Thursday, December 4, 2008

[ဆောင်း] 1 New Entry: TAG - ကျမအကြောင်း တစေ့တစောင်း

TAG - ကျမအကြောင်း တစေ့တစောင်း


ညီမလေး နှင်းကလေး (ဒီဇင်ဘာနှင်း)က တက်လာပါတယ်။ သူတက်တာက ၉ရက် စက်တင်ဘာ ဆိုတာ ကျမ ဘလော့နားထားတဲ့ အချိန်ထဲမှာပေါ့။ စောင့်ပါ့မယ် ရေးပေးပါပြောလာလို့ ရေးလိုက်ပါတယ်ရှင်။

ဘလော့ကာတွေ ရေးနေတဲ့ တချို့ အချက်တွေကို အမှန်အတိုင်း မရေးနိုင်တော့ မဖြေလိုတဲ့အတွက် ဖြုတ်ထားပါတယ်။ အမှန်တကယ် ရေးနိုင်တာ ကိုလည်းဖြည့်စွက် ရေးလိုက်ပါတယ်။

အမှားပြင်ဆင်ချက်။ ။ စာဖတ်သူ မငယ်နိုင်ရဲ့ အမှားထောက်ပြမှု့ ကြောင့် ကျမရဲ့ စာသားတချို့ ဟာ ဆိုလိုချင်တာနဲ့ လွဲသွားရတာ သတိထားမိ ပါတယ်။ အမှားပြင်ဆင်ချက်ကို ထည့်သွင်း ရေးသားထားပါတယ်။ ကျမရဲ့ စာရေးသား ဖေါ်ပြမှု့ အားနည်းလို့ အဓိပါယ် ရောထွေးသွားခြင်းဖြစ်ပါတယ်။

ကျမ ဘလော့ရခြင်းရည်ရွယ်ချက်က - မိသားစုနဲ့ ဝေးတဲ့ အချိန်မှာ မမြင်ရတဲ့ မောင်နှမတွေနဲ့  မိတ်ဆွေတွေ ဆီကို ပြောချင်တာတွေ ရင်ဖွင့်မယ်၊ ဆွေးနွေးတိုင်ပင်မယ်၊ အကြံဥာဏ် တောင်းမယ်၊ အကူညီပေးမယ်။ ရိုးသားတဲ့ မိတ်ဆွေ မောင်နှမတွေ လိုချင်တယ်။ ဒါ့ကြောင့် ညီမလေး က သိပ်သိချင်တယ် ဆိုလို့ ရေးပေး ရတာပါ။ ကျမရဲ့ ကိုယ်ရေးကိုယ်တာ တချို့ ကို ပြောပြထားတာမိုလို့  အမှန်တကယ် ရင်ထဲက အူလှိုက် သဲလှိုက် ရေးပြထားတာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ကလောင်နာမည် - ကျမရဲ့ ဘလော့ကလေး စတင်တုန်းက ဆောင်းဆိုတာ Saung လို့ ဖွင့်တော့ ယူထားပြီးသူရှိနေလို့ Saund လို့ ရွေးလိုက်ပါတယ် Saund ဆိုတာ စာလုံးအရည်အတွက် နည်းလို့  ဂျီမေးမှာ ဖွင့်မရပြန်တော့ Oo ဆိုတာ ထပ်ထဲ့လိုက်ပါတယ်။ ဆောင်းလို့ ရွေးရခြင်းက ကျမရဲ့ မွေးလ ရာသီပါ။ အဟင်း.. ဆောင်းဦးမှာ မွေးတာ မဟုတ်ဘူး။ ဆောင်းလယ်မှာ မွေးတာပါရှင်။ နောက်တချက်က အဲဒီအချိန်ယူကေမှာ နွေလည်ကြီး နှင်းကျတာရယ်၊ ကိုယ့်နိုင်ငံအတွက် ရော ကိုယ့်အတွက်ရော စိတ်ညစ်နေတာ ရယ်ကြောင့် အေးချမ်းစေလိုလို့  ဆောင်းလို့  ရွေးတာ ဖြစ်ပါတယ်။

အပို နံမည် - ဒေါ်ကြီး၊ ဒေါ်လေး၊ အန်တီ၊ တီတီ၊ ဒွေးလေး၊ မမ၊ မ၊ မွ၊ မွမွ... ကျမ အသက် ခပ်ငယ်ငယ် လောက်မှာ တူလေး ရထားတော့ အလယ်တန်းလောက် ကထဲ အန်တီ ခေါ်ခံရပြီးသား။ တက္ကသိုလ်မှာလည်း သူငယ်ချင်း အချင်းချင်းလည်း အန်တီလို့ ခေါ်ကြပြောကြတယ်။ နောက်ပိုင်း မိတ်ဆွေ၊ သူငယ်ချင်း အသစ် တွေ့ လို့ ကျမထက် ငယ်ပြီဆိုရင် အန်တီ ခေါ်ခိုင်းတာဘဲ အဟင်း။

ခုတော့လေ အသွင်တမျိုးတိုးလို့  ကြီးတော် တဲ့တော် (ဟင်း... ကျူပ်ကိုများ. တကထဲ..။)

ကိုယ်ဒီမှာနေတယ် - ယူကေ နိုင်ငံရဲ့ ဆာရေ နယ်ထဲက ဒုစရိုက် မရှိသလောက် နည်းတဲ့ အေးချမ်းတဲ့ မြို့ သေးသေးလေးမှာ နေပါတယ်။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် သို့ မဟုတ် ဆက်သွယ်ချင်ရင် -
saundoo@gmail.com ကျမအနေနဲ့  စာရေးတာ မိတ်ဆွေလိုချင်လို့ ပါ။ စာရေးရတာ ကိုယ်ရဲ့ အချိန် ၅နာရီအနည်းဆုံး ပေးထားရတော့ ကျန်တဲ့ အချိန်ကို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအတွက်ဘဲ သုံးချင်ပါတယ်။ အွန်လိုင်းမှာ တက်လို့  တွေ့ ပြီးနှတ်ဆက်ရင်တောင် လိုတိုရှင်း သာ ပြောပါတယ်။ သူလည်း မအား ကိုယ်လည်း မအားဆိုတော့ မလိုဘဲ အချိန် မကုန် စေချင်ဘူး။ မလိုဘဲ စကားမပြောချင်ဘူး။ အရေးကြီး မှသာ သူငယ်ချင်းတွေ ဖုံးဆက်ကြလေ့ရှိပါတယ်။ ဒါ့ကြောင့် ဖုံးနံပါတ်ကို အလုပ်လျောက်တဲ့ အချိန်မှာဘဲ သုံးပါတယ်။

အရောင်ဆိုရင် - သတ်မှတ်ချက်သီးသန့် မရှိဘူး ဘာ့ကြောင့်လဲဆိုတော့ င်္အကျီရောင်စုံထည်လဲ ၀တ်ချင်လို့ ။ ဘလော့မှာတော့ သေးငယ်တဲ့ မော်နီတာ မျက်နှာပြင်မှာ စာလုံးသေးသေးရေးရတော့ နောက်ခံမှောင်ရင် ဖတ်ရတာ မျက်စိညောင်းလှပါတယ်။ ဒါကြောင့် သူငယ်ချင်းရွေးပေးတဲ့ အဖြူရောင်များလှတဲ့ အခု လက်ရှိ ပန်းရောင် ဖျော့ဖျော့နောက်ခံ ကို ဘဲ မပြောင်းမလဲ နှစ်ခြိုက်စွာ သုံးနေပါတယ်ရှင်။

အ၀တ်အစားဆိုရင် - ရှေးရိုးသမားပီပီ လုံလုံခြုံခြုံ အ၀တ်အစားဘဲ ၀တ်ပါတယ်။

အစားအစာဆိုရင် -
သတိထားမိသလောက် အနောက်နိုင်ငံအစားအစာ ကို တစ်နပ်၊ တစ်ခါ ထက်ပိုပြီး ဆက်တိုက် စားလို့ မရဘူး။ အာရှအစားအစာဘဲ ခံတွင်းတွေ့ ပါတယ်ရှင့်။

သီချင်းဆိုရင် - အသံမကောင်းတော့ သီချင်းမဆိုဘူး နားပဲထောင်တယ်။ အေးအေးငြိမ့်ငြိမ့်သီချင်းဘဲ ကြိုက်တယ်။ ထူးအိမ်သင်ရဲ့ အမေ့အိမ်ပေါ့။ (ကျမကို သီချင်းဆိုပြချင်ရင် saundoo@gmail.comကို အက်ပြီး သီချင်းဆို ပြနိုင်ပါတယ်။)

စာရေးဆရာ ကာတွန်းဆရာ စာအုပ် - ဖတ်ဘူးတာ နဲတော့ ပြောစရာ သိပ်မရှိပါဘူး။ ၀တ္တုထဲမှာ သိပံ္ပမှုးတင်၊ ဗိုလ်တာရာ၊ မန်းတင်၊ မစန္ဒာ၊ တက္ကသိုလ်ဘုန်းနိုင်၊ ဘာသာပြန် မြသန်းတင့်၊ ဟာသ-ကြပ်ကလေး။ ကာတွန်းထဲက ဦးဝင်းမောင် (ကိုကိုမောင်ကာတွန်း)၊ တင်အောင်နီ (ပြာလောင်)၊ မင်းသိုက်ရဲ့ (သိုင်းမယ်၇ယောက်)၊ ပန်းချီ (အမည်မမှတ်မိ) (လူဝင်စားလား အိမ်မက်လား)၊ သမိန်ပေါသွပ်။ ကဗျာထဲက တော့ ဦးပေါ်ဦး၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ တင်မိုး စသဖြင့်ကာရန်နဲ့ ရေးတဲ့ ရှေးဟောင်း စာပေသမားကြီး တွေပါ။ကျမက ကာရန် လှလှ ကဗျာလေးများ ကို မြတ်နိုး ပါတယ်ရှင့် ။ အခုတော့ ၀တ္တုစာအုပ် ကာတွန်းစာအုပ် ၀ယ်မဖတ်နိုင်လို့  ငှားရင်လည်း ကျောင်းဖတ် စာအုပ်ဘဲ ငှားလို့  ရနိုင်လို့ ၊ ဖတ်ရင် အင်္ဂလိပ်မှ မြန်မာ ဒစ်ရှင်နယ်ရီသုံးနေရလို့  အွန်လိုင်းပေါ်က သတင်းစာဘဲ ဖတ်ပါတယ်။

အကြိုက်ဆုံးကတော့ ကာတွန်းပေါ့နော်။

ကိုယ့်ရဲ့ဝါသနာ -
လောလောဆယ် သစ်ပင်ပျိုးတာပေါ့။ မြေကြီးဝယ် သစ်စေ့ဝယ်ပြီး မစိုက်ဖြစ်တာ၊ စိုက်လို့  အပင်မထွက် မအောင်မြင်တာ တွေချည့်ဘဲ။ (ကြွားတာ သိလား။) ဒါလည်း မမှတ်ဘူး သစ်စေ့လေးတွေ ၀ယ်တုန်းဘဲ။ မြေကြီးဝယ်ရတာလည်း ငွေကုန်လှပြီ။ကိုယ်မစားဖြစ်တဲ့ ဟင်းသီးသစ်စေ့တွေ ကြာတော့ အညှောင့် ထွက်လာတာနဲ့  မြေကြီးထဲ ထဲ့လိုက်တာလေ။ အပင်ပေါက်ပြီး ရှင်နေလေရဲ့။

အလိုချင်ဆုံးလက်ဆောင် - ပစ္စည်း လက်ဆောင်ဆိုတာတော့ လူတိုင်း လိုချင်တာပေါ့။ ဒါပေမဲ့ မမျှော်လင့်ချင်ဘူး။ မျှော်လင့်တာက ရိုးသားတဲ့ မကောက်ကျစ်တဲ့ မလှည့်ဖြားတဲ့ အေးမြတဲ့ ခင်မင်မှု မေတ္တာပါရှင်။

ကျမတို့  ခပ်ငယ်ငယ်က မောင်နှမ များလို့  ငွေကြပ်တည်းတဲ့ အချိန်မှာ ပညာနဲ့ ကျောင်းစရိတ်ကိုသာ သုံးပြီး ကျန်တာ ချွေတာခဲ့ရပါတယ်။ အဲဒီတုန်းက ချမ်းသာတဲ့ သူငယ်ချင်းတွေ မွေးနေ့ လုပ်ရင် ပေးရတဲ့ မွေးနေ့  လက်ဆောင်ဟာ ကျမရဲ့ ကျောင်းလခ ၂လစရိတ် ရှိတယ်လေ။ ဒါ့ကြောင့် သူငယ်ချင်းတွေ မွေးနေ့  လုပ်ရင် စိတ်ညစ်တယ်။ နောက်ပိုင်းမှာ တွဲဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေကတော့ လက်ဆောင်မပါတဲ့ မွေးနေ့ ကို ကျင်းပ ကြတယ်။ ကိုယ်ကျွေးပြီး ပြီးရောဘဲ ဇယားမရှုပ်ဘူး။ လက်ဆောင်ရွေး ရတာ ခေါင်းစားတယ်။ ကိုယ့်မွေးနေ့  မှာလည်း လက်ဆောင်မပေးဖို့ ပြောရတယ်။ သူတို့ ပေးတာ ကိုယ့်အတွက် အသုံးမလိုတော့ နေရာရှုပ်တယ်။ တကယ်လို့ ပေးရင်လည်း ကိုယ်ဘာလိုချင်တယ် ဆိုတာ ပြောတယ်။ တတ်နိုင်ရင်ပေး မတတ်နိုင်ရင် ကိုယ်လဲ ငွေအနည်းငယ်ထဲ့ ၀ယ်တယ်။ ဒါမှ လက်တွေ့ ကျတယ် စိတ်ကူးမယဉ် အနုပညာ မဆန်ဘူးပေါ့ရှင်။ ဘာ့ကြောင့်လည်း ဆိုတော့ သူငယ်ချင်းတွေ ပေးချင်တာက ကိုယ်မကြိုက်တာ အသုံးမ၀င်တာဖြစ်မယ်ဆိုရင် လက်ဆောင် မရတာ ကပိုကောင်းတာပေါ့နော်။

ကိုယ့်ရဲ့အချစ်ဆုံးသူက - မေမေ
(ဒါနဲ့  ဘလော့ဂါတချို့ က ရင်ဖွင့်ထားတာ ဖတ်ရတော့ စိတ်မကောင်းဘူး။ အဆင့် ၁ မရခဲ့ရင် သို့ မဟုတ် အမှတ် ၁၀၀ မပြည့်ရင် အရိုက်ခံရတယ်ဆိုတာ....။ ကျမ ကို မေမေ တခါမှ မရိုက်ဘူးဘူး။ အဖေ က လက်တောင် မရွယ်ဘူးဘူး။ အော်တော့ အော်တယ်။ မေမေက သမီးကို မဆူရ မဟောက်ရ မရိုက်ရ ဆိုပြီး အဖေ့ကို ရန်တွေ့ တာ။)

ကိုယ့်ရဲ့အလေးစားဆုံးသူက - လူတိုင်းမှာ အပြစ်အနာအဆာရှိပါတယ်။ ဗုဒ္ဓတောင် အမှား မကင်းခဲ့ပါဘူး။ ဒါကြောင့် လူတိုင်းဟာ လေးစားလောက်တဲ့အကြောင်း ရှိပေမယ့် တဘက်မှာ ချို့ ယွင်းချက်တွေလည်း ရှိမှာဘဲ။ ယေဘူယျအားဖြင့် လေးစားထိုက်သူကို လေးစားပါတယ်။ ကိုယ်ကကျူး ကိုယ့်ဒူးတောင် ယုံရတာမှ မဟုတ်တာ။ အမှားတွေ့ ခဲ့ရင် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါတယ်။ ကိုယ် ကိုယ်တိုင်လဲ အမှားလုပ်နေလို့  ကိုယ်လေးစားတဲ့ အထဲမှာ ကိုယ်ကိုယ်တိုင် မပါတာ သေချာတယ်။

အမှားပြင်ဆင်ချက်။ ။ ကျမဆိုလိုတဲ့ စာသား နဲနဲ ရောသွားပါတယ်။ ဗုဒတောင် ဘုရားမဖြစ်ခင် ဘ၀တွေမှာ အမှားကျူးလွန်ခဲ့ကြဘူးပါတယ်။



ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက -
မေမေ

ကိုယ့်ရဲ့အမုန်းဆုံးသူက - မမုန်းတတ်ဘူး စိတ်ဆိုးတတ်ပေမဲ့ ကြာကြာစိတ်မဆိုးတတ်ဘူး။ စိတ်ဆိုးပြေရင် စိတ်ဆိုးရတဲ့ အကြောင်းတွေ မေ့လိုက်တာကြောင့် ဘယ်သူ့ ကို မုန်းရမှန်းတောင် မသိတော့ဘူး။

ရင်အခုန်ဆုံးအချိန် -
အိမ်မက်ထဲမှာ စာမရသေးဘဲ စာမေးပွဲဖြေရတဲ့ အချိန် နဲ့  မန်နေဂျာက လာတွေ့  ပါလို့  ပြောတဲ့ အချိန်။

အကြောက်ဆုံးအချိန် - အကြောက်ဆုံးအချိန်တွေ ဖြတ်ကျော်ခဲ့ရဘူးပါတယ်။ မအောင်မြင်တဲ့ သေခြင်း တရား ကိုလည်း ရင်ဆိုင်ခဲ့ဘူးပါတယ်။ မေ့မျောခဲ့တယ်ဘဲ ပြောပြော သေရင် ဘယ်လို ဖြစ်မယ် ဘယ်လို တွေ့ ကြုံရမယ် ဆိုတာ သိခဲ့ဘူးပါတယ် ဒါ့ကြောင့် ဘာကိုမှ မကြောက်ပါဘူး။ ကံတရားအတိုင်းပါဘဲရှင်လို့  လက်ခံထား ပါတယ်။ မမြင်ရတဲ့ ၀ိညာဉ်လောကနဲ့  စိတ်ခြောက်ခြားစရာ အရာများ ကိုတော့ မတွေ့ ချင်လို့ ၊ တွေ့ ရင် ကြောက်မိမှာစိုးလို့  မမြင်ရပါစေနဲ့ လို့  စိတ်ထဲက ကြိုတင် တောင်းပန် ထားတတ်ပါတယ်။

အမှတ်တရနေ့  -
အမှတ်တရတွေ အများကြီးပါ။ တချို့ အမှတ်တရ နေ့ တွေကို ဘ၀တစိတ်တပိုင်းထဲက မေ့ဖျောက်နိုင်ဖို့ အားယူဆဲပါ။

အချစ်ဆိုတာ - ကိုယ်ကချစ်ရုံနဲ့ မပြီးပါဘူး ကိုယ့်ကို ချစ်ဖို့ ကလည်း လိုပါတယ်။ အရိုးသားဆုံး အသန့် ရှင်းဆုံး ဖြူစင်ပြီး တဦးကို တဦးနားလည် ရမယ် အပေးအယူမျှရမယ် လို့ လက်ခံပါတယ်။ ဘယ်လောက်ဘဲ ချစ်ကြ ပေမယ့် ဖူးစာမပါရင် လွဲရမှာပါဘဲ။ ဖူးစာပါရင်လည်း ပြေးမလွတ်ပါဘူး။

အမုန်းဆိုတာ - ရေစက်ပါလို့  မုန်းတဲ့သူကို တွေ့ ကြုံရခဲ့ရင်တောင် ရေစက်ကုန်လို့ အနေဝေး သွားရင် ခပ်မေ့မေ့ ဖြစ်ရော...

အလွမ်းဆိုတာ - လွမ်းတတ်ပါတယ်။ မလွမ်းတတ်အောင် ကြိုးစားနေဆဲပါ။ သြော်.. ဒါနဲ့  လွမ်းတယ် ဆိုတဲ့ စကားစုကို အမျိုးသမီး female တွေ အတွက်သာ သုံးပြီး၊ ဘယ်male ကိုမှ မသုံးတတ်ပါဘူး။ တစ်ယောက် သောသူ က လွဲရင် အဖေ၊ အကို ဦးလေးက အစ ဘယ်သူကိုမှ(male ) လွမ်းတယ်ဆိုတဲ့ စကား လုံးဝ လုံးဝ မသုံးတတ် ပါဘူး။

`လွမ်းတယ်` စကားလုံး မသုံးဘူး ဆိုတာနဲ့  ပတ်သက်လို့ ဘလော့ကာ male သူငယ်ချင်းတစ်ဦးက စိတ်ဆိုး မာန်ဆိုး နဲ့  ရန်တွေ့ တာ ကြုံလိုက်ရပါတယ်။ အတော့်ကို အံ့သြမိရပါတယ်။ သူတို့ သုံးနုန်းသလို အကိုကြီးက ညီမလေးကို လွမ်းတယ် တို့ ၊ ညီမလေး က အကိုကြီးကို လွမ်းတယ်တို့  စတဲ့ အသုံးအနုန်း ကို ကျမအနေနဲ့  မပြောနိုင် မသုံးနိုင် လို့  တဲ့ရှင်။

ဒါက ကျမရဲ့ စရိုက် ပင်ကိုယ် အပြုအမှု နဲ့  ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အရ ကျမ အဲဒီအသုံးအနုန်းကို လုံးဝ မသုံးတတ်တာ အမှန်တကယ်ပါ။

တကယ်လို့ များ ပထမဆုံးများ ဆိုတဲ့ တက် ကို အတက်ခံရရင် ပထမဆုံး ရန်အတွေ့ ခံရခြင်းလို့  ထဲ့ရေးနိုင်တဲ့ အတွေ့  အကြုံရှိသွားပါပြီ။

ထပ်ပြောရပါအုန်းမယ်။ ကျမထက် အသက်ကြီးတဲ့ အမျိုးသားမိတ်ဆွေ သူငယ်ချင်းတွေအပြင် ဆွေမျိုးတွေတောင်မှ နံမည်ရှေ့ မှာ `ကို၊ ဦး` တပ်ခေါ်တာ ကလွဲ လို့ `အကိုကြီး`ဆိုတဲ့ အသုံးအနုန်း ဘယ်တော့မှ မသုံးတတ်ပါကြောင်း ကျမကိုယ်တိုင်လည်း ညီမလေးက ဆိုပြီး အကိုတွေ အမျိုးသားဆွေမျိုးတွေ အမျိုးသားသူငယ်ချင်းတွေကို ဘယ်တော့မှ မသုံးတတ်ကြောင်း ထပ်လောင်း ပြောကြားလိုက်ပါတယ်။

ကျမရဲ့ ပင်ကိုယ်စရိုက်ကို ထိပါးခံရတဲ့ အတွက် အလွန်ကို စိတ်မကောင်းဖြစ် သွားရပါတယ်၊ နောက်ထပ် ဒီအဖြစ်မျိုး ထပ်မံ မကြုံပါရစေနဲ့ လို့ သာ မျှော်လင့်မိပါတယ်။

သံယောဇဉ်ဆိုတာ - မမြင်ရတဲ့ သံယောဇဉ်များတတ်တယ်။ ကျမသူငယ်ချင်းတချို့ ဆိုရင် ဖုံးထဲကတဆင့် ခင်နေတာ ၃-၄-၅နစ်ကျော်ပြီ သူတို့ က မနေနိုင်လို့  လာတွေ့ မှ မြင်ဘူးတာ။ အခုတော့ ဘလော့ရေးရင်း ကောက်ရတဲ့ ချစ်ညီမလေး စာစာရယ်၊ ပညာရှိကြီးရယ် နဲ့  တခြား မောင်နှမတွေရယ်ကို လျှပ်လှိုင်းကြားက သံယောဇဉ် ဖြစ်နေ ရတာပေါ့ရှင်။

သူငယ်ချင်းဆိုတာ - ရိုးသားမှ၊ တည်ကြည်မှ၊ ရှေ့ နောက်စကားညီမှ၊ အပေးအယူမျှမှ၊ အပြန်အလှန် ကူညီတတ်မှ သူငယ်ချင်းလို့ ခေါ်သင့်တာပေါ့နော်..

အများပြောတဲ့ ကိုယ့်ရဲ့ စတိုင်:
၁.
ပေါ့နော်..
၂.
နော်...
၃. သိလား...
၎. ဟင်... ရှင်...

၅. မတ်စေ့ပစ်ခဲ့တယ် တဲ့....
(ကိုယ်တိုင် သတိမထားမိပါဘူး သူတို့ ပြောမှ၊ သြော်... ဟုတ်ပါ့ ကိုယ်ဒီလို ပြောနေ တာကိုး လို့ သတိထားမိ တယ်)။


ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် -
၁. ခေါင်းမာတယ် (ကျမရဲ့ မမ ပြောပြောနေ တာကတော့ အချိုးမပြေဘူး ထော်လော်ကန့် လန့် ဆိုဘဲ။)
၂.
သူများပြောတိုင်း မယုံတတ်ဘူး။ ကိုယ်တိုင် လေ့လာစုံစမ်း ပြီးမှ ယုံတတ်ပါတယ်။ (ဟင်းချက်နည်းပေါ့။)
. အခုတမျိုး တော်ကြာတမျိုးပြောတာ မကြိုက်ဘူး။
၎. ယဉ်ကျေးတဲ့ စကားသာ ကြားချင်တယ်။

အပြောချင်ဆုံးစကား - ကိုယ်လည်း ကူညီမယ်။ ကိုယ့်ကိုလည်း ကူညီစေချင်တယ်။

ကဲ.... ထော်လော်ကန့် လန့် သမား မိုလို့ ကျမကို တက်မိတဲ့သူတွေ အတော်စိတ်ရှည်ရပါမယ်နော်။ စိတ်ပါလို့  ရေးချင်ရင်လည်း ရေးမယ်။ စိတ်မပါခဲ့လို့  မရေးရင်လည်း ခွင့်လွှတ်ရမယ် နော် ဟင်းဟင်း... (ရေးနိုင်အောင် ကြိုးစားရေးပါမယ်နော်။)

ညီမလေး နှင်း ကျေနပ်ပါစေ။

ဆောင်း
၈ စက်တင်ဘာ ၂၀၀၈
(ဒီပို့ စ်ကို ညီမလေးနှင်း လာပြောကထဲက ရေးထားတာနော်.. သိလား။)
30/09/08

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.