Thursday, January 8, 2009

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: ရင်မှာတွယ်ငြိသော ကဗျာများ...

ရင်မှာတွယ်ငြိသော ကဗျာများ...

သျှပ်မှူးကျော် ဆိုတဲ့ ကလောင်အမည်နဲ့ ကျမတို့အားလုံးချစ်သော ကိုထူးအိမ်သင် ရေးခဲ့တဲ့ ကဗျာလေးပါ... ဖတ်ဖတ်ချင်း ရင်ထဲကို ရောက်သွားခဲ့တဲ့ ကျွန်မ နှစ်သက်လွန်းတဲ့ ကဗျာလေး တစ်ပုဒ်အဖြစ် ဖော်ပြပါရစေ... သစ္စာရယ် မြတ်နိုးခြင်းရယ် ခိုင်မြဲချိန်မှာ အိပ်မက်လေးတစ်ခုဟာ အသက်ပါပဲ.... ယုံကြည်တယ် မဟုတ်လားဟင်..!! ခံစားကြည့်ပေးပါလား..!!

... အသက်သည် အိမ်မက် ...

အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။

(သျှပ်မှူးကျော်)

ဆရာမကြီး ကြည်အေးရေးခဲ့တဲ့ ကဗျာတွေထဲက နှစ်သက်ရတဲ့ အချစ်ကဗျာကောင်း တစ်ပုဒ်ပါ... သိပြီးသား ဖတ်ပြီးသားလည်း ဖြစ်နိုင်ပါတယ်.. ကဗျာထဲက ကောင်မလေးရင်မှာ ဘာတွေကိုများ စိုးရိမ်လို့ နေပါလိမ့်..!! ထပ်ဖတ်ကြည့်ပေးပါဦးနော်...!!

....မောင့်တောအုပ်မှာ....

မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် သောင်ယစ်ရီတတ်
နှင်းဆီဖြူလဲ့ ပျံ့သင်းဖွဲ့တတ်
ဝါသွဲ့ရွက်ကြွေ လိပ်ပြာပွေတတ်
မြစ်ရေချောင်းစ တေးညှင်းမြတတ်
မိန်းမလှသူယောင် မျက်တောင်ခတ်တတ်
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီတတ်
ကြံစည်သမျှ ဖြစ်မြောက်ရသည်။

မောင့်တောအုပ်မှာ
လာလှဲ့နေလှဲ့ အိပ်မက်လှဲ့လှဲ
သဲ့သဲ့ခေါ်ငင် မပီပြင်လဲ
ထင်ထင်ကြားလိုက် တိမ်းမူးခိုက်ဝယ်
မိုက်မှားကြမ္မာ တွန်းပို့ရာသို့
ထွက်ခွာလွင့်ပါး ရပ်တစ်ပါး၌
ရွေ့လျားရာသီ ထပ်ခဲ့သည်။

မောင့်တောအုပ်မှာ
ချမ်းသာအေးမြ နေချင်လှလဲ
လမ်းစပျောက်ပျက် ရှာပြန်ခက်ပြီ
ပင့်သက်မောတွေ မျက်ရည်ဝေဆဲ
မနေပျော်နဲ့ လာလိုက်ခဲ့ဟု
သဲ့သဲ့ခေါ်သံ ကြားရပြန်၏။

မြဲမြံနွယ်နှောင် လူတို့ဘောင်၌
ယောင်မှားဧည့်သည့် မပျော်ကြည်ဘူး
မဆည်နိုင်တော့ နွမ်းပျော့ခွေညိုး
လမ်းမှားတိုးဆဲ တိုးတိုးတစ်မျိုး
ချိုးငယ်ပြောသည် မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် သောက်ယစ်ရီသတဲ့
ဝါသွဲ့ရွက်ကြွေ လိပ်ပြာပွေသတဲ့
မြစ်ရေချောင်းစ တေးညှင်းမြသတဲ့
မိန်းမလှသူယောင် မျက်တောင်ခတ်သတဲ့
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီသတဲ့
ကြံစည်သမျှ ဖြစ်မြောက်လှသတဲ့
နှမ မသိရှိမည်လား ။

(ကြည်အေး)

ခံစားချက်နှင့် ထပ်တူကျသော ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာလေးပါ... ကဗျာလေးက ပူလောင်မှုတွေနဲ့ လောင်ကျွမ်းရင်း အေးချမ်းလို့နေပါတယ်... ကျွန်မသည်လည်း သူ့ကို မာနမဲ့စွာ အင်မတန်မှ မြတ်နိုးနေဆဲ ဖြစ်ပါသည်....

....မာနမဲ့စွာ....

ပြက်ရယ်ပြုမှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမျှ စိတ်မဆိုးရက်ပါလေ...

အနိုင်ကျင့်မှုကို ခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမျှ မနာကြည်းရက်ပါလေ...

တန်ဖိုးမထားမှုကို ခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမျှ မငြိုငြင်ရက်ပါလေ...

စွန့်ပစ်သွားခြင်းကို ခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာ ပူပန်ရသော်လည်း
မည်သည့်အခါမျှ မေ့လျော့၍ မရနိုင်ပါလေ...

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း...။

မောင်စိန်ဝင်း(ပုတီးကုန်း)
(ခင်လေးငယ်)

တီတီငယ် ရဖူးရဖူး ရေးပေးရမယ်ဆိုတဲ့ ညီမလေး မက်မက် က Tag ထားတဲ့ Tag Post လေးပါ.. နောက်ထပ် ကျွန်မတို့ရဲ့ အကြွေးရှင်များကတော့... မမဝါဝါခိုင်မင်း.. ကိုဟန်သစ်ငြိမ်... ကိုအိပ်မက်ရှင်... နဲ့ ဖိုးဂျယ်လေး... တို့ပါ... ကျေးဇူးပြု၍ သီးခံစောင့်ပေးပါဦးနော်...!!

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.