Thursday, January 29, 2009

[စပ်မိစပ်ရာ] 4 New Entries: Pencil Portrait

Pencil Portrait

Portrait ဓါတ်ပုံကို ခဲတံနဲ့ sketch ဆွဲသလိုဖြစ်အောင် လုပ်နည်းလေးတွေ့လို့ ဝေမျှလိုက်ပါတယ်။


 

1. Photoshop ဖြင့် ပြုလုပ်ချင်သော ဓါတ်ပုံ ကိုဖွင့်ပါ။ background အရောင်ဖျော့တဲ့ ပုံမျိုးဆိုရင် ပိုအဆင်ပြေပါတယ်။ Image > Adjustments > Desaturate နဲ့ အဖြူအမဲဖြစ်အောင်ပြောင်းလိုက်ပါ။

 

2. Image > Adjustments > Curve ကို နှိပ်ပါ။ ဓါတ်ပုံကို over နည်းနည်း ဖြစ်တဲ့အထိ Curve ကြိုးကို အပေါ်ဆွဲတင်ပါ။

 

3. Image > Adjustments > Brightness/Contrast ကိုသွားပါ။ အဖြူများပြီး ပိုလင်းသွားအောင် Brightness နဲ့ Contrast ကို အဆင်ပြေသလို ညှိယူပါ။

 

4. ပုံကို Snapshot တစ်ခုရိုက်ထားလိုက်ပါ။

 

5. Filters > Sharpen > Unsharp Mask ကိုနှိပ်ပါ။ Amount နှင့် Radius ကို သင့်တော်သလို ချိန်ပါ။

 

6. အဆင့်4 မှာရိုက်ထားတဲ့ Snapshot ရှေ့က အကွက်လေးကို History Brush အသုံးပြုဖို့အတွက် ကလစ်လုပ်ပါ။

 

7. History Brush ကို နှိပ်ပါ။ Opacity ကို 50%-65% လောက်ထားပြီး မျက်လုံးနဲ့ နှုတ်ခမ်းတွေကို Unsharp Mask မလုပ်ခင်ကလို ပြန်ဖြစ်အောင် ချယ်ပေးပါ။

 

8. Dodge Tool ကို နှိပ်ပါ။ Exposure 100% နဲ့ Bursh အရွယ် ခပ်ကြီးကြီးပေးပြီး မလိုတဲ့ နောက်ခံ ဘက်ဂရောင်းကို မှုန်ပေးပါ။ background အရမ်းမှောင်ရင် Eraser Tool အစားထိုး သုံးလို့လဲ ရပါတယ်။

 

9. ပုံရဲ့ ဘက်ဂရောင်း ပျောက်သလောက်နီးပါးအထိရအောင် Dodge Tool , Eraser Tool တို့နဲ့ လုပ်ယူပါ။

 

10. Dodge Tool - Exposure 25% လောက်နဲ့ ဆံပင်အချို့နေရာတွေကို အနည်းငယ်ဖြူသွားအောင် ဆွဲပေးပါ။

 

11. ပုံအနည်းငယ် မှောင်နေသေးတယ် ထင်ရင် Brightness သို့ Curve တို့နဲ့ ညှိပေးနိုင်ပါတယ်။ ပြီးရင် Filters > Texture > Soft Grain ကိုနှိပ်ပါ။

 

12. Grain Type ကို Soft ရွေးပါ။ Contrast ကို 50% Intensity ကို 15-20% ပြုလုပ်တဲ့ပုံနဲ့ သင့်လျှော်သလို ချိန်ပါ။

 

13. ပုံက ကြမ်းနေတယ် ထင်ရင် Dodge Tool - Exposure ပါးပါးနဲ့ လိုက်ညှိပေးနိုင်ပါတယ်။ ဒါဆိုရင် ခဲတံ sketch ပုံစံ ခပ်ဆင်ဆင် Portrait ပုံ ရပြီဖြစ်ပါတယ်။

အကြွေးရှင်စနစ်တော်လှန်ရေး (credit revolution) ၂

ပထမပိုင်းမှာတော့ ဘာကြောင့် ဖြစ်တယ်ဆို တာကို ကိုယ်သိသလောက် ရှင်းပြခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘယ်သူကြောင့်မလဲ ဆိုတာကို စဉ်းစားကြည့်ရအောင်။

ဘယ်သူတွေကြောင့်ဖြစ်တာလဲ။

သိသလောက်ပြောရရင် နိုင်ငံတနိုင်ငံရဲ့စီးပွားရေးမှာ အပိုင်းကြီးလေးပိုင်းရှိပါတယ်။
၁။ အစိုးရ (government)
၂။ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ (financial institution)
၃။ စီးပွားရေး လုပ်ငန်းများ (business)
၎။ လူထု (၀ါ) သုံးစွဲသူများ (consumer)

အခုအခြေအနေတွေကို ဖန်တီးခဲ့တာဟာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများက အဓိကလို့ ဆိုပေမဲ့ အားလုံးမှာတာဝန်ရှိပါတယ်။ တပိုင်းချင်းကို လေ့လာကြည့်ရအောင်။

၁။ အစိုးရ (government)
နိုင်ငံစီးပွားရေးကောင်းနေတဲ့ အခြေအနေမှာ အစိုးရများဟာ ရှိသင့် ရှိထိုက်တဲ့ အခြေခံစီးပွားရေး စည်းကမ်းတွေကို သိပ်အလေးအနက် မထားတတ်ကြပါဘူး။ ငွေကြေးဆိုင်ရာစောင့်ကြည့်ရေး အဖွဲ့တွေ (watchdog) နိုင်ငံတော်ဘဏ်တွေ (Bank of America, Bank of England, etc.) အစရှိတာတွေဟာ ဘဏ်တွေ ငွေချေးလုပ်ငန်းတွေကို ကြီးကြပ်မူတွေ လျှော့နည်းခဲ့ပါတယ်။ စီးပွားရေးကောင်းနေရင် ပြီးတာဘဲ။ ဘာတွေ စောင့်ကြည့် ဖို့လိုလဲ။ သူတို့ အခွန်ငွေ ပုံမှန်ပေးနေရင် အစိုးရတာဝန်ကြေပြီ ဆိုတဲ့ ပုံစံမျိုးတွေဟာ ရေတိုမှာ အလုပ်ဖြစ်ပေမဲ့ ရေရှည်မှာ အခုလို အကျိုးဆိုးတွေ ဖြစ်ပေါ်လာတာပါဘဲ။ ဘာနဲ့တူသလဲ ဆိုတော့ ကိုယ်သားသမီး ဘယ်ကနေ ဘယ်လို ပိုက်ဆံရှာနေတယ် ဆိုတာ ကို ဂရုမစိုက်ဘဲ ပိုက်ဆံရနေတာကို ပျော်တပြုံးပြုံးနဲ့ ဖြစ်နေပြီး သားသမီး မဟုတ်တာလုပ်တော့ ထောင်တန်းကျတဲ့အချိန်မှ သွေးရူးသွေးတန်းနဲ့ ငွေတွေပေး လိုက်ကယ်ပေမဲ့ မရတော့တဲ့ အခြေအနေနဲ့တူနေပါတယ်။ အခုဆိုရင် နိုင်ငံတကာမှာ အစိုးရများဟာ အတိုးနူန်းတွေ လျှော့ချ၊ ပြုတ်ခါနီးနီးဘဏ်တွေ လိုက်ဝယ်၊ ငွေကြေးစနစ် ထဲကို ငွေ သန်း သိန်းပေါင်းများစွာ ထိုးထည့် တတ်နိုင်သလောက်တော့ ကယ်နေကြပါတယ်။ ချောက်ထဲကျတော့မဲ့ကားကို အပ်ချည်ကြိုးတွေနဲ့ လိုက်ချည်နေတာ တူပါတယ်။ ဘာဘဲ ပြောပြော လုပ်တော့ လုပ်နေကြတာပါဘဲ။ too little too late ဆိုသလို နောက်ကြနေခဲ့ပါပြီ။

၂။ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ (financial institution)
ဘဏ်နဲ့ Hedge fund လို့ ခေါ်တဲ့ စတော့ ရှယ်ယာ ၀ယ်ရောင်း ကစားကြသူများဟာ ဒီပွဲမှာ ငပွကြီးများပေါ့။ အစိုးရက စည်းကမ်းချဖို့ ပျက်ကွက်တယ် ဆိုဦးတော့ မိမိရဲ့ လုပ်ငန်းကို စည်းစနစ်ကျကျ လုပ်ကိုင်ကျတဲ့ ဘဏ်တွေ အဖွဲ့အစည်းတွေ ရှိပါတယ်။ သိုသော် အများစုကတော့ အလေးမထားကြပါဘူး။ ငတေမာ တွေချည်းပါဘဲ။ စတော့ကစားသူများ ကပိုဆိုးပါတယ်။ stock player မှာ နှစ်မျိုးရှိပါတယ်။ တမျိုးကတော့ ဈေးကျတဲ့အချိန် ၀ယ်တယ်။ ဈေးတက်ရင် ပြန်ရောင်းတယ်။ အတွင်းစကား နားထောင်၊ ဈေးတက်ဈေးကျ ခန့်မှန်းပေါ့။

နောက်တမျိုးကတော့ အဲလို အ၀ယ်အရောင်းမလုပ်ပါဘူး။ လောင်းပါတယ်။ ကြိုဝယ်ပါတယ်။ ကြိုရောင်းပါတယ်။ အဲဒီအမျိုးအစားက ပိုကြောက်ဖို့ကောင်းပါတယ်။ သူတို့ဟာ ငွေရရင် ပြီးရော ဘယ်စတော့ ကျတယ် တက်တယ်ကို ဂရုမစိုက်ပါဘူး။ အဲဒီတော့ ဈေးမကျတဲ့စတော့ကို ကျအောင် လုပ်ပါတယ်။ မတက်နိုင်တဲ့ စတော့ကို တက်နိုင်လုပ်ပါတယ်။ ကောလဟာလ မဟုတ်တရုတ် သတင်းတွေလွင့်တယ်။ တချို့စီးပွားရေးတွေဆိုရင် ဘိုးစဉ်ဘောင်ဆက် တည်ထောင်လာခဲ့တာပါ။ နှစ်ပေါင်းများစွာ ရိုးရိုးသားသားလုပ်ဆောင်ခဲ့တဲ့ စီးပွားရေးတွေဟာ ဘောင်မရှိတဲ့ စတော့ကစားသူတွေကြောင့် သူတို့လုပ်ငန်းတွေဟာ တန်ဖိုးမဲ့တွေဖြစ် နောက်ဆုံး ဖျက်သိမ်းရသည် အထိဖြစ်ပါတယ်။

၃။ စီးပွားရေး လုပ်ငန်းများ (business)
ဒီအပိုင်းကတော့ ခံရတဲ့သူတွေဆိုလည်း ဟုတ် အပြစ်ရှိသူတွေလည်း ဟုတ်ပါတယ်။ တချို့စီးပွားရေးတွေဟာ အခြေခံ စီးပွားရေးတွေပါ။ စားသောက်ကုန်၊ အ၀တ်အထည်၊ ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေး၊ဖျော်ဖြေရေး လုပ်ငန်း အစရှိတာတွေပါ။ တချို့သော စီးပွားရေးလုပ်ငန်းများကတော့ စီးပွားရေးလှိုင်းလုံးကြီးတွေနဲ့ ပေါ်ပေါက်လာတာပါ။ ဥပမာဆိုရင် တစ်ယောက်ကို ဒေါ်လာ သောင်းချီကျတဲ့ စားသောက်ဆိုင်ကြီးတွေပေါ့။ လိုအပ်ချက်(demand) ရှိရင် ဖြည့်ဆည်းပေးမူ(supply) ဆိုတာ ရှိတာပါဘဲ။ နောက် demand မရှိတဲ့အခါကျတော့ သူတို့လည်း ပြိုကွဲကျတာပါဘဲ။ သူတို့နဲ့ အတူတူ သူတို့ကို မှီခိုနေတဲ့လုပ်ငန်းတွေလဲပြိုကွဲပေါ့။

အချို့စီးပွားရေးလုပ်ငန်းကြီးတွေဟာလည်း ဘဏ်တွေလိုပါဘဲ။ မ၀ယ်နိုင် မတတ်နိုင်တဲ့ လူတွေကို မ၀ယ်ဝယ်အောင် သွေးဆောင် (store card) အကြွေးဝယ်ကဒ်တွေပေး။ အတိုးနူန်းတွေဟာ ကြောက်ခမန်းလိလိ။ နောက်ဆုံး အကြွေးမရတော့ တရားစွဲ။ အိမ်သိမ်းကားသိမ်း ပေါ့။

မယုံမရှိပါနဲ့။ ဆိုဖာတစ်စုံ အကြွေးနဲ့ဝယ်ပြီး မပေးနိင်လို့ အတိုးတက်ပြီး အိမ်သိမ်းခံရတာကို TV အစီအစဉ်တခုမှာ တွေ့ခဲ့ဖူးပါတယ်။

၎။ လူထု (၀ါ) သုံးစွဲသူများ (consumer)
ကျနော်တို့ပါ။ ခံရတဲ့သူတွေပါ။ အဲဒီလို အသံတွေ တစာစာနဲ့ အော်နေကြပေမဲ့ ကျနော်တို့ အပြစ်တွေလဲ မကင်းပါဘူး။ ဘဏ်တွေကို အဖေလိုသဘောထား၊ credit card ကို အမေ့ပိုက်ဆံအိတ်လိုထင်၊ store card ကို အမဆီက ချေးသလို သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်း ဖြုန်း ပြီး ဒုက္ခရောက်မှ အဖေ၊အမေ၊အမ ကယ်ပါဆိုတော့ ဘယ်သူမှ မကယ် နိုင်တော့ပါဘူး။ တချို့နိုင်ငံတွေကတော့ အစိုးရထောက်ပံကြေး၊ အလုပ်လက်မဲ့ခံစားခွင့်တွေ ရှိတော့ ကံကောင်းတယ် ဆိုပါတော့။ ဒါပေမဲ့ အစိုးရများမှာလဲ ငွေကြေးက ခေါင်းပါးရင်းခေါင်းပါး နေတော့ ဘယ်အချိန်အထိ ပေးနိုင်မယ်ဆိုတာ မသေချာပါဘူး။

ဒီလိုအခြေအနေမျိုးမှာတောင် တချို့က အသုံးအစွဲ မရပ်နိုင်ကြသေးတာတွေ တွေ့ရပါသေးတယ်။

ခုလိုပြောခဲ့တဲ့ အပိုင်းကြီးလေးပိုင်းမှာ မပါပေမဲ့ အရေးကြီးတဲ့ ကဏ္ဍတခုကနေပါတာကတော့ Media (သတင်းဌာန) တွေပါဘဲ။ ကျနော်အမြင်အရ ကတော့ သူတို့လုပ်ရပ်တွေလည်း အများကြီးပါပါတယ်။ လူတွေကို ဖြစ်ရပ်မှန်တွေ အသိပေးရမဲ့အစား တခါတလေ ထိမ်ချန်တာတွေ ရှိပါတယ်။ တခါတလေ ပုံကြီးချဲ့တာတွေရှိပါတယ်။ တခါတလေ ကောလဟာလ တွေ ထုတ်တာတွေရှိပါတယ်။

ဥပမာ လေးတခုပြောပြပါမယ်။ ဘီဘီစီ စီးပွားရေး အယ်ဒီတာ (Robert Peston) သူရဲ့ blog မှာ အတွင်းသတင်းဆိုပြီး အင်္ဂလန်နိုင်ငံက အထင်ကရ ဘဏ်ကြီးနှစ်ခုဖြစ်တဲ့ Royal Bank of Scotland နဲ့ Barclays Bank ဟာ ဘဏ္ဍာရေး ၀န်ကြီးနဲ့ လျှို့ဝှက်တွေ့ဆုံနေတယ်လို့ ရေးလိုက်ပါတယ်။ အဲဒီလို ရေးပြီး တနာရီအတွင်းမှာ အဲဒီဘဏ်ကြီး ၂ခုရဲ့ ရှယ်ယာ တန်ဖိုး (10 billions pound) ပေါင်ငွေ သန်း တစ်သောင်း ကျဆင်းသွားပါတယ်။ အဲဒီငွေပမာဏဟာ အဲဒီဘဏ်ကြီး၂ခုပေါင်းရဲ့ ၃၉ရာခိုင်နုန်းရှိပါတယ်။ နှစ်ဘဏ်လုံးက အစိုးရနဲ့ တွေဆုံတာမဟုတ် ပါဘူးလို့ ငြင်းပေမဲ့ အချိန်မမှီလိုက်ပါဘူး။ နောက်ဆုံး Royal Bank of Scotland ကို တခြားဘဏ်တခုက ၀ယ်လိုက်ရပါတယ်။

သူ ကတော့ သူ့မှာ တင်ပြနိုင်ခွင့်ရှိတယ်ပေါ့။ မှန်ပါတယ်။ ဒါပေမဲ့ သူလုပ်ရပ်ကြောင့် လူငါးထောင်လောက် အလုပ်ပြုတ်သွားတယ်။ စီးပွားရေး လုပ်ငန်းအတော်များများ လွင့်ထွက်သွားတယ် ဆိုရင် သူရဲ့တင်ပြချက်ဟာ ဘယ်သူအကျိုးကို ရည်ရွယ်ပါသလဲ။ သူနာမည်ကြီးဖို့သက်သက်လား။ တချို့ကတော့ သူလုပ်ရပ်ကို ချီးကျူးတယ်။ တချို့ကတော့ ကဲ့ရဲ့တယ်။ အတော်လှူပ်လှူပ်ရှားရှားဖြစ်သွားတဲ့အဖြစ်တခုပါ။

နားပါဦးမည်။

မှတ်ချက်။ ။ အခုလို ဘီဘီစီ စီးပွားရေး အယ်ဒီတာကို ဝေဖန်လို့ ဟိုဖက်က ဒီဖက်က လာမပြောကြပါနဲ့။ လွပ်လပ်တဲ့ မီဒီယာ ဖြစ်ရပ်တခုကို တင်ပြတာပါ။ စီးပွားရေးဆောင်းပါးကို ရေးတာပါ။ နိုင်ငံရေးနဲ့ ဘာမှ မပတ်သက်ပါ။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးသိချင်ရင် ဒီမှာလဲ ဖတ်နိုင်ပါတယ်။
http://www.thisismoney.co.uk/news/article.html?in_article_id=455219&in_page_id=2

ဆက်စပ်ပို့စ်။ ။ အကြွေးရှင်စနစ်တော်လှန်ရေး (credit revolution)

ဟိုတုန်းကလို ခိုးခိုးခစ်ခစ်

လူမမြင်အောင် မသိမသာ ကြည့်မယ်
ကြားသမျှ အသံတွေကို
စိတ်ဝင်စားချင် ယောင်ဆောင်မယ်
ဟုတ်ကဲ့ချင်း ထပ်အောင် စကားထောက်မယ်
ပြီးရင် မင်းအရိပ်ကို ကျီးကန်းတောင်းမှောက် လိုက်ရှာမယ်
မင်းအသံကို ယုန်ကလေးလို နားစွင့်မယ်
လည်ပင်း ညောင်ရေအိုး ဖြစ်မယ်
အိုးကမပူ စလောင်းကပူ
မင်း အချိန်မှန် ပြန်မလာရင် မင်းအမေထက် စိတ်ပူမယ်
ဒီလို နှလုံးသားက ချောင်းပေါက်ခဲ့
မင်းတစ်ယောက်တည်းပဲ ရိပ်မိအောင်
ပွင့်ခဲ့ရတဲ့ ဒုက္ခက နေ့ရောညပါ ကြီးတယ်
ဖိတ်တဝက် စင်တဝက် ဖြစ်တဲ့အခါ
အဲဒီအရာကို ပျော်ရွှင်ခြင်း လို့ ခေါ်မယ်
တချို့အတွက် တစ်ရက်စာ
တချို့အတွက် တစ်သက်စာတဲ့
ငါတို့ ဘဝတွေ လှုပ်ခါခတ်ခါ
အဆီတဝင်းဝင်း သဲတရှပ်ရှပ်
ဖုန်တွေဘာတွေ ကပ်လို့
ဒီလို ရိုးတိုးရိပ်တိတ်ကလေး
တိုးတိုးတိတ်တိတ် လွမ်းမိချိန်
အပဲ့အရွဲ့ဘဝဆီမှာ
ငှက်မဆိတ်တဲ့ အသီးတွေ ပင်လုံးကျွတ် သီးလို့
ရေးမိသမျှ ဝါကျတွေ ပုဒ်မမချဘဲ ထားလိုက်ကြပါစို့
ရေဒီယို ကို ဖွင့်လိုက်တိုင်း
ရေများရာ အရပ်တွင် မိုးရွာမည် ဖြစ်ပါသဖြင့်တဲ့
ကဲ ဘယ့်နှယ်လုပ်မလဲ
ဒီပုတ်ထဲက ဒီပဲ ရာသီဥတုနဲ့
ချစ်ခြင်းမေတ္တာ စစ်စစ်မို့
ဆယ့်ရှစ်နှစ် မပြည့်သေးသူ တွေကိုလဲ ကြည့်ရှုခွင့် ပြုစို့ရဲ့
တို့ နှစ်ကိုယ်ကြား နားလည်အောင်
ငါက ငါသန်သလို ကဗျာနဲ့ ပြောရင်
မင်းက မင်းသန်သလို ရယ်သံနဲ့ ပြန်ပြောလေ
ဟိုတုန်းကလို ခိုးခိုးခစ်ခစ် နဲ့ ။ ။

ညိုထက်ညို

အကြွေးရှင်စနစ်တော်လှန်ရေး (credit revolution)

၂၀၀၉ ခုနှစ်ထဲကိုဝင်ရောက်လာခဲ့ပါပြီ။ ၂၁ရာစုရဲ့ နှစ်ဦးပိုင်းများမှာ စီးပွားရေးဆိုင်ရာ ဂယက်ရိုက်မူများ နိုင်ငံတလွားမှာ လူတိုင်းကြုံတွေ့နေရပါတယ်။ ချမ်းသာတဲ့နိုင်ငံ ဆင်းရဲတဲ့နိုင်ငံ ဘယ်နိုင်ငံမှ မကျန်အောင် စီးပွားရေးတွေထိုးကျ အလုပ်လက်မဲ့တွေတိုးပွား နိုင်ငံတကာက ခေါင်းဆောင်များ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြပါတယ်။ အချို့က အစိုးရကို အပြစ်တင်၊ အစိုးရက ဘဏ်တွေပေါ် အပြစ်ပြော၊ ဘဏ်တွေက စတော့ ဈေးကွက်တွေ လက်ညှိးထိုး၊ စုံလို့ပါဘဲ။ ဒါတွေဘာကြောင့်ဖြစ်တာလဲ။ ဘယ်တော့ပြီးမှာလဲ။ ဘာတွေ ဆက်ဖြစ်မလဲ။ ဘယ်တွေ လုပ်သင့်သလဲ။ ဆွေးနွေးကြည့်ကြရအောင်။

ဘာကြောင့်ဖြစ်တာလဲ…..

အနောက်နိုင်ငံတွေမှာ စီးပွားရေးကောင်းခဲ့တာ ဆယ်စုနှစ်တခုမကတော့ပါဘူး။ အင်္ဂလန်နိုင်ငံမှာ ၁၉၉ရ နောက်ပိုင်းကာလတွေမှာ တိုင်းပြည် စီးပွားရေးဟာ တက်ပြီးရင်း တက်ပါဘဲ။ တိုင်းပြည်မှာ ငွေတွေရွှင်လို့ လူတွေကလည်း သုံးလို့ဖြုန်းလို့ပေါ့။ အမေရိကန်နဲ့ တခြားဥရောပ နိုင်ငံတွေလည်း ထိုနည်းတူစွာပါဘဲ။ အရှေ့မှာဆိုလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ကြောက်ခမန်းလိလိ တဟုန်ထိုးတက်ခဲ့ပါတယ်။ အခြား အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း အလုပ်တွေဆိုတာ ပေါမှပေါ။ အဲလိုကောင်းနေရာက ရုတ်တရက်ကြီး ဘာလိုဖြစ်တာပါလဲ။

ပြောရရင်တော့ လောဘ(greed)နဲ့ အသိမဲ့ဂရုမပြုခြင်း(ignorance)တွေပေါ့။ ငွေကြေးတွေ တိုးပွားရင်း တိုးပွားနေတော့ စီးပွားရေး ဖြစ်ရင်ပြီးရောဆိုတဲ့ ပုံစံတွေ လုပ်လာကြပါတယ်။ အမေရိကန်မှာ subprime loan လို့ခေါ်တဲ့ ငွေချေးစနစ်ကနေ စတယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုကြပါတယ်။ အဲဒီငွေချေးစနစ်အကြောင်း နည်းနည်းရှင်းပြမယ်။ စီးပွားရေးကောင်းတဲ့ အချိန်ကာလများမှာ အိမ်ယာမြေဈေးတွေ ဟာ တက်ပြီးရင်း တက်ခဲ့ပါတယ်။ အိမ်ဈေးတွေဟာ အဆမတန် မြင့်တက်လေတော့ တော်ရုံလူတွေဟာ အိမ်ဝယ်ဘို့ ဘဏ်ကနေ ငွေချေးလို့မရကြဘူး။ အဲဒီတော့ ငွေကို အတိုးမြင့်မားစွာနဲ့ ငွေးချေးပွဲစားတွေက တဆင့် ချေးရတယ်။ အဲဒီ ငွေချေးပွဲစားတွေဟာလဲ ငွေချေးသူတွေရဲ့ ၀င်ငွေ အလုပ်အကိုင် အစရှိတဲ့ အချက်အလက်တွေကို မတွက်ချက်ဘဲ ငွေတိုးရဘို့လောက်တာ စိတ်ဝင်စားကြတယ်။ အချို့ငွေချေးသူတွေကလည်း စာသိပ်မတတ်ကြဘူး။ အနောက်နိုင်ငံမှာ စာလုံးသေးသေး(small print)နဲ့ ရေးပြီး လူတွေကို လည့်စားကြတဲ့ စာချုပ်တွေအများကြီးရှိတယ်။

ဥပမာဆိုရရင် ငွေသွားချေးတဲ့အခါ ငွေချေးပေးသူက အတိုးနူန်းကို အသေအချာမရှင်းပြဘူး။ တနှစ်ကို ၁၀ရာခိုင်နူန်းပေးရမယ်။ ဒီလောက်ဘဲ။ စာချုပ်ထဲမှာကတော့ ၁၀ရာခိုင်နှူန်းဆိုတာ ၃နှစ်အတွင်းဘဲ။ ၃နှစ်ကျော်ရင် ၂၅ရာခိုင်နူန်း ပေးရမယ်စသည်ဖြင့်ကို ပညာသားပါပါ နဲ့ စာလုံးသေးသေးတွေနဲ့ ရေးထားတယ်ပေါ့။ ငွေချေးတဲ့သူကလည်း စာချုပ်စာတမ်းကို အသေအချာ ဖတ်တယ်မရှိဘူး။ တချို့လည်း ဖတ်ရကောင်းမှန်းကို မသိဘူး။ ၁၀ရာခိုင်နူန်း ဆိုရင်တော့ တတ်နိုင်တယ်ပေါ့ဆိုပြီး လက်မှတ်ထိုးကြတာဘဲ။ ၃နှစ်ကျော်တဲ့ အခါကြတော့ ၂၅ရာခိုင်နူန်း ပေးရမယ်ဆိုတဲ့အခါကြတော့ မပေးနိုင်တော့ဘူး။ မပေးနိုင်တော့ အိမ်သိမ်းကားသိမ်းပေါ့လေ။ အိမ်ဆိုတာကလည်း ကြွေးရှင်က သိမ်းပြီးရင် ငွေပေါ်အောင် ပြန်ရောင်းရတာဘဲ။ ခက်တာက သိမ်းရတဲ့အိမ်တွေက များတဲ့ အခါကြတော့ အကြွေးရှင်တွေလည်း ငွေမပေါ်တော့ဘူး။ သူတို့ကသူများကို ငွေချေးလို့တာ အကြွေးရှင်ဖြစ်နေတာ။ အမှန်ကတော့ သူတို့လည်း ဘဏ်ကြီးတွေက အတိုးနှုံး နည်းနည်းနဲ့ငွေချေးပြီး သူများကို အတိုးနှုံး များများနဲ့ ချေးစားကြသူတွေလေ။ သူတို့လည်း ဒုက္ခရောက်ရော ဘဏ်ကြီးများပါ ဒုက္ခရောက်။ အမေရိကန်က ဘဏ်တွေ ဒုက္ခရောက်တော့ ဥရောပက ဘဏ်တွေကို အရင်ကလို ငွေမချေးနိုင်တော့ဘူး။ ဘဏ်တွေဟာ တရက်တရက်လည်ပတ်တဲ့ ပိုက်ဆံကိုတောင် တဘဏ်နဲ့ တဘဏ်လှည့်ချေးနေရတာပါ။ မြန်မာပြည်ကလို နေပြန်တိုးပေါ့။ ဘဏ်တွေမှာ ငွေမရှိတော့ အရင် ပေါချင်းသောချင်း ပေးခဲ့တဲ့ ပလတ်စတစ်ကဒ် (credit card) အကြွေးတွေကို ထပ်မပေးနိုင်။ ရှိပြီးလူတွေရဲ့ အကြွေးဝယ်ပိုင်ခွင့်တော့ လျှော့ချ၊ အတိုးမှန်မှန် မပေးတဲ့ လူတွေဆီက ပြန်တောင်း။ ပြန်တောင်းလို့မရရင် ကြွေးတောင်းတဲ့ အဖွဲ့ (loan collector) တွေလွှတ်ပြီးတော့ ရတာ အကုန်ယူ ကားသိမ်း အိမ်သိမ်းတွေ ဖြစ်ပြန်ရော။

အကြွေးလဲ မရှိ ဘဏ်မှာ ပိုက်ဆံစုထားတဲ့ လူတွေကလည်း တဖြည်းဖြည်း ကြောက်လာကြတယ်။ ဘဏ်တွေကို ယုံကြည်မူ နည်းပါးလာတယ်။ စုငွေတွေ ပြန်ထုတ်ကြတယ်။ အဲဒီအခါကြတော့ စီးပွားရေးရဲ့ ပင်မ အရင်းအမြစ်ဖြစ်တဲ့ ဘဏ်တွေဟာ ဂျာအေးကို သူ့အမေရိုက်ဆိုသလို ငွေကရှားလိုက် ၊အကြွေးကလဲ ချေးလို့မရ၊ အကြွေးတောင်းလို့ကလည်း အဆင်မပြေ၊ လူတွေကလည်း ရှိတာလေးတွေ ထုတ်သွားလိုက် တခြားကလည်း ပိုက်ဆံရှာမရတော့ ဘဏ်ကြီးတွေဟာ တခုပြီးတခု ပြိုကွဲလာကြတယ်။ အနောက်နိုင်ငံအခေါ်တော့ credit cruch ပေါ့။

ဘဏ်တွေပဲ ဒုက္ခရောက်တာလား ဆိုတော့လည်း မဟုတ်ပါဘူး။ အခြားခြားသော စီးပွားရေးများဟာလည်း ဆိုးဝါးလာကြတာပါဘဲ။ လူတွေဟာ ငွေကို မသုံးတော့ဘူး။ ဘဏ်ကထုတ်လာတဲ့ငွေတွေကို အိမ်မှာဘဲထားပြီး နေကြတယ်။ ဈေးကြီးတဲ့ အသုံးအဆောင် အ၀တ်အထည် ထွက်ကုန်တွေကို ဈေးပေါတဲ့ အမျိုးအစားတွေနဲ့ အစားထိုးသုံးစွဲလာကြတယ်။ စီးပွားရေးကောင်းစဉ်က ပေါ်ပေါက်ခဲ့တဲ့ ရေပေါ်ဆီ ဈေးကွက်များဟာ တစစ ပြိုကွဲလာတယ်။ အလုပ်လက်မဲ့တွေများလာတယ်။ ငွေကြေးလည်ပတ်မူတွေ နှေးလာတဲ့အခါကြတော့ စီးပွားရေးငယ်တွေ စပြီး ပြိုကွဲ။ နောက် စီးပွားရေး အလတ်တွေ။ နောက်ဆုံး ခိုင်မာလှပါတဲ့ဆိုတဲ့ နှစ်ရာချီတည်ရှိလာခဲ့တဲ့ စီးပွားရေးတွေ အစိုးရပိုင်ဘဏ်တွေတောင် ပြိုကွဲကြတယ်။ အဲဒါတွေဟာ အခြေခံ သဘောတရားတွေပေါ့။ လောလောဆယ် အခေါ်အဝေါ်ကတော့ recession period သို့မဟုတ် economic downturn ပေါ့.။ ဘယ်လိုခေါ်ခေါ်ပါ။ စီးပွားရေး ကျဆင်းတယ်ပေါ့။

ဆက်ပါဦးမည်။

မှတ်ချက်။ ။ ကျနော် စီးပွားရေးပညာရှင်မဟုတ်ပါ။ စီးပွားရေးပညာလည်း မသင်ခဲ့ဘူးပါ။ စာထဲပေထဲ ဖတ်ဘူးတာ ကိုယ်တွေ့မြင်တွေ့ကြုံကြိုက်နေတာတွေ ကို ကိုယ်အတွေးအခေါ် အထင်အမြင်များကို သိသလို ပြန်ဆွေးနွေးကြည့်တာပါ။ မှားတာပါရင် ဝေဖန်ပါ။

ဆက်စပ်ပို့စ်။ ။ အကြွေးရှင်စနစ်တော်လှန်ရေး (credit revolution) ၂

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.