Thursday, November 6, 2008

[Nine Nine SaNay] 1 New Entry: စနေရဲ့ ဥပုသ်နေ့

စနေရဲ့ ဥပုသ်နေ့


ဒီနေ့ ဥပုသ်နေ့ ဘုန်းကြီးကျောင်းမှာ အလှူရှိတယ် လိုက်မလား? လို့ သူငယ်ချင်း(ကျောင်းတုန်းက သူငယ်ချင်း)က မေးတော့ လိုက်မယ်ဆိုတာနဲ့ မနက် ၇ နာရီ မထိုးတထိုးမှာ မဟာမြမုနိ ဘုန်းကြီးကျောင်းဖက် ရောက်သွားခဲ့တယ်။ (ဘုရားကို မန္တလေးမှာ သွားသွန်းလုပ်ခဲ့လို့ "မဟာမြမုနိ" လို့ ခေါ်တယ်လို့ သူငယ်ချင်းက ရှင်းပြပါတယ်)ဘုန်းကြီးကျောင်းမှာ ကျွန်မတို့ထက် စောရောက်နေတဲ့ လုပ်အားပေးအဖွဲ့ဝင်တွေ တော်တော်များများ ရောက်နေတာတွေ့လိုက်တယ်။ အားလုံးက ရှမ်းလူမျိုးတွေဖြစ်တယ်။ ဟင်းရွက်တွေရွေးကူ၊ ဟိုဟာလေးခွါ၊ ဒီဟာလေးခွါနဲ့ သူတို့ချက်တာတွေကို ကြည့်ရင်း ရှမ်းတွေကြားမှာ ရှမ်းစကား သိပ်မတတ်တဲ့ကျွန်မ ခ.. ခ.. ခ နဲ့ တစ်ခါခါ ဖြစ်နေတော့တယ်။ (ရှမ်းစကား "ခ" ဆိုတာ မြန်မာစကား "ရှင့်" နဲ့ တူပါတယ်)

ပါးစပ်ကလည်းပြော လက်ဆယ်ချောင်းကလည်း လှုပ်နဲ့ ဟင်းရွက်သင်တာက ခဏလေးပဲ ကြာလိုက်တယ်။ ရှမ်းဟင်းတွေ ဟုတ်တိပတ်တိ သိပ်မစားဖူးတဲ့ကျွန်မ မမြင်ဖူးတဲ့ဟင်းတွေကို အော် ခ.. အော် ခနဲ့ ပုံတွေလိုက်ရိုက်ဖြစ်ခဲ့တယ်။

ပုံမှာမြင်ရတဲ့ဟင်းက "ဂွေးသီးနမ့်ဖစ်" ဖြစ်ပါတယ်။ သူတို့လုပ်နေသမျှ ကျွန်မ မြင်မိတာက ဂွေးသီးကို အခွံခွါပြီး ပြုပ်ပါတယ်။ ငရုတ်သီးစိမ်း အပွ၊ ကြက်သွန်နီနဲ့ ကုလားအော်သီးကို မီးဖုတ်ထောင်းပြီး ဖယ်ထားပါတယ်။ အဲဒီနောက် ပြုပ်ထားတဲ့ ဂွေးသီးကိုထောင်းပြီး အစေ့ထုတ်ပါတယ်။ နောက် ဂွေးသီးနဲ့ ထောင်းထားတဲ့ ငရုတ်သီးတွေ ထပ်ရောထောင်းလိုက်ပါတယ်။ ချဉ်စပ်စပ် အရသာနဲ့ စားလို့ အရမ်းကောင်းပါတယ်။

ဒီတစ်ပွဲက မှိုနမ့်ဖစ်ထောင်းပါ။ မြန်မာလို ဘာမှိုခေါ်မှန်း မသိပါဘူး။ မှိုအနီရောင်လေးပါ။ ချိုးကြည့်လိုက်ရင် အဖြူရောင်အစေး ထွက်ပါတယ်။ ဒီမှိုမျိုးကို ရှမ်းပြည်နယ် တစ်ဝိုက်မှာပဲ တွေ့ရတတ်ပါတယ်။ မှိုကို ငရုတ်သီး၊ ဆား၊ ဟင်းချိုမှုန့်တွေနဲ့ ရောထောင်းပြီး ရှမ်းပဲပုပ်ထောင်းနဲ့ ပြန်ကြော်ထားတာ ဖြစ်ပါတယ်။ (မှိုနည်းလို့ ဘုန်းကြီးတွေကိုပဲ ဘုန်းပေးလိုက်တယ်။ ဘာအရသာရှိမှန်း ကျွန်မ မမြည်းလိုက်ရဘူး .. ဟီ) ဒီမှိုမျိုးကို ကျွန်မအဘိုး အရမ်းကြိုက်ပါတယ်။ အဘိုးက မှိုကိုမီးကင်ပြီး ဂျူးမြစ်၊ ဂျူးရွက်တွေနဲ့ ထောင်းစားသလို၊ ဒီအတိုင်း အပွင့်လိုက် ကြက်သွန်နီ ဂျူးမြစ်တွေနဲ့ ကြော်စားပါတယ်။

ဒါကတော့ ရှမ်းလို "ဖပ်လောလယ့်" လို့ခေါ်တဲ့ ဟင်းရွက်စုံ ဟင်းရည်ဖြစ်ပါတယ်။ ("ဖပ်" ဆိုတာ ဟင်း၊ "လောလယ့်" ဆိုတာ ရောရာလို့ အဓိပ္ပါယ်ရပါတယ်)။ ဖပ်လောလယ့်ကို အိမ်မှာလည်း ချက်စားဖြစ်ပေမယ့် ဒီအခုဟင်းထဲမှာတော့ ကျွန်မ မမြင်ဖူးတဲ့ အုန်းပင်အူတိုင် နုနုလေးတွေကို ထည့်တာပါပဲ။

အူတိုင်တွေ စားဖို့အတွက် အုန်းပင်တွေကို သပ်သပ်စိုက်ရတယ်လို့ ပြောပါတယ် (ကျွန်မက အဲဒီ အုန်းပင်အူတိုင်တွေကို မျှစ်လို့ ထင်နေတာ)

ဒါကတော့ မြင်းခွါရွက် ဖျော်ရည်ဖြစ်ပါတယ်။ မြင်းခွါရွက်ကို အရွက်ပဲယူပြီး ကျိတ်လိုက်တာပါ။ နောက် သကြားရည် ကြိုထည့်ပြီးသောက်ကြတယ်။ ခါးသက်သက် အရသာလေးမှာ အချိုရောနေတဲ့အတွက် သောက်လို့ အရမ်းကောင်းပါတယ်။ မျက်စိကြည်ပြီး အပူကျစေတယ်လို့ ဆိုပါတယ်။

အားလုံးက တစ်ပျော်တပါးပါပဲ။ မနက် (၁ဝ) ခွဲမှာ အားလုံးပြီးစီးပြီး ဘုန်းကြီးကို ဆွမ်းကပ်ပါတယ်။ နောက်ရပ်ကွက်က သက်ကြီးရွယ်အိုတစ်ချို့၊ သက်ဆိုင်ရာ လူကြီး၊ လူငယ်တွေ လာရောက် သုံးဆောင်ကြပါတယ်။

လာရောက် ကူညီသူအများစုက ရိုးရာရှမ်းအင်္ကျီတွေ ဝတ်ထားကြပါတယ်။ ရှမ်းမှာလည်း လူမျိုးကွဲတွေ ရှိတာကြောင့် မတူတဲ့ ဝတ်စားဆင်ယင်မှုတွေ ရှိကြောင်း သူငယ်ချင်းက ပြောပြပါတယ်။ ဒေါင်လိုက်အစင်း ထမိန်ဝတ်ရှမ်းတွေက "မောဝ်ရှမ်း" ဖြစ်ပြီး အလျှားလိုက်အစင်း ထမိန်ဝတ်ရှမ်းတွေက "ရှမ်းကြီး " ဖြစ်တယ်လို့ ဆိုပါတယ်။ မောဝ်ရှမ်း အများစုက မူဆယ်၊ နမ့်ခမ်း၊ ရွှေလီဖက်ကဖြစ်ပြီး ရှမ်းကြီးက လားရှိုး၊ တောင်ကြီး၊ သီပေါဖက်က ဖြစ်တယ်လို့ ပြောပြပါတယ်။ ပြောတဲ့ စကားချင်းကတော့ အတူတူပါ။ နေရာဒေသလိုက်ပြီး အသံဝဲတာလောက်ပဲ ရှိပါတယ်။

ရှမ်းတွေကြားမှာ ရှမ်းစကားနားထောင်၊ ရှမ်းစာတွေစားပြီး ရှမ်းဘုရားစာ မရတာကြောင့် တရားမနာတော့ဘဲ အားလုံးသိမ်းဆည်း ကူညီပြီးနောက် မနက် ၁၂နာရီကျော်မှာ အိမ်ကို ကျွန်မတို့ ပြန်ခဲ့ကြပါတယ်။

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.