Thursday, January 29, 2009

[အတွေးရပ်ဝန်း] 3 New Entries: ချစ်ခြင်းဖွဲ့ အလင်္ကာ

ချစ်ခြင်းဖွဲ့ အလင်္ကာ

တစ်ချို့က အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ ပြောကြတယ်။ တစ်ချို့ကတော့ ပေးဆပ်ခြင်းနဲ့ ချစ်တာမျိုးမှ အချစ်စစ် အချစ်မှန်တဲ့။ တကယ်တမ်းတော့ အချစ်ကို ခံစားတဲ့သူရဲ့ စိတ်နေစိတ်ထားပေါ် မူတည်ပြီး အမျိုးမျိုးပြောနေကြတာ ဖြစ်မှာပါ။ အချစ်ဆိုတာ ဘယ်လိုမျိုးလို့ ဘယ်သူမှ တိတိကျကျ ဖော်ပြနိုင်မယ် မထင်ပါဘူး။ သူမအတွက်တော့ အချစ်ဆိုတာ ချစ်နေရခြင်းသက်သက်ပါပဲ။ ကို့ကို ချစ်နေခွင့်ရခြင်း တစ်ခုတည်းနဲ့တင် သူမအတွက် ပြည့်စုံနေပါပြီ။ ချစ်သူကို့ကို ပိုင်ဆိုင်ခွင့်ရရင် အတိုင်းအဆမဲ့ ပျော်ရွှင်မှာ သေချာပေမယ့် ဖူးစာမပါလို့ ဝေးသွားကြမယ်ဆိုရင်လဲ ကို့အပေါ်ထားတဲ့ သူမရဲ့အချစ်တွေကတော့ မပြောင်းမလဲ ထာဝရ တည်မြဲနေမှာပါ။ တကယ်လို့ ကို့ဘ၀မှာ သူမထက် ပိုချစ်ရမယ့်သူတွေ့လို့ ထားခဲ့မယ်ဆိုရင်လဲ နောက်ချန်နေရစ်ခဲ့ဖို့ ၀န်လေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီ တကယ်လို့.. ဆိုတဲ့ အတွေးကို တွေးမိလိုက်တိုင်း ရင်ထဲမှာ စူးနစ်သွားတတ်မြဲပါပဲ။

သူမရဲ့ တစ်နေ့တာ အချိန်တော်တော်များများဟာ ကို့ကို လွမ်းဆွတ်သတိရခြင်းတွေထဲမှာ နစ်မျောပျော်ဝင်နေတတ်ပါတယ်။ အလုပ်ထဲမှာ ဘယ်လောက်ပဲ အာရုံစိုက်ထားပေမယ့် ကို့ဆီကို မကြာခဏ ပျံ့လွင့်သွားတတ်တဲ့ စိတ်ကိုတော့ သူမ ဘယ်လိုမှ ထိန်းချုပ်လို့မရပါဘူး။ သူမသတိရသလို ကိုကရော သူမကို သတိရနေပါ့မလား။

အစ်ကိုတွေ မောင်တွေနဲ့ ကြီးပြင်းလာခဲ့တဲ့ သူမအနေနဲ့ အာရုံဝင်စားစရာ မြောက်မြားစွာရှိတတ်တဲ့ ယောက်ျားလေးတွေရဲ့ သဘာဝကို ကောင်းကောင်းကြီး သိနေပါတယ်။ အဲဒါကြောင့်လဲ အများကြီး မမျှော်လင့်ထားပါဘူး။ တစ်နေ့တာရဲ့ အချိန်ကာလ အပိုင်းအစလေးတစ်ခုစာလောက်ဖြစ်ဖြစ် ဒါမှမဟုတ်ရင်လဲ တိုက်ဆိုင်မှုတစ်ခုခု ရှိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် သူမကို သတိရမယ်ဆိုရင် ကျေနပ်ပါပြီ။ သူမလိုမျိုး အလွမ်းတွေနဲ့ ရှင်သန်နေတာမျိုးတော့ ကို့ကို မဖြစ်စေချင်ပါဘူး။ လွမ်းရတာ စိတ်ပင်ပန်းတယ် မဟုတ်လား။

အကြောင်းအရာတစ်ခုကို စကားလုံးတွေနဲ့ စီကာပတ်ကုံး ဖွဲ့နွဲ့မပြောပြတတ်တဲ့ ပင်ကိုယ်စရိုက်သဘာဝကြောင့် သူမရင်ထဲက ချစ်ခြင်းတွေကို ကိုတစ်ယောက် နှလုံးသားနဲ့ နားလည်ခံစားပေးတတ်မှသာ မြင်တွေ့နိုင်မှာပါ။ တကယ်လို့ လက်ရှိအချိန်မှာ သူမအချစ်တွေကို အပြည့်အ၀ မခံစားမိသေးဘူးဆိုရင်လဲ နေ့ရက်အချိန်တွေ ကြာလာတာနဲ့အမျှ သိလာလိမ့်မယ်လို့ ယုံထားတယ်။ ကို ခွင့်ပြုနေသရွေ့ ကို့ဘေးမှာ ရှိနေပေးဖို့ သူမဘက်က အခိုင်အမာ ဆုံးဖြတ်ထားပြီးသားပါ။ ဘ၀မှာ ကြုံတွေ့ရမယ့် လောကဓံ အလှည့်အပြောင်းတွေကို ကိုနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်ဖို့ ခွန်အားတွေ မွေးထားပြီးသားပါ။ ကို့အပြုံးတစ်ချက်က သူမအတွက် အင်အားအသစ်တွေ တိုးစေပါတယ်။ ကို့အကြည့်တွေအောက်မှာ သူမရဲ့နေ့ရက်တွေ ရွှေရောင်တောက်ပလာခဲ့ရတာပါ။

ဒီလို ရွှေရောင်နေ့ရက်တွေကို ထာဝရ ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်တော့ သူမ အရမ်းကံကောင်းတယ်လို့ ပြောရမှာပါ။ ကို့မျက်နှာလေးကို ငေးမောကြည့်နေခွင့်၊ ကို့စကားသံလေးတွေ ကြားနေခွင့်၊ ကို့အပြုံးလေးကို မြင်နေခွင့်တွေ ရနေသရွေ့ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ.. သံသရာကို မကြောက်ရွံ့ဘဲ ဘ၀ဆိုတာကြီးကို ဖက်တွယ်ထားမိဦးမှာပါ။ မိုက်မဲတယ်လို့ ဆိုချင်ဆို.. ဓါးသွားပေါ်က ပျားရည်စက်ရဲ့ ချိုမြိန်မှုကို သူမ တရှိုက်ရှိုက်မက်မက် ခံစားနေမိဦးမှာပါပဲ။

လှူဒါန်းနိုင်ကြရန် ဆော်သြလိုက်သည်

၂၀၀၈ ခုနစ် ခရစ္စမတ်နေ့ က ဘလာဂေါက်တို့ ဦးစီးပြီး လုပ်တဲ့ My Web MyStyle ပွဲလေးမှာ ဦးဇင်း ဦးကောဝိဒကို စပြီး ခင်မင်ခဲ့ရပါတယ်။ စကားလက်စုံကျရင်း ဦးဇင်းရဲ့ ပညာဒါန အလှူတွေအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ကျနော့အနေနဲ့ လေးစားမိတာက တစ်ကြောင်း၊ အားကျမိတာက တစ်ကြောင်း၊ကူညီပေးချင်တာက တစ်ကြောင်းကြောင့် ကျနော်ရဲ့ ဘလော့ဂ်မှာ အများအနေနဲ့မုဒိတာ ပွားနိုင်သလို၊ တတ်စွမ်းသလောက် ဝိုင်းဝန်းဖေးမပေးဖို့ကုသိုလ်ယူရန် လက်တို့လိုက်ရပါတယ်။

ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံးမြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော်အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ်ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိကဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်ကသံဃာတော်တွေ
အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်းသာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာမှာထင်ရှားတာ လူတိုင်း သိပြီးသားပါ။

၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက်ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသတစ်ခုကို ကိုယ်တိုင် ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက်လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီးသာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊ရေဒီယို ကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခုအင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော်ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေးခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင်
ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။

အဲဒီခေတ်ရဲ့ရေစီးနဲ့အခက်အခဲကိုသိတဲ့အပြင်ကူညီဖြေရှင်းဖို့တတ်နိုင်တဲ့ဘက်ကကြိုးစားအားထုတ်နေသူကတော့ ဦးဇင်း ဦးကောဝိဒပါ။ဦးဇင်းက စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့မှာ တစ်လှည့်စီကွန်ပြူတာပညာရပ်တွေကို သူ တတ်သလောက် ပညာဒါနအနေနဲ့ ဖြန့်ဝေပေးနေတာပါ။မန္တလေးမြို့ရဲ့ စေတနာအလှူရှင်ကြောင့် ဦးဇင်းအနေနဲ့ အွန်လိုင်းသင်ကြားခွင့်ရခဲ့ပါတယ်။ မန်းက အင်တာနက် ကဖေးတစ်ဆိုင်က ဦးဇင်းကိုသင်ကြားဖို့ လှူဒါန်းတာကြောင့် မန်းက သံဃာတော်တချို့ကို ပညာဒါနအနေနဲ့အင်တာနက်သင်တန်းအဖြစ် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီးစစ်ကိုင်းမြို့မှာလည်း သင်တန်းခန်းမတစ်ဆောင် အနေနဲ့ သီးသန့် လုပ်ထားပြီး
ကွန်ပြူတာအကြောင်းကို သင်တန်းအနေနဲ့ သံဃာတော်တွေအတွက် ပညာဒါန ဝေမျှပေးနိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းခန်းမရဲ့ ကြမ်းပြင်ကိုလည်း ညီလင်းဆက်ရဲ့အကူအညီနဲ့ နိုင်ငံခြားမှ လှူဒါန်းငွေကြောင့် မကြာခင်က ကြမ်းခင်းထားပါပြီ။သင်တန်းမှာ ကွန်ပြူတာ (၆) လုံးပဲ ရှိပါတယ်။ အဲဒီ ကွန်ပြူတာခြောက်လုံးနဲ့ပဲ အခု သင်တန်းသစ်တစ်ခု စတင်ဖို့ ကြံဆောင်နေတယ်လို့ ဦးဇင်းကမိန့်ပါတယ်။

သင်တန်းသစ်စမယ်လို့ သတင်းရတာနဲ့ စစ်ကိုင်းမြို့မှာ ရှိတဲ့ ကွန်ပြူတာနည်းပညာ ငတ်မွတ်သူ၊ အင်တာနက် ငတ်မွတ်သူတွေ ဝိုင်းပြီး စာရင်း ပေးလိုက်တာကြေငြာပြီး မကြာခင်မှာပဲ လျှောက်လွှာတင်သူ ၅၀ ကျော်သွားလို့
ရပ်ဆိုင်းထားရပါတယ်။ ရပ်ဆိုင်းထားဆို ကွန်ပြူတာက (၆) လုံးတည်းရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဦးဇင်းရဲ့ ခံစားချက်ကိုကိုယ်ချင်းစာမိပါတယ်။ နောက်ပြီးစစ်ကိုင်းမြို့အနေနဲ့လျှပ်စစ်မီးကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်မီး အချိန်များများရဖို့တောင်ဆုတောင်းဖို့မလွယ်ပါ။ဒါကြောင့်ကွန်ပြူတာရဲ့အသက်ဖြစ်တဲ့
လျှပ်စစ်မီးက ရှိဖို့ အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့လည်းမီးစက်ဝယ်ဖို့ စိုင်းပြင်းနေရပြန်တယ်။ ပညာဒါန အလှူလုပ်ဖို့သင်ကြားတယ်ဆိုတော့ ပစ္စည်းပစ္စယ ဝယ်ဖို့ ငွေကြေးဆိုတာ အလှူရှင်ကိုပဲ အဓိကတည်မှီနေရတော့မှာပါ။ ဦးဇင်းကို မေးကြည့်တော့ မီးစက်ဝယ်ဖို့ ကျပ်ငွေ (၁၇)သိန်း လောက် လျာထားရမယ်လို့မိန့်ပါတယ်။နောက်ပြီးသင်တန်းအရှိန်ရဖို့ကွန်ပြူတာအလုံးရေများဖို့ကလည်းအရေးကြီးပြန်တော့
ကွန်ပြူတာအလှူရှင်ကလည်း လိုအပ်နေပြန်ပါတယ်။

ဒီအခက်အခဲတွေ ကြားက ဘာကိုမှ မမှုဘဲ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကိုအကောင်အထည် ပေါ်ဖို့ပဲ အမြဲ ကြိုးစားနေတဲ့ ဦးဇင်းရဲ့ စိတ်ဓါတ်နဲ့ ဇွဲကိုကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။ အားကျတယ်လို့လည်း ပြောလို့ရတယ်။ဒါကြောင့် ဦးဇင်းရဲ့ ပညာဒါန သင်တန်းတွေ အမြဲ အဓွန့်ရှည်တည်တန့်စေနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်းမှာ ရှိတဲ့သာမာန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ငွေ တစ်သောင်း လှူဖို့ဆိုတာ အခက်အခဲရှိပေမယ့်ပြည်ပရောက်နေသူတွေအတွက်အခက်အခဲသိပ်မရှိလောက်လို့အကူအညီတောင်းလိုက်ရပါတယ်။ တကယ်လို့ ပြည်တွင်းက လူတွေအနေနဲ့လည်း တတ်နိုင်သလောက်တစ်ထောင် နှစ်ထောင်ကအစ လှူဒါန်းနိုင်ပါတယ်။ဦးဇင်းဦးကောဝိဒရဲ့သင်တန်းကျောင်းအတွက်လက်တလောလိုအပ်နေတဲ့ပစ္စည်းတွေကတော့

၁။ ကွန်ပြူတာ (လက်ရှိ ခြောက်လုံးသာ ရှိသည်)
၂။ သင်တန်းခန်းမ မျက်နှာကျက် (လုံးဝ မရှိသေးပါ)
၃။ ကြမ်းခင်းအုတ်ခင်း (ခန်းမ အရှေ့ပိုင်းကို ညီလင်းဆက်ကူညီသော အလှူနဲ့အုတ်ခင်းပြီး)
၎။ ၁၀ ကီလိုဝပ်ထွက် မီးစက်တစ်လုံး (မီးမရှိလျှင် လုံးဝ သင်မရပါ။ လက်ရှိ လျှပ်စစ်မီးမှာ ပျက်တလှည့် မလာတလှည့်)
၅။ နည်းပညာပိုင်း ဆိုင်ရာ ပညာဒါနသင်ကြားပေးနိုင်သူ(မန်းသို့စစ်ကိုင်းတွင်သင်ကြားပေးနိုင်သူဖြစ်ရန်လိုသည်)
၆။ အင်တာနက် သင်တန်း သင်ကြားနိုင်ရန် အွန်လိုင်း သုံးစွဲခွင့် (အင်တာနက်ကဖေးဆိုင် တစ်ဆိုင်မှ သူ့ဆိုင်တွင် သင်ကြားနိုင်ရန် အချိန်ပိုင်းလှူဒါန်းထားသည်။ ထိုအလှူရှင်ကဲ့သို့ လှူဒါန်းနိုင်လျှင် ပိုကောင်းမည်။
သို့မဟုတ် တစ်နာရီ သုံးစွဲခ လျှော့ဈေးဖြင့် ညှိနှိုင်းပေးပါကလည်းအဆင်ပြေပါမည်။ သို့မဟုတ်ပါက အလှူငွေဖြင့် အင်တာနက် သုံးစွဲဖို့စီမံရပါမည်)
၇။ ရေအေးစက် (အင်မတန်ပူသော စစ်ကိုင်းမြို့အတွက် လိုပါသည်)
၈။ အလှူငွေ (တခြား သင်တန်းအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ရန်)

လှူဒါန်းလိုသူများ ဆက်သွယ်ရန်
၁။ ဦးကောဝိဒ @mailto: kovida9@gmail.com
၂။ ပီကေ @mailto: pikay@myanmarbloggers.org
၃။ ညီလင်းဆက် @site: http://blog.nyilynnseck.com
၎။ မျက်လုံး @mailto: thethtoo@gmail.com
၅။ မင်းယွန်းသစ် @mailto: minnyoonthit@gmail.com
၆။ အရုပ်ကလေး @mailto: idulize@gmail.com

နိုင်ငံခြားမှ လှူဒါန်းလိုသူတွေအတွက် PayPal နှင့် UK Bank Accountနှစ်မျိုးစလုံးနဲ့လှူဒါန်းနိုင်ပါတယ်။ ဦးဇင်းဦးကောဝိဒရဲ့ ကိုယ်ပိုင်ဘလော့ဂ်ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ ဦးဇင်း ဘလော့ဂ်မှာ
ကျနော် အပေါ်မှာတင်ပြခဲ့တဲ့ ဦးဇင်းရဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံနဲ့တကွအသေးစိတ် ဖော်ပြထားပါတယ်။ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ကျနော်အနေနဲ့ တောင်းဆိုချင်တာက အလှူငွေမှ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ဒီပို့စ်လေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးစေချင်ပါတယ်။

ဒီပို့စ်လေးကို ဖတ်မိတဲ့သူတိုင်း တတ်နိုင်သမျှ လှူဒါန်းနိုင်ကြစေရန်ရည်ရွယ်ပြီး ကိုပီကေ့ဆီမှတဆင့် ကူးယူဖော်ပြပေးလိုက်ပါသည်။

ဟိုရောက်ဒီရောက် အတွေးများ

ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာတဲ့ အအေးဓါတ်ကြောင့် အိပ်ပျော်နေရာကနေ ရုတ်တရက် လန့်နိုးသွားတယ်။ မျက်စိဖွင့်ကြည့်လိုက်တော့ အခန်းတစ်ခုလုံး မှောင်မည်းနေသေးတာကြောင့် မနက် ၅ နာရီတောင် မထိုးသေးဘူးလို့ သိလိုက်ပါတယ်။ ဒီနေ့ မီးက မနက် ၅ နာရီကနေ ၁၁ နာရီအထိ လာမယ့်အလှည့်လေ။ ဒါပေမယ့် လာမယ့်အချိန်လဲ ပျက်နေတတ်တဲ့ ကိုရွှေမီးရဲ့အကျင့်ကို သိလို့ ပိုသေချာအောင် နာရီကြည့်လိုက်တော့ ၄ နာရီခွဲကျော်ရုံလေး ရှိပါသေးတယ်။ ခါတိုင်း ဒီအချိန်မျိုး မနိုးတတ်ပေမယ့် ထူးထူးခြားခြား အေးနေတဲ့ ရန်ကုန်ဆောင်းကြောင့် ပြန်အိပ်လို့ မရတော့ပါဘူး။ ရန်ကုန်မှာ ဆောင်းပီပီသသ အေးတာဆိုလို့ ဒီမနက်ပဲ ရှိမယ်ထင်ပါရဲ့…။

ဒီအချိန်ဆို မြို့ဦးစေတီလေးမှာ နှင်းတွေဝေနေတော့မယ်။ အိမ်ရှေ့က ထားဝယ်မှိုင်းပင်လေးတွေမှာလဲ အပွင့်လေးတွေ ခိုတွဲနေလောက်ပြီပေါ့။ နှင်းတွေ သိပ်သိပ်သည်းသည်းကျနေတဲ့ ဆောင်းပုံရိပ်တွေကို ပြန်မြင်ယောင်မိတဲ့ခဏ လေးဖြူရဲ့ သီချင်းတစ်ပိုင်းတစ်စ အတွေးထဲကို ရောက်လာပါတယ်။ `အတိတ်တွေက မှုန်ဝါးပေမယ့် ငါတို့နှစ်ဦးဇာတ်လမ်းမှာ တချို့နေရာက…….´ တော်ပါပြီ.. အတိတ်ဆီ ပျံ့လွင့်နေတဲ့စိတ်ကို ပြန်ဆွဲခေါ်လိုက်တော့ ဖျတ်ခနဲ ရောက်သွားမိတာက မဝေးသေးတဲ့ကာလတစ်ခုက စိမ့်နေအောင်အေးတဲ့ ဆောင်းမနက်တွေဆီ…။ သြော်.. စိတ်.. စိတ်… သူသွားတဲ့နောက်ကို လိုက်နေရတာ ပင်ပန်းလိုက်ပါဘိ။

အလွမ်းဆီ ဦးတည်သွားနေတဲ့ စိတ်ကို လမ်းကြောင်းပြောင်းလိုက်တော့ မနေ့ညနေက မေမေနဲ့ ဘုရားသွားခဲ့တာကို ပြန်တွေးမိသွားတယ်။ မနေ့က ဖေဖေဆုံးတာ ငါးနှစ်နဲ့ခြောက်လ ပြည့်တယ်။ တခါတလေမှာ အချိန်တွေ ကုန်ခဲသလောက် တခါတခါကျပြန်တော့လဲ အားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ။ အင်္ဂါထောင့်မှာ ဘုရားပန်းနဲ့ ရေလှူပြီး ဖေဖေ့အတွက် အမျှဝေ ဆုတောင်းပေးတယ်။ တဆက်တည်းပဲ အင်္ဂါသား သူ့အတွက်ပါ စိတ်ညစ်စရာတွေ ကင်းဝေးပါစေလို့ ထည့်ဆုတောင်းပေးမိတယ်။ ဒါနဲ့ပါဆို ဒီလထဲမှာ မေမေနဲ့အတူ ဘုရားကို နှစ်ခေါက်ရောက်ပြီးသွားပြီ။ ဒီနှစ်ထဲမှာ မေမေ့ကို တတ်နိုင်သမျှ အချိန်ပိုပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ သားအမိနှစ်ယောက် ဘုရားပေါ်ကနေ ပြန်ဆင်းလာတဲ့ ညနေစောင်းနေ၀င်ချိန်ဟာ စိတ်ထဲမှာ ကြည်နူးစရာ အရမ်းကောင်းပါတယ်။

ဟိုတွေး ဒီတွေးနဲ့ အေးတဲ့ဆီ စိတ်ပြန်ရောက်သွားတော့ ဟိုတစ်ရက်ညက `ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီသို့….´ ဆိုတာကို အနွေးထည်ကြီးဝတ်ပြီး လိုက်အော်နေတာကို သတိရပြီး ရီချင်မိတယ်။ ပွင့်လင်းရာသီဆို ဟုတ်သေး..။ အများပြည်သူပိုင် လမ်းတွေပေါ်မှာ ခြင်းခတ်ခြင်း၊ ဘောလုံးကန်ခြင်း၊ စွန်လွှတ်ခြင်း၊ ဂစ်တာတီးခြင်း ပြုလုပ်ရင်လဲ အရေးယူမယ်တဲ့။ ကားတွေ စက်ဘီးတွေနဲ့ ခြင်းခတ်တာ ဘောလုံးကန်တာ အန္တရာယ်ရှိတာပေါ့။ စွန်လွှတ်တာကျတော့လဲ လမ်းသွားလမ်းလာတွေ လည်ပင်း စွန်ကြိုးရှကုန်နိုင်တယ်လေ။ ဂစ်တာတီးတာကတော့ လမ်းသွားတဲ့ မိန်းကလေးတွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ နေမှာပါ။

အိပ်ယာထဲမှာ ကွေးပြီး တွေးနေလိုက်တာ မီးလာတာတောင် မသိလိုက်ဘူး။ မီးလာတုန်း ရေတင် ဆိုတဲ့ ခေတ်သစ်စကားပုံအတိုင်း လုပ်စရာရှိတာတွေ လုပ်ဦးမှပါပဲ။ ဒါမှ သွေးပူပြီး အလုပ်သွားဖို့ ရေချိုးရင် အနေတော်ဖြစ်မှာ။ ဟိုရောက်ဒီရောက် အတွေးတွေကိုတော့ ဒီမှာပဲ လက်စသတ်လိုက်တော့မယ်။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.