဘူး။ တချို့ တက်ရောက်တဲ့ လူတွေတော့ သဘောပေါက်သွားတာပေါ့'' ဟု ပြောသည်။

တက္ကသိုလ်မြတ်သူ၊ ကျိုက်လတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ နိုင်ငံရေး ဘောဂဗေဒ ဦးအုန်းလွင်၊ ဘိုကလေးဝန်းကျင်ရှိ ရွာသားအချို့နှင့် ရပ်ကွက်အတွင်း လူအချို့ကို ဖိတ်ကြားခဲ့ကြောင်းနှင့် အစည်းအဝေး ကျင်းပခွင့် ရရန်အတွက် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ခ၀တ) သို့ ခွင့်ပြုချက်တောင်းခဲ့ကြောင်း သူက ပြောသည်။

''လူ ၅၀ အောက်ကိုတော့ ခ၀တ အထိလောက်ကို လှမ်းပြီးတော့ အကြောင်းကြားလိုက်လို့ရှိရင် ဒါ ဖြစ်နိုင်တယ်ဆိုလို့ လူ ၅၀ အောက် လုပ်တဲ့အတွက် ဒီရွာတွေက ရှိတဲ့ တချို့လူ၊ တချို့ရွာသားတွေပေါ့။ သူတို့ နည်းနည်းကိုယ်စားပြုနိုင်မယ့် လူတွေပေါ့။ ရပ်ကွက်ထဲမှာ လူချစ်လူခင်များတဲ့ လူပေါ့။ လူ ၅၀ အောက်ဆိုတော့ သူတို့က လုပ်ပါပေါ့။ လုပ်မယ်ဆိုရင်တော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ငြိမ်ငြိမ်လေးလုပ်ဖို့ ပြောတာပေါ့။ အဲဒီမျိုးလေးတွေကို ကျနော်တို့က ခွင့်ယူရတာပေါ့'' ဟု သူက ဆိုသည်။

ပါတီများ မှတ်ပုံတင်ခွင့်နှင့် ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာချိန်တွင် ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးသွားရန်အတွက် ယခုအခါမှ စတင်ကာ ဆင့်ပွားနိုင်ရေး ခေါ်ယူ ဆွေးနွေးစေခဲ့ခြင်း ဖြစ်သည်။

နာဂစ် ဘုန်းကြီး ကျောင်းပျက်များ ထိုင်းပြင်မည်

ဧရာဝတီ-ဇာနည်ဝင်း၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

နာဂစ် မုန်တိုင်း အတွင်း ပျက်စီး သွားသည့် မြန်မာပြည်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စေတီ ပုထိုးများ ပြန်လည် ပြုပြင်ရေး အကူအညီများနှင့် ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက် သွားမည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကဆစ်ဖိရုမ်းက ပြောကြားလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

နာဂစ်မုန်တိုင်းကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် စေတီပုထိုးများ ထောင်နှင့်ချီ၍ ပျက်စီးခဲ့သည်
မစ္စတာ ကဆစ်ဖိရုမ်းသည် မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်သူနှင့် ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံအပြီးတွင် ယင်းသို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က မြန်မာပြည်တွင် နာဂစ်မုန်တိုင်း တိုက်ခိုက်စဉ် ဘုန်းတော်ကြီးကျောင်း အများအပြား ပျက်စီးခဲ့သည်။ ဧရာဝတီ တိုင်းတွင် ပျက်စီးသွားသော ဘုန်းကြီး ကျောင်းပေါင်း ၁၁၆၃ ကျောင်း၊ ပြိုကျသွားသဖြင့် အသစ် ပြန်ဆောက်ရမည့် ကျောင်း ၇၃၆ ကျောင်း ရှိပြီး၊ ရန်ကုန်တိုင်း တွင်လည်း အသစ် ပြန်ဆောက်ရမည့် ကျောင်း ၅၂ ကျောင်း ရှိသည်ဟု သာသာနာရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး ဆောင်ရွက်နေသော အနောက်နိုင်ငံ အကူအညီ ပေးရေးအဖွဲ့များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ ပြုပြင်ရေး အတွက် ကူညီထောက်ပံ့ခြင်း မရှိပေ။ ဤ အခြေအနေတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာပြည်မှ ပျက်စီးသွားသော ဘုန်းကြီး ကျောင်းများနှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်း ဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝ ကလည်း သတင်းထောက်များနှင့် ယမန်နေ့က တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် မြင်တွေ့ လိုသည်ဟု ပြောလိုက်သည်။ အနောက် နိုင်ငံများကဲ့သို့ ပိတ်ဆို့ အရေးယူနည်းကို သုံးမည်မဟုတ်ဟု ဆိုသော်လည်း မည်သို့သော နည်းလမ်းကို အသုံးပြုမည် ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခြင်း မရှိပေ။

ပြည်ပရောက် မြန်မာ အတိုက်အခံ များကလည်း ထိုင်းအစိုးရ သစ်သည် ယခင် အစိုးရများနှင့် မတူဘဲ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ပိုမို ဆောင်ရွက် နိုင်မည်ဟု မျှော်လင့်နေကြသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာ ဌာနတာဝန်ခံ ကိုမင်းနိုင်က "ပြီးခဲ့တဲ့ ထိုင်းအစိုးရတွေ ထက်စာရင် ဒီအစိုးရက မြန်မာပြည် ဒီမိုကရေစီရေးကို ပိုပြီး တိမ်းညွတ် လာမယ်လို့တော့ မျှော်လင့်တယ်။ ဒါက မျှော်လင့်ချက်ပဲ။ တကယ့် လက်တွေ့မှာ ဘယ်လို ချည်းကပ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်" ဟု ဆိုသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ နိုင်ငံခြားရေး တာဝန်ခံ ကိုဇော်မင်း ကလည်း အစိုးရသစ်သည် ယခင် အစိုးရများကဲ့သို့ မျက်နှာ အောက်ချ၍ မြန်မာအစိုးရကို ဆက်ဆံမည် မဟုတ်ကြောင်း၊ သို့သော်လည်း တင်းတင်းမာမာ ဆက်ဆံမည် ဟုလည်း ခန့်မှန်း၍ မရနိုင်ကြောင်း ဧရာဝတီသို့ ပြောပြသည်။

"မစ္စတာ အဖိဆစ် အနေနဲ့ ဒီမိုကရက်တစ် ပါတီက ချမှတ်ထားတဲ့ မူတွေ ပေါ်လစီတွေ အပေါ် အများကြီး ကျော်ပြီးတော့ လုပ်လို့ ရလိမ့်မယ်လို့တော့ ကျနော် မမြင်ဘူး"ဟု ကိုဇော်မင်းက ယူဆသည်။

"သို့သော်လည်း ယခင် ထိုင်းဝန်ကြီးချုပ်တွေလို မြန်မာအစိုးရ ငြိုငြင်အောင် မလုပ်ဘူးဆိုတဲ့ အဆင့်မျိုးထက် နည်းနည်းတော့ ပိုသာမယ်လို့တော့ ယူဆရပါတယ်"ဟု ကိုဇော်မင်းက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဌ ကိုသံခဲကလည်း ထိုင်းအစိုးရသစ်နှင့် ပတ်သက်ပြီး မျှော်လင့်ချက်များ ရှိနေသည်။

"အရင် အစိုးရတွေကတော့ စီးပွားရေးကိုပဲ ဦးစားပေးတယ်။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအပေါ်မှာ အခု တက်လာတဲ့ အစိုးရက ပိုပြီး အာရုံစူးစိုက်နိုင်မယ်။ စိတ်ဝင်စားမှု ရှိမယ်။ ဒီမိုကရေစီ ရရှိရေးအတွက် မြင်ချင်တဲ့ စေတနာ၊ အားစိုက်မှုတွေက ပိုပြီးတော့ ကောင်းလာလိမ့်မယ်လို့ မျှော်လင့်နိုင်တယ်" ဟု ကိုသံခဲက ပြောသည်။

မြန်မာ့အရေး လှုပ်ရှားမှုကြောင့် စင်္ကာပူ ၂ ဦး အဖမ်းခံရ

ဧရာဝတီ၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

ယမန်နေ့က စင်္ကာပူ အလုပ်သမား ၀န်ကြီးဌာန ရုံးရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူများ အတွက် ဆန္ဒပြခဲ့သော စင်္ကာပူ နိုင်ငံသား နှစ်ဦး ဖမ်းဆီးခံရပြီး ၅ နာရီအကြာတွင် အာမခံဖြင့် ပြန်လည် လွတ်မြောက် လာသည်။

စင်္ကာပူ အစိုးရက မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၂ ဦးအတွက် အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးခြင်း မရှိသောကြောင့် "မြန်မာ့အရေး လှုပ်ရှားသူများအား ဖိနှိပ်နေခြင်းကို ရပ်ပါ" ဟူသော စာတန်းကို ဆွဲကိုင်ကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ တဦးဖြစ်သည့် မစ္စတာ ဆီလန်ပါလေ (Seelan Palay) က "ကျနော်တို့ကို အပြစ်ရှိတယ် ဆိုပြီး တရားရုံးက ဆုံးဖြတ်ရင် ထောင် ၃ လအထိ ချခံရနိုင်ပါတယ်။ နောက် ၂ ပတ်အတွင်း ကျနော်တို့ ရုံးထပ်တက်ရဦးမယ်" ဟု ဧရာဝတီသို့ ရှင်းပြသည်။

"စင်္ကာပူမှာက စုဝေးဆန္ဒပြမယ် ဆိုရင် ခွင့်ပြုချက်ရဖို့ မလွယ်ဘူး။ စင်္ကာပူမှာ အာဆီယံ အစည်းအဝေး လုပ်တုန်းက မြန်မာ့အရေး လှုပ်ရှားတဲ့ သူတွေက ဆန္ဒပြကြတယ်။ စင်္ကာပူ အစိုးရက အရမ်း ဒေါသ ထွက်သွားတယ်လို့ ကျနော်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ အစိုးရကြောင့် ကျနော် ရှက်မိပါတယ်" ဟုလည်း မစ္စတာ ဆီလန်ပါလေက ဆိုသည်။

မြန်မာ့အရေး လှုပ်ရှားသူများကို စင်္ကာပူ အစိုးရက နှင်ထုတ်ခြင်းသည် အာဆီယံ၏ ပဋိညာဉ်ကို ဆန့်ကျင်လိုက်ခြင်း ဖြစ်ကြောင်း စင်္ကာပူနိုင်ငံမှ ထွက်ခွာရတော့မည့် ကိုမိုးကျော်သူက ပြောကြားသည်။

"လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တိုးတက်အောင် ဆိုပြီး ရေးဆွဲထားတဲ့ အာဆီယံ ပဋိညာဉ်ကို စင်္ကာပူကလည်း လက်မှတ် ထိုးထားတယ်။ ဒီအရေးတွေ တိုးတက်အောင်လုပ်တဲ့ လူတွေကို နှင်ထုတ်တာဟာ သူတို့နိုင်ငံ ခေါင်းဆောင်တွေက စပြီး အာဆီယံရဲ့ ပဋိညာဉ်ကို ဆန့်ကျင်တာပဲလို့ ကျနော် ပြောချင်တယ်" ဟု ကိုမိုးကျော်သူက ဧရာဝတီသို့ ပြောပြသည်။

စုဝေး ဆန္ဒပြခွင့်ရရန် ခက်ခဲသည့် စင်္ကာပူတွင် မြန်မာ ပြည်သားများ မြန်မာသံရုံးရှေ့သို့ မကြာခဏ သွားရောက်ပြီး ဆန္ဒပြခဲ့ကြဖူးသည်။

အစိုးရက စင်္ကာပူ အတိုက်အခံပါတီ ခေါင်းဆောင်များ၏ ဝေဖန်မှုများကိုပင် ပြတ်ပြတ်သားသား နှိမ်နင်းလေ့ရှိသည်ဟု စင်္ကာပူရောက် မြန်မာပြည်သား တဦးက ဆိုသည်။

"စင်္ကာပူ အစိုးရက သူတို့လူမျိုး နိုင်ငံသားတွေကိုပါ ဒီမိုကရက်တစ် လှုပ်ရှားမှုတွေ ကူးမှာကြောက်လို့ သူတို့ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ခပ်တင်းတင်း မာမာပဲ တုန့်ပြန်မှာပဲ။ လေးစားရတဲ့ တဦးဦး တဖွဲ့ဖွဲ့က ဖိအား မပေးမချင်းပေါ့။ ဖိအား ပေးဖို့ကလည်း သိပ်မဖြစ်နိုင်ပါဘူး"ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

အလုပ်လက်မဲ့ ပြဿနာ ရင်ဆိုင်ရတော့မည်

ဧရာဝတီ-ကြည်ဝေ၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် များတွင် အလုပ် လုပ်ကိုင် လျက်ရှိသော အထွေထွေ လုပ်သားများ အနေနှင့် ၂၀၀၉ ခုနှစ်အတွင်း အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်ရဖွယ် ရှိကြောင်း စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ တဦးက သုံးသပ် ပြောဆိုလိုက်သည်။

ကမ္ဘာ့စီးပွားရေး အကြပ် အတည်းသည် မြန်မာနိုင်ငံ အပေါ်သို့လည်း ကုန်သွယ်ဖက် နိုင်ငံများမှ တဆင့် သက်ရောက် လျှက်ရှိသောကြောင့် လက်ရှိ အနေအထားတွင် ပြည်တွင်းရှိ အရောင်းအ၀ယ်များ ကျဆင်းကာ စက်ရုံများတွင် ထုတ်လုပ်မှုအပိုင်း၊ အလုပ်ချိန်နှင့် အလုပ်သမားလျှော့ချ ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

လက်ရှိ ပြည်တွင်း စက်ရုံများ၏ အနေအထားမှာ ကုန်သွယ်ဖက် နိုင်ငံများ၏ စီးပွားရေး အကြပ်အတည်း များကြောင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနေရသော လုပ်ငန်းများ အားလုံး လိုလို ရပ်ဆိုင်းလျက်ရှိပြီး ပြည်တွင်း ဈေးကွက်ကို မှီခိုနေကြသော စက်ရုံများ သည်လည်း ရောင်းအား ထက်ဝက်ခန့် ကျဆင်းလျက်ရှိသော အနေအထားကြောင့် ရပ်တည်ရန် ခက်ခဲလာ သည်ကို တွေ့မြင်ရကြောင်း အဆိုပါ စီးပွားရေးပညာ ပါမောက္ခက ပြောဆိုသည်။

"ခုချိန်မှာတော့ ထုတ်လုပ်မှုတွေလျှော့၊ အလုပ်ချိန်တွေ လျှော့တာပေါ့လေ။ ရေရှည် ကျရင်တော့ အလုပ်သမား လျှော့တာမျိုး လုပ်လာကြလိမ့်မယ်၊ အဲဒီ အတွက်လည်း အလုပ်သမားတွေ အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်လာလိမ့်မယ်" ဟု ၎င်းကလည်း သုံးသပ်သည်။

စက်ရုံများ အနေနှင့် ကျွမ်းကျင် လုပ်သားများမှာ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် ကျွမ်းကျင် လုပ်သားများက လွဲ၍ ကျန်အလုပ်သမား များမှာမူ အလုပ်လက်မဲ့ဖြစ်ရန် ပိုမိုနီးစပ်လျက် ရှိသည်ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက သုံးသပ်ပြောဆိုသည်။

ရန်ကုန်တိုင်း အတွင်း စက်မှုဇုန် ၁၈ ဇုန်ရှိပြီး ထို ၁၈ ဇုန်အတွင်း အလုပ်လုပ်ကိုင်လျက် ရှိသော အလုပ်သမား များအနက် ၁၃၄၉၀၀ ဦးကသာ မှတ်ပုံတင်ထားသူများဖြစ်ကြောင်း အလုပ်သမားရေး ၀န်ကြီးဌာနမှ စာရင်းများ အရ သိရှိရသည်။

ထိုမှတ်ပုံတင်ထားသော အလုပ်သမားများမှာ အမှန်တကယ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ သုံးပုံ တပုံခန့်သာရှိကြောင်း သိရပြီး အများစုမှာ မှတ်ပုံတင်မထားဘဲ ယာယီလုပ်သားများ အနေဖြင့် ၀င်ရောက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း စက်မှုဇုန် အလုပ်သမားရေးရာ ဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်းစားသုံးသူ ဈေးကွက်၏ ၀ယ်လိုအား တခုတည်းကိုသာ မှီခို ထုတ်လုပ်လျှက် ရှိသော စားသောက်ကုန်ထုတ် စက်ရုံများသည် ရောင်းအား ထက်ဝက် နီးပါး ကျဆင်းလာမှုကြောင့် ၎င်းတို့၏ ထုတ်လုပ်မှု ပမာဏကို ယခင်ကထက် ၃၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်သကဲ့သို့ ဖြစ်ကာ လူသုံးကုန်ထုတ် စက်ရုံ များသည်လည်း ၅၀ ရာခိုင်နှုန်းခန့်အထိ လျှော့ထုတ်လာ သည်ကို တွေ့ရကြောင်း ညောင်ပင်လေးဈေး နှင့် မင်္ဂလာဈေးရှိ ကုန်သည်ကြီးများထံမှ ကြားသိရသည်။

လက်ရှိ ပြည်တွင်းစက်ရုံများ အနေနှင့် ထုတ်လုပ်မှု အပိုင်းကို လျှော့ချလိုက်သည့်အပြင် ကုန်ဈေးနှုန်းများကိုပါ လျှော့ချလိုက်ရကာ နောက်ပိုင်းတွင် မည်သို့ မည်ပုံ ဖြစ်မည်ဆိုသည်ကို မပြောနိုင်သေးကြောင်း လှိုင်သာယာ စက်မှုဇုန် ၂ မှ ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်တဦးက ဆိုသည်။

"ကျနော့် စက်ရုံက အလုပ်သမားတွေအနေနဲ့ အလုပ်ချိန်တွေ လျော့သွားတဲ့အတွက် လုပ်ခတွေတော့ နည်းသွားတာ အမှန်ပဲ။ ခုချိန်ထိတော့ ကျနော့် စက်ရုံကနေ အလုပ်ထုတ် လိုက်တဲ့ အလုပ်သမားမရှိသေးပါဘူး။ ဒါပေမယ့်လည်း ဒီလိုအခြေအနေကို ဘယ်လောက်ထိ ထိန်းထားနိုင်မလဲ ဆိုတာလည်း မပြောတတ်သေးဘူး" ဟု သူက ပြောသည်။

၂၀၀၈၊့ ဒီဇင်ဘာလတွင် နီဘန်း တီဗီအန်တာနာမှ အောက်ခြေ အလုပ်သမား ၄၉ ဦး လျှော့ချလိုက်ပြီး ပဲခူး ယန်စီးကျန်း အထည်ချုပ်လုပ်ငန်းမှ အလုပ်သမား ၃၀၀ ခန့် လျှော့ချလိုက်ကြောင်း ကြားသိရသည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ကတည်းက အထည်ချုပ် လုပ်ငန်းများ၏ သုံးပုံ နှစ်ပုံခန့်မှာ ရပ်ဆိုင်းကုန်ပြီး အလုပ်သမားပေါင်း ၁ သိန်း ၀န်းကျင်ခန့်တို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

ယခုအချိန်တွင် အစိုးရ၏ အခန်းကဏ္ဍသည်အရေး အပါဆုံးဖြစ်လာပြီး ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို မှန်မှန်ကန်ကန်၊ တိတိကျကျ၊ ဘက်စုံထောင့်စုံမှ လေ့လာကာ စီးပွားရေးမူဝါဒများကို ကြိုတင်ပြင်ဆင်၍ စာရင်း အချက်အလက်များပြုစုခြင်း၊ စီးပွားရေးပညာ သီအိုရီများပြုစုခြင်း တို့ကို စီးပွားရေးပညာရှင်များနှင့် ပူးပေါင်းကာ ဆောင်ရွက် သင့်ပြီ ဖြစ်ကြောင်း စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခက အကြံပြု ပြောကြားသည်။ ။

၂၀၀၈-၂၀၀၉ စစ်အစိုးရ ဘတ်ဂျက် ကျပ်ငွေဘီလီယံ (၇၀၀) ကျော် လိုငွေပြ

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရဘတ်ဂျက်မှာ သုံးစွဲငွေများနေသည့်အတွက် ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော် လိုငွေပြနေသည်ဟု နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးပွဲတွင် ၀န်ကြီးချူပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၀န်ခံသွားသည်။

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရ ၀င်ငွေမှာ ကျပ်ငွေဘီလီယံ (၄,၈၂၄) ရှိသော်လည်း သုံးစွဲငွေမှာ ကျပ်ငွေ (၅,၅၅၇.၈၆) ရှိသည့်အတွက် စုစုပေါင်း လိုငွေပြမှုမှာ ကျပ်ငွေဘီလီယံ (၇၀၀) ကျော်ရှိသည်ဟု ၀န်ကြီးအဖွဲ့အစည်းအဝေး အမှတ် ၃၈/၂၀၀၈ တွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ယခုကဲ့သို့ ပြောသွားခြင်း ဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

မြန်မာစစ်အစိုးရ၏ ၂၀၀၈-၂၀၀၉ ခုနှစ်အတွက် လိုငွေပြမှုနှင့် ဂျီဒီပီ (စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး) အချိုးမှာ (၂.၈) ရာခိုင်နှုန်းရှိသည်ဟုလည်း အဆိုပါ (လူသိရှင်ကြား ထုတ်ပြန်ခြင်း မပြုသည့်) ၀န်ကြီးအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် စစ်အစိုးရထုတ်ပြန်သည့် ဂျီဒီပီတန်ဖိုးသည့် အမှန်တကယ်ထက် အဆများစွာ များနေသည့်အတွက် ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောသည့် လိုငွေပြမှုနှင့် ဂျီဒီပီ (စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး) အချိုးကို အမှန်ဟု ယူဆရန်ခက်ကြောင်း စီးပွားရေးပညာရှင် တဦးက ပြောသည်။

ဝန်ကြီးဌာနပေါင်းစုံ၏ ပိုသုံးသည့်ငွေပမာဏမှာ ကျပ်ငွေဘီလီယံ (၉၀၀) ကျော်ရှိပြီး စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား (၁) ၀န်ကြီးဌာန၊ စက်မှု (၁) ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန စသည့် ငွေရှာပေးသည့် ၀န်ကြီးဌာနများက အများဆုံး ပိုသုံးထားသည်။ (အောက်ပါ ပုံတွင် အသေးစိတ်ကြည့်နိုင်သည်)။



မြန်မာစစ်အစိုးရသည် စီးပွားရေးဆိုင်ရာ အချက်အလက်များကို တိုင်းပြည်သို့ မထုတ်ပြန်ဘဲ ထားသည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သည်။ စစ်အစိုးရထုတ်ပြန်ခဲ့သည့် စီးပွားရေး ကိန်းဂဏန်းများသည်လည်း ယုံကြည်လောက်သည့် အနေအထားမရှိကြောင်း ရန်ကုန် အနောက်တိုင်း သံတမန်များက ယူဆသည်။

တိုင်းပြည်၏ ဘတ်ဂျက်လိုငွေပြမှုကို ဗဟိုဘဏ်မှ ကျပ်ငွေများ ရိုက်ထုတ်သည့်နည်းဖြင့် ဖြေရှင်းလေ့ရှိသည့် အတွက် ငွေဖောင်းပွမှုများပြီး မတ်ခရိုစီးပွားရေးမတည်မငြိမ် ဖြစ်စေသည်ဟု အေဒီဘီ အာရှဖွဲ့ဖြိုးရေးဘဏ်က ထောက်ပြသည်။

စီးပွားရေးပြုပြင်မှုလုပ်ရာတွင် ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ရာ၌ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း စီးပွားရေးပေါ်လစီများ ရှေ့နောက်ညီရန်နှင့် ကြိုတင်တွက်ဆ၍ရသည့် စီးပွားရေးပေါ်လစီမျိုးများဖြင့် တိုးတက်အောင်လုပ်ရန်လိုသည်ဟု အေဒီဘီက အကြံပေးခဲ့သည်။

Wi-Fi အင်တာနက်စနစ် ရောင်းချခြင်းမပြုရန် တားမြစ်

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

ဇန်နဝါရီ လဆန်းမှာ စတင် မိတ်ဆက်ရောင်းချမည့် Wi-Fi နည်းပညာသုံး အင်တာနက်စနစ်ကို ရောင်းချခြင်း မပြုပဲ ဆိုင်းငံ့ထားရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ညွှန်ကြားထားကြောင်း Ezy Trading Co., Ltd မှ အမည်မဖော်လိုသူ ဈေးကွက်မန်နေဂျာတဦးက ပြောသည်။

၎င်းက "ရန်ကုန်တိုင်း မြို့လယ် (၈) မြို့နယ်မှာ အသုံးပြုခွင့်တွေ ရောင်းချဖို့ နဂိုက ကျနော်တို့ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းထားပြီးသား၊ ခု ဘာအကြောင်းပြချက်မှ မပေးဘဲ ဆိုင်းငံ့ထားပါဆိုပြီး ပြောတယ်" ဟု ပြောသည်။

၎င်းတို့ကုမ္ပဏီက ရောင်းချမည့် Wi-Fi နည်းပညာသုံး အင်တာနက် စနစ်သည် မိမိနေအိမ်၌ Wi-Fi စနစ်ပါသည့် ဒက်စ်တော့ သို့မဟုတ် လက်ဖ်တော့ ကွန်ပျူတာ ရှိရုံဖြင့် အသုံးပြုနိုင်မည့် စနစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ်ကို ပုံစံနှစ်မျိုး ရောင်းချမည်ဖြစ်ပြီး တမျိုးက ကွန်ဒို သို့မဟုတ် ကန်ထရိုက်တိုက်ခန်းများ အတွက်ဖြစ်ကာ နောက်တမျိုးမှာမူ တဦးချင်း Public Network အတွက် ဖြစ်သည်။ အသုံးပြုခ အနေဖြင့် ကွန်ဒို သို့မဟုတ် ကန်ထရိုက် တိုက်ခန်းတခုလုံးအတွက် လစဉ်ကြေး တလ အက်ဖ်အီးစီ (၅ဝ) ကျသင့်မည်ဖြစ်ပြီး သုံးစွဲသည့် အခန်းတိုင်းက မျှဝေကျခံရမည်ဖြစ်သည်။



Public Network အတွက်မှာမူ Register ကြေး ကျပ် (၁ဝ,ဝဝဝ) နှင့် လစဉ်ကြေး တလ ကျပ် (၃,ဝဝဝ) မှ (၅,ဝဝဝ) အကြားသာ ကောက်ခံမည့်အကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူတဦးက မီဒီယာများကို ပြောဆိုခဲ့ဖူးသည်။

အဆိုပါ အစီအစဉ်သာ သုံးခွင့်ရပါက ရန်ကုန်မြို့ရှိ လူများ အင်တာနက်ကို ဈေးပေါပေါဖြင့် လွယ်လွယ်ကူကူ အသုံးပြုခွင့်ရမည်ဖြစ်သည့်အတွက် မြို့ခံများက မျှော်လင့်နေခဲ့ကြခြင်း ဖြစ်သည်။ ရောင်းချခွင့်ရပါက ကမာရွတ်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား မြို့နယ်တို့တွင် ကနဦး သုံးနိုင်မည်ဖြစ်ပြီး အဆိုပါ မြို့နယ်များနှင့် ထိစပ်နေသည့် ဧရိယာတို့တွင်လည်း သုံးခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စ မရမ်းကုန်းအိပ်ခ်ျချိန်းမှ အင်ဂျင်နီယာတဦးကို မေးမြန်းရာ ၎င်းက တားမြစ်ထားသည်မှာ မှန်ကြောင်း၊ အကြောင်းရင်း နှစ်ခုရှိကြောင်း၊ ပထမအကြောင်းရင်းက ဆက်သွယ်ရေးဝန်ကြီး အပါအဝင် နိုင်ငံတော်အကြီးအကဲ အဆင့်က ပြည်သူများ အင်တာနက် လွယ်လွယ်ကူကူ ဈေးပေါပေါ သုံးမည်ကို မလိုလား၍ ဖြစ်ကြောင်း၊ ၎င်းတို့၏ လုံခြုံရေးအမြင်အရ ဖြစ်နိုင်ကြောင်း၊ နောက်တချက်မှာမူ လောလောဆယ် Broadband Wi Max စနစ် ရောင်းချနေသည့် Red Link Communication Co.Ltd. ကို မထိခိုက်စေလို၍ ဖြစ်ကြောင်း၊ အဆိုပါ Broadband Wi Max စနစ်သည် နှစ်စဉ်ကြေး၊ လစဉ်ကြေး အပါအဝင် စတင် တပ်ဆင်သည်နှင့် ကျပ် သိန်း (၂ဝ) ကျော် အထက် ပေးရမည်ဖြစ်သည့်အတွက် Wi-Fi စနစ်ကို စတင်ရောင်းချသည်နှင့် ဝယ်ယူသူ လုံးဝ ရှိတော့မည် မဟုတ်ကြောင်း၊ ထို့ကြောင့် Wi-Fi စနစ် ရောင်းချခွင့်ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ "သူတို့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေနဲ့ ဆက်ညှိနေကြပါတယ်။ ပြည်သူတွေ လွယ်လွယ်ကူကူ သုံးနိုင်တာမျိုး မဟုတ်တော့ဘဲ ကုန်တိုက်တွေ၊ စူပါမားကက်တွေမှာ Wi-Fi စနစ် လွှတ်ပေးထားပြီး ပရီပေးကတ် သဘော ရောင်းချတာမျိုးလောက် ခွင့်ပြုနိုင်ပါတယ်။ ဒါကို နောင် (၃-၄) လ လောက်ကြာရင် ခွင့်ပြုနိုင်ပါတယ်" ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်သည့် နည်းလမ်းများတွင် ပထမတခုက အေဒီအက်စ်အယ်လ် စနစ်ဖြစ်ပြီး ဒီဂျစ်တယ် တယ်လီဖုန်း ကြိုးလိုင်း ရှိရန် လိုအပ်ကာ ရန်ကုန်ရှိ တယ်လီဖုန်းလိုင်းများသာ အသုံးပြုနိုင်သည်။ ကနဦး တပ်ဆင်ခ အပါအဝင် ကျပ် သိန်း (၂ဝ) ကျော် ကုန်ကျမည်ဖြစ်ပြီး လက်ရှိ ရန်ကုန် အင်တာနက်ကဖေးများတွင် အများဆုံး အသုံးပြုသည့် စနစ်ဖြစ်သည်။

နောက်တခုမှာ ဒိုင်ယယ်အပ် Dial-up စနစ် ဖြစ်ကာ ဒီဂျစ်တယ် တယ်လီဖုန်း လိုင်းကြိုး ရှိရမည်ဖြစ်ပြီး ပရီပေးကတ် စနစ်ဖြင့် ဝယ်ယူ အသုံးပြုနိုင်သည်။ တနာရီ ကျပ် (၇ဝဝ) ခန့်ပေးရပြီး ဈေးအသက်သာဆုံး ဖြစ်သော်လည်း ဆက်သွယ်မှု ကွန်နက်ရှင် အလွန်နှေးကွေးသည့်အတွက် အဆင်မပြေကြောင်း ရန်ကုန်မြို့ခံများက ပြောပြကြသည်။

နောက်တခုမှာ အိုင်ပီစတား ဂြိုဟ်တုသုံး စနစ်ဖြစ်ပြီး မြန်မာပြည် မည်သည့်နေရာ၌မဆို အသုံးပြုနိုင်သည်။ ကနဦး တပ်ဆင်ခ အပါအဝင် ကျပ် သိန်း (၆ဝ) ကျော်မှ သိန်း (၈ဝ) ခန့်အထိ ကုန်ကျသည့်အတွက် ဝယ်ယူအသုံးပြုသူ အလွန်နည်းသည်။

နောက်တစ်ခုမှာ Broadband စနစ်ဖြစ်ပြီး ယခုအခါ ဆက်လက် ရောင်းချခြင်း မပြုတော့ပေ။ ယခုနောက်ဆုံး ရောင်းချနေသည်မှာ တယ်လီဖုန်းလိုင်း မလိုသည့် Broadband Wi Max စနစ် ဖြစ်သည်။ ကနဦး တပ်ဆင်ခ ကျပ် သိန်း (၂ဝ) ကျော် ကုန်ကျသည့်အပြင် အသုံးပြု၍သိပ်မကောင်းသော်ကြောင့် အရေအတွက် (၂ဝဝ) ဝန်းကျင်ခန့်သာ ရောင်းချရသေးကြောင်း သိရသည်။

ယခု Ezy Trading Co., Ltd ကုမ္ပဏီက ရောင်းချမည်ဆိုသည့် Wi-Fi နည်းပညာသုံး စနစ်မှာမူ ပြည်သူများ ဈေးပေါပေါဖြင့် အင်တာနက်ကို လွယ်လွယ်ကူကူ သုံးနိုင်မည့် ပထမဦးဆုံး စနစ်ဖြစ်သည့်အတွက် စစ်အစိုးရက ယခုကဲ့သို့ တားမြစ် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန် ဒီပီအေသတင်းထောက်အမှု စတင်စစ်နေပြီဟု ဂျာမနီ ဒီပီအေဌာနချုပ်မှ အကြောင်းပြန်

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

အန်အယ်လ်ဒီနှင့် ဦးဝင်းတင်အား သိက္ခာကျစေမည့် သတင်းရေးသားခဲ့သည့် ရန်ကုန် ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား အရေးယူပေးရန် နိုင်ငံတကာအတိုက်အခံများက ဒီပီအေသတင်းဌာနအား ဖိအားပေးခဲ့ပြီး မကြာခင် ထိုအမှု စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ဒီပီအေဦးဆောင်အယ်ဒီတာချုပ်က မြန်မာအတိုက်အခံများအား အကြောင်းပြန်ထားသည်ဟု စုံစမ်းသိရသည်။

ရန်ကုန် နိုင်ငံခြားသတင်းထောက်များအသင်းသို့ တိုင်ကြားခဲ့သည့် ဦးဝင်းတင်၏ အင်္ဂလိပ်ဘာသာပြန် စာကိုလည်း လက်ခံရရှိကြောင်း၊ ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် ဒီပီအေသတင်းဌာနရုံးချုပ်မှ ဒီပီအေ ဦးဆောင်အယ်ဒီတာချုပ် Eva-Maria McCormack က အတည်ပြု အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဦးဝင်းတင်၏ တိုင်ကြားစာပါ ဒီပီအေသတင်းနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်နေကြောင်း၊ ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) ရေးသားခဲ့သည့် သတင်းပါ ပုဂ္ဂိုလ်အားလုံးကို မေးမြန်းစုံစမ်းသွားမည်ဖြစ်ကြောင်းနှင့် မမှန်မကန် သတင်းပို့ခဲ့ကြောင်း ထင်ရှားပါက အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား အရေးယူနိုင်ခဲ့ပါက နိုင်ငံခြားသတင်းထောက်များကို မိမိတို့ဝါဒဖြန့်ကိစ္စအတွက် အသုံးချသည့် မြန်မာစစ်အစိုးရအတွက် သင်ခန်းစာကောင်း တခုဖြစ်လာနိုင်သည်ဟု ရန်ကုန် စာနယ်ဇင်းအသိုင်းအ၀န်းက မျှော်လင့်နေသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် ဒီပီအေ (Deutsche Presse-Agentur ) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။

နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့် သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်းဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.