Thursday, December 4, 2008

[လေနုအေး] 1 New Entry: သားအကြောင်း ဟိုတစ ဒီတစ

သားအကြောင်း ဟိုတစ ဒီတစ

ပထမဆုံး ကျွန်မ ပို့ စ်အတင်ကျဲနေတာနဲ့  အိမ်လည်မလာနိုင်တာကို တောင်းပန်ပါရစေ…။ လွမ်းတာအရမ်းပါပဲ…။ အထူးသဖြင့် လည်နေကျအိမ်လေးတွေ မလည်နိုင်တာကိုပေါ့။ အသစ်ကလေးတွေ ဖတ်ချင်လိုက်တာ…။ ကျွန်မ ပျောက်နေရတဲ့ အကြောင်းက သားက ကျွန်မအချိန် တော်တော်များများကို သိမ်းပိုက်ထားလို့ ပါ။ သားကို အရင်က ၃ နာရီကျောင်းကနေ တနေကုန်ကျောင်းကို ပြောင်းတဲ့ကာလ မို့ ပါ။ ကျောင်းကလဲ ကျွန်မရုံးထဲမှာဆိုတော့ ကျွန်မမှာ မနက်စာလဲ ဖြောင့်ဖြောင့် မစားရ၊ နေ့ လည်စာလဲ ဖြောင့်ဖြောင့် မစားရ၊ ခါတိုင်း နေ့ လည်အားချိန်လို ချစ်တဲ့ ဘလော့ဂါသူငယ်ချင်းတွေဆီလဲ မလည်ရ။ အတော်ကို စိတ်ပင်ပန်း လူပင်ပန်းပါပဲ။ ပိတ်ရက်ကျတော့လည်း ပြန်ခါနီးပြီမို့  shopping ထွက်ရတာနဲ့  အချိန်ကုန်။ ဟုတ်ကဲ့… ဆင်ခြေတွေ သိပ်များနေပြီလား မသိဘူးနော်။ ပို့ စ်အသစ်ရေးဖို့ က ခေါင်းထဲ ဘာမှ မထွက်ဘူး။ တွေးလိုက်သမျှ သားအကြောင်းပဲ ဖြစ်နေတော့တာ။ ဒီတော့ သားအကြောင်းလေးနဲ့  အင်ဂျင်ပြန်နှိုးပါရစေ(ချိုသင်းကို အားကျလို့ )။ ကိုယ်ရေးကိုယ်တာတွေ များနေရင် ခွင့်လွှတ်ပါနော်။ နောက်ပို့ စ်မှာ ကိုယ်ရေးကိုယ်တာ မရေးဖို့  ကတိပေးပါတယ်။

**********

သားနဲ့ ဂီတ

"မေမေ ဦးဦးRဇာနည် ဖွင့်ပါ"
"မေမေ ငါတော့ မေ့လို့ မရတော့ဘူး ကြည့်မယ်"
"မေမေ ဦးဦးစိုင်းစိုင်း နဲ့ ကမယ်"

အရင်က Barney… Hi5… Micky Mouse စတာတွေ ပူဆာတဲ့ သားက ခုတော့ အဲဒီလို အသစ်တွေ ပူဆာတတ်လာလို့  ကျွန်မ အံ့သြသွားပါတယ်။ သူ့ အဒေါ် ကျွန်မ၀မ်းကွဲညီမက သူကြိုက်တဲ့ သီချင်းခွေတွေကို သားနဲ့ အဖော်စပ်ရင်း ခုတော့ သားလဲ စွဲနေပြီပေါ့။ Rဇာနည် သီချင်းလိုက်ဆိုပြီး "အဆင်ပြေရင် လက်ခုပ်တီးပေးကြပါလား" ဆိုတဲ့ နေရာက အစလိုက်အော် အလွတ်ရနေတော့တာ။ ဖိုးချစ်နဲ့ သားစိုး ဆိုတဲ့ ရွှေအိုးစည် သီချင်းဆို "ဟေ့… ဖိုးချစ်ရေ… ဟေ့…သားစိုးလား" ကအစ "လှုပ်လို့ ရပြီ" အဆုံး အစအဆုံး တပုဒ်လုံးကို ဆိုလိုက် ကလိုက်နဲ့  အတော်ကို နှစ်ခြိုက်နေတာကြည့်ပြီး သားနဲ့ ကျွန်မကြားက ကွာဟမှုကို သတိသွားထားမိပါတယ်။ ကျွန်မက ဟစ်ဟော့ကို ခံစားလို့ မရ။ သားကတော့ စိုင်းစိုင်းမှ စိုင်းစိုင်း။ "ဘာလုပ်မှာလဲပြော… လာမရှုပ်ပါနဲ့ တော့" ဆိုတာများ စိုင်းစိုင်းလို ဆောင့်ဆောင့် အောင့်အောင့် တထေရာထဲ ဆိုနိုင်သည်။ ကျွန်မကြိုက်သည့် ခင်မောင်တိုး၊ ထူးအိမ်သင်၊ ဟေမာ ဖွင့်လျှင် သူက အန်တီဖြူဖြူဖွင့်ပါတဲ့။ အန်တီဖြူဖြူဆိုတာ ဖြူဖြူကျော်သိန်းကို သူက ချစ်စနိုးခေါ်တာပါ။ ကျွန်မက မြို့ မ ဖွင့်လျှင် သူက အိုး… ဒီဇင်ဘာဖွင့်ပါတဲ့။ တော်သေးရဲ့… ICကြိုက်တာတော့ နဲနဲညှိလို့ ရလို့ ။ ကျွန်မကမှ ခေတ်နဲ့ သိပ်အဆက်မပြတ်ချင်လို့  ဟစ်ဟော့အခွေတွေ ကြည့်ဖြစ်သေးတယ်။ သားအဖေကတော့ ဖွင့်တာနဲ့ နားဝင်ပီယံ မဖြစ်လို့  ဆို နှာခေါင်းရှံ့ တော့တာပဲ။ တယောက်မျက်နှာ တယောက်ကြည့်ရင်း သားကို မြန်မာဂီတကို ချစ်တတ်အောင် ဘယ်လိုသင်ရပါ့လို့  စဉ်းစားနေမိပါတယ်။ အင်း… သင်္ကြန်သီချင်း ခပ်မြူးမြူးတွေက စရမယ်ထင်ပါ့။ ဟိုတခေါက် မြန်မာပြည်ပြန်တော့ သားကို အိုးစည်လေး ၀ယ်ပေးပြီး ရင်းနှီးအောင် လုပ်ခဲ့သည်။ ဒီတခေါက်တော့ ၀ါးလက်ခုပ်လေး ၀ယ်ပေးမှလို့  စဉ်းစားထားမိတယ်။ အနည်းဆုံး စည်းလေး ၀ါးလေးက စနားလည်ရင် မဆိုးသေး။ တဖြေးဖြေး တဆင့်တက်လို့  ပတ္တလား၊ စောင်း ပေါ့။ သားလေး စိတ်မ၀င်စားရင် တွန်းလုပ်ဖို့  စိတ်မကူးတာကြောင့် သူ့ အလိုလို မြန်မာဂီတကို ချစ်တတ်လာပါစေလို့  ဆုတောင်းနေမိပါတယ်။

**********

သားနဲ့  စည်းကမ်း

ကျွန်မ သားကို တနေကုန်ကျောင်း ပို့ ဖြစ်တဲ့ အဓိက အကြောင်းရင်းက စည်းကမ်းနဲ့  နေစေချင်လို့ ပါ။ အိမ်မှာ အကုန် လိုတရနေတဲ့သားက စည်းကမ်းနဲ့  တဖြေးဖြေး ဝေးလာသလိုပါပဲ။ သူ့ အဒေါ်က သူ့ ကို ချစ်လွန်းလို့  အလိုလိုက်တော့ ရေကအစ သူများ ခွက်ကိုင်ပေးမှ သောက်တဲ့အထိ ငပျင်းလေး ဖြစ်လာပါတယ်။ မိဘတွေနဲ့  တွေ့ ရချိန်ကနဲတော့ ကျွန်မ စည်းကမ်းလုပ်လဲ အရာမထင်ဖြစ်နေပါတယ်။ အကျီင်္လဲ သူများဝတ်ပေးမှ၊ ဖိနပ်လဲ သူများစီးပေးမှ ဆိုတော့ သူများ အပေါ် မှီခိုလွန်းနေတဲ့ အကျင့်ကို ပြင်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး သနားနားနဲ့ ပဲ တနေကုန်ကျောင်းပို့ ဖို့  ဆုံးဖြတ်လိုက်ရတာပါ။

အိမ်မှာ တီဗွီကြည့်လိုက် ကစားစရာတွေ စိတ်ကြိုက် ကစားလိုက် ဘ၀ကနေ အချိန်မှန်စား၊ အချိန်မှန်အိပ်၊ ကိုယ်တိုင်ရေချိုး၊ ကိုယ်တိုင်စား ကိုယ့်အားကိုယ်ကိုး ရတဲ့ ဘ၀ကို ရုတ်ချည်း ပြောင်းသွားတော့ သူ အတော်လေးကို စိတ်ညစ်နေပါတယ်။ ဒါတောင် ကျောင်းက ရုံးမှာမို့  နေ့ လည်ဘက်တွေ ကျွန်မသွားကြည့်လို ရပါတယ်။ ကိုယ်အိပ်မယ့် မွှေ့ ယာကို ကိုယ်တိုင် သန့် ရှင်းရေးလုပ်၊ အိပ်ပြီးရင် ကိုယ်တိုင် ပြန်သိမ်း။ ကစားချိန်မှ ကစား။ အဲဒီလို နေရတာ စိတ်ကျဉ်းကျပ်ပြီး သူနေချင်သလို နေဖို့  ကြိုးစားတတ်သေးတယ်။ ညနေကျ ကျွန်မက သူ့ အဖေကို တနေ့ ဖြစ်တာတွေ ပြောနေတုန်း ငြိမ်နေတဲ့သူက ထပြောပါတယ်။ "ဒုက္ခရောက်နေတယ်" တဲ့။ သူစကားကြားပြီး ငိုအားထက် ရယ်အားသန် ကျွန်မတို့  ၂ယောက်လုံး ရယ်မိပါတယ်။

သူစိမ်းတွေကြားထဲ နေရတော့ အမေကို အနားမှာ နေစေချင်ပါတယ်။ ကျွန်မက မေမေအလုပ်လုပ်ရဦးမယ်၊ သားကျောင်းမှာ လိမ်လိမ်မာမာနေလို့  ပြောရင် မေမေအလုပ်လုပ်ဘူးလို့  ဂျီကျတတ်ပါတယ်။ ကျွန်မက မေမေအလုပ်လုပ်မှ သားကို အရုပ်တွေ အများကြီး ၀ယ်ပေးလို့ ရမှာ၊ သားစားချင်တဲ့ မုန့် တွေ ကျွေးလို့  ရမှာ ဆိုတော့ အရုပ်တွေလဲ မယူတော့ဘူး၊ မုန့် တွေလဲ မစားတော့ဘူးတဲ့။ ကျွန်မ မျက်ရည်ဝဲတဲ့ အထိ စိတ်မကောင်းဖြစ်ရ ပါတယ်။ ဟိုတနေ့ က သူ့ အဖေသွားကြိုတော့ မေမေပိုက်ဆံတွေ အများကြီးသွားရှာနေတာလို့  သူ့ အဖေကို ပြန်ရှင်းပြတယ်တဲ့။

သူ မြန်မြန် နေသားကျသွားဖို့  ဆုတောင်းမိပါတယ်။ စိတ်ဆင်းရဲနေတဲ့ မျက်နှာ၊ ငိုနေတဲ့ မျက်နှာကို မကြည့်ရက်ပေမယ့် စည်းကမ်းမဲ့၊ သူများပေါ် အမြဲအားကိုးနေရတဲ့ ကလေးမျိုးလေး မဖြစ်စေချင်လို့  ရင်နာနာနဲ့ ပဲ ဆက်လှုပ်ရှားနေရတာပါ။ ဒါကြောင့် သားရော ကျွန်မပါ စိတ်ရော လူပါ အတော် ပင်ပန်းနေပါတယ်။ ညရောက်ရင် သားအမိ၂ယောက် တုံးကနဲ အိပ်ပျော်သွားရော။ ခုတော့ မနက်ပို့ ရင် ခါတိုင်းလို ဂျီသိပ်မကျတော့ပါဘူး။ ဒီလိုနဲ့  တဖြေးဖြေး တိုးတက်လာမယ် ထင်ပါရဲ့။ အင်း… ဆွေတွေ မျိုးတွေ အဖိုးအဖွားတွေ ကြားထဲ ပြီးတော့ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်က ကျောင်းဆို သူ အဲဒီလောက် ခံစားရမှာ မဟုတ်ဘူးလို့  ထုံးစံအတိုင်း တွေးမိနေပါသေးတယ်။

**********
တန်ခူး
10:43 am 03-Nov-2008

You received this email because you are subscribed to the real_time feed for http://laynuaye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.