Thursday, December 4, 2008

[Nine Nine SaNay] 1 New Entry: ခင်ပွန်းရဲ့ ချစ်သူ

ခင်ပွန်းရဲ့ ချစ်သူ


ခေါင်းစဉ်ကိုကြည့်တာနဲ့ အိမ်ထောင်ရေးဇာတ်၊ သုံးပွင့်ဆိုင်ဇာတ် ဖြစ်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီလိုပါပဲ... ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ စိတ်များ၊ သံယောဇဉ်တွေပွါးပြီး တစ်ဦးထက် ပိုချစ်မိ၊ ပိုတွယ်တာမိတတ်သူတွေ ရှိတတ်ကြတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ကြုံတွေ့နေတာတွေ တွေ့ဖူး၊ မြင်ဖူး၊ ကြားဖူးကြသလို ကိုယ်တိုင် ခံစားနေရသူတွေလည်း ရှိကြမှာပါ။ လှည့်စားတတ်တဲ့ ကံကြမ္မာကြောင့် ဒီလိုအဖြစ်မျိုး ကိုယ်တိုင် မကြုံနိုင်ဘူးလို့လည်း တစ်ထစ်ချ ပြောလို့မရပါဘူး။ အချစ်မှာ နောက်တစ်ယောက်ပိုလာရင် ခံစားရသူတွေက နှစ်ယောက်ထက် မကပါဘူး။

ဖတ်မိတဲ့ "ခင်ပွန်းရဲ့ချစ်သူ" ကို ဘာသာပြန် မျှဝေလိုက်ပါတယ်။ ဖတ်ရလွယ်အောင် နာမည်တွေကို ပြောင်းလဲရေးသားထားတဲ့အတွက် တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ကြပါလို့....

"ခင်ပွန်းရဲ့ချစ်သူ"

လှည့်စားတတ်တဲ့ ကံကြမ္မာက သူ့ကို ကစားနည်းတစ်မျိုးနဲ့ ကျီစားခဲ့တယ်။ အခုအချိန်မှာ ခင်ပွန်းရဲ့ချစ်သူက သူ့ရှေ့ ခွဲစိပ်ကုတင်ပေါ် ရောက်နေခဲ့ပါပြီ။ ဒီမိန်းမကြောင့် ခင်ပွန်းက သူ့ကို ခွဲသွားခဲ့တယ်။ အခုမျက်စိရှေ့က ဒီမိန်းမကို သူအရမ်း မုန်းခဲ့မိတယ်......

စစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစ

ဝတ်စုံဖြူဝတ် နတ်သမီးတွေမှာလည်း လူ့ဒုက္ခတွေ ခံစားရတဲ့ အချိန်ရှိပါတယ်။

၂ဝဝ၂ ခုနှစ် နိုဝင်ဘာလရဲ့ ဆောင်းညတစ်ည... မြောက်အရပ်မှာ ဒီဆောင်းရဲ့ ပထမဆုံးအကြိမ် နှင်းတွေ ကျနေခဲ့တယ်။ အသက် ၃ဝကျော် သားဖွားမီးယပ်ဆရာဝန် ယွန်းက ဒီညမှာ နိုက်ဂျူတီကျတယ်။ ရုတ်တရက် အရေးပေါ် လူနာတစ်ဦးကို ၁၁ဝ က ပို့လာတဲ့သတင်း သူရလိုက်တယ်။

လူနာက လှေကားပေါ်က ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကိုယ်ဝန်သည်တစ်ဦးဖြစ်တယ်။ ဒဏ်ရာပြင်းထန်ပြီး ဗိုက်ထဲက ကလေးကိုပါ ထိခိုက်ခဲ့တယ်။ မိခင်ရော ကလေးပါ အသက်အန္တရာယ် စိုးရိမ်ရလို့ ချက်ချင်း ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တယ်။ ခွဲစိပ်ဖို့အတွက် အလျှင်အမြန် ပြင်ဆင်ပြီး အရေးပေါ်ခန်းထဲ ဒေါက်တာယွန်း ဝင်လိုက်တယ်။ အခန်းထဲအရောက် လူနာအမျိုးသမီးရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ သူ့ရဲ့သွေးခုန်နှုန်းဟာ ငယ်ထိပ်အထိ ထိုးတက်ခဲ့တယ်။ မျက်စိရှေ့က အရာအားလုံးကို အိပ်မက်တွေလားလို့ ထင်မိတယ်။ ဒါပေမယ့် ဒါတွေဟာ အိပ်မက်မဟုတ်ဘူး.... သူ့မျက်စိရှေ့မှာ ဆန့်ဆန့်ကြီးလဲနေသူက တကယ်ပဲ သူ့ခင်ပွန်းရဲ့ချစ်သူဖြစ်နေခဲ့တယ်။

မိစ္ဆာတစ်ကောင်လို သူ့ကို အရက်ရက် အလလ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ မိန်းမ... အခုချိန်မှာတော့ သူ့မျက်စိရှေ့မှာ လဲလျောင်းပြီး နာကျင်ညည်းတွားနေခဲ့တယ်။ ဒီမျက်နှာကို ယွန်းအပြင်မှာ တစ်ခါမြင်ဖူးခဲ့လို့ သေရာပါ အမှတ်အသားအဖြင့် မှတ်မိနေခဲ့တယ်။ ဒါဟာ သူတစ်ပါးရဲ့ အိမ်ထောင်ရေးကို ပြိုကွဲအောင် ဖျက်ဆီးခဲ့တဲ့ မိန်းမတစ်ယောက်အတွက် ဘုရားသခင်ရဲ့ ဒဏ်ခတ်ခြင်းပေပဲလား?

ယွန်းရဲ့ ရင်ထဲမှာ လှိုင်းထန်နေတယ်။ ရပ်နေရာက တစ်လှမ်းမှ သူ မရွေ့ခဲ့မိဘူး။ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေက အလုပ်ရှုပ်နေကြပြီ။ လူနာရဲ့ နာကျင်ညည်းတွားသံက ပိုကျယ်လောင်လာခဲ့ပေမယ့် ယွန်းရဲ့ လှုပ်ရှားမှုတွေ ပိုနှေးကွေးလာခဲ့တယ်။ စိတ်ထဲမှာလည်း မွေးခွန်းတွေ ထုတ်နေမိတယ်။

"သူ့ကို ငါဘာဖြစ်လို့ ကယ်ရမလဲ? ကလေးသေတာ ဘုရားသခင် သူ့ကို ဒဏ်ခတ်တာပဲ။ ကလေးမရခဲ့ရင် ငါ့ယောက်ျား ငါ့ဆီ ပြန်လာနိုင်သေးတယ်။ ဘုရားသခင်ပေးတဲ့ ဒီအခွင့်အရေးကို ငါဘာလို့ လက်လွတ်ပြီး သူ့ကိုကယ်ရမလဲ?"

ခြေထောက်တွေကို သံမှိုစွဲထားသလား ထင်ရလောက်အောင် ယွန်း မလှုပ်မယှက် ရပ်နေမိတယ်။ အဲဒီအချိန်မှာ နာကျင်ခံစားနေရတဲ့ အသံတစ်သံက သူ့ကို လှုပ်နိုးလိုက်တယ်။ သူသတိဝင်လာတဲ့အချိန် အဲဒီအသံဟာ ကိုယ့်စိတ်ထဲကလာတဲ့ အသံဖြစ်မှန်း သူသတိထားလိုက်တယ်။ လူနာကုတင်နား ယွန်းကပ်သွားမိတယ်။ ဆရာဝန်တွေရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကျမှုတွေ ထပ်ဟပ်နေတယ်။ လူနာက ရုတ်တရက် ယွန်းလက်ကိုဆွဲလိုက်တယ်။

"မမ... မမ ကျွန်မကို မုန်းတယ်ဆိုတာ ကျွန်မသိပါတယ်။ ကလေးအသက်ကို ကယ်ပါ မမ။ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ သေချင်သေသွားပါစေ။ ကလေးရဲ့ အသက်ကို အရကယ်ပေးပါ မမ။ ဒီကလေးဟာ သူ့သွေးပါ မမ"

တစ်ခါမှ မခံစားဖူးတဲ့ တွေဝေမှုတွေ ယွန်းရင်ထဲမှာ ပြည့်ကျပ်နေတယ်။ ခင်ပွန်းက ယွန်းကို သစ္စာဖောက်ခဲ့တယ်။ ယွန်းရဲ့ ခင်ပွန်းနာမည်က ကိုချမ်းငြိမ်း။ နာမည်ကြီး စီးပွါးရေးကုမ္ပဏီတစ်ခုက မန်နေဂျာဖြစ်တယ်။ အရပ်မြင့်မြင့်၊ ခန္ဓာတောင့်တင်းတဲ့ ကိုချမ်းငြိမ်းက ယွန်းထက် နှစ်နှစ်ကြီးတယ်။

လက်ထပ်ပြီးစမှာ နှစ်ယောက်လုံး ပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမယ့် ခင်ပွန်းအနားမှာ အမြဲနေဖို့ ယွန်းမှာ အချိန်မလုံလောက်ခဲ့ဘူး။ ဆေးရုံမှာ တစ်နေကုန် တစ်နေ့ကို ကလေး ဆယ်ယောက်လောက် မွေးဖွားပေးနေရတယ်။ မမွေးဖွားနိုင်တဲ့ လူနာတွေကို ကယ်တင်နေရတယ်။ တစ်ခါတလေ နေ့ညပြောင်းပြန် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ အိမ်ပြန်ရောက်တော့လည်း သမီးငယ်ကို ပြုစုရသေးတယ်။ တစ်နေကုန် မောပန်းလွန်းလို့ အိပ်ရာပေါ် ခေါင်းချတာနဲ့ အိပ်ပျော်တော့တယ်။ ခင်ပွန်းက လူကြီး ဖြစ်နေပြီဖြစ်တဲ့အတွက် သူ့ကိုယ်သူ ဂရုစိုက်နိုင်လိမ့်မယ်လို့ ယွန်းထင်ခဲ့တယ်။ ဒါပေမယ့် "ယောက်ျားတွေက ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ ကလေး" ဆိုတဲ့ အဆိုကို သူမေ့သွားခဲ့တယ်။ ခင်ပွန်းကို ပိုဂရုစိုက် ပြုစုရမယ်ဆိုတာကို သူမေ့လျှော့နေခဲ့တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ကို တာဝန်လှစ်ဟင်းခဲ့တယ်လို့ ယွန်း သူ့ကိုယ်သူ အပြစ်တင်ပြီး ခွင့်မလွတ်နိုင်ဖြစ်ခဲ့တယ်။

၂ဝဝ၁ ခုနှစ် နွေရာသီ

အလုပ်ကိစ္စနဲ့ ကိုချမ်းငြိမ်း ထိုင်းနိုင်ငံကို သွားရောက်ခဲ့ရတယ်။ ရေစိမ်း၊ မြေစိမ်းဖြစ်တဲ့အတွက် ဝမ်းကိုက်ရောဂါကို အပြင်းအထန် ခံစားခဲ့ရတယ်။ လေယာဉ်ပေါ်က ဆင်းတာနဲ့ ဆေးရုံတန်းပို့တဲ့အထိ အခြေအနေဆိုးခဲ့တယ်။ ဆေးရုံကို ယွန်းရောက်သွားတဲ့အချိန် ခင်ပွန်းက မေ့မြောနေခဲ့တယ်။ ယွန်းငိုမိတယ်... ခင်ပွန်းရဲ့နာမည်ကို အော်ခေါ်ပြီး ယွန်း ငိုခဲ့မိသလို ခံစားနေတာတွေ ပျောက်အောင် သူ့ကိုယွန်းနမ်းခဲ့တယ်။ ခင်ပွန်း သတိပြန်လည်လာတဲ့အချိန် ယွန်းငိုနေတာကို တွေ့တော့ အားတင်းပြုံးပြီး " မောင့်အတွက် ယွန်းမျက်ရည်ကျလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ယွန်းစိတ်ထဲမှာ သမီးငယ်နဲ့ အလုပ်ပဲ ရှိတယ်လို့ ထင်ခဲ့မိတယ်" လို့ ပြောတယ်။

"မောင့်ကို ယွန်းအရမ်းချစ်တာ မောင် မသိခဲ့ဘူးလားဟင်? မောင်ဟာ ယွန်းဘဝမှာ အရေးအပါဆုံး။ မောင် သေလို့ မဖြစ်ဘူး။ မောင် သေသွားရင် ယွန်းတို့ သားအမိဘယ်လို လုပ်မလဲမောင်? မောင့်ကို ယွန်းအရမ်းချစ်တယ်"

အဲဒီအချိန်ကျမှ ခင်ပွန်းကိုချမ်းငြိမ်းကို "ချစ်တယ်" ဆိုတဲ့စကား ယွန်းမပြောဖြစ်ခဲ့တာ ကြာပြီဖြစ်ကြောင်း ယွန်းကိုယ့်ကို သတိထားလိုက်မိတယ်။ ဒါကြောင့် ကိုချမ်းငြိမ်းက ခနဲ့တာဖြစ်မယ်။ ဒါပေမယ့် သူခနဲ့တဲ့စကားက ယွန်းစိတ်ကို မနိုးကြားနိုင်ခဲ့သေးပါဘူး။

ကိုချမ်းငြိမ်း ဆေးရုံဆင်းမယ့်နေ့က မိန်းမငယ် ချောချောလေးတစ်ဦး အခန်းဝမှာ ရစ်သီရစ်ဝဲ လုပ်နေတယ်။ ယွန်းရှိနေလို့ အခန်းထဲကို ဝင်မလာခဲ့ဘူး။ မိန်းကလေးကို သိလားလို့ ကိုချမ်းငြိမ်းကို မေးတော့ မသိဘူးလို့ ငြင်းတယ်။

"ယွန်းအမျိုးသားက တက်လမ်းရှိသူ၊ ကြိုးစားသူဖြစ်တယ်။ သံယောဇဉ်လည်း ကြီးတယ်။ ခင်ပွန်းကို ယွန်း "အထူး ဂရုစိုက်၊ စိုးရိမ်ရမယ်"လို့ မိတ်ဆွေ သူငယ်ချင်းတစ်ချို့ရဲ့ သတိပေးစကားကို ယွန်း ကြားယောင်လိုက်မိတယ်။ အဲဒီတုန်းက သူတို့ရဲ့ သတိပေးစကားကို ယွန်း ပျက်ရယ်ပြုခဲ့မိတယ်။ ကိုချမ်းငြိမ်းဟာ သမီးလေးကို အရမ်းချစ်တယ်။ မိသားစုအပေါ် သံယောဇဉ်ကြီးတယ်။ ယွန်းတို့သားအမိ စိတ်ဆင်းရဲအောင် သူလုပ်ရက်မှာ မဟုတ်ဘူးလို့ ယွန်းယုံကြည်ခဲ့မိတယ်။

ကိုယ့်ထင်မြင်ချက်ကို အရမ်းယုံကြည်ခဲ့တဲ့ ယွန်းတစ်ယောက် ကိုချမ်းငြိမ်း အိမ်အပြန် နောက်ကျလာတာကို တဖြေးဖြေး သတိထားလာခဲ့မိတယ်။ ရုံးပိတ်ရက်၊ ပွဲတော်ရက်တွေတောင် အိမ်မှာ အနေနည်းလာခဲ့တယ်။ သူ မလျှော်ပေမယ့် ဖြူစင်သန့်ရှင်းနေတဲ့ ကိုချမ်းငြိမ်း အဝတ်အစားတွေကို တွေ့တော့ သူ စစ်မေးခဲ့ပါတယ်။ ကိုချမ်းငြိမ်းက လုပ်ငန်းရှင်တွေ ပြုစုတာ၊ ယွန်းပင်ပန်းမှာစိုးလို့ တည်းခိုခန်းက ဝန်ထမ်းတွေကို လျှော်ဖွပ်ခိုင်းတာ စတာတွေ ပြောခဲ့တယ်။ အိမ်မပြန်အိပ်ဖြစ်တဲ့ ညတွေက တည်းခိုခန်းတစ်ခုမှာ အခန်းငှားထားပြီး ညအရမ်းနက်ခဲ့ရင် အဲဒီမှာပဲ အိပ်ဖြစ်ခဲ့ကြောင်း ရှင်းပြပါတယ်။

၂ဝဝ၂ ခုနှစ် သြဂုတ်လ.... လုပ်ဖော်ကိုင်ဖက် တစ်ဦးက သူတွေ့ခဲ့တဲ့ အံ့သြစရာ ကိစ္စတစ်ရပ်ကို ယွန်းဆီ တိုးတိုးတိတ်တိတ် သယ်လာခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်က သူ့မိတ်ဆွေဖွင့်တဲ့ ဆေးခန်းမှာ ကိုယ်ဝန်ဆောင် မိန်းမငယ်တစ်ဦး လာပြခဲ့ကြောင်း၊ အဲဒီမိန်းမငယ်ကို ဟွန်ဒါကားနဲ့ လာပို့ကြောင်း၊ ဒီလို လူကုံထံ ကိုယ်ဝန်သည်တစ်ဦးက အကောင်းစား ဆေးခန်း၊ ဆေးရုံတွေမှာ မပြဘဲ ဒီလို ချောင်ကျကျ ဆေးခန်းငယ်မှာ လာပြတဲ့အတွက် သူထူးဆန်း အံ့သြမိကြောင်း ပြောပြတယ်။ ယွန်းလည်း စိတ်ဝင်စားပြီး ကားနံပါတ်ကို စုံစမ်းခိုင်းကြည့်မှ ကားပိုင်ရှင်ဟာ ကိုယ့်ခင်ပွန်း ကိုချမ်းငြိမ်းဖြစ်နေတာကို သိလိုက်ရတယ်။

ယွန်း တစ်ကိုယ်လုံး ရှိသမျှသွေးတွေ ဦးနှောက်ထဲအထိ ထိုးတက်လာခဲ့တယ်။ အလုပ်ကို စောစောဆင်းပြီး ကိုချမ်းငြိမ်းရဲ့ ကုမ္ပဏီကို လိုက်သွားခဲ့တယ်။ ကိုချမ်းငြိမ်းရဲ့ ကား ကုမ္ပဏီရှေ့မှာ ရပ်ထားတုန်းပဲ။ မုန့်ဆိုင်လေး တစ်ဆိုင်နောက်မှာ ယွန်းကွယ်ပြီး ရပ်စောင့်နေမိတယ်။ ကိုချမ်းငြိမ်း ကားမောင်းထွက်သွားတဲ့အထိ ယွန်း ရပ်စောင့်နေမိတယ်။ အဲဒီနောက် တက်စီတစ်စီးငှားပြီး ကိုချမ်းငြိမ်းကားနောက် လိုက်ခဲ့မိတယ်။ တိုက်ခန်းတစ်ခုရှေ့မှာ ကိုချမ်းငြိမ်းကားရပ်ပြီး တိုက်ပေါ်တက်သွားတာကို တွေ့လိုက်တယ်။ တိုက်အောက်မှာ ယွန်း ညနက်တဲ့အထိ ရပ်စောင့်နေခဲ့မိတယ်။

ညသန်းခေါင်ရောက်မှ ကိုချမ်းငြိမ်းရဲ့ ဖုန်းကို ဆက်သွယ်နိုင်ခဲ့တယ်။ ကိုချမ်းငြိမ်းက သူ ခရီးလွန်နေကြောင်း၊ ဒီည အိမ်ပြန်ဖြစ်မှာ မဟုတ်တဲ့အကြောင်း၊ ယွန်းကို အရင် အနားယူဖို့ ပြောတယ်။ ဖုန်းပြောရင်း ယွန်းတစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေမိတယ်။

ကိုယ့်အချစ်ရဆုံးသူက ကိုယ့်ကိုသစ္စာဖောက်သွားခဲ့ပြီ။ ကိုယ့်က ဘာမှ မသိခဲ့ရဘူး။ ဘယ်လို လုပ်မလဲ? ဘယ်လိုလုပ်ရင် ကောင်းမလဲ?

ရက်အနည်းငယ် ကြာမှာ "ခရီးလွန်" နေရာမှ ကိုချမ်းငြိမ်း ပြန်ရောက်လာခဲ့တယ်။ နာကျင်ခံစားမှုတွေကို ညည်းမခံနိုင်တော့ဘဲ ကိုချမ်းငြိမ်း ပြန်ရောက်ရောက်ချင်း အဖြစ်မှန်ကို ယွန်း ဆီးကြိုမေးလိုက်တယ်။ ကိုချမ်းငြိမ်း မဟုတ်ဘူးလို့ ငြင်းခဲ့ရင် ဖြစ်ပျက်ခဲ့သမျှကို ပြည့်ဖုံးကားချ မေ့ပစ်ဖို့ ယွန်းမျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ကိုချမ်းငြိမ်း မငြင်းခဲ့ဘူး။ ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့တယ်။ အဲဒီမိန်းကလေးကို အလုပ်မှာ ရင်းနှီးခဲ့ကြောင်း၊ အသက် ၂၅နှစ်သာ ရှိသေးကြောင်း ပြောပြတယ်။

အဲဒီကောင်မလေးကို အရမ်းချစ်လားလို့ ယွန်းမေးတော့ ကိုချမ်းငြိမ်းက ဝန်မခံသလို၊ ငြင်းလည်းမငြင်းဆန်ခဲ့ဘူး။ အဲဒီကောင်မလေးရဲ့ ဘာကိုချစ်သလဲလို့ မေးပြန်တော့ ကိုချမ်းငြိမ်းက သက်ပြင်းတစ်ခုကို ဆွဲချရင်း...

"သူက သနားကြင်နာစရာ ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ မဟုတ်မခံစိတ် ရှိပေမယ့် ငါဟာ အရေးပါသေးတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ခံစားမိအောင် သူလုပ်ခဲ့တယ်"

ယွန်းမျက်ရည်တွေ စီးကျလာမိတယ်။ ကိုချမ်းငြိမ်းရဲ့ စကားက အလုပ်ကြောင့် သူ့ကို လျှစ်လျှူရှူထားခဲ့မိတဲ့ ယွန်းကို အပြစ်တင်နေမှန်း ယွန်းသိလိုက်တယ်။

လင်ယောက်ျားကို ရွံ့မုန်းမိသလို ကိုယ့်ကိုယ်ကိုလည်း ယွန်းအပြစ်တင်နေမိတယ်။ တစ်ကနေ ပြန်စဖြစ်ရင် ကိုယ်ဘာလုပ်သင့်သလဲ? ဆိုတာကို ယွန်းသိခဲ့ပါတယ်။ အရာရာကို မေ့ပြီး အသစ်ကနေ ပြန်စဖို့ ယွန်းမျှော်လင့်ခဲ့ပေမယ့် ကိုချမ်းငြိမ်းရဲ့ အပြုအမှုတွေက သူ့မျှော်လင့်ချက်ကို လုံးဝဖျက်ဆီးပစ်ခဲ့တယ်။

အဲဒီကောင်မလေးမှာ ကိုယ်ဝန်(၆)လ လွယ်ထားရပြီဖြစ်ကြောင်း၊ ဒီရင်သွေးကို သူမလိုချင်ခဲ့ပေမယ့် ကောင်မလေးက သူ့ကို ထပ်သလဲလဲ တောင်းပန်ခဲ့ကြောင်း၊ နောက်ဆုံး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ တောင်းဆိုလာကြောင်း ကိုချမ်းငြိမ်းက ပြောတယ်။ နောက်ပြီး ကိုချမ်းငြိမ်းအတွက် သားယောက်ျားလေးတစ်ဦး မွေးဖွားပေးချင်ကြောင်း၊ ဘာဥစ္စာစည်းစိမ်မှ မလိုကြောင်းနဲ့ ကိုချမ်းငြိမ်းကို ပျော်ရွှင်အောင်ထားမယ်လို့ ပြောလာခဲ့လို့ (၂)နှစ်ကြာ တွယ်ငြိလာတဲ့ သံယောဇဉ်ကြောင့် ကိုချမ်းငြိမ်းလဲ မရက်စက်နိုင်တဲ့အကြောင်း ရှင်းပြခဲ့တယ်။

နောက်ဆုံး ကောင်မလေးအတွက် တိုက်ခန်းတစ်ခန်း ဌားပေးခဲ့တယ်။ အဖြစ်မှန် အားလုံးကို သိပြီးနောက် ယွန်း ရူးမတတ် ခံစားခဲ့ရတယ်။ ဖြေရှင်းဖို့ အဖြေမရမချင်း ကိုချမ်းငြိမ်းရဲ့ဖုန်းကိုပဲ ယွန်း အဆက်မပြတ် ဆက်ခဲ့တယ်။ ကိုချမ်းငြိမ်း ဘယ်သွားတယ်၊ ဘယ်လာတယ်ကအစ စစ်မေးခဲ့တယ်။ နေ့တိုင်းပဲ ရန်ဖြစ်ငြင်းခုံတာနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။

တစ်ခါတလေ ကိုချမ်းငြိမ်း ဖုန်းပိတ်ထားတတ်တယ်။ အဲဒီအချိန်မျိုးဆိုရင် ယွန်းက ခင်ပွန်းရဲ့ချစ်သူ တိုက်အောက်မှာ တစ်နေကုန် သွားရပ်စောင့်နေတတ်တယ်။ ဘေးပတ်ဝန်းကျင်က လူတွေရဲ့ သင်္ကာမကင်းတဲ့ မျက်လုံးနဲ့ တိုးခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။

တစ်ခါက အဲဒီတိုက်ခန်းအောက်မှာ ကိုချမ်းငြိမ်းရဲ့ ဂရုစိုက်မှုတွေ အပြည့်ရထားတဲ့ ကိုယ်ဝန်သည်မလေးကို ယွန်းတွေ့လိုက်တယ်။ ယွန်းဘာကိုမှ ဂရုမစိုက်ဘဲ သူ့ရှေ့အပြေးသွားပြီး ဆဲပစ်လိုက်တယ်။ အသိဥာဏ်ရှိသူမို့ ယွန်း ကိုယ်ထိလက်ရောက် မပြုခဲ့ဘူး။ သူ့မှာ မပေါ့မပါး ကိုယ်ဝန်ကြီးနဲ့လေ..

စိတ်လိုက်မာန်ပါ ဆဲဆိုခဲ့တဲ့ ယွန်းအပြုအမှုတွေက ကိုချမ်းငြိမ်းနဲ့ လုံးဝပြတ်ဆဲခဲ့ရတယ်။ ယွန်းရဲ့ မနားမနေ လိုက်စစ်မေးမြန်းမှုတွေကြောင့် ကိုချမ်းငြိမ်း ကုမ္ပဏီကို အပြီးပြောင်းသွားခဲ့တယ်။

၂ဝဝ၂ ခုနှစ် စက်တင်ဘာ နေ့ရက်တစ်ရက်မှာ ယွန်း ကိုယ့်စိတ်ကို မထိန်းနိုင်ဘဲ ခင်ပွန်းကိုချမ်းငြိမ်းရဲ့ ကုမ္ပဏီထိ လိုက်ပြီးဖြေရှင်းခဲ့တယ်။

"ယွန်း... အခုအချိန်မှာ မင်းမျက်နှာ ဘယ်လောက်ရုပ်ဆိုးတယ်ဆိုတာ မင်းမသိဘူးလား? အစကတော့ မင်းကို ငါ အားနာမိသေးတယ်။ ဒါပေမယ့် အခု မဟုတ်တော့ဘူး။ ဆောရီးပဲ ယွန်း... မင်းနဲ့ငါ ရှေ့ဆက်လို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ တရားရုံမှာပဲ ငါတို့တွေ့ကြစို့.. မင်းကြိုက်သလို အယူခံခွင့်ရှိတယ်"

ကိုချမ်းငြိမ်းရဲ့ အေးစက်စက် စကားတွေက ယွန်းရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို တစ်စစီ ကွဲပျက်သွားစေခဲ့တယ်။ အိမ်ပြန်အရောက်မှာ သမီးငယ်ကို ဖက်ပြီး ယွန်းအားရအောင် ငိုလိုက်မိတယ်။

"မေမေ... ဖေဖေနဲ့မေမေ ရန်ဖြစ်တာကို သမီးအရမ်းကြောက်ခဲ့တယ်။ မေမေငိုမှာကိုလည်း သမီးကြောက်တယ်။ အခုမေမေက အရင်မေမေနဲ့ မတူတော့ဘူး မေမေ"

နားလည်သိတတ်တဲ့ သမီးငယ်ရဲ့ ငိုသံရောနေတဲ့ စကားတွေကို ကြားမှာ ယွန်း လန့်နိုးလာခဲ့တယ်။ ဒီလိုသာ ရှေ့ဆက်နေရင် အထိခိုက်၊ အနာကျင်ဆုံးလူက သမီးငယ်ဖြစ်မယ်ဆိုတာကို သူနားလည်လိုက်တယ်။ မိခင်တစ်ဦးရဲ့ နောက်ဆုံးခွန်အားကို သုံးပြီး ခင်ပွန်းနဲ့ ရန်ဆက်မဖြစ်ဖို့ ကိုယ့်ကိုယ်ကို ယွန်းအမိန့်ပေးလိုက်တယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ရင်ထဲက အနာတွေကို တည်ငြိမ်တဲ့စိတ်နဲ့ ကုစားဖို့ ယွန်း ဆုံးဖြတ်လိုက်တယ်။

(၂)လဆိုတဲ့ အချိန်က မျက်တောင်တစ်ခတ်အတွင်းမှာ ကုန်လွန်သွားခဲ့တယ်။ ကိုချမ်းငြိမ်းက တစ်ခါတလေ အဝတ်အစား လာပြန်ယူတာ၊ ငွေလာပို့တာက လွဲရင် လုံးဝ သူစိမ်းတစ်ယောက်လို့ ဖြစ်သွားခဲ့တယ်။ ကိုယ့်မိသားစု၊ ကိုယ့်အိမ်ထောင်ရေးဟာ လုံးဝ ပျက်ဆီးသွားခဲ့ပြီဆိုတာ ယွန်းသိတယ်။ တရားရုံးက ပေးပို့လာမယ့် ရုံးချိန်းရက်တွေကိုပဲ သူ တည်တည်ငြိမ်ငြိမ်နဲ့ စောင့်မျှော်နေခဲ့တယ်။

ကံကြမ္မာကို သူ့ကို ထပ်တစ်ဖန် လှည့်စားလာလိမ့်မယ်လို့ သူလုံးဝ တွေးထင် မထားခဲ့မိဘူး။ ခင်ပွန်းရဲ့ချစ်သူက သူ့ရှေ့မှောက် အလိုလိုနေရင်း ရောက်လာလိမ့်မယ်လို့ သူတစ်ခါမှ တွေးမထားမိဘူး။ အဲဒီမိန်းမက ကလေးအသက်ကို ကယ်ဖို့၊ သူ့အသက်ကို ကယ်ဖို့ တဖွဖွ တောင်းဆိုနေသေးတယ်။

ရင်နာတယ် ! ရင်ထဲ အသဲထဲအထိ တစ်စိမ့်စိမ့် နာကျင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေကို ကုသ၊ မွေးဖွားပေးတတ်တဲ့ ယွန်းရဲ့ ရင်ထဲမှာ နဂိုရှိရင်းစွဲ ကြင်နာမှုတွေနဲ့ ဆရာဝန်ဆိုတဲ့ အသိက ယွန်းရဲ့ နာကျင်နေတဲ့ရင်ကို လှုပ်နိုးခဲ့တယ်။ သူ တွေဝေမနေတော့ဘူး၊ နှေးကွေး မနေတော့ဘူး။ လူနာကို သားအိမ်ပွင့်ဆေး ထိုးပေးဖို့ နပ်စ်ကို ညွှန်ကြားလိုက်တယ်။ ရင်သွေးငယ်ရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ၁၂ဝ ထိ ကျနေခဲ့တယ်။ ရင်သွေးငယ် နှလုံးခုန်မြန်လာအောင်၊ အမိဝမ်းတွင်းမှာ မသေဆုံးအောင် လူနာကို အောက်ဆီဂျင် သွင်းပြန်တယ်။

(၁ဝ) မိနစ် လွန်မြောက်ခဲ့ပါပြီ။ မိခင်နဲ့ ကလေးရဲ့ အခြေအနေက တဖြေးဖြေး တည်ငြိမ်လာခဲ့တယ်။ လူနာကို ယွန်းစစ်ဆေးကြည့်တော့ ရင်သွေးငယ်ရဲ့ ဦးခေါင်းက သားအိမ်ဝ ရောက်နေပြီ။ ဒါပေမယ့် ပုံမမှန်တဲ့ အနေအထားမို့ လူနာကို အရေးပေါ် မီးဖွားခန်းပို့ပြီး ရင်သွေးကို ပုံမှန်ဖြစ်အောင် ပြောင်းပေးပြန်တယ်။

အရာအားလုံး အဆင်ပြေပြေ ပြုလုပ်နေဆဲမှာ ကိုချမ်းငြိမ်းတစ်ယောက် ဆေးရုံကို ရောက်လာလိမ့်မယ်လို့ ယွန်း လုံးဝ ထင်မထားခဲ့မိဘူး။ ရေးကြီးသုတ်ပျာ ရောက်လာတဲ့ ကိုချမ်းငြိမ်းနဲ့ ယွန်း ခွဲခန်းရှေ့မှာ ဆုံကြတယ်။ မတွေ့ဖြစ်တာ ရက်၊ လကြာခဲ့တဲ့ ကိုချမ်းငြိမ်းက သူစိမ်းတစ်ယောက်လိုပါပဲ။ ဆေးရုံကိုလည်း မိန်းမသားဖွားလို့သာ ရောက်လာခဲ့တယ်။

ကိုချမ်းငြိမ်းရဲ့ နှုတ်ခမ်းလှုပ်သွားတာကို ယွန်းတွေ့လိုက်တယ်။ ဒါပေမယ့် စကားသံ တစ်သံမှ ထွက်မလာခဲ့ဘူး။ ကိုချမ်းငြိမ်းရဲ့ အလေ့အကျင့်၊ အပြုအမှုတွေနဲ့ ရင်းနှီးခဲ့တဲ့ ယွန်း .. အခုအချိန်မှာ ကိုယ့်ခင်ပွန်း ရင်ထဲ ဘယ်လို ခံစားနေရမယ်ဆိုတာကို ယွန်းသိနေခဲ့တယ်။

လူနာကုတင်ဘေးမှာ လူနာကို အားပေးစကားတွေ ပြောနေမိတဲ့ ယွန်း.. ကိုယ့်ဒေါသ၊ ကိုယ့်နာကျည်းချက်တွေကို ဘာပိုးသတ်ဆေးနဲ့များ သတ်လိုက်မိသလဲဆိုတာ သူ့ကိုယ်သူ မသိခဲ့ဘူး။ အခုအချိန်မှာ ကိုချမ်းငြိမ်းက အကူအညီမဲ့တဲ့ ကလေးငယ်တစ်ယောက်လို ယွန်းပြောသမျှ၊ ညွှန်ကြားသမျှကို ခေါင်းညိတ် နားထောင်နေတော့တယ်။

လူနာရဲ့သားအိမ် ၁ဝ စင်တီမီတာ အပွင့်မှာ ကလေးငယ်ကို မွေးဖွားဖို့ စတင်ကြတယ်။ လူနာရဲ့ နာကျင် အော်ညည်းသံက အမြင့်ဆုံးထိ ထိုးတက်သွားတယ်။ လူနာကို ယွန်း နှစ်သိမ့်အားပေးနေမိတယ်။ ဒီအချိန် ယွန်းဆီမှာ ငါ့မိသားစုကို ဖြိုခွဲခဲ့သူ၊ ငါ့အချစ်ရန်သူဆိုတဲ့ နာကျည်းချက်တွေ ရှိမနေတော့ဘူး။ ထိခိုက်နာကျင်နေတဲ့ မိခင်တစ်ဦးရဲ့ ကိုယ်ချင်းစာစိတ်တွေပဲ ရှိနေခဲ့တယ်။

အသက်လုပွဲ (၂)နာရီအကြာမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ကိုချမ်းငြိမ်းလက်ထဲ ယွန်းအပ်လိုက်တယ်။ သားလေးကို ကြည့်လိုက်၊ ယွန်းကို ကြည့်လိုက်နဲ့ ကိုချမ်းငြိမ်းရဲ့ မျက်လုံးမှာ မျက်ရည်တွေ အိုင်ထွန်းနေတယ်။ ယွန်းလည်း နားနေခန်းအရောက် ခုံပေါ်မှာ မှောက်ချပြီး ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။ ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ဒီညမှာ ကြုံတွေ့ရတာတွေကို ပေါင်းပြီး ရင်ထဲစိတ်ထဲ ခံစားခဲ့မိသမျှတွေအတွက် ယွန်း အားရပါးရ ငိုလိုက်မိတယ်။

ယွန်းအဖြစ်ကို သိနေကြတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့က ကိုယ်ချင်းစာတဲ့အကြည့်၊ နားလည်တဲ့အကြည့်၊ သနားတဲ့အကြည့်နဲ့ ယွန်းကို ကြည့်နေကြတယ်။ ဘယ်လိုစကားလုံးတွေနဲ့ နှစ်သိမ့် အားပေးရမယ်မှန်း သူတို့ မသိခဲ့ကြဘူး။

အဲဒီအချိန်မှာ တံခါးခေါက်သံနဲ့အတူ ကိုချမ်းငြိမ်း ဝင်လာပါတယ်။ ယွန်းကို တစ်ရူးလှမ်းပေးပြီး အားနာတဲ့ မျက်လုံးနဲ့ ကြည့်နေတယ်။

"လူနာဘေးမှာနေလေ.. ရှင်ဘာလို့ ဒီကို လိုက်လာရတာလဲ"

ယွန်း အေးစက်စက် ပြန်မေးလိုက်မှ တစ်ချိန်လုံး ဆွံအနေတဲ့ ကိုချမ်းငြိမ်းပါးစပ်က "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်း ထွက်ကျလာခဲ့တယ်။ အများသူရဲ့နားမှာ နားဝင်ချိုစေတဲ့ ဒီကျေးဇူးဆိုတဲ့ စကားကို အခုအချိန်မှာ ယွန်းအရမ်း မုန်းမိတယ်။ အခုအချိန်မှာပြောတဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းက ကိုချမ်းငြိမ်းနဲ့ယွန်းရဲ့ အိမ်ထောင်ရေးကို အပြီးသတ် သေမိန့်ချလိုက်သလိုပဲ ခါးသက်နေခဲ့တယ်။

ယွန်းစိတ်ကို ယွန်းထိန်းပြီး ကိုချမ်းငြိမ်းကို လေသံအေးအေးနဲ့ ပြန်ပြောလိုက်တယ်။

"လူနာအခြေအနေ ကောင်းပြီး ဆေးရုံဆင်းတာနဲ့ ကျွန်မ ဘာလုပ်သင့်သလဲဆိုတာ ကျွန်မသိပါပြီ။ တရားရုံးမှာပဲ ရှင်စောင့်နေပါတော့"

ယွန်းရဲ့ စကားကြားတော့ ကိုချမ်းငြိမ်း ငြိမ်သက်သွားခဲ့တယ်။ ယွန်းက ဆက်ပြီး....

"အခု ရှင့်ချစ်သူ(တိတ်တိတ်ပုန်း)က နေရာတစ်ခု၊ နာမည်တစ်ခု မလိုပေမယ့် ရှင်နဲ့ရထားတဲ့ ကလေးမှာ နာမည်၊ နေရာတစ်ခု မရှိလို့တော့ မဖြစ်ဘူး။ ကျွန်မလည်း မိခင်တစ်ဦးပါ။ ကလေးတွေမှာ အပြစ်မရှိပါဘူး။ သူတို့က အပြစ်မဲ့တွေပါ။ ဒီလို လွန်ဆွဲနေတဲ့ သုံးပွင့်ဆိုင်ဇာတ်မှာ ကျွန်မနောက်ဆုတ် လိုက်ရင် အကောင်းဆုံးလို့ ကျွန်မ ထင်ပါတယ်"

ယွန်းစကားဆုံးတော့ ကိုချမ်းငြိမ်းက အပြစ်လုပ်ထားတဲ့ ကလေးငယ်တစ်ဦးလို နားနေခန်းကနေ ခေါင်းငုံ့ပြီး ထွက်သွားခဲ့တယ်။ မှန်တစ်ချပ်က ပြန်ဆက်လို့ မရအောင် ကွဲအက်သွားခဲ့ပြီလေ......

၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်

ကိုချမ်းငြိမ်းကို အိမ်လာခဲ့ဖို့ ယွန်းဖိတ်ခေါ်လိုက်တယ်။

"ကလေး လပြည့်တော့မယ်။ ကလေးအတွက် ကျွန်မတို့ ဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်။ ကျွန်မတို့ ကိစ္စလည်း ဒီမှာ အဆုံးသတ်သင့်ပြီလို့ ထင်ပါတယ်"

ဆုံးဖြတ်ချက်နဲ့အတူ နှစ်ဦးသဘောတူ လက်မှတ်ထိုး ကွာရှင်းဖို့ တရားရုံးကို သွားခဲ့ကြတယ်။ ဒါကလည်း နှစ်ဦးနှစ်ဖက် ဆွေမျိုးသားချင်းတွေကို မတုန်လှုပ်စေတဲ့ နည်းတစ်နည်းပါပဲ။

တရားရုံးအသွား လမ်းမှာ ကိုချမ်းငြိမ်း တိတ်ဆိတ်နေခဲ့တယ်။ တရားရုံးရောက်ခါနီး ရုတ်တရက် ယွန်းလက်ကို ကိုချမ်းငြိမ်း လှမ်းဆုတ်ကိုင်လိုက်တယ်။ ပြီးတော့ မျက်ရည်ပေါက် ကြီးငယ်နဲ့ " ခဏ ယွန်း.. ခဏလေး နေဦး။ မောင်တို့ သေချာဆွေးနွေးရအောင် .. ဒီထက်ကောင်းတဲ့ နည်းကို မောင်တို့ရှာကြရအောင် ယွန်း"

"ဒီထက်ကောင်းတဲ့ နည်း! ရှိပါတယ် ဒီထက်ကောင်းတဲ့နည်းက အချိန်ကို ပြောင်းပြန်လုပ်လိုက်ဖို့ပဲ"

ယွန်း ကွဲအက်အက် ပြန်ပြောလိုက်တယ်။ ကိုချမ်းငြိမ်း တားနေတဲ့ ကြားထဲက ကွာရှင်းစာချုပ်မှာ ယွန်း လက်မှတ်ရေးထိုး ကွာရှင်းခဲ့တယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ကိုချမ်းငြိမ်းက နေအိမ်နဲ့ စုငွေကို ယွန်းအတွက် ခွဲဝေပေးပြီး သမီးငယ်ကို လစဉ်ကြေး ထောက်ပံ့ဖို့ သဘောတူခဲ့တယ်။

တရားရုံးက အထွက်မှာ ယွန်းကို နေအိမ်ထိ လိုက်ပို့ဖို့ ကိုချမ်းငြိမ်း တောင်းဆိုခဲ့တယ်။ ယွန်း ငြင်းပယ်လိုက်ပါတယ်။

"ရှင်အခုပဲ တစ်ခြားလူရဲ့ တရားဝင် ခင်ပွန်းဖြစ်သွားပြီလေ။ ဘဝတွေကို ကောင်းကောင်း တန်ဖိုးထား ချစ်ပါ"

ယွန်းစကားအဆုံးမှာ ငေးမှိန်တဲ့စိတ်နဲ့ ကိုချမ်းငြိမ်းတစ်ယောက် ကားမောင်းပြီး ထွက်သွားခဲ့တယ်။ လမ်းဘေးက နှင်းတောထဲ ယွန်းထိုင်ချလိုက်မိတယ်။ လက်ထဲမှာတော့ ကွာရှင်းစာချုပ်ကို တင်းတင်းလေး ဆုတ်ကိုင်လို့....

တစ်ညနေမှာ ကိုချမ်းငြိမ်းဆီက အရက်မူးသံနဲ့ ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ ကိုချမ်းငြိမ်း ငိုယိုပြီး သမီးငယ်ကို လွမ်းကြောင်း၊ အိမ်ကို လွမ်းကြောင်း ပြောလာတယ်။ ဖုန်းကို ကိုင်ပြီး ယွန်း ငြိမ်သက်စွာ ရပ်နေမိတယ်....

ရက်အနည်းငယ် အကြာမှာ ယွန်းဆီက စာတစ်စောင်ကို ကိုချမ်းငြိမ်း လက်ခံရရှိခဲ့တယ်။

"ကျွန်မနဲ့ သမီးငယ်ရဲ့ နေ့ရက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းခွင့်ပေးပါ။ သားလေးအတွက် ဖခင်တစ်ဦးရဲ့ တာဝန်ကို ရှင်ကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေ။ ဒါ ရှင်လုပ်ရမယ့် တာဝန်တွေပါ။ နောက်ထပ် တူညီတဲ့ အမှားမျိုးကို ရှင်ကျူးလွန်ဖို့ မသင့်တော့ပါဘူး။ ရှင် ပျော်ရွှင်ပါစေ... ယွန်း"

စာနဲ့အတူ လက်ဆောင်တစ်ခုကိုပါ ယွန်းပါးလိုက်တယ်။ လက်ဆောင်ထုပ်ကို ကိုချမ်းငြိမ်း ဖွင့်ကြည့်လိုက်တယ်။ ဝတ်စုံဖြူ အိန်ဂျယ်ရုပ်နဲ့ အဖြူရောင် ကလေးဝတ် အင်္ကျီတစ်စုံကို တွေ့လိုက်တယ်။ အင်္ကျီကို ဆုတ်ကိုင်ပြီး ကိုချမ်းငြိမ်း ငေးငိုင်သွားခဲ့တယ်။ အဲဒီနောက် သက်ပြင်းရှည်ကြီးတစ်ခုကို လေးလေးသွဲ့သွဲ့ ချလိုက်မိတယ်။

သူ့ဘဝထဲက အချစ်ဆုံး မိန်းကလေးတစ်ယောက်ကို သူလုံးဝ လက်လွတ် ဆုံးရှုံးခဲ့ရပြီဆိုတာကို ကိုချမ်းငြိမ်း သိလိုက်တယ်။ ထာဝရ လက်လွတ် ဆုံးရှုံးခဲ့ရပါပြီ......


ပြီးပါပြီ

အချစ်စစ်... အချစ်စစ်ဆိုတာ ချစ်နိုင်တဲ့အချိန်၊ ချစ်ခွင့်ရတဲ့အချိန်မှာ တန်ဖိုးထား ချစ်နေဖို့နဲ့ လက်လွတ်သင့်တဲ့ အချိန် ကြုံလာရင် လက်လွတ်တတ်ဖို့ပါပဲ။ တစ်ခုကို လက်လွတ်တတ်မှ ကျန်အရာအားလုံးကို ပိုင်ဆိုင်ခွင့်ရှိမယ်။ လှည့်စားတတ်တဲ့ ကံကြမ္မာစက်ကွင်းထဲကနေ ကျွန်မတို့ လွတ်မြောက်ပါစေ....

ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့မယ်ဆိုရင် စာရှည်ပေမယ့် ဘာသာပြန်ရကျိုး နပ်ပါတယ်။ ပေးထားတဲ့ ကွန့်မန့်တွေကြောင့် ရေးရတာ လက်ပိုသွက်စေပါတယ်။ ဆက်ရန်.. ဆက်ရန် ဆိုတာ ဘွိုင်းဇ်ပြောသလို ပဲများနေတာတော့ မဟုတ်ပါဘူး။ (အလုပ်များနေတယ်လို့ ပြောရင် ယုံမလား မသိဘူးးD) ..

နောက် "ကိုချမ်းငြိမ်း" နာမည်နဲ့ ပတ်သက်ပြီး သူငယ်ချင်း CNL ကို တောင်းပန်ပါတယ်။ (တမင်လုပ်လိုက်တဲ့ တိုက်ဆိုင်မှု မဟုတ်ပါဘူး.. ဟား..ဟား) ဇာတ်လိုက်နာမည်ရွေးဖို့ရာ အခက်တွေ့နေတုန်း သူငယ်ချင်း "အသစ်ကလေး" ကို လှမ်းမေးတော့ သူက နာမည်နှစ်ခု ပေးပါတယ်။ တစ်ခုက အရမ်းဆန်းနေလို့ ဒီ သူပေးလာတဲ့ နောက်နာမည်တစ်ခု "ချမ်းငြိမ်း" ကို ယူသုံးလိုက်တာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ရေးသူနာမည် မပါတဲ့ မူရင်းစာကို ဒီမှာ ဖတ်နိုင်ပါတယ်။

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.