Thursday, December 4, 2008

[HAPPYCLOUD] 1 New Entry: ကမောက်ကမအတွေး

ကမောက်ကမအတွေး


လူဆိုတာ ခတ်တယ်ဗျို့။ တချို့ကိစ္စတွေမှာ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ ကိုယ်ခံလိုက်ရမှန်းတော့သိတယ်။ ဒါပေမယ့် အောင့်သီး အောင့်သက်ဖြစ်ရတဲ့ အဖြစ်ကလေးတွေ ဖြစ်တတ်တယ်ဗျ။
တနေ့ကဗျ ကျွန်တော့ရှေ့မှာ ဖြစ်သွားတဲ့အဖြစ်ကလေး ကြည့်ပြီး ကျွန်တော့စိတ်ထဲမှာ ပြုံးချင်ချင်ဖြစ်မိခဲ့တဲ့ အကြောင်းလေး ဖောက်သည်ချချင်လို့ဗျိုး။ ဒီလိုဗျ... ကျွန်တော်အလုပ်လုပ်နေတာ ဆောက်လုပ်ရေး ပရောဂျက် တစ်ခုရဲ့ သာမန်ဝန်ထမ်းလေးပါ။ ကျွန်တော်အောက်မှာ တံမြက်စည်းလှည်းတဲ့ အလုပ်သမားတွေတော့ ရှိတယ်ဗျ။ ကြုံတုန်း ကျွန်တော့် ရာထူးလေးကြွားတာနော်။
အဲ...siteထဲမှာ အလုပ်သမား ကုလားတွေတော့ရှိတာပေါ့ဗျာ။ အဲဒီလူတွေနှင့်ကိုယ်က မပတ်သက်ဘူးလေ။ အဲဒီနေ့က ကျွန်တော် အလုပ်လုပ်နေတဲ့ ရုံးခန်းကို security ကုလား(၁)ယောက်နှင့် အခြားကုလား(၃)ယောက် ပေါက်ချလာရော။ securityကိုရွှေကုလား ပုံစံကလည်း မာန်တင်းပြီး လွှားလွှား၊ လွှားလွှား၊ ရိုက်မယ်၊ ပုတ်မယ်၊ သတ်မယ်၊ ဖြတ်မယ်ဆိုတဲ့ ပုံစံမျိုး။ နောက်က ကုလား အလုပ်သမား (၃)ယောက် ခမျာမှာတော့ မျက်နှာငယ်လေးတွေနှင့်။ ကျွန်တော်လည်း ပုံစံကြည့်ပြီး Problem ပဲဟေ့... ဘာပြဿနာ လည်းသာမသိတာလို့ တွေးရင်း အသာကြည့်နေတယ်။
security ကုလားကလည်း အလုပ်သမား(၃)ယောက်ကို အခန်းရှေ့မှာ ရပ်စောင့်ခိုင်းထားလိုက်ရင်း HR ဌာနက မန်နေဂျာဆီ သွားတွေ့ပြီး အကျိုးအကြောင်းပြောတယ်။ အဲဒီမှာ HR လူကြီးကလည်း မျက်နှာ ရှုတင်းတင်းနှင့် လိုက်ချလာတော့တာပေါ့။ ကုလားတွေ အနားရောက်တော့ သူတို့ပြောနေတာ နားစွန်နားဖျား ကျွန်တော်ကြားလိုက်တာ ငါးမျှားတဲ့အမှုကိုဗျ။ ကုလား(၃)ယောက် ထဲက တစ်ယောက်လက်ထဲမှာလည်း ပစ္စည်းနှင့်အတူ လက်ပူးလက်ကြပ် မိထားပါတယ်။ လက်မသာသာလောက် ငါးလေးနှစ်ကောင်ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်လေးပါ။ HR လူကြီးလည်း အမှုစစ်တော့ စားစရာမရှိလို့ မျှားတာပါတဲ့။ (အော်... ဒါနဲ့ ကျွန်တော်အလုပ်လုပ်နေတဲ့ ပရောဂျက်က ပင်လယ်ကမ်းစပ်မှာပါ။) အဲဒီလိုပြောတော့ လူကြီးလည်း "Next time don't do" လို့ပြောပြီး အသာပြန်ထွက်သွားတယ်။ အဲလိုပြန်ထွက်သွားတဲ့အချိန်မှာ မြင်လိုက်ရတဲ့ သူ့မျက်နှာက မာန်တင်းထားရာက ပြန်ဖြေလိုက်ပြီး ပြုံးစိစိဖြစ်နေတယ်ဗျ။ အဲဒီမျက်နှာမြင်လိုက်တော့ ကျွန်တော့်စိတ်ထဲ ပေါ်လာတာက ကြားဖူးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။
တစ်ခါက ဘုရင်ကြီး တစ်ပါးမှာ မိဖုရားတွေ အများကြီးရှိတယ်တဲ့… ဘယ်လောက်ရှိသလဲဆို... ၃၆၅ ယောက်တောင်ရှိသတဲ့ဗျ။ အဲဒီတော့ တစ်နှစ်ရှိမှ မိဖုရားတစ်ယောက်စီ တစ်ခေါက်ပဲ ဆောင်တော်ကူးနိုင်တယ်တဲ့ဗျိုး... အင်း...လေးနှစ်တစ်ကြိမ် ရက်ထပ်နှစ်ဆိုရင်တော့ တစ်ရက်လောက် သူ့ Holiday လုပ်ချင်လုပ်မှာပေါ့နော်။ ဒါတောင် ပြောမရဘူး Over time ဆင်းချင်ဆင်းမှာ။
အဲဒီလိုနဲ့ တနေ့မှာ သူ့မိဖုရားငယ်လေး တစ်ယောက်ဆီ ညပိုင်း သွားတယ်။ အဲဒီနေ့က ဘုရင်ကြီးလည်း အဆောင်တောင် အ၀င်နောက်ကျတယ်။ အဆောင်ရှေ့ရောက်ပြီး တံခါးခေါက်လိုက်တော့ အထဲက မိဖုရားက တံခါးဖွင့်ပေးရင်း "မောင်တောင် နှစ်နှစ်စာလာတာလား" တဲ့။ အဲဒီမှာ ဘုရင်ကြီး မျက်လုံးပြူးသွားတယ်။ "ငါ့အရင် ဘယ်ကောင်ဝင်သွားလည်း မသိဘူး၊ တရားခံတော့ ရှာမှ ဖြစ်မယ်" လို့ တွေးလိုက်တယ်။ ပစ္စည်းလေး ကျန်ခဲ့လို့ပါ ပြောရင်း ဟိုရှာဒီရှာလုပ်ပြီး ပြန်လှည့်လာတယ်။ ညကြီး သန်းခေါင်မှာ လူပျိုတော် အဆောင်ဘက်သွားတယ်။ ဒီအချိန်မှာ မဟုတ်တာလုပ်ထားတဲ့ ကောင်က အိပ်ပျော်မှာ မဟုတ်ဘူးလို့ တွေးပြီး စုပေါင်းအိပ်နေတဲ့ အဆောင်သားတွေရဲ့ ရင်ဘတ်တွေ လိုက်စမ်းတယ်။ တစ်ယောက်ကို နှလုံး တဒုန်းဒုန်းခုန်နေတာ တွေ့တော့ ဒီကောင်ဖြစ်မယ်ဆိုပြီး သတ်ဖို့ဓါးထုတ်လိုက်တယ်။ နောက်မှ မဖြစ်သေးဘူးလို့ တွေးပြီး ညကြီး အချိန်မတော်ဆိုတော့ အကုန်လန့် ဖြန့်သွားရင် မကောင်းဘူး။ ညီလာခံကျမှ အမှုစစ်ပြီး စီရင်တော့မယ်။ တရားလက်လွတ်မလုပ်တာ ကောင်းမယ်လို့ စိတ်ထိန်းပြီး တရားခံကို နောက်နေ့သိအောင် ဆံပင် ဖြတ်ခဲ့တယ်။
အဲဒီမှာ ကိုရွှေတရားခံကလည်း လူလည်ပဲ။ ကျန်တဲ့ သူတွေရဲ့ ဆံပင်တွေ လိုက်ဖြတ်ထားလိုက်တယ်။ နောက်နေ့ ညီလာခံလည်း ရောက်ရော လူပျိုဆောင်ကသူတွေ အကုန်ဆံတိုတွေနှင့် ညီလာခံ တက်လာတာတွေ့တော့ ပလ္လင်ပေါ်က ဘုရင်ကြီး အောင့်သက်သက် မကျေမနပ်မျက်နှာကြီးနှင့် ပလ္လင်ပေါ်မှာ ကြိတ်မနိုင်ခဲမရ ဖြစ်နေတာပေါ့။ နောက်ဆုံး တိုင်းရေးပြည်ရာတွေ ဆွေးနွေးပြီး ညီလာခံ သိမ်းခါနီးတော့ ညကမကျေနပ်ချက်ကို မဖေါ်ထုတ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ နောက်ဆုံး လူပျိုတော်တွေဘက်လှည့်ပြီး "မင်းတို့ထဲ တယောက်ယောက်တော့ တယောက်ယောက်ပဲကွ... နောက်အဲလို မလုပ်နဲ့" လို့ ခပ်ထန်ထန် ပြောပြီး ညီလာခံ သိမ်းလိုက်တယ်တဲ့... ပုံပြင်ကတော့ ဒါပါပဲ။ ညီလာခံသိမ်းလို့ နန်းဆောင်ထဲဝင်သွားတဲ့ ဘုရင်ကြီးမျက်နှာ ဘယ်လိုရှိမလည်း ကျွန်တော်သိချင် နေမိတာ။ အထဲရောက်ခါမှ ပြုံးစိစိဖြစ်နေမယ့် ဘုရင်ကြီးမျက်နှာကိုမြင်နေမိတယ်ဗျ။
အင်း... ကျွန်တော်တွေ့လိုက်တဲ့ ငါးဖမ်းတဲ့ ကုလားအလုပ်သမားတွေတော့ သူတို့ဖမ်းမိတဲ့ ငါးထုတ်ကလေးကို ကိုင်ပြီး မျက်နှာငယ် ကလေးတွေနှင့် ထွက်သွားကြတယ်ဗျ။ အဲ... HR ဌာနက လက်ထောက်တစ်ယောက်ကတော့ ခဏအကြာမှာ ကုလားစာနဲ့ ရေးထားတဲ့ စာရွက်ကလေးတွေ ကိုင်လာတယ်ဗျို့။ ပဲပင်ညှောင့်ပေါက်တွေလိုရေးထားတဲ့ ကုလားစာကို ကျွန်တော်မသိပေမယ့် သေချာတာ ကတော့ ငါးမမျှားရ၊ ဒါဏ်ငွေ ( -- )ပဲ ဖြစ်မယ်ဆိုတာ တွေးမိပဗျာ။
အော် ခုနက ပုံပြင်ထဲက ဘုရင်ကြီးအကြောင်း ကျွန်တော် စဉ်းစားမိတော့ ခွင့်လွတ်နိုင်လို့ အတော်ချီးကျူးမိပါရဲ့ဗျာ။ နောက်အကျယ်အကျယ်မငြိမ်းဖွယ် မဖြစ်အောင်လည်း ထိန်းသွားနိုင်တာကိုတွေ့ရတယ်ဗျ။ ကျွန်တော်သာ ဘုရင်ကြီးနေရာမှာဆို ညတွင်းချင်း ဓါးနဲ့ခုတ်သတ်ချင် သတ်မှာဗျ။ အဲဒီလို မသတ်ဖြစ်ဘဲ ညီလာခံမှာ ဟိုကောင် လူလည်ကျတာတွေ့ရင် အတော် ဒေါသပေါက်ကွဲပြီး မသင်္ကာမှုနဲ့ အကုန်ဖမ်း၊ မပေါ်မချင်းအကုန် ရိုက်စစ်၊ အမယ် တယ်ဟုတ်နေတာပဲ။ အဲဒါမှမဟုတ်လည်း ဆိုင်တာရောမဆိုင်တာရော ပေါင်းပြီးမသင်္ကာမှု၊ မှောင်ရိပ်ခိုမှု…စတဲ့ သောက်မြင်ကပ်ပုဒ်မ တွေတပ်ပြီး အနှစ်နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်… တသက်တကျွန်းစတဲ့ပြစ်ဒဏ်တွေ ချပြစ်လိုက်တာပေါ့ဗျာ။ ဒါမှနောက်ဒါမျိုးမလုပ်ရဲမှာ မဟုတ်ဘူးလား။ အမယ် စိတ်ကူးယဉ်ပြီး ဘုရင်ဖြစ်တာတောင် ကျွန်တော်ဖိုးမောင် လုပ်ချင်တာတွေ လျှောက်လုပ်မယ် စိတ်ကူးနေတော့တာကိုး။ အင်း…အာဏာ…အာဏာ…တဲ့ အာတဲ့သူတွေနာတတ်တယ်ဆိုတဲ့ အဓိပါယ်နဲ့ပေးထားတာများလား မသိဘူးဗျ။ ဒါနဲ့ ကျနော်ဘုရင် ဖြစ်ရင်လည်း ပုံပြင်ထဲကဘုရင်ကြီးလို ၃၆၅ ယောက်ကြီးတော့မနိုင်ပါဘူးဗျာ။ အဲ… ကျနော့ညီ တွေဖြစ်တဲ့ ကာယဗလရှင် ၀ိတ်သားမိုးမောင်၊ အိပ်မက်ပိုင်သခင် တော်ကီကောင်းတဲ့ကိုယ်တော်လေးအိပ်မက်ရှင်၊ ဒါမှမဟုတ် စိတ်တွေနှင့်ကစားလို့ တိမ်မြင့်မှာသူပျော်တဲ့ ညီတော်ကောင်းကင်သခင် မိုးမြင့်တိမ် တို့ဆိုရင်တော့ မပြောတတ်ဘူးဗျ။ ဟိုတွေးဒီတွေးလျှောက် တွေးနေမိတယ်ဗျိုး။ အင်း... စာဖတ်သူတို့ရေ ပြောသာပြောရတာပါဗျာ ကျွန်တော့မှာ ဘုရင်လုပ်ချင်စိတ်လည်း မရှိပါဘူး။ လုပ်နိုင် အောင်လည်း အရည်အချင်းမရှိပါဘူးဗျာ။ အဲ...နောက်ပြီး တရုတ်မင်းသား ရှောင်ယန်ဖတ် သရုပ်ဆောင်ထားတဲ့ "The king and Anan" ဆိုတဲ့ ထိုင်းဘုရင် နန်းတွင်း ဇာတ်ကားကြည့်ပြီး ဘုရင်ဆိုတဲ့ လူတွေကို အလိုလို အမြင်ကပ်တာဗျ။
ကဲဗျိုး... ကျွန်တော်ကလည်း ကမောက်ကမ ဟိုတွေးဒီတွေး လျှောက်တွေးရင်း ဟိုရေးဒီရေး ရေးနေမိတယ်ဗျာ။ ကျွန်တော် ဖိုးမောင် မည်တွင်သမုဒ် အကျွန်ုပ် အင်ညတရ ဒေ၀တာလေးသည် ဘာညာသာရကာ အတည်မဟုတ်ပေမယ့် ဤတပုဒ်ကိုတော့ဖြင့် ဖြည်ထုတ်ကာ ရေးသားလိုက်မိပါကြောင်း။

ဘ၀အမောများပြေပါစေ
ဖိုးမောင်

You received this email because you are subscribed to the real_time feed for http://happycloud1000.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.