ပညာဒါနကျောင်းများ
တိုးတက်လာတဲ့ ခေတ်နဲ့အညီ ပညာရပ်တွေက သင်ယူစရာ များပြားလှပါတယ်။ ဘာသာစကား သင်တန်းတွေနဲ့ ကွန်ပျူတာဆိုင်ရာ သင်တန်းတွေကတော့ အများဆုံးပါပဲ။ တတ်နိုင်တဲ့သူတွေအဖို့ ဆန္ဒရှိတဲ့သင်တန်းကို အလွယ်တကူ တက်နိုင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တက်ချင်လျက်နဲ့ အဝေးကနေပဲ ငံ့လင့်နေရသူတွေလည်း အများကြီးပါ။ ဒီလိုအခက်အခဲ ရှိသူတွေအတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာဒါနကျောင်းတွေ အသီးအသီး ပေါ်ပေါက်လာခဲ့ပါတယ်။ ပညာဒါနကျောင်းများဟာ ဘုန်းတော်ကြီးကျောင်းများမှာ ဖွင့်လှစ်ထားကြတာပါ။ ကျောင်းထိုင်ဆရာတော်ရဲ့ သြဝါဒကိုခံယူပြီး စတင်ပံ့ပိုးတည်ထောင်သူများက ဦးဆောင်လို့ ချီတက်လာခဲ့ကြတာ ခုဆိုရင် သက်တမ်းအတော်ရလာကြပြီ ဖြစ်ပါတယ်။
ကျွန်တော်လက်လှမ်းမီသလောက်ဆိုရင်-
ကမ္ဘာ့ဗုဒ္ဓသာသနာပြုကျောင်း
မယ်လမုဘုရားအနီး (ဘုန်းကြီးလမ်းမှတ်တိုင်)၊ မြောက်ဥက္ကလာပမြို့နယ်။
မနောရမ္မာကျောင်း
အရှေ့ဥယျာဉ်တိုက်၊ ဗဟိုလမ်း (ရှမ်းလမ်း)၊
တရားရုံးအနောက် ဓါတ်ဆီဆိုင်အနီး၊ စမ်းချောင်းမြို့နယ်။
ဖုံး။ ။ ၅၃၇၀၂၆
ပစ္ဆိမာရုံစာသင်တိုက်
မိုးကောင်းလမ်းနဲ့ အေးသာယာလမ်းထောင့်
အဝိုင်းလေးမှတ်တိုင်အနီး၊ တာမွေမြို့နယ်။
ဖုံး။ ။ ၅၇၇၅၆၄၊ ၂၈၇၅၀၆၊ ၂၀၀၇၀၄၊ ၅၇၈၃၈၀၊ ၅၅၉၃၃၂
အစရှိတဲ့ ပညာဒါနကျောင်းများဖြစ်ကြပါတယ်။ အခြားနေရာများမှာလည်း အလားတူ သင်ကြားပေးတဲ့ကျောင်းတွေ ရှိနိုင်ပါသေးတယ်။
ကျောက်မြောင်းထဲနေတဲ့ ကျွန်တော့်အဖို့ ဘောက်ထော်က ပစ္ဆိမာရုံစာသင်တိုက်မှာ ဖွင့်လှစ်တဲ့ သင်တန်းတချို့ကို တက်ဖြစ်ခဲ့ပါတယ်။ ပညာဒါနဆိုပေမယ့် လုံးဝအခမဲ့တော့ မဟုတ်ပါဘူး။ စာရွက်စာတမ်းကြေး သဘောလောက် အလှူငွေထည့်ရတာပဲရှိပါတယ်။ အပြင်မှာပေးရတဲ့ သင်တန်းကြေးထက် အတော်ကို လျော့ပါတယ်။ ကျွန်တော်တက်စဉ်က အခြေခံအဆင့် သင်တန်းတစ်ခုကို မြန်မာငွေ ကျပ်တစ်ထောင် သွင်းရပါတယ်။ သင်တန်းကာလအနေနဲ့ကတော့ ဘာသာရပ်တွေပေါ်မူတည်ပြီး သုံးလေးလ ဝန်းကျင်ခန့် ကြာတတ်ပါတယ်။
ပစ္ဆိမာရုံစာသင်တိုက်ကို ကျိုက်လတ်ကျောင်းလို့လဲ ခေါ်ပါတယ်။ သင်တန်းခန်းမကို သုံးထပ်ဓမ္မာရုံကြီးရဲ့ အောက်ဆုံးထပ်မှာ ဖွင့်ထားတာပါ။ အလျားရှည်အခန်းကျယ်ကြီးထဲမှာ သစ်သားစားပွဲရှည်တွေ ထိုင်ခုံရှည်တွေနဲ့ ကျောင်းစာသင်ခန်းအတိုင်း ဖြစ်နေတာမို့ ကျောင်းတုန်းက အချိန်တွေကို လွမ်းမိပါသေးတယ်။ အခန်းက ကျယ်တဲ့အပြင် ပန်ကာတွေ၊ မီးချောင်းတွေနဲ့ အသံချဲ့စက်ကအစ စီစဉ်ပေးထားတာကြောင့် ဘာမှ လိုလေသေးမရှိအောင် ပြည့်စုံလှပါတယ်။ ညပိုင်းရောက်သွားတဲ့ သင်တန်းတချို့အတွက် မီးပျက်ခဲ့ရင်တောင် မီးစက်ကို အဆင်သင့်နှိုးပြီး သင်ကြားနိုင်ပါတယ်။ ကျွန်တော်စတက်စဉ်က အင်္ဂလိပ်စာ၊ တရုတ်စာ အစရှိတဲ့ ဘာသာစကားသင်တန်းအချို့သာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း တိုးချဲ့သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော် နောက်ဆုံးတက်ခဲ့တဲ့ အချိန်မှာတော့ အီလက်ထရွန်းနစ်သင်တန်း၊ မုန့်မျိုးစုံလုပ်နည်းသင်တန်းအပြင် ကွန်ပျူတာသင်တန်းတချို့ပါ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အရေအတွက် သိပ်မများသေးပေမယ့် ကွန်ပျူတာခန်းကို ကျောင်းရဲ့ ပထမထပ်မှာ သီးသန့်လုပ်ပြီးတော့ကို သင်ကြားပေးတာပါ။
ပစ္ဆိမာရုံကျောင်းရဲ့ ပညာဒါနသင်တန်းတွေကို ဦးဆောင်စီစဉ်တဲ့ ဆရာတွေကတော့ အင်္ဂလိပ်စာ ဆရာများဖြစ်ကြတဲ့ ဆရာဦးထွန်းစိန်နဲ့ ဆရာဦးအေးချစ် တို့ ဖြစ်ပါတယ်။ သင်တန်းဆင်းပွဲများကိုလည်း အခါအားလျော်စွာ စည်ကားသိုက်မြိုက်အောင် ထူးခြားကောင်းမွန်တဲ့ အစီအစဉ်လေးတွေနဲ့ ကျင်းပလေ့ရှိပါတယ်။ ပညာဒါနသင်တန်းတွေကို လူငယ်များသာမက ဝန်ထမ်းတွေ၊ လူကြီးတွေအပြင် သံဃာတော်များပါ တက်ရောက်သင်ယူကြတာကို တွေ့ရပါတယ်။ လူကြီးတွေအနေနဲ့ အသက်ရွယ်အားဖြင့် ငါးဆယ်၊ ခြောက်ဆယ်ဝန်းကျင်တွေကိုပါ ကြိုကြားကြိုကြား တွေ့ရတတ်တယ်။ ပညာဒါနသင်တန်းဆိုပေမယ့် အလွှာအသီးသီးက လူငယ်လူရွယ်တွေ စုံလင်လှပါတယ်။ သင်တန်းဆင်းချိန်ဆို လာကြိုတဲ့ကားတချို့ကိုလည်း တွေ့ရတယ်။ အများစုကတော့ အများသုံးကားနဲ့ပြန်ကြတော့ အဝိုင်းလေးမှတ်တိုင်ဟာ အိမ်ပြန်ချိန်တွေမှာ အမြဲ လိုလိုစည်ကားနေတတ်တယ်။
ကျောင်းသားဦးရေ အများဆုံးတက်ကြတာကတော့ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်းတွေပါ။ ဒါပေမယ့် အခြေခံသင်တန်းများသာ ခုံပြည့်လူပြည့်ဖြစ်တတ်ပြီး တစ်ဆင့်မြင့်တန်းတွေမှာတော့ တဖြည်းဖြည်း လူဦးရေ သိသာစွာ လျော့နည်းသွားတာတွေ့ရပါတယ်။ လူငယ်တွေအနေနဲ့ သက်သက်သာသာတက်ရတဲ့ သင်တန်းဖြစ်လို့ တန်ဖိုးမထားကြတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ပညာရပ်တစ်ခုအပေါ် စွဲစွဲမြဲမြဲစူးစိုက်အားထုတ်နိုင်ပါမှ သင့်တင့်တဲ့ အကျိုးကျေးဇူးခံစားရရှိမှာပါ။ အပျော်တမ်းသဘောမျိုးဖြစ်ဖြစ်၊ အိမ်တွေက အပြင်ထွက်လို့ရအောင် ရမယ်ရှာတက်တာမျိုးဖြစ်ဖြစ်၊ ချစ်သူရည်းစားနဲ့ အတူဆုံတွေ့ဖို့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ဖြစ်စေကာမူ တက်နေစဉ်ကာလအတွင်းမှာတော့ လုံ့လစိုက်ကြိုးပမ်းမှသာ အကျိုးရှိမှာဖြစ်ပါတယ်။ "ငါးမရ လို့ ရေချိုးပြန်" ရတာထက် "တစ်ချက်ခုတ် နှစ်ချက်ပြတ်" ဖြစ်အောင်လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ "မြွေပါလည်းဆုံး သားလည်းဆုံး" အဖြစ်မျိုးရောက်သွားရင်တော့ ကိုယ်ပဲနစ်နာမှာပါ။
ကျွန်တော့်အနေနဲ့ ပစ္ဆိမာရုံမှာ ဘာသာစကားသင်တန်းတချို့ တက်ခဲ့ပါတယ်။ ဒီမလာခင်မှာ ပထမဆုံးအဖြစ် ဖွင့်လှစ်ခဲ့တဲ့ ထူးခြားတဲ့သင်တန်း တစ်ခုကိုလည်း တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီသင်တန်းက နည်းနည်းဆန်းနေမယ် ထင်ပါတယ်။ ကျွန်တော်တော့ အရင်က အဲဒီသင်တန်းမျိုး မကြားဖူးခဲ့ပါဘူး။ စိတ်ဝင်တစား တက်ရောက်သူတွေဟာ သင်တန်းကာလတစ်လျှောက်လုံး မထင်မှတ်လောက်အောင် ခန်းမတစ်ခုလုံး အပြည့်ပါပဲ။

You received this email because you are subscribed to the real_time feed for http://taungoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.