Tuesday, December 2, 2008

[ဆိုးသွမ်း] 1 New Entry: ခပ်ဝေးဝေးပဲ......နေချင်တယ်

ခပ်ဝေးဝေးပဲ......နေချင်တယ်





ဘ၀မှာ သူနဲ့ ပတ်သက်လာလျှင်
ဆွေမျိုးမရှိဘူး ၊ ညီအစ်ကိုမရှိဘူး
သူငယ်ချင်းမရှိဘူး ၊ မိတ်ဆွေ မရှိဘူး
မောင်နှမ မရှိဘူး ၊ တခါတလေဆို အဖေအမေတောင် မရှိချင်ဘူး

သူကလည်း အဲဒီလို မရှိအောင်
သူ့သိက္ခာကို ထိန်းတယ်
သူ့ကြောင့် လူတွေ မျက်ရည်ကျတာကို ကြည့်ပြီး ၀မ်းသာတယ်
သူ့ကြောင့်လူတွေ ပျော်ရွှင်တာကိုကြည့်ပြီးလည်း ၀မ်းနည်းပြန်သေးတယ်

သူ့ကို လွယ်လွယ်ကူကူ မရရှိနိင်ပေမယ့်
သူကတော့ လွယ်လွယ်ကူကူပဲ ဖျက်ဆီးနိင်တဲ့ အစွမ်းရှိတယ်

တုတ်ဆွဲ ၊ ဓါးဆွဲ ၊ သေနတ်ဆွဲ
လက်သီးချင်း ၊ လက်ဝါးချင်း တွေမှာလည်း သူပါတယ်
လောကမှာ သူသာလျှင် အရေးအကြီးဆုံးလို့
သူ့ကိုယ်သူထင်နေတယ်

ဘယ်သူက သူ့ကို လူ့လောကထဲ ခေါ်လာခဲ့တာလဲ
လောကမှာ တစ်စုံတရာကို တန်ဖိုးသတ်မှတ်ဖို့
သူ့ကိုမှ ဘာလို့ ရွေးချယ်ခဲ့ကြရတာလဲ

ကမ္ဘာကြီးမှာ သူ့ကို အိတ်ထဲခေါ်ထားနိင်တဲ့ လူမှန်သမျှ
လုပ်ချင်ရာကို လုပ်ဖို့ သူကခွင့်ပြုထားတယ်
သူ့မှာ တရားတာ ၊ မတရားတာ
သစ္စာရှိတာ ၊ ဖောက်ပြန်တာတွေ မရှိဘူး
သူ.....သူ.....သူ

မပတ်သက်ချင်လည်း ပတ်သက်နေရဦးမယ်
သူနဲ့ မပတ်သက်ရင်လည်း ဘယ်သူမှ ကိုယ်နဲ့လာပြန် ပတ်သက်မှာ မဟုတ်တော့
လောကမှာ သူမရှိရင်ကောင်းမယ်လို့ ဆုတောင်းပေမယ့်
သူဆိုတဲ့ " ငွေ " ကိုတော့ ပတ်သက်ရဦးမယ်




You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.