Saturday, October 25, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: သွေမပျက် ဝေခွဲခက်တဲ့ ဒီလမ်းမှာ

သွေမပျက် ဝေခွဲခက်တဲ့ ဒီလမ်းမှာ

ဒီလမ်းကိုဖောက်ထွက်သွားဖို့ ဒါမှမဟုတ် နည်းလမ်းသစ်ရှာဖို့
ကော်ဖီဆိုင်ကြမ်းပြင်ပေါ်ဖြတ်ပြေးသွားတဲ့
ကြွက်တစ်ကောင်ရဲ့နှလုံးသားဟာ အမြဲတန်းလတ်ဆတ်နေမလား
လုံးဝပျောက်ဆုံးမသွားခင်အချိန်အထိ။

တစ်ယောက်တည်းစကားပြောနေခြင်းက
နှစ်ယောက်ရှိနေတာကို ရည်ညွှန်းတယ်၊ ယူဆခဲ့ရင်ပေါ့
နောက်ထပ် တစ်ယောက်ရောက်လာမယ်ဆိုတာ
မဖြစ်တော့တဲ့ အခြေအနေတစ်ရပ်၊လက်သင့်ခံခဲ့ပါရင်
သူရူးတစ်ယောက်ရဲ့ဟန်ပန်တွေလည်း
ပုံစံတကျဖြစ်ပေါ်နေမယ် ဆိုပါတော့။

ဟိုးအရင် ချထားခဲ့တဲ့ စိတ်ငယ်ခြေရာတွေ၊ လိုအပ်တိုင်း
ပြန်ဆက်ကြည့်မိအောင် သတိတရ ရှိနေပါသလား
အတိတ်ကျိုး၊အတိတ်ဟောင်း၊ အတိတ်အုတ်ကျိုးချပ်များ၊
အချပ်လိုက်ပုံထပ်၊ ထပ်မကျိုး၊ ထပ်မပဲ့အောင် နေရာရွေ့မလို့တဲ့
နေပါစေလေ၊ သူ့အတိုင်းပဲ ထားလိုက်ပါ။

စိုထိုင်းစမှတ်ညဏ်နဲ့ တစိမ့်စိမ့်ယိုနေခြင်းများ အားလုံးကို
စကားစတွေ အဆုံးသတ် ဖြတ်တောက်ပစ်လိုခြင်း ဆိုတာထက်
ဘာတွေထပ်ဖြစ်လာဦးမလဲ၊
ကြိုတင်မှန်းဆခြင်းတွေကို ချိန်ဆက်ပြနိုင်စွမ်း အင်အားရှိသင့်သလောက်ရှိဖို့။

ရလဒ်ကို ဘေးဖယ်၊ မှတ်တမ်းသွင်းဖို့ အတင်းမလုပ်နဲ့
ဟောဒါက သုညမှတ်၊ ဒါကအနုတ်တစ်၊ အထက်မှာတော့အပေါင်းတစ်
အနုတ်ရှိရင် အပေါင်းရှိမယ်၊ အပေါင်းရှိရင် အနုတ်ပြန်ရောက်နိုင်တယ်
အနောက်ကို ပြန်သွားလိုခြင်းနဲ့ အရှေ့ကို ဆန်တက်မယ့်ခရီးသစ်
သီအိုရီသက်သက်နဲ့ လမ်းတွင်နိုင်ပါ့မလား။

ကြိုးအထပ်ထပ်၊ ၀ိညာဉ်ချည်တိုင်တစ်ခု ရှိရာ
ဒီအရပ်ကို ထင်ထင်ရှားရှား မြင်ရဖို့ မလိုအပ်ဖူးဆိုပါတော့။
လိပ်ပြာခွဲလိုမှု ရည်ရွယ်ချက်နဲ့ ချိန်ခွင်တစ်လက် ယူဆောင်လာသူ
စစ်မှန်ခြင်း မလိုအပ်သော်ငြား ရောက်လာမှတော့ ကြိုဆိုပါတယ်
ပြောပါ၊ ရစေ၊ ပြောပါရစေ။
ရောက်မလာသေးခင်စပ်ကြား ကာလဆိုတာ ဖော်ဆောင်သင်္ကေတ
သွေမပျက်၊ ဝေခွဲခက်တဲ့ လမ်းတွေနဲ့ ဒီလူ။

၂၅၊အောက်တိုဘာ၊၂၀၀၈။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.