Tuesday, December 2, 2008

[Nine Nine SaNay] 1 New Entry: ကျွန်မမုန်းသော.... ကျွန်မချစ်သော

ကျွန်မမုန်းသော.... ကျွန်မချစ်သော


ကျွန်မမုန်းသော ကျွန်မအကြောင်း (၁ဝ)ချက်ကို (၆)နှစ်ကျော်လောက် အဆက်ပြတ်နေတဲ့ သူငယ်ချင်း အညတြ(ခေတ္တ နယူးယောခ်) ကြီး tag လိုက်တဲ့အတွက် tag ဂိမ်းကို ကျွန်မ ပြန်ကစားဖြစ်ပါတယ်။ တကယ်ဆို ကျွန်မကို အမြင်ကပ်ကြတဲ့လူများလို့ tagဂိမ်း တော်တော်များများမှာ ကျွန်မပါဝင်ခွင့် မရခဲ့ပါဘူး။ အခုလည်း ကြည့်အုန်းလေ.... tag မယ့် tag တော့လည်း ကိုယ့်ကိုယ်ကိုမုန်းတဲ့ အကြောင်းတဲ့။ (၁ဝ) ချက်ကြီးများတောင်... ကိုယ့်ကိုယ်ကိုမုန်းတဲ့ အချက်က (၁ဝ)ချက်ကြီးများတောင် ရှိတယ်ဆိုရင် ကိုယ့်ကိုယ်လူများမုန်းတာ ဘယ်နှစ်ချက်များ ရှိနေမလဲနော်?

သို့သော် သူငယ်ချင်းကြီးက tag တယ်ဆိုတော့လည်း ကိုယ့်ကိုယ် မှန်ရှေ့မှာ ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မုန်းစရာတွေ ရှာကြည့်ပါတယ်။ (၁ဝ)ချက်လုံး ကျွန်မကိုယ်ကျွန်မ မမုန်းမိတဲ့အတွက် ဂိမ်းနည်းကို သွေဖယ်ပြီး (၁ဝ)ချက်ပြည့်အောင် ကျွန်မကိုယ်ကျွန်မ ချစ်တဲ့အကြောင်းနဲ့ တစ်ဝက်ဆီ ရေးလိုက်ပါတယ်။ ကိုယ့်ကိုယ်ချစ်တာတွေမှာ ကိုယ့်အကြောင်း အကောင်းပဲရေးမှာမို့ နည်းနည်း အမြင်ကပ်စရာ ဖြစ်နေပါလိမ့်မယ် ..း)

၁)
မုန်းတဲ့အကြောင်း (၁ဝ)ချက်ပါလို့ tag တာတောင် ကျွန်မဘုကန့်လန့်ကျပြီး မုန်းတဲ့၊ ချစ်တဲ့ အကြောင်း (၅)ချက်စီ ရေးလိုက်တာကိုပဲ ကြည့်တော့... ဘယ်လောက်မုန်းစရာကောင်းတဲ့ ကျွန်မရဲ့ ဘုကန့်လန့်လဲ?

၂)
ထမင်းဆာမှန်းသိရက်နဲ့ ထမစားတာ၊ နာမှန်း ဖျားမှန်း သိရက်နဲ့ ဆေးမသောက်တာ ... ကျွန်မက အဲလို မုန်းစရာကောင်းလောက်အောင် ပေတေတယ်။

၃)
ပွဲလမ်းတစ်ခုခု သွားမယ်၊ လူကြားသူကြားထဲ သွားမယ်ဆိုရင် လူများတကာလို သပ်သပ်ရပ်ရပ်နဲ့ ကျွန်မ မဖြီးလိမ်း၊ မဝတ်စားတတ်ဘူး။ အစ်မဆူတာကို အမြဲခံရတယ်။ မိန်းမ မဆန်တဲ့ ကိုယ့်ကိုယ်ကိုလည်း တစ်ခါတလေ မုန်းမိပါရဲ့....

၎)
စိတ်တို၊ ဒေါသထွက်တဲ့အချိန် လူများကို ဆူဆဲပြီး စိတ်ပြေသွားတဲ့အခါ ငါပြောတာ လွန်သွားလားမသိဘူးဆိုပြီး နေရာတကာ အားနာတတ်တဲ့ စိတ်ကိုလည်း မုန်းတယ်..

၅)
အခုလို မုန်းတဲ့အကြောင်း (၁ဝ)ချက် ရေးခိုင်းတာကို ဖျစ်ညစ်ပြီး (၅)ချက်အထိပဲ ရေးနိုင်တဲ့ မသွက်လက်တဲ့ ကိုယ့်ဦးနှောက်ကိုလည်း မုန်းမိတယ်....

၆)
ကိုယ့်ကိုယ်ချစ်တဲ့အကြောင်း ရေးမယ်ဆိုတော့ ပြုံးပြီး ရိုက်ကွက်ပါသွက်လာတဲ့ ကိုယ့်ရဲ့စိတ်ကို ချစ်တယ်။

၇)
အဲဒီလို ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ စိတ်တိုစရာပဲ ဖြစ်ဖြစ် ကျွန်မဆီမှာ ခဏပဲခံတယ်။ အခုစိတ်တို ၁ဝမိနစ်မကြာဘဲ စိတ်ပြေသွားတတ်တဲ့ ကိုယ့်စိတ်ကို ချစ်တယ်။

၈)
မောင်ညီမတွေ လုပ်ရမယ့်အလုပ်၊ ဒါမှမဟုတ် သူတို့အတွက် ကိုယ်ပို အနစ်နာခံလိုက်ရတာကို ကျေနပ်တယ်။ သူတို့တွေနဲ့ ဒီဘဝမှာ မောင်ညီမ လာဖြစ်နေရတာကို အရမ်းဝမ်းသာတယ်။ မိသားစုအပေါ်၊ မောင်နှမအပေါ် သံယောဇဉ်ကြီးတတ်တာကို ချစ်တယ်။

၉)
တိုက်မရှိ၊ ကားမရှိ၊ အိမ်မရှိ အခုလက်ရှိဖြစ်နေတဲ့ ဘဝ၊ နေရာ၊ အခြေအနေမှာ ရောင့်ရဲကျေနပ်တဲ့ ကိုယ့်ကို ချစ်မိပါတယ်။

၁ဝ)
ရေးခိုင်းတာတစ်မျိုး ပြန်ရေးတာတစ်မျိုးနဲ့ တစ်ခါခါ အဲဒီလို အူကြောင်ကြောင် ကိုယ်ကိုယ် ဘာမှန်းမသိတဲ့ ခပ်ချာချာ ငတေဘုကန့်လန့်ကိုယ့်ကို ချစ်ပါတယ်။

ဟီး... ဆောရီးနော် .. ခံစားတတ်သူ... ဘာရေးရမှန်းမသိလို့ ... ကျေနပ်မယ်လို့ ထင်ပါတယ်။းD
ဒီကစားနည်းကို သူငယ်ချင်း ဘလော့ဂ် အသစ်စက်စက် ဟိန်းဇော်မောင်ကို ပွဲထုတ်ရင်း သူ့ကို ပြန်tag လိုက်ပါတယ်။ ဟိန်းဇော်မောင်ရေ "ကျွန်တော်မုန်းတဲ့ ကျွန်တော့်အကြောင်း (၁ဝ)ချက် " ... တအားတော့ မမုန်းလိုက်နဲ့နော်။ လူများမုန်းဖို့လဲ ချန်ထားအုန်း :P

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.