Tuesday, December 2, 2008

[DeGoLar] 2 New Entries: ♥ SMRT expenses

♥ SMRT expenses

ဘာရယ်မဟုတ်ပါဘူး၊ ဖေဖော်ဝါရီကနေ နိုဝင်ဘာအထိ အမ်အာတီနဲ့ ဘတ်စ်ကား ခရီးစရိတ်ပါ။ SMRT ကဒ်ကနေ အလိုအလျောက် နှုတ်ပေးပါတယ်၊ ၃၀ ကတော့ ကိုယ့်စိတ်ကြိုက် သတ်မှတ်ထားတဲ့ ပမာဏဖြစ်ပြီး ဝန်ဆောင်ခက တမတ်ပါ၊ သို့သော်လည်း SMRT$ ပြန်ပေးပါတယ်၊ UOB ရဲ့ SMART$ နဲ့ ရုတ်တရက်ကြည့်ရင် တူပါတယ်၊ အဲဒါက လောလောဆယ်အထိ ၉.၈၇ ဒေါ်လာ ရှိပါတယ်။ စကားမစပ်၊ တချို့ဘတ်စ်ကားလိုင်းမှာ အင်တာနက် သုံးလို့ရအောင် ဝိုင်ဖိုင် ပေးထားပါတယ်၊ ဟိုးတနေ့က စမ်းသုံးကြည့်တာ အဆင်ပြေပါတယ်။ IELTS မှာ လုပ်တဲ့အတိုင်း ဇယားကြည့်ပြီး ပုံပြင်ရေးပါမယ်။


အထက်ပါဇယားကတော့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၀၈ ခုနှစ် နိုဝင်ဘာလအထိ citibank ရဲ့ SMRT ကဒ်နဲ့ အလိုအလျောက် ပေးချေခဲ့တဲ့ ခရီးသွားစရိတ်ကို ဖော်ပြနေပါတယ်။ အပေါ်ဆုံးက အတန်းနှစ်တန်းဟာ SMRT$ နဲ့ သက်ဆိုင်တဲ့ ကိန်းဂဏန်းတွေကို ဖော်ပြထားပြီး အောက်ဖက်က ပိုကျယ်တဲ့ ဧရိယာထဲမှာတော့ အလိုအလျောက် ပေးချေခဲ့တဲ့ အကြိမ်တိုင်းကို ဖော်ပြပါတယ်၊ ထပ်ဆောင်းဖြည့်စွက်ခြင်း အကြိမ်ပေါင်း ၁၄ ကြိမ် ရှိပါပြီ။

အဆိုပါဝန်ဆောင်မှုကို ဖေဖော်ဝါရီလမှာ စတင်အသုံးပြုခဲ့ပြီး အစပိုင်းမှာ ရှိရင်းစွဲ EZ-Link ကဒ်ပြား ထဲက လက်ကျန်ငွေနဲ့ ပေးချေနေတဲ့အတွက် ဧပြီလ ၁၇ ရက်နေ့ ရောက်တော့မှ နောက်တစ်ကြိမ် ထပ်မံဖြည့်စွက်ရပါတယ်၊ တနည်းအားဖြင့် မတ်လ တစ်လလုံး ထပ်ဆောင်းဖြည့်စွက်ခြင်း မရှိခဲ့ပါဘူး။ ဧပြီ၊ ဇွန်၊ ဩဂုတ်၊ စက်တင်ဘာနဲ့ နိုဝင်ဘာလ တွေမှာ နှစ်ကြိမ်စီ ပေးချေခဲ့ပြီး မတ်လကလွဲလို့ ကျန်လတွေမှာတော့ တစ်ကြိမ်စီသာ ပေးခဲ့ပါတယ်။ နှစ်ကြိမ်စီ အနှုတ်ခံခဲ့တဲ့ လတွေထဲမှာမှ နိုဝင်ဘာလမှာ ရှေ့နဲ့နောက် ၁၁ ရက်ပဲ ခြားခဲ့တဲ့အတွက် ခရီးသွားနှုန်း အမြင့်ဆုံးလို့လည်း ဆိုနိုင်ပါတယ်။ အလိုအလျောက် နှုတ်ယူတဲ့ ကြိမ်နှုန်းတွေထဲမှာ ကွာဟမှုအများဆုံး ကာလကတော့ မတ်လ ခြားနေတဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ဧပြီ ၃ ရက်နေ့အထိ ဖြစ်ပါတယ်၊ ကြားမှာ ရက်ပေါင်း ၄၀ ခြားသွားပါတယ်။ အဆိုပါ ကနဦးကာလကို ထည့်မတွက်ရင် ပျမ်းမျှ ရက် ၂၀ မှာ တစ်ခေါက်နှုန်း ပေးချေနေခြင်း ဖြစ်ပါတယ်။
--
花旗銀行的 SMRT 白金卡有自動儲值功能,每當餘額不足時會直動加指定的金額進去,每一筆儲值交易都會收取 0.25 元。比如我設定好每次儲值三十元,實際上我已經欠花旗 30.25 元了,不過它會有一點點回饋金給你,我從二月到今天一共有十四筆交易,累積 SMRT$ 是 9.87 元。算一算我在交通上平均二十天花掉三十元。

♠ Honesty & Anonymity (6)

ဆက်ရေးဖို့အတွက် ရေးပြီးသားပို့စ်တွေ ပြန်ဖတ်ရတယ်၊ တခါတလေ ဘယ်ကဆက်ရမှန်း မသိဘူး။ ရေးခဲ့ပြီးတဲ့ လီခွန်းလင်းအကြောင်းက တဝက်တပျက်အဆင့်မှာပဲ ရှိသေးတယ်လို့ ထင်တယ်၊ ဒါကြောင့် ဒီလူ့အကြောင်း နည်းနည်းလေး ထပ်ကွန့်လိုက်အုံးမယ်၊ စိတ်ရှည်ရှည်ထားကြပါ။ (ကျေးတမာနဲ့ ပေဖူးလွှာ နောက်ခံတီးလုံးလွှင့်)

ရေးခဲ့သလိုပဲ အဲဒီလူက ဘက်စုံရတယ်၊ နိုင်ငံအများကြီး သွားဖူးတယ်၊ အဲ၊ ထူးခြားတာက သူနေမယ်ဆို ကြိုက်ရာနေရာမှာ နေလို့ရပါလျက်နဲ့၊ သူ့ကို ငွေတွေပုံအောပေးပြီး အကျအန ကျွေးထားမွေးထားမယ့် ကုမ္ပဏီကြီးတွေ နိုင်ငံတကာမှာ ရှိနေပါလျက်နဲ့ နောက်ဆုံး ဘယ်နေရာမှာ အခြေချသလဲ ဆိုတော့ သူ့မွေးရပ် ထိုင်ဝမ်ဆိုတဲ့ နိုင်ငံတောင် မမည်တဲ့ ကျွန်းကလေးပေါ်မှာပါ၊ အဲဒါတောင် အကြီးဆုံး အတိုးတက်ဆုံးဖြစ်တဲ့ ထိုင်ပေမြို့မရွေးပဲ သူဇာတိ ကောင်းရှုံမြို့ကိုပဲ ရွေးချယ်ခဲ့တယ် (အော့စဖို့ဒ်မလိုပါ၊ ဘော့စတွန်မလိုပါ၊ တကယ်နေတဲ့ နေရာကသာ အကောင်းဆုံးပါ)။ အဲဒီကျွန်းလေးက သူ့လိုလူမျိုးကို ဆွဲဆောင်ထားနိုင်တာ သတိပြုစရာပဲ၊ စင်္ကာပူမှာ အဲသလောက်ထိ ဆွဲဆောင်အား မရှိနိုင်ဘူးလို့ ကျနော်ထင်တာပဲ၊ ဘာဖြစ်လို့လဲ၊ ရှင်းပါတယ်၊ အဲသလောက်မှ လွတ်လွတ်လပ်လပ် ပွင့်လင်းလို့ မရပဲကိုး။ အထူးသဖြင့် လီမျိုးတွေကြီးစိုးတဲ့ (အဟွတ် အဟွတ်) ဆက်ဖတ်ပါ။

သိတဲ့အတိုင်း အင်တာနက်ပေါ်မှာ အတိုင်းအတာတခုထိ ပွင့်လင်းနိုင်တယ်၊ အကြောင်းက မည်သူမည်ဝါ ဆိုတာ လှစ်ဟပြစရာ မလိုလို့ပဲ။ အင်တာနက်မှာ အများတကာ အသိအမှတ်ပြုထားတဲ့ မောင်ဖြူဆိုတဲ့ ယောက်ျားကြီးက လက်တွေ့ဘဝမှာ မနီဆိုတဲ့ မိန်းခလေး ဖြစ်နေနိုင်တယ်။ မနီ မပြောရဲ မတွေးရဲတဲ့ ကိစ္စတွေကို မောင်ဖြူက ပြောတယ်၊ တွေးတယ်၊ ဒါပေမဲ့ အဲဒါက ရိုးသားမှုကို လျစ်လျူရှုထားတာပဲ။ ပုံပြင် ဝတ္ထုလိုမျိုး ရေးနေတာမဟုတ်ပဲ ကိုယ့်အဖြစ်အပျက်တွေ မှတ်သားဝေမျှနေတဲ့ ဘလော့ဂ်လို ဇာတ်ခုံတစ်ခုမှာ အမည်နာမတွေကို အခြေအနေအရ ပြောင်းထားတာ အဆန်းမဟုတ်ပေမယ့် ပင်ကိုယ် အတွေးအခေါ်၊ အမူအကျင့်၊ အနေအထားတွေကိုပါ လုံးဝ ပုံပြောင်းထားရင် သူ/သူမနဲ့ interact လုပ်နေသူကို လှည့်စားရာရောက်တယ်၊ လက်တွေ့မှာ ဒီလူက ရှိမှမရှိတာ။ အဲဒါကြောင့် ချက်ရွမ်းတို့ဘာတို့မှာ သူစိမ်းနဲ့ စကားပြောတဲ့အခါ သူ့ရဲ့ အချက်အလက်တချို့ကို သိပြီးတော့မှ ပြောဆိုကြတာဟာ ဒီလိုလူတစ်ယောက် တကယ်ရှိတယ်လို့ ပိုသေချာချင်လို့ပဲ။

လူမှန်ရင် အတ္တတော့ ရှိတတ်စမြဲပဲ၊ ငါ ရှင်သန်နေဆဲပါလား၊ ငါ လုပ်ချင်တာ လုပ်နိုင်ဆဲပါပဲလား၊ ငါ အရာရောက်နေဆဲပါလား ဆိုတဲ့ ငါစွဲမျိုးလည်း အနည်းနဲ့အများ ရှိတတ်ကြတာပဲ။ တချို့တွေက ကိုယ့်ကိုကိုယ် ရုပ်ပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ အနာတရဖြစ်အောင် တမင်လုပ်ယူပြီး ရှင်သန် နေသေးကြောင်း ပြကြတယ်၊ တချို့တွေက ပတ်ဝန်းကျင်ကနေ သတိထားမိအောင် ထူးထူးခြားခြား နေပြတယ်၊ ဝတ်စားပြတယ်။ ဘယ်လိုပဲလုပ်လုပ်၊ ဒါတွေဟာ အတွင်းစိတ်က ကွက်လပ်ကြီးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြည့်ဆည်းနေတာပဲ။ ကျနော် သတိထားမိသလောက် မြန်မာပြည်မှာ ဒီလို လက္ခဏာမျိုးကို အောက်က ပုံစံတွေနဲ့ အများဆုံး ဖော်ပြတတ်ကြတယ်။

၁။ ရောက်လေရာမှာ နာမည်ရေးခြစ်ထားတတ်တာ (စေတီပုထိုး၊ ပန်းခြံ စသည်)
၂။ စတိတ်ရှိုးလို ပွဲမျိုးတွေမှာ စင်အောက်ကနေ သံသေးသံကြောင်နဲ့ အော်ဟစ်တတ်တာ
၃။ ကိုယ်ပိုင်မဟုတ်ပဲ သူများပစ္စည်းနဲ့ အငှားကြွားတတ်တာ
၎။ သူတပါးရဲ့ ဆိုးချက်တွေ၊ အားနည်းချက်တွေကိုပဲ ဖိပြောတာ၊ အတင်းပြောတာ

အဲဒီထဲမှာ အငှားကြွားတာက အခုလောလောဆယ် ဖြစ်သွားတဲ့ ဘလော့ဂ်ကိစ္စပေါ့၊ ခက်တာက သူများအင်္ကျီ ငှားဝတ်တာမဟုတ်ပဲ ပိုင်ရှင်ကို အသိမပေးတဲ့အပြင် ကိုယ့်အပိုင်လို့ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တော့ ပိုဆိုးသွားတယ်။ အစကတည်းက ကျနော်သူ့ကို သူရေးနေသလိုပဲ အပြင်မှာ ဖြစ်လိမ့်မယ်လို့ ယုံထားတယ် (လူတစ်ယောက်ကို မယုံကြည်တာက တော်တော်လေး စိတ်ပင်ပန်းတယ်၊ ဒီကိစ္စမှာ အကယ်၍များ ယုံထားသလို မဟုတ်ခဲ့ရင် ဘာမှလည်း နစ်နာမှာမဟုတ်တော့ ယုံပါတယ်)၊ ဖြစ်လည်း ဖြစ်နိုင်တာပဲ၊ တတ်နိုင်သူတွေ ယူအက်စ်နဲ့ ယူကေကို လူးလာခတ်သွားနေတာ မဆန်းဘူးလေ၊ မြန်မာပြည်ထဲက ကြီးကြီးမာစတာနဲ့ ပတ်သက်တာကိုလည်း လက်ခံထားတယ်၊ အဲဒါက သူမ အပြစ်မဟုတ်ဘူး၊ လူဆိုးတစ်ယောက်နဲ့ အမျိုးတော်စပ်သူက ဘယ်တော့မှ လူကောင်းတစ်ယောက် မဖြစ်နိုင်တော့ဘူးလား၊ ကျနော်ကတော့ အဲသလို မတွေးပါဘူး (ဒီမှာ ပြောနေတာက မြန်မာပြည်ထဲက လူဆိုးကြီးကြီးမာစတာ တစ်ယောက်ယောက်နဲ့ ပတ်သက်နေတဲ့ လူသားတစ်ယောက်ပါ၊ ဘယ်သူ ဘယ်ဝါရယ်လို့ မဟုတ်ပါ၊ ကြဉ်သင့် မကြဉ်သင့်က နောက်တကိစ္စပါ၊ သူ နောက်ဆုံး တင်သွားတဲ့ပို့စ်က လမ်းညွှန်ပေးသွားပါတယ်)။ ဆိုလိုတာက ကျနော့်လို လူတစ်ယောက်အနေနဲ့ကတော့ ကိစ္စနှစ်ခုကို ခွဲမြင်ပါတယ်၊ တစ်စုံတစ်ယောက်နဲ့ ပတ်သက်နေတာက ကျနော့်စိတ်ထဲမှာ သိပ်ကြီးတဲ့ကိစ္စ မဟုတ်ခဲ့ပါဘူး၊ အထူးသဖြင့် ရပ်တည်ချက် ထင်ရှားတဲ့ ကျနော်တို့လို လူတွေနဲ့ အရောဝင်ချင်စိတ် ရှိနေကတည်းက အတွေးအခေါ်ချင်း နီးစပ်တယ်လို့ ယူဆမိတယ်။ ကျနော့်အနေနဲ့ အပြစ်မြင်တာကတော့ မရိုးသားမှုပါပဲ။

ရေးလေဝေးလေဖြစ်မှာစိုးလို့ ခေါင်းစဉ်နဲ့ပြန်နွှယ်မယ်။ မြန်မာပြည်မှာ ပွင့်လင်းချင်ရင် ဘာမဟုတ်တဲ့ ကိစ္စလေးတွေပဲ ပွင့်လင်းခွင့်ရတယ်၊ တိုင်းပြည်နဲ့ချီတဲ့ အရေးကြီးကိစ္စတွေ ဆိုရင်တော့ ပွင့်လင်းလို့ မရတော့ဘူး၊ identity ဆိုတဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို စွန့်လွှတ်မှသာလျှင် လွတ်လွတ်လပ်လပ် ပွင့်လင်းခွင့်ရတယ်။ ဒါကြောင့် မောင်ကကြီး မခခွေး တို့တတွေ ပွင့်လင်းချင်ရင် အရင်ဆုံး လူတွေကြားထဲ အငွေ့ပျံရတယ်၊ အဲလိုမှ မဟုတ်ရင်တော့ ရင်တထိတ်ထိတ်နဲ့ နေမလား၊ အရာသိပ်မထင်တဲ့ ကိစ္စတွေနဲ့ပဲ ပွင့်လင်းသွားမလား ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပေတော့။ ဒီတလော အားလုံးသိတဲ့အတိုင်း ရိုးသားမှု၊ ပွင့်လင်းမှု စတဲ့အမှုတွေနဲ့ ထောင်ဒဏ် ဘယ်လောက် ဘယ်လောက် ဆိုပြီးတော့ကို ချလိုက်တယ်၊ ဒါက မြန်မာပြည် ပတ်ဝန်းကျင်ကြီး တစ်ခုလုံးရဲ့ အနေအထားပဲ။ ရှင်းရှင်းပြောရရင် မရိုးသားနဲ့၊ မပွင့်လင်းနဲ့၊ နာမည်မကြီးချင်စမ်းပါနဲ့၊ ဒါပါပဲ။ အဲဒါတွေရဲ့ အကျိုးဆက်ကတော့ မြန်မာပြည်သူပြည်သားတွေ အငုပ်စိတ် တအားဝင်တယ်၊ နာမည်ကလေး ကြီးချင်ရင် ဟုတ်တိပတိ နေရာမျိုးမှာ မကြီးရဲကြပဲ စတိတ်ရှိုးမှာ အော်လိုက်မလား၊ အုတ်ခုံပေါ်မှာ မီးသွေးခဲနဲ့ ခြစ်လိုက်မလား၊ ဒါလောက်ပဲ တတ်နိုင်တော့တယ်၊ ပတ်ဝန်းကျင်က ဒါလောက်ပဲ လက်ခံတာကိုး။

ဒါကြောင့် ဒုတိယ ဦးသန့် ကို အတော်လေးမျှော်ရပါအုံးမယ်။

ထိုင်ဝမ်မှာတော့ Richard Branson လိုလူသာ ရှိခဲ့ရင် လီခွန်းလင်းဖြစ်နိုင်ပါတယ်။
--
အောက်မှာ ခေါင်းစဉ်နဲ့မဆိုင်ပေမယ့် လတ်တလောအဖြစ်အပျက်နဲ့ဆိုင်တာ ထပ်ရေးလိုက်ပါမယ်။
--
အပေးအယူ၊ ဟုတ်တယ်၊ အပေးအယူ။ ဘလော့ဂ်ပေါ်မှာ စိတ်ကူးယဉ်ပြီး ဖြစ်ချင်တာတွေ ရေးချတာက အချိန်ပေးပြီး စိတ်ကျေနပ်မှု ယူထားတာ၊ မရှိတာကို ရှိသယောင်ယောင် သူများဆီကယူပြီး ရေးတင်တာ ခိုးမှုမြောက်သွားတယ်၊ ဒါက အပေါ်မှာပြောပြီးသားကိစ္စ၊ အခု ကျနော်ပြောချင်တာက အပေးအယူ။ စိတ်ကူးယဉ်တယ်၊ စိတ်ကျေနပ်တယ်၊ ဒါပဲ။ လက်တွေ့မှာ မမြင်ရတဲ့ မိန်းခလေးဆိုသူကို စိတ်ကူးယဉ်ပြီး ကော်မန့်ဖြစ်ဖြစ် တခြား ပုံစံနဲ့ဖြစ်ဖြစ် နှစ်လိုကြောင်း ပြတဲ့သူတွေလည်း အတူတူပါပဲ၊ စိတ်ကူးယဉ်တယ်၊ စိတ်ကျေနပ်တယ်။ တကယ်တမ်း ဒီအဖြစ်အပျက်မှာ ပုံတွေခိုးယူတဲ့ အကျည်းတန်တဲ့ အကြောင်းအရာမျိုး ရှိမနေရင် သိပ်ကောင်းမယ်လို့ ကျနော်တွေးဖူးတယ်၊ အပေးအယူ တည့်နေတာပဲလေ၊ နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှု ရသွားကြပြီး တပါးသူကို ထိခိုက်ခြင်း မရှိဘူး၊ ဘယ်လောက်ကောင်းသလဲ။ အင်တာနက်ကိုယ်၌က ရာနှုန်းပြည့် ယုံလို့မရတဲ့ ပလက်ဖောင်းတစ်ခု၊ ပေးတဲ့သူက စိတ်ကူးနဲ့ပေးပြီး ယူတဲ့သူက စိတ်ကူးနဲ့ ယူသွားတာ ဘာမှမဖြစ်ဘူး မဟုတ်လား၊ တစ်စုံတစ်ယောက်က ထိပ်သီးကျောင်းကြီးတစ်ကျောင်း တက်လိုက်ရပြီး တစ်စုံတစ်ယောက်က အဲသလိုကျောင်းက ကျောင်းသူတစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်သွားတယ်၊ အားလုံး လေထဲမှာပဲ၊ ဘယ်လောက်ဆန်းသလဲ (ဩဇာအာဏာရှိသူနဲ့ တကယ်ပဲ ပတ်သက်နေရင် လက်တွေ့မှာ အဲဒီထက်ပိုပြီး ကြွယ်ဝချမ်းသာနိုင်တာ မမေ့ပါနဲ့၊ သိပ်မကောင်းတဲ့ ပုံတွေကို ရှာကြံတင်ပြီး ကိုယ့်အဆင့်အတန်းကိုယ် နှိမ့်ချထားတာလို့ မှတ်ပါ၊ သဘောပြောတာပါ၊ ညှင်းညှင်း)။ ဘယ်သူဖြစ်ဖြစ်ပါ၊ အမေဇုန်တောထဲမှာနေပြီး ဝေါစထရိအကြောင်း၊ အီဖယ်မျှော်စင်အကြောင်း၊ မဟာတံတိုင်းအကြောင်း စတာတွေကို စိတ်ကူးယဉ်ပြီး ဆွဲဆောင်မှုရှိအောင် ရေးပြနိုင်ရင် အရည်အချင်း ရှိတယ်လို့ ဆိုရမှာပဲ (ဆွဲဆောင်မှုရှိတာနဲ့ ကောင်းတာနဲ့ ညီမျှခြင်းချလို့ မရသလို ကောင်းတယ်ညံ့တယ် ဆိုတာကလည်း ဖတ်သူပေါ်မှာပဲ မူတည်ပါတယ်)။

Banksy ဆိုတဲ့ အင်္ဂလန်က အနုပညာရှင်ကို လူတွေမတွေ့ဖူးပေမယ့် ပုံတွေကို သူလက်ရာလို့ ယုံကြတယ်၊ လူကိုမမြင်ဖူးပဲ ဒီပုံတွေက ဒီလူ့လက်ကထွက်တာလို့ ယုံကြတာဟာ သူ့အရည်အချင်းက anonymity ကို ဆွဲကိုင်ထားတဲ့ သူ့ရဲ့ ရိုးသားမှုနဲ့ identity ကို ထိန်းသွားတာပဲ။
--
ရပ်သင့်ပြီထင်လို့ ဘရိတ်အုပ်လိုက်ပါတယ်။ ရေးသွားတာတွေကို ကွဲလွဲနိုင်ပါတယ်။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.