Thursday, January 29, 2009

[ကောင်းကင်ကို] 2 New Entries: မိဘမကောင်း သားသမီးခေါင်း

မိဘမကောင်း သားသမီးခေါင်း

ကဗျာ အဟောင်းလေးပါ။ ကျွန်တော့် အစ်ကိုလို ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က မိဘဆရာကန်တော့ပွဲမှာ မိဘနေရာကနေ စကားပြောရမှာကို ဒီကဗျာ ထရွတ်လို့  ကျွန်တော် မျက်နှာပူခဲ့ရဖူးပါတယ်။ မိဘကန်တော့ပွဲဆိုပေမယ့် မိဘတွေကို မဖိတ်နိုင်လို့  ဆရာတွေကိုပဲ ဖိတ်ပြီး လုပ်တဲ့ကန်တော့ပွဲပါ။ တကယ်လည်း မိဘမကောင်းလို့  သားသမီး ခံရတာက သားသမီး မကောင်းလို့ မိဘ ခံရတာထက်ပိုတယ်လို့ လည်း ယုံကြည်ပါတယ်။ အဲလို ကလေးတွေ လမ်းမမှာ တောင်းစားနေတာကို ရန်ကုန်မြို့ရဲ့  နေရာအနှံ့ မှာ တွေ့  နိုင်ပါတယ်။

တကယ်က ကျွန်တော်က မိဘတွေကို ရေးချင်တာမဟုတ်ပါဘူး။ နိုင်ငံရေးနွယ်ပြီး ရေးချင်တာပါ။ အခု လက်ရှိလူတွေ မကောင်းရင်၊ တာဝန် မကျေခဲ့ရင်၊ ညံ့ရင် နောက်လူတွေ ခံရမယ် ဆိုတဲ့သဘောမျိးကို ရေးတာပါ။ ရှေ့ မျိုးဆက်တွေကို အပြစ်တင်လိုတာ မဟုတ်ပါ။ မျိုးဆက်တိုင်းမှာတော့ တာဝန်ကျေတဲ့သူတွေရော မကျေတဲ့သူတွေရော ရှိတာပါပဲ။ လူအများစု တာဝန်မကျေတာတော့ ရှေ့  ကမျိုးဆက်တွေမှာရော အခု မျိုးဆက်မှာပါ အထင်အရှားပါ။ နိုင်ငံရေးသမားတွေ သက်သက်ကိုသာ ရည်ရွယ်ပြီး ရေးတာ မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်အပါအဝင် လူတိုင်းလူတိုင်းကို ရည်ရွယ်ပြီး ရေးပါတယ်။ လက်ရှိမျိုးဆက် မကောင်းရင် နောက်မျိုးဆက် ခံရမယ် ဆိုတဲ့သဘောမျိုးကို ရေးတာပါ။ တကယ့် မိဘတွေကို ရေးတာ မဟုတ်လို့ ခင်ဗျားလို့ ပဲ သုံးခဲ့တယ်။

တကယ်တော့ ကျွန်တော်က ကဗျာရှေ့ မှာ နိဒါန်းခံရင် အရသာပျက်တယ်လို့  ယူဆသူပါ။ ဒါပေမယ့် လိုအပ်တယ် ထင်လို့ ရေးလိုက်တာပါ။



မိဘမကောင်း သားသမီးခေါင်း


အစဉ်အလာကို ဆန့် ကျင်ချင်လို့ မဟုတ်ဘူး။
တမင်တကာ စတန့် ထွင်ချင်လို့ မဟုတ်ဘူး။
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ 
အစာတောင်းနေရတဲ့ ခေတ်က
စကားပုံ အသစ်ကို သက်သေပြလိုက်ပြီ။

သားသမီးတွေ မကောင်းတဲ့အခါ မိဘတွေ နာမည်ပျက်တယ်၊
မိဘတွေမကောင်းတဲ့အခါမှာတော့ သားသမီးတွေ အားလုံး ဘဝပါပျက်တယ်

အတ္တနဲ့ တစ်ဘက်ချို့နေတဲ့ မျက်လုံး
မကြားချင်ယောင်ဆောင်ထားတဲ့နား
ဥာဏ်နီဥာဏ်နက်တွေ ထည့်ထားတဲ့ ဦးနှောက်
ဒုက္ခရောက်သူတွေအချင်းချင်း ချနင်းချင်တဲ့ခြေထောက်
လောဘနဲ့ ထွင်းထားတဲ့ပေတံ
တဆတ်ဆတ်တုန်နေတဲ့ဒူး
လည်စင်းခံဖို့ ဆို အမြဲ အဆင်သင့်ဖြစ်နေတတ်တဲ့ သတ္တိ
အဲဒါတွေဟာ ငါတို့ ရရှိခဲ့တဲ့ အမွေအနှစ်တွေပေါ့။

ခင်ဗျားတို့ က ကိုယ့်ထမင်းအိုးလေးကို သေနတ်ရှပ်မှန်မှာ အရမ်းကြောက်တယ်။
ခင်ဗျားတို့ က ပုဆိန်နဲ့ ပေါက်ရမယ့် အချိန်မှာတောင် အပ်နဲ့ မထွင်းရဲခဲ့ကြဘူး။
ခင်ဗျားတို့ က ရင်သွေးတွေ ကျခဲ့တဲ့ သွေးတွေနဲ့ ခေတ်အဆက်ဆက် ဆက်ကြေးပေးတယ်။
ခင်ဗျားတို့ က အသက်တစ်ရက်ပိုကြီးတယ်ဆိုတဲ့ သံလျက်နဲ့  ကျွန်တော်တို့ လက်ညှိုးတွေကို ဖြတ်တယ်။

ရန်သူက ရက်ရက်စက်စက် ပစ်နေချိန်မှာ
ခင်ဗျားတို့ က တစ်…နေရာယူ၊ နှစ်…နေရာယူ၊ သုံး ….နေရာယူ၊ လေး…နေရာယ၊ူ ငါး….နေရာလု

ဒီလိုနဲ့ 
ရှေ့ ကတွေ့ ရတဲ့ ခြေရာတွေအတိုင်း မကျေမနပ်လိုက်အလျှောက်မှာ
ကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်ခြောက်လာတယ်။

နောက်မျိုးဆက်တွေ အပင်ပေါက်လာတဲ့အခါ
သူတို့ လက်ညှိုးတွေ ရင်ကို ဖောက်လာ ဦးမှာလား။
ခုတော့
လျှာပေါ်မှာ မြက်ကလေးတစ်ပင်ပေါက်ဖို့ အရေးတောင်
မိုးခါးရေတွေ အလုအယက်သောက်နေရပြီ။

အတွင်းအဇ္ဈတ္တထဲ အထိ လှိုက်စားသွားခဲ့တဲ့ အမွေတွေကို
ခုချိန်မှာ ပြန်အန်ထုတ် ပါရစေတော့။
ခင်ဗျားတို့ ပေးခဲ့တဲ့ ဆင်ခြေအဆိပ်တွေနဲ့ 
ငရဲဘုံပေါ်မှာ ဆက်မအိပ်ချင်တော့ဘူး။

သြော်…
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ 
အစာတောင်းနေရတဲ့ ခေတ်ကတော့
စကားပုံ အသစ်ကို သက်သေပြလိုက်ပြီ။


ကောင်းကင်ကို

(ပုံက အေပီ ကနေ ယူထားတာပါ။)

ကဗျာကျောင်းသား

ခေါင်းက ရင်ဘတ်နဲ့  သွားဆက်နေတဲ့ လူထူးလူဆန်း၊

အတွေးထဲမှာ မိုက်ကရိုချစ်(ပ်)တစ်ခု ဝင်နေတဲ့ ကုန်းပေါ်ကငါး၊

ကိုယ့်အတွင်းငလျင်ကို ကိုယ်စောင့်ကြည့်ဖို့ စိတ်ထဲမှာ ကင်းတဲတစ်ခုဆောက်

နာမ်အချင်းချင်းဆက်သွယ်ဖို့  လမ်းဖောက်ပေးရတဲ့သူ။

You received this email because you are subscribed to the real_time feed for http://kaungkinko.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.