Thursday, January 29, 2009

[Road to Freedom] 2 New Entries: ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၃)

ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၃)

အလုပ်လုပ်ချင်တယ်
အလုပ်ခန့်မယ့်သူမရှိဘူး
ဗိုက်ဆာတယ်
စားစရာမရှိဘူး
ရည်းစားတစ်ယောက်လောက်လိုချင်တယ်
ပိုက်ဆံမရှိဘူး

လမ်းကြိုလမ်းကြားတွေထဲ
အလေအလွင့်တစ်ယောက်လို
လျှောက်သွားနေမိ
အောက်ကိုငုံ့ကြည့်တော့
ပေါက်နေတဲ့
ငါ့ဖိနပ်တစ်ရံကိုတွေ့တယ်
အပေါ်ကိုမော့ကြည့်တော့
အိုဇုံးလွှာပါးနေတဲ့
ကောင်းကင်ကြီးကိုတွေ့တယ်
ဘေးဘီဝဲယာလှည့်ကြည့်တော့
စစ်ဖြစ်နေတဲ့ ကမ္ဘာကြီးကိုတွေ့ရတယ်

မြို့ထဲသွားဖို့ဘတ်စ်ကားလက်မှတ်မရှိဘူး
နယူးရောက်သွားပြီးအရေးဆိုဖို့
အခွင့်အရေးမရှိဘူး
နတ်ပြည်ရောက်ဖို့ကံဇာတာမရှိဘူး
စိတ်ကူးမှာ
ရှန်ပိန်ပုလင်းကိုဖောက်
ဒူဘိုင်းက ဆဲဗင်းစတား ဟိုတယ်တစ်ခုမှာ
တစ်ညလောက်ဇိမ်ခံကြည့်မိတယ်
လက်တွေ့မှာ
မီးမလာဘူး
ရေပိုက်ကရေလာရင် ဒုလဘ္ဘလို့သတ်မှတ်နေရ
ကမ္ဘာကြီးလုံးတာပြားတာ
အကြောင်းမဟုတ်ဘူး
ငါ့တို့ဘ၀လုံးပါးပါးနေရတဲ့ကိစ္စ
ဘယ်လိုလုပ်ကြမှာလဲ
ဒီမှာသူငယ်ချင်းရာ
အိန်ဂျလီနာဂျိုးလီရင်သားအတိုင်းအထွာကိုသိဖို့ထက်
ငါတို့အိမ်တံစက်မြိတ်မှာမီးစွဲလောင်နေတဲ့ကိစ္စ
သိဖို့က ပိုအရေးကြီးပါတယ်ကွာ

သူငယ်ချင်းတွေနဲ့တွေ့တော့
စိတ်ဓါတ်ကျစရာစကားတွေကြားရတယ်
ကောင်မလေးတွေနဲ့တွေ့တော့
ကိုယ့်ကိုကိုယ်သနားရတယ်
ဗိုင်းရပ်စ်ဝင်နေတဲ့ကမ္ဘာကြီးအကြောင်းစဉ်းစားမိတိုင်း
ဒေါသထွက်တာတရားတယ်

ဒုက္ခသစ္စာတရားကိုနာတယ်
ခန္တီစသီးခံခြင်းနဲ့ စိတ်ကိုဖြေကြည့်တယ်
မေတ္တာသုတ်နဲ့တောင်
မန်းမူတ်လို့မရတော့တဲ့အခြေအနေမှာ
ဘယ်တရားဓမ္မမှ
ငါ့ကိုနားမချနိုင်တော့

သေချာတာကတော့
ခွေးတောင် ချောင်ပိတ်အရိုက်ခံရရင်
အသေခံပြီးပြန်ကိုက်တတ်တယ် ။…..။

ငြိမ်းချမ်းအောင်
11 Jan 2009
ပြန်ခေါက်ထားပါ...

ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၂)

တစ်နေ့ကိုလေးငါးခြောက်ကြိမ်
ဆာလောင်မွတ်သိပ်တဲ့
အစာအိမ်ရဲ့ စည်းကမ်းပျက်မူကို
တော်လှန်နိုင်ခဲ့ပြီ

ရုပ်ဝတ္တူပစ္စည်းအသစ်အဆန်းတွေကို
လိုချင်တပ်မက်မိတဲ့
စိတ်ရဲ့ အလိုဆန္ဒကို
ပုန်ကန်နိုင်ခဲ့ပြီ

အဖူးအငုံအချောအလှလေးနဲ့သာ
စုံမက်ပေါင်းဖက်လိုတဲ့
နှလုံးသားရဲ့ အာသာရမ္မက်ကိုလည်း
နားချနိုင်ခဲ့ပြီ

အသက်တစ်နှစ်ကြီးခဲ့တာ
သေမင်းကို တစ်ကြိမ်သတိပေးလိုက်တာပဲ

လောဘ ဒေါသ မောဟတွေ တတ်နိုင်သမျှလျှော့ဖို့
ဆန္ဒရှိတိုင်းမဖြစ်နိုင်တဲ့ အခြေအနေကိုလည်း
နားလည်နိုင်ခဲ့ပြီ

ကိုယ့်ကိုကိုယ်သေချာပြီသာဆိုရင်
အိုကေပြီသူငယ်ချင်းတို့

ငါတို့ ခေါင်းနဲ့ဆောင့်မိတဲ့အရာဟာ
အုတ်တံတိုင်းတစ်ခုမဟုတ်တာတော့ သေချာတယ်

သက်တမ်းတစ်ဝက်ကိုလောင်းကြေးထပ်
ဘ၀ကိုပုံအပ်ပြီးမှတော့
အရူံးနဲ့နောက်ကောက်ကျ
ခေါင်းငိုက်စိုက်ချ
လှည့်ပြန်လို့တော့မဖြစ်သေးဘူး

မှန်နေရင်ဆက်လျှောက်မယ်
မှားခဲ့ရင်တစ်ကနေပြန်စကြတာပေါ့ ။………။

ငြိမ်းချမ်းအောင်

You received this email because you are subscribed to the real_time feed for http://nyein-chan-aung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.