Thursday, January 29, 2009

[ညိမ်းညို] 2 New Entries: နံနက်ခင်းသို့ ဖြူရှင်းလင်းမြစေ… ညခင်းတို့ မြူကင်းဝင်းပစေ...

နံနက်ခင်းသို့ ဖြူရှင်းလင်းမြစေ… ညခင်းတို့ မြူကင်းဝင်းပစေ...

"ကွာလှမ်းသော်ငြား
သင့်အိမ်အားလောင်မြိုက်သောမီးသည်
ငါ့ရင်ကို လာဟပ်သဖြင့်
တရပ်တရွာတည်းဖြစ်ကြောင်း
ငါယုံပြီ".....မင်းမြင့်ဇင်

ရွက်နုတို့ ဝေပါစေ
မျိုးဆက်သစ်တို့ ဝေပါစေ၊

မိုးတွေ စွေပါစေ
ဂရုဏာတရားတွေ စွေပါစေ၊

နှင်းတွေ ဖွေးပါစေ
ချစ်ခြင်းမေတ္တာတွေ ဖွေးပါစေ၊

နေမင်းကြီး ထွန်းလင်းပါစေ
ဉာဏ်ပညာအပေါင်း ထွန်းလင်းပါစေ၊

လမင်းကြီး သာပါစေ
စာနာမှုတရားတို့ သာပါစေ၊

ဆွေးနွေးရင်းငြင်းခုံ၊ ငြင်းခုန်ရင်းဆွေးနွေး
ညီအကိုတို့ ဖေးမနိုင်ပါစေ၊

ပေါင်းစီးရင်းကွဲလွဲ၊ ကွဲလွဲရင်းပေါင်းစည်း
ညီအကိုတို့ သွေးနီးနိုင်ပါစေ၊

တိုင်ပင်ရင်းအဖြေရှာ၊ အဖြေရှာရင်းတိုင်ပင်
ညီအကိုတို့ ချစ်ခင်နိုင်ပါစေ၊

သင်ယူရင်းတည်ထောင်၊ တည်ထောင်ရင်းသင်ယူ
ညီအကိုတို့ စိတ်တူကြည်ဖြူနိုင်ပါစေ၊

နားလည်ရင်းခွင့်လွှတ်၊ ခွင့်လွှတ်ရင်းနားလည်
ညီအကိုတို့ ပြုံးရယ်ပျော်ရွှင်နိုင်ပါစေ၊

မရဏံ ဓူဝံ
ဇိဝိတံ နဓူဝံ။
သေခြင်းတရားကား မြဲ၍
အသက်ရှင်ခြင်းကား မမြဲ၊

ရှင်တုန်းခဏ တွေ့ကြခိုက်မှာ
လက်တွေ ခိုင်ခိုင်မြဲနိုင်ပါစေ
လက်တွေ ခိုင်ခိုင်တွဲနိုင်ပါစေ
စိတ်ဝမ်းလက်ညီ ပြည်သစ်တည်နိုင်ပါစေ။

ညိမ်းညို

အခွံမာသစ်သီးများ

ထိရှမိသမျှ
ဖြာခနဲ
နက်လည်း ထင်းထင်း
ဖြူလည်း လင်းလင်း။

ရှင်းတယ်
ဇာတ်လမ်းရှင်းရှင်း
ဇာတ်ညွှန်းရှင်းရှင်း
ရင်ဘတ်ထဲကလာတဲ့ အသံကို
သွင်းမယ်။

ငါတို့ ဦးခေါင်းမှာ
ခပ်မာမာ ဗီဇဆဲလ်တစ်ခုနဲ့
ငါတို့ နှလုံးသားမှာ
နူးညံ့ပန်းတစ်ပွင့်နဲ့
သွေဖီတတ်၊ ကြေကွဲတတ်
မျက်ရည်၊ အားမာန်
ဘတစ်ပြန် ကျားတစ်ပြန်။

သွေးတွေ
ရိုးရိုးသားသား နီကြ
အိပ်မက်တွေ
ထောက်မမီအောင် နက်ရှိုင်းကြ
လောကဓံ ဓားရှစ်လက်ကြားမှာ
ငါတို့စိတ်ဓာတ်ဟာ
မဆုတ်တမ်းခံစစ်ပဲ။

မြစ်တစ်စင်း
ရှေ့မှာ....
မှောင်မှောင်ပိန်းပိန်း
ဟိန်းဟိန်းညံညံ။

ဝံ့စားတယ်
သစ္စာတရားကို ကြိုးလိုကျစ်ပြီး
အဲဒီမြစ်ကို ကူးမယ်။

လူငယ်
အခွံမာသစ်သီးများ
ပျော့ပျောင်းချိုမြိန်သော အသားမွှာတို့ရှိရဲ့။

ညိမ်းညို

You received this email because you are subscribed to the real_time feed for http://nyeinnyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.