Tuesday, December 2, 2008

[ဆုံဆည်းရာ] 4 New Entries: ထိုင်းအစိုးရထောက်ခံ ဆန္ဒပြပွဲတွေကြောင့် ဘန်ကောက်မြို့ အခြေအနေ ပိုတင်းမာ

ထိုင်းအစိုးရထောက်ခံ ဆန္ဒပြပွဲတွေကြောင့် ဘန်ကောက်မြို့ အခြေအနေ ပိုတင်းမာ

ဗွီအိုအေ၊ ဒီဇင်ဘာလ ၁ ရက် ၂၀၀၈

ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ၀န်ဆာဝတ် ရာထူးက နုတ်ထွက်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုသူတွေကို ကန့်ကွက် ရှုတ်ချတဲ့အနေနဲ့ အစိုးရကို ထောက်ခံသူ ထောင်ပေါင်းများစွာ ဘန်ကောက်မြို့တော်မှာ မနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရကို ထောက်ခံသူတွေက အခုလို လမ်းတွေပေါ် ဆန္ဒပြကြတဲ့အတွက် ကမ္ဘာလှည့် ခရီးသည်အပါအ၀င် သိန်းနဲ့ ချီတဲ့ ခရီးသည်တွေ ဘန်ကောက်မြို့မှာ ရက်အတန်ကြာ ပိတ်မိနေတဲ့ အခြေအနေက ပိုဆိုးသွားစေပါတယ်။

သြဂုတ်လဆန်းတုန်းက ရာထူးက လက်ခံရယူခဲ့တဲ့ ၀န်ကြီးချုပ်ကို ထောက်ခံတဲ့အနေနဲ့ အခုလို အစိုးရ လိုလားသူတွေက ဆန္ဒပြ ကြတာပါ။ အစောပိုင်းတုန်းကတော့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ လူအုပ်နားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် အနဲဆုံး လူ ၅၀ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ပေါက်ကွဲမှုအတွက် ဘယ်သူကိုမှ ဖမ်းဆိးမှု မရှိသေးတဲ့အပြင် ဘယ်သူလက်ချက်လဲဆိုတာကိုတောင် မသိရသေးပါဘူး။

မြန်မာမှ ထိုင်းသို့ ပျံသန်းသည့် လေကြောင်းလိုင်းအချို့ ပြန်လည်ပြေးဆွဲ

မဇ္ဈိမ-သဲသဲ၊ ဒီဇင်ဘာလ ၁ ရက် ၂၀၀၈

နယူးဒေလီ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ် ပိတ်ထားသည့်အတွက် မြန်မာ နိုင်ငံမှ ထိုင်း နိုင်ငံသို့ ပျံသန်းနေသော လေကြောင်းလိုင်းများ၏ ခရီးစဉ်အချိန်များ ပြောင်းလဲ ပျံသန်း နေသည်ဟု လေကြောင်း လိုင်းများမှ တဆင့် သိရသည်။

ရန်ကုန်မြို့နှင့် ဘန်ကောက်မြို့အကြား ဘန်ကောက် အဲယားဝေး (Bangkok Airways)၊ ထိုင်းလေကြောင်း လိုင်းနှင့် မြန်မာ့ လေကြောင်း ပြေးဆွဲလျက်ရှိသည်။

ထိုင်းလေကြောင်းလိုင်း (Thai Airways International) မှ ခရီးစဉ်များ ရပ်ဆိုင်းထားခြင်း မရှိသော်လည်း အချိန်မှန် ပျံသန်းနိုင်ခြင်း မရှိသည့်အတွက် ယခုရက်ပိုင်း လက်မှတ်ဝယ်ယူသူများကို လေယာဉ်ခရီးစဉ် သေချာမှသာ လက်မှတ် ရောင်းချ ပေးကြောင်း ရန်ကုန်မြို့ရှိ ထိုင်းလေကြောင်းလိုင်း ရုံးမှ တာဝန်ခံတဦးက ပြောသည်။

"လောလောဆယ် ခရီးစဉ်က ဘာမှ မသေချာဘူးဖြစ်နေတယ်။ တနေ့ကို ပုံမှန်တစင်းလောက် ထွက်ပေမယ့် ဒီနေ့ည ထွက်မယ် ဆိုရင် နေ့လယ်လောက်မှ အသိပေးနိုင်တယ်" ဟု သူမက ပြောသည်။

ဘန်ကောက် အဲယားဝေး (Bangkok Airways) လေကြောင်းလိုင်း၏ ပုံမှန်ခရီးစဉ် ပျံသန်းမှုကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ စ၍ ရပ်နားထားပြီး မနက်ဖြန် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အထူးခရီးစဉ်အဖြစ် ယာယီ ဖွင့်လှစ်ထားသော ဥတာပေါင်း လေဆိပ် သို့ ပျံသန်းပေးမည်ဟု ရန်ကုန်မြို့ရှိ ဘန်ကောက် အဲယားဝေး (Bangkok Airway) လက်မှတ် အရောင်းဌာနမှ တာဝန်ခံ တဦးက မဇ္ဈိမကို ပြောသည်။

ပုံမှန် ခရီးစဉ်များကို တနင်္ဂနွေ၊ တနင်္လာနှင့် သောကြာ နေ့စဉ် တကြိမ် ပျံသန်းပေးလျက်ရှိသော်လည်း ယခုအခါ ပျံသန်းမည့် အချိန်ကို အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သူမက ဆက်လက် ပြောဆိုသည်။

မြန်မာ့လေကြာင်းလိုင်း MAI ၏ ဈေးကွက် တာဝန်ခံတဦးကလည်း ၄င်းတို့လေကြောင်းလိုင်း၏ စင်္ကာပူနှင့် မလေးရှား ခရီးစဉ်များ အတွက် ပြဿနာ မရှိသော်လည်း ထိုင်းနိုင်ငံတွင် ယာယီ လေဆိပ်ကို အသုံးပြုနေရသဖြင့် ခရီးသည်များအတွက် အခက်အခဲ ရှိကြောင်း ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သည် မြန်မာနိုင်ငံနှင့် နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားလာမည့် ခရီးသည်များအတွက် အဓိက အသုံးပြုရာ လေဆိပ်ဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်သူ့မဟာမိတ် (People Alliance for Democracy - PAD) အဖွဲ့က ထိုင်းနိုင်ငံ၏ ပင်မ နိုင်ငံတကာ လေဆိပ်ကြီးဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်ကို ၀င်ရောက်စီးနင်းလိုက်ပြီး ဆန္ဒပြနေခဲ့သည့်အတွက် လေဆိပ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှ စတင်၍ ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၅၀ (မိုင် ၉၀) ခန့် ကွာဝေးသည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထိုင်းဘုရင့်ရေတပ်ပိုင် ဥတာပေါင်း လေဆိပ်ကို အသုံးပြုပြီး လေယာဉ်ခရီးစဉ်များ ပျံသန်းနေရခြင်းဖြစ်သည်။

မွမ်ဘိုင်း တိုက်ခိုက်မှုအပြီး အိန္ဒိယ ပြည်ထဲရေးဝန်ကြီး နှုတ်ထွက်

ဗွီအိုအေ၊ ဒီဇင်ဘာလ ၁ ရက် ၂၀၀၈

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်မှုကို တားဆီးဖို့ အစိုးရအနေနဲ့ လုံလုံလောက်လောက် လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းလုံခြုံရေး အရာရှိ ရာထူးက နုတ်ထွက် သွားပါပြီ။ ပြည်ထဲရေး ၀န်ကြီး ရှီရာပ် ပတေးလ် က နုတ်ထွက်သွားတာပါ။ သူ့နေရာမှာ ဘဏ္ဍာရေး ၀န်ကြီး ပလာနီပန် ချီတန် ဘရမ်းကို အစားထိုး ခန့်အပ်လိုက်ပါတယ်။ အစိုးရအနေနဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေကို တိုးချဲ့ လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း နိုင်ငံရေး ပါတီတွေ အားလုံးကို ခေါ်ယူ ကျင်းပ ခဲ့တဲ့ အစည်းအဝေး ပွဲမှာ ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း က ပြောခဲ့ ပါတယ်။ အကြမ်းဖက် တိုက်ခိုက်ရေး အမျိုးသားလုံခြုံရေး တပ်ဖွဲ့ကို အင်အားတိုးမြင့် ဖွဲ့စည်းသွားမယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ ဒါအပြင့် ဗဟိုထောက်လှမ်းရေး အဖွဲ့ ဖွဲ့စည်းဖို့လည်း ပြင်ဆင်နေတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က စတင် တိုက်ခိုက်ခဲ့တဲ့ သုံးရက်ကြာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၇၅ ယောက်သေဆုံးပြီး ၃၀၀ကျော် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အကြမ်းဖက် သမား ၉ယောက်ကို အိန္ဒိယ ကွန်မန်ဒို တပ်တွေက သုတ်သင်နိုင်ခဲ့ ပြီးတော့ ၁ယောက်ကိုတော့ အရှင် ဖမ်းမိခဲ့ပါတယ်။ အဲဒီလူဟာ ပါကစ္စတန် နိုင်ငံသားလို့ ဆိုပါတယ်။

မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေး အမေရိကန် ကူညီဖို့ ကတိပြု

ဗွီအိုအေ၊ ဒီဇင်ဘာလ ၁ ရက် ၂၀၀၈

အိန္ဒိယ နိုင်ငံ မွမ်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှု တရားခံအကြမ်းဖက်သမားတွေကို ရှာဖွေရာမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အတူ ပူပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတ ဘုရှ်က အိန္ဒိယ ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းကို ပြောဆိုလိုက်ပါတယ်။ သမ္မတ ဘုရှ်က လောလောဆယ် စုံစမ်း စစ်ဆေးရေး အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ကာကွယ်ရေး ၀န်ကြီးဌာနကနေ လိုအပ်တဲ့ နည်းပညာ တွေနဲ့ ၀န်ထမ်းတွေကို အားဖြည့် ကူညီမယ်လို့ အိန္ဒိယ ခေါင်းဆောင်တွေကို မနေ့က အကြောင်းကြား လိုက်တဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂေါ်ဒင် ဂျွန်ဒရိုးက ပြောဆိုလိုက်တာပါ။

ဒါဟာ ဗုဒ္ဓဟူးနေ့က အတိုက်ခိုက်ခံရတဲ့ အချိန်က စလို့ သမ္မတဘုရှ်၊ ၀န်ကြီးချုပ် ဆင်းတို့ ဒုတိယ အကြိမ်မြောက် စကားပြောဖြစ် ခဲ့ကြတာဖြစ်ပါတယ်။ အရွေးကောက်ခံ သမ္မတ အိုဘားမားကလည်း ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း ကို စကားပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့အတွက် အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်နဲ့ အဖွဲ့က အိန္ဒိယနိုင်ငံကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့တယ်လို့ သံတမန် သတင်းရပ်ကွက်က ပြောဆိုပါတယ်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.