Thursday, January 29, 2009

[တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်ပါတယ်..] 2 New Entries: ပေါ့ပေါ့ပါးပါးပြုံး

ပေါ့ပေါ့ပါးပါးပြုံး

အလဲဗင်း

ဦးဖိုးခင် တစ်ယောက် လ္ဘက်ရည်ဆိုင်ထဲဝင်လာသည် ။
" ဖိုးထောင် .. ငစိုး တစ်ယောက်တွေ့မိသေးလား "
" မတွေ့ဘူး ဦးလေးဖိုးခင် ရ... ဘာလို့လဲ"
" ပြော.မပြောချင်ပါဘူးကွာ .. ငါအခု ဒီကောင့်ကိုတွေ့ချင်နေတယ် ၊ ဟေ့ ကြည်ထွန်းရေ ပေါ့ဆိမ့်တစ်ခွက် ပေးဟေ့"
" ဘာတွေအရေးကြီးလို့လဲဗျ ၊ စိုးကြီးက ဘာတွေလုပ်ပြန်ပြီတုန်း"
" ဒီကောင်ကွာ ... ငါ့များ မလှိမ့်တစ်ပတ်နဲ့ ။ ပွင့်ပွင့်လင်းလင်းပြောပေါ့ကွ ၊ ငါလည်း လူငယ် ဘ၀ကလာတာပဲ ၊ ဒီလောက်တော့ နားလည်ပါတယ်"
" စိုးကြီးက ဘာတွေလုပ်သွားလို့တုန်း ဦးလေးဖိုးခင်ရ.. ကျွန်တော့်ကိုပြောပါဦး"
" အမှန်ဆို ပွင့်ပွင့်လင်းလင်းပြောပေါ့ကွာ .. တူအရီးချင်းပဲ .... ခုလိုတော့မကောင်းဘူးကွာ"
" စိုးကြီး ဘာလုပ်တာလဲ ဆိုတာပြောဦးလေ ဦးလေးဖိုးခင်ရ .. ကျွန်တော် နားမလည်တော့ဘူး "
" ဒီလိုကွာ... ညက..."

...................... xxxx XXX xxxx .......................

ဒီရုံးမှာ ဦးဖိုးခင်နဲ့ စိုးဝင်း ကညစောင့် ။ ည ၇ နာရီဆိုစပြီ ။ ဦးဖိုးခင်က လူကြီးဆိုတော့ အချိန်မှန်တယ် ။ စိုးဝင်းကတော့ လူငယ်ဆိုတော့ အကြောင်းအမျိုးမျိုးပြပြီး နောက်ကျနေကျ ။ ရောက်လာရင်လည်း ဟိုပြော ဒီပြောနဲ့ ဦးဖိုးခင်ကို အရင်အိပ်ခိုင်းတယ် ။ ၁၂ နာရီ မကျော်ခင်တော့ အမြဲနှိုးပြီး ပြန်စောင့်ခိုင်းတယ် ။ တစ်ယောက် တစ်ဝက်ဆိုတဲ့သဘောပေါ့ ။ ဦးဖိုခင်ကတော့ ဘာမှမဖြစ်ပါဘူး ။ လူကြီးဆိုတော့ ခပ်အေးအေးပဲ ။ သူ့မှာတစ်ခြားအလုပ်လည်းမရှိဆိုတော့ အိပ်ရေးပျက်ခံနိုင်ပြီးသား ။နေ့လည်ခင်း ထမင်းစားပြီး တစ်ရေးလောက် အိပ်လိုက်ရင် သူ့အတွက်က ပုံမှန်ပဲ ။

ဒီနေ့လည်း ငစိုးတစ်ယောက် ထုံးစံအတိုင်းနောက်ကျနေတယ် ။ ဦးဖိုးခင်က ရေဒီယိုတစ်လုံးဖွင့်ပြီး ထုံးစံအတိုင်း ခပ်အေးအေးပဲ ။ ငစိုးလာရင် တစ်ရေးအိပ်မယ်ပေါ့ ။၈ နာရီထိုးကာနီးကျတော့ ငစိုးရောက်ချလာတယ် ။ ညစောင့် ပုံ မပေါက်အောင် အ၀တ်အစား အသစ်တွေနဲ့ ။ ဘာလုပ်ဦးမယ်မသိဘူး ။ စက်ဘီးတောင် ပါလာသေးတယ် ။
" ဦးလေး ... ကျွန်တော် ဒီည မြို့ထဲက ဘုရားပွဲ ခဏသွားချင်လို့"
စိုးဝင်းက မျက်နှာငယ်လေးနဲ့ ဦးဖိုးခင်ဆီ တောင်းပန်သလိုကြည့်တယ် ။ ဦးဖိုးခင်လည်း ငစိုးပြောမှ သတိရတယ် ။ ခုရက်ပိုင်းက ဘုရားပွဲတွေရှိနေတာကိုး ။အင်းပေါ့ ခမျာ သွားချင်ရှာမပေါ့ ။ လူငယ်ကိုး ။သူငယ်ငယ်တုန်းကလည်း ဘယ်ပွဲမှ အလွတ်ပေးတာ မဟုတ်ခဲ့ဘူး ။ ခဏတစ်ဖြုတ်တော့ သွားပါစေ ။ အလုပ်ကလည်းရှိသေးတာကိုး ။

" အေးလေ သွားပေါ့ကွာ ... ခဏတစ်ဖြုတ်ပဲ"
" ဟုတ်ကဲ့.. ကျေးဇူးပဲ"
" နောက်တော့ မကျစေနဲ့ကွာ... ဟုတ်ပလား"
" ဟုတ်ကဲ့.."
ပြောပြီး စိုးဝင်းက စက်ဘီးပေါ်တက်ပြီး မြို့ထဲသွားဖို့ပြင်တယ် ။ စထွက်တဲ့ အချိန်ကျမှ ဦးဖိုးခင်က သတိရ သွားတယ်
" ဒါနဲ့ ငစိုး မင်း ဘယ်အချိန်ပြန်လာမှာတုန်း"
" အလဲဗင်း ဗျို့"
ငစိုးက စက်ဘီးပေါ်က ပြန်အော်ပြောပြီး ဆက်နင်းထွက်သွားတယ် ။
" အေး ... အေး "
ဆယ့် တစ်နာရီဆိုတော့ ။ မဆိုးပါဘူးလေ ညည့်လဲ သိပ်နက်သေးတာမှ မဟုတ်တာ ။ ဒီလိုနဲ့ပဲ ဦးဖိုးခင် တစ်ရေး အိပ်မယ့် အတွေးလေးဖျက်ပြီး ။ ရေဒီယိုလေးလိုင်း လိုက်ဖမ်းနေလိုက်တယ် ။

..................... xxxx XXX xxxx ........................
" အဲဒီ အချိန်ကတည်းက ပြန်မလာတာ ခုထိပဲ ... စဉ်းစားကြည့်စမ်းပါ ဖိုးထောင်ရာ ... ငါလွန်လား ငစိုးလွန်လား လို့ ။ပြောပေါ့ကွာ ... အမှန်ဆို ဦးလေးရေ ကျွန်တော်တော့ဖြင့် တစ်ညလုံးကြည့်ချင်တယ် ဘာညာပေါ့ ။ ခုတော့ သူက ဆယ့်တစ်နာရီပြောပြီးမရောက်တော့ငါ့မှာ ဒီကောင်များ ပြဿနာဖြစ်နေလားလို့ ပူရသေးတယ် ။ သူကတော့ ခပ်အေးအေးပဲ "
" ဟား....ဟား..... ကျွန်တော် သဘောပေါက်ပြီ .. ဦးလေးဖိုးခင်"
" ဘာကိုတုန်း.."
" ညက ကိစ္စက ဦးလေးဖိုးခင်လည်း မမှားဘူး ... စိုးကြီးလည်းမမှားဘူး "
" ဘာလို့ ငစိုးက မမှားရမှာတုန်း "
" အာ.. ဦးလေးကလဲ သူပြောသားပဲလေ အလဲဗင်းလို့"
" အေးလေ .... အလဲဗင်း ဆို ဆယ့်တစ်နာရီပြန်လာပေါ့ကွ ... ငါလည်း အဲလောက်တော့ အင်္ဂလိပ်လိုတတ်ပါတယ်ကွ"
" အဲဒီမှာ စလွဲတာပဲ ဦးလေးရေ"
" ဘာကိုတုန်း"
" စိုးကြီးပြောတဲ့ အလဲဗင်း ဆိုတာက အလင်းပဲ လို့ပြောတာဗျ"
" ဟေ"

You received this email because you are subscribed to the real_time feed for http://koyinnyein.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.