Thursday, December 4, 2008

[မိုးချိုသင်း မှတ်တမ်း] 1 New Entry: မော်တော်ကား နဲ့ ကိုယ်

မော်တော်ကား နဲ့ ကိုယ်

ပြီးခဲ့တဲ့ အပတ်က ကိုယ်တို့အလုပ်က နေရာပြောင်းတော့ ကံကြမ္မာက မျက်နှာသာပေးတယ် ဆိုရမယ်၊ ကိုယ်တို့အိမ်နားကို ရုံးက ရွှေ့လာတယ်။ အရင်ကဆိုရင် အလုပ်က မိုင် ၂၀လောက် ဝေးတာမို့ ဖရီးဝေး မကြပ်ရင် နာရီဝက်၊ ဖရီးဝေး ကြပ်ရင် ၄၅မိနစ်တော့ အသာလေး မောင်းရပါတယ်။ အသွားအပြန်ဆိုတော့ လမ်းမှာ ၁နာရီခွဲလောက်ကုန်နေတဲ့ သဘောပေါ့။

ကယ်လီဖိုးနီးယားမှာ မိုင် ၂၀ ဆိုတာ သိပ်မဝေးဘူး၊ နီးပါတယ် လို့ ဆိုရမလိုလို။ အယ်လ်အေက ကျယ်လွန်း ကြီးလွန်းလို့ နာရီဝက်မောင်းသွားရတဲ့ နေရာဆိုရင် နီးသေးတယ် ပြောရမလို ဖြစ်နေတယ်။ ကားမောင်းတတ်မှ၊ ကားရှိမှ ခြေလက် ရှိသလိုပဲ။ ကားမမောင်းရင် သူများကို မှီခိုနေရလို့ သိပ်အဆင်မပြေတတ်ဘူး။

အခု ရုံးက နီးလာပြီဆိုတော့ ဖရီးဝေးလဲ မောင်းစရာမလိုတော့ဘူး၊ မြို့တွင်းလမ်းကလေးကနေ ၅မိနစ်လောက် မောင်းသွားရင် ရုံးကို ရောက်ပြီ။ ၃မိုင်ပဲ ဝေးတယ်။ အဲဒီတော့ ရုံးကလူတွေက ကိုယ့်ကို ကျန်းမာရေးလဲ လိုက်စားဖြစ်အောင်၊ ၀ိတ်လဲ ချပြီးသားဖြစ်သွားအောင် ရုံးကို လမ်းလျှောက်လာပါလား လို့ဆိုကြတယ်။ သူကလဲ ကောင်းသားပဲ တဲ့။ ကိုယ်ကတော့ ဒါမျိုးတွေ မကြားချင်လို့ ဟိုငေး ဒီငေး လုပ်နေရတယ်။

အဲဒီတော့ အခု တနလာင်္နေ့က စ လို့ ဟိုဖက်ရုံးမှာ လက်စသပ်ပြီး ဒီဖက်ရုံးကို စ တက်ရပြီ။ ဒီတော့ ကိုယ်လဲ ကိုယ့်ကို လမ်းလျှောက်တက်ခိုင်းမှာစိုးလို့ ကားကို ကိုယ်မောင်းပါ့မယ်ဆိုပြီး အကြံနဲ့ တာဝန်ယူလိုက်ရတယ်။ မောင်းတဲ့လူက ဘယ်လမ်းဆင်းလျှောက်လို့ ဖြစ်ပါ့မလဲ၊ ဘေးက ထိုင်လိုက်တဲ့သူသာ လျှောက်ချင် လျှောက်ပေါ့၊ ဟုတ်ဖူးလား။

ကိုယ်တို့ နှစ်ယောက်က တရုံးတည်းဆိုတော့ ကားတစီးတည်းသွားနေကျမှာ မိုင် ၂၀ မောင်းရတုန်းကတော့ သူ့ကို ဦးစားပေးပြီး ၃မိုင်ကျတော့ ကိုယ်က တလှည့် ပြန်မောင်းပေးရတဲ့ သဘောပါပဲ။ သူတလှည့် ကိုယ်တလှည့်ဆိုတော့ မျှမျှတတ လဲ ဖြစ်တာပေါ့။ ဒါပေမဲ့ အဲဒီ ၃မိုင်ကိုပဲ ကိုယ်က မိုင် ၃၀ လောက် ထင်သွားရတယ်လေ။

ဘာဖြစ်လို့လဲဆိုတော့ ဆရာသမားက ဘေးကနေ ငြိမ်ငြိမ် မလိုက်ဘဲ ကိုယ့်ကို ဆုံးမ သြ၀ါဒ ပေးနေတာမို့ပါ။ တကယ်က ကိုယ်လဲ ဂွေမကိုင်တာ ကြာပါပြီ။ အခုသာ လမ်းလျှောက်ခိုင်းမှာ စိုးလို့ မကိုင်မဖြစ်ကိုင်ရရှာတာပါ။

"ရှေ့မှာ မီးပွိုင့်က နီနေတယ်လေ၊ ဘာဖြစ်လို့ လီဗာ အရှိန်လျှော့မှပေါ့"
"ရှေ့ကျရင် ဘယ်ကို ကွေ့ရမှာနော်၊ ဟော.. ပြောရင်းဆိုရင်း ညာကွေ့လိုက်ပြီ။ ဘယ် ကို ကွေ့ရမှာလေ ချိုသင်း"
"ဟာ.. ကားမောင်းနေတာ concentrate မလုပ်ပါလား၊ မောင်းရင်း ဟိုဖက်လိုင်းကို ကျော်နေပြီ၊ ဘေးကကားနဲ့ တိုက်တော့မယ်"

ကိုယ်လဲ ၃မိနစ်ပဲ မောင်းရပေလို့ပဲ။ ချွေး ၃ ပိဿာလောက် ထွက်သွားတယ်။ ဒါကြောင့် ကားမောင်းသင်ရင် ကိုယ့်ယောကျာင်္းနဲ့ ဘယ်တော့မှ ကားမောင်းမသင်နဲ့လို့ ဆိုကြတာပါ။

ကိုယ်လဲ ရန်ကုန်မှာ ကားမောင်းသင်တုန်းက သူနဲ့ လုံးလုံး မသင်ခဲ့ပါဘူး။ သင်တန်းတက်တယ်၊ အိမ်က ကားမောင်းတဲ့ သော်ဇင်ဆိုတဲ့ ကောင်လေးနဲ့ သင်တယ်။ သူတို့က တစိမ်းတွေမို့ စိတ်ရှည်ကြတယ်။ ဒါပေမဲ့ ကိုယ်မောင်းလို့ ဘေးကနေ ထိုင်လိုက်ရင် ယောင်ယောင်ပြီး ဘရိတ်တွေ အုပ်ရလွန်းလို့ ကားပေါ်ကလဲ ဆင်းရော သော်ဇင်ခမျာ ပေါင်ကြီးတန်းပြီး နာနေရော။

ဒါနဲ့ ကားမောင်းတတ်ရော ဆိုပါတော့။ အဲဒီအချိန်က သူက ရန်ကုန်မှာ မရှိတော့ ဟန်ကိုကျလို့။ ဆူမဲ့လူ၊ ပြောမဲ့လူ မရှိ။ မှားသွားလို့ တိုက်မိမလို ဖြစ်သွားလဲ သွားလေးဖြဲ၊ လက်ကလေးပြ ကိုယ်က ဦးအောင် တောင်းပန်လိုက်တာပဲ။ ဟိုဖက်လူကလဲ ရီပြနေတဲ့လူကိုတော့ ကြာကြာ ဘယ်စိတ်ဆိုးမလဲ။ အေးဆေးပဲ။

ရန်ကုန်မှာ တခါ ကားတိုက်ဖူးတယ်။ ဈေးသွားရင်း ရန်ကင်းစင်တာမှာပါ။ ကိုယ်က ကားကို ပါကင်ကနေ နောက်ဆုတ်နေတာ အတည့်လာနေတဲ့ကားနဲ့ သွားခြစ်မိတာပါ။ သူကလဲ ကိုယ်နောက်ဆုတ်နေတာကို မမြင်တာလားမသိ၊ ကိုယ်ကတော့ သူ့ကို မမြင်တာ သေချာတယ်။ ဒါနဲ့ သူမှားတယ်၊ ကိုယ်မှားတယ် ဖြစ်တော့ ပုလိပ်ကလဲ ညှိလိုက်ပါ တဲ့။ ဒါနဲ့ ကိုယ်လဲ ညှိလိုက်တယ်လေ။ သူ့ကားကို ကိုယ်ပြင်ပေးမယ်၊ ကိုယ့်ကားကို သူပြင်ပေး၊ ကြေပြီပေါ့ လို့။

စာရင်းချုပ်လိုက်တော့ သူ့ကားပြင်ခ က ၁သောင်း ၁ထောင် ကျပြီး ကိုယ့်ကားပြင်ခက ၃ထောင် ပဲ ကျတာပါ။ ကိုယ်က ၇ထောင် စိုက်ပေးလိုက်ရတာပါ။ အဲဒါကို ကိုယ့်အမျိုးသားက နားထောင်ပြီး "ဟိုလူက မှားပြီး ချိုသင်းက ဘယ့်နှယ် ၇ထောင် ထွက်သွားတာလဲ" တဲ့။ ကိုယ်ကလဲ ရှင်းပြပါတယ်။ ဟုတ်တယ်လေ၊ ချိုသင်းက ကြေအောင် လုပ်လိုက်တာ၊ သူ့ကား ကိုယ်ပြင်၊ ကိုယ့်ကား သူပြင် ဆိုပြီးတော့.....လို့။

ဒါနဲ့ အမေရိကားရောက်တော့ လိုင်စင်ဆိုတာကြီး ထပ်ဖြေရမယ် ဖြစ်ပြန်ရော။ အဲဒီတော့ လမ်းစည်းကမ်းတွေ သေချာသိအောင် တဲ့၊ စာအုပ်ကြီး သူက ဖတ်ခိုင်းတယ်။ ကိုယ့်မှာ လမ်းစည်းကမ်းမို့ မှားမှာစိုးလို့ ကြောက်ပြီး Dictionary နဲ့ တောင် ဖတ်ရတာ။ သူများတွေလို မေးခွန်းဟောင်းလေးတွေ ကြည့်ပြီး သွားဖြေရတာ မဟုတ်ဘူး။ စာအုပ်ကြီး အတိုင်းပေါ့။

ရေးဖြေအောင်လို့ ကားမောင်းဖြေတဲ့နေ့ကတော့ စစ်တဲ့လူက ကိုယ့်ဘေးကနေ ထိုင်လိုက်ပြီး ဘေးကနေ ဘယ်ကွေ့၊ ညာကွေ့၊ ဟိုနားရပ်၊ ဒီလမ်းထဲသွား စသဖြင့်ပေါ့ ပြောလာတယ်။ ကိုယ်ကလဲ အကုန် ရတယ်။ နောက်ဆုံးပြီးပြီလဲ ဆိုရော ပါကင်မှာ ရပ်ရတယ်။ ဒါနဲ့ examiner က အမှတ်လေးတွေ ခြစ်ပြီး ကိုယ့်ကို အအောင်ပေးတော့မှာ။

သူက လိုအပ်တာလေးတွေ ပြောရင်း ကိုယ့်ခြေထောက်ကို ကြည့်လိုက်တော့ သူအံ့သြသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဖိနပ် မပါဘဲ မောင်းနေတာကိုး။ မင်း ဖိနပ်ရော တဲ့၊ သူက မေးတယ်။ ကိုယ်ကလဲ ရှိတယ်လေ၊ ဒီမှာ ဆိုပြီး ကားခုံအောက်က ဖိနပ်ကလေးကို ခြေထောက်လေးနဲ့ ကော်ပြီး လှိမ့်ထုတ်လိုက်တယ်။

အဲဒီအချိန်မှာ သွားတာပါပဲ။ ဟာ..ဒါ အန္တရာယ် သိပ်များတယ်၊ ဘရိတ်အုပ်လို့ ဖိနပ်က လိမ့်လာရင် ခြေနင်းနားရောက်ပြီး တကယ် ဘရိတ်အုပ်ရမဲ့အချိန်ကျရင် ရှုပ်ကုန်မယ် ဆိုပြီး စာမေးပွဲ ချလိုကတာပဲ။ ကိုယ့်မှာ ရီရခက် ငိုရခက်။ ရန်ကုန်မှာကတည်းက ကိုယ်က ဖိနပ်ချွတ်ပြီးပဲ မောင်းနေတာ၊ အားရလို့။ ကုန်ကားဒရိုင်ဗာကြီးတွေ ပူလွန်းလို့ ဖိနပ်ချွတ်မောင်းသလိုလေ။ ဒီလိုနဲ့ နောက်တခေါက်မှ အောင်ပါတော့တယ်။

ဒီမှာတော့ ကိုယ်က ကားသိပ်မမောင်းတော့ဘူး။ လမ်းမသိတာရော၊ မျက်စိ သိပ်မမြင်ချင်တော့တာရော ကြောင့်ပါ။ သူငယ်ချင်းတွေနဲ့ သွားရင်တော့ ဘေးကနေ ဟိုကွေ့ ဒီကွေ့ ဆိုပြီး မောင်းတဲ့ လူကို လမ်းညွှန်ပါတယ်။ သူတို့မောင်းရင် ကိုယ်က စတိုင်နဲ့ ဘေးကနေ သူငယ်ချင်းတွေဆီ ဖုန်းနဲ့ပွားရင်း လမ်းပြ တာပါ။

တခါကလဲ "ညီမရေ ညာကွေ့ ညာကွေ့" ဆိုပြီး ဖုန်းပြောရင်းတဖက် အတင်းကွေ့ခိုင်းတာ one way လမ်းကြီး ဖြစ်နေလို့ ဟိုက် သောက်ပလုတ်တုပ် ဖြစ်ရသေး။ တခါကလဲ ကားရပ်နေလို့ ဆက်သွားလေ ဆက်သွား လို့ ပြောမိလို့ မီးနီနေတယ်လေ အမ တဲ့။ မီးနီကြီး အတင်း ဖြတ်ခိုင်းနေတာနော်။ ဖရီးဝေး အ၀င်ကိုလဲ လမ်းထင်ပြီး ကွေ့ခိုင်းပြီးမှ ဖရီးဝေးကြီး ဖြစ်နေလို့ ကွေ့ပါဟ မြန်မြန်ပြန်ကွေ့ပါဟ လို့ အော်ရသေးတယ်။

ဆိုတော့ ကိုယ်လဲ confidence ပျောက်သလိုတောင် ဖြစ်နေပြီ။ တကယ်တော့ ကိုယ့်မှာ ကားမောင်းရင်း တလွဲဖြစ်ရတဲ့ ဇာတ်လမ်းတွေ ရှိသေးတယ်။ ဒါပေမဲ့ အိမ်ကလူကြီး ဖတ်ပြီး လမ်းလျှောက်ခိုင်းနေမှာစိုးလို့ တိတ်တိတ်ပဲ နေတာ ကောင်းမယ်ထင်ပါရဲ့။ နို့မို့ဆို ရုံးကို ဖတ်သီဖတ်သီ ပြေးသွားနေရပါအုံးမယ်လေ။

မိုးချိုသင်း

You received this email because you are subscribed to the real_time feed for http://moechothin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.