Thursday, January 8, 2009

[စည်းလုံးခြင်းရဲ့ အင်အား] 5 New Entries: ဒေါက်တာ တင့်ဆွေ၏ ဘ၀ တကွေ့ကောက်ကြောင်း

ဒေါက်တာ တင့်ဆွေ၏ ဘ၀ တကွေ့ကောက်ကြောင်း

NCGUB က ဒေါက်တာ တင့်ဆွေဟာ ငယ်စဉ်ဘ၀မှာ ဗိုလ်လောင်း ဖြေခဲ့ပုံတွေ၊ တနယ်ထဲသား ဗိုလ်ချုပ်ကျော်ဆန်း နှင့် DSA 11 မှာ အတူဖြေခဲ့ပုံတွေ၊ ဒေါက်တာ တင့်ဆွေ အနေနဲ့ ဗိုလ်ရွေးအဖွဲ့ စာမေးပွဲ ဖြေဆိုရာမှာ ဗိုလ်ကျော်ဆန်းလောက် ဆန္ဒ အာသီသ ပြင်းပြမှု မရှိဘဲ လူငယ် သဘာဝအရ အတွေ့အကြုံ တစ်ရပ်အနေနဲ့ ဖြေဆိုခဲ့ပုံ ဒေါက်တာ တင့်ဆွေ ဖြတ်သန်းခဲ့တဲ့ ဘ၀ ကောက်ကြောင်း တစိတ်တဒေသကို ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ရပါတယ်။ ယခုလို တင်ပြခွင့် ရတဲ့အတွက် ဒေါက်တာ တင့်ဆွေအား အထူးကျေးဇူးတင်ရှိပါတယ်။

ပြည်တွင်း စစ်ဖက် နီးစပ်သူများထံက ဗိုလ်ကျော်ဆန်းဟာ ဗိုလ်လောင်းဖြေဆိုခဲ့စဉ် အရပ်ပုပြီး ပေါင်ချိန် မပြည့်လို့ Underwear မှာ "ခဲသီး" ထည့်ပြီး ကိုယ်အလေးချိန် များအောင် အကြံအဖန် လုပ် ဖြေဆိုခဲ့ကြောင်း ထပ်မံ သိရတဲ့အတွက် ဒေါက်တာ တင့်ဆွေ ပြောသလို ဗိုလ်ကျော်ဆန်းဟာ စစ်တပ်ထဲ အင်မတန်မှ "ပါ" ချင်တဲ့ ဖိုးပါချင် ဖြစ်ကြောင်း နဲ့ အခုလဲ လူပုစိတ်တို လူ့ဂွစာ ဖြစ်နေကြောင်း စာဖတ်ပရိသတ်များအား ထပ်လောင်း တင်ပြလိုက်ရပါတယ်။

တောသား ဆရာဝန်


စစ်ဗိုလ်ဆရာဝန် မလုပ်ချင်တဲ့သူ ငယ်ငယ်က စစ်ဗိုလ်ဖြစ်ဘို့ သွားဖြေရတာက DSA 11 ဖြစ်တယ်။ အတူဖြေသူတွေထဲက ရပ်ဆွေရပ်မျိုး တယောက် အောင်ပြီး ပါသွားတယ်။ နောင်တော့ သူဟာ ပြန်ကြားရေး ၀န်ကြီး ဗခ ကျော်ဆန်း ဖြစ်လာတယ်။ အရင်နှစ်ကလည်း သူသွားဖြေတာ ကျွန်တော် သိတယ်။ ကိုယ်အလေးချိန် မပြည့်လို့တဲ့ မပါဘူး၊ အတော့်ကို စစ်ထဲ ၀င်ချင်တဲ့လူ၊ ဒီနှစ်တော့ အလေးချိန်ပြည့်တဲ့နည်း တွေ့သွားလေရဲ့။ သူက ပုလဲနယ် ကျောက်ဖြာကန်ရွာသား၊ ကျွန်တော့် အမေရဲ့ရွာ မင်းတိုင်ပင် နဲ့ ရေကန်တခုဘဲခြားတာ။ ကျွန်တော်က မင်းတိုင်ပင်နဲ့ ခြောက်မိုင်၊ သုံးတိုင် ဝေးတဲ့ မင်းရွာ သား။

မင်းရွာက ရွာသေးသေးလေး။ အဲဒီတုံးက အိမ်ခြေ ၈၀ လောက်ပဲရှိမယ်။ တောင်ယမား လို့ခေါ်တဲ့ မိုးရာသီ မိုးသည်းမှရေရှိတဲ့ သဲချောင်း ကမ်းမှာရှိတယ်။ ချောင်းဘေး၊ မြေနိမ့်လို့ ရွာထဲမှာ သုံးတောင်၊ ငါးပေ လောက်တူးရင် ရေထွက်ပြီ။ ရေကလဲ ကောင်းလိုက်တာမှ။ အေးလို့၊ ကြည်လို့။ အိမ်တိုင်းမှာ ခြံရှေ့နား တတွင်း၊ သစ်ပင်ရေလောင်းဘို့ ခြံနောက်မှာ တတွင်း၊ ရေတွင်း နှစ်တွင်းတော့ ရှိကြတာ ချည်းဘဲ။

အဲလို ရေကောင်း-ရေပေါလွန်းလှတဲ့ မင်းရွာသားတယောက် နောင် အနှစ် အစိတ်လောက် ကြာတော့ ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသား ရေဆိုးမတွေ့ ဆိုတဲ့အရပ်ကို ၆ နှစ် တာဝန် ကျဘူးတယ်။ မြို့သာဆိုတာ ရေ အင်မတန် မကောင်းတာကလား၊ မိုးရေကို နှစ်ပါတ်လည် အသုံးခံအောင် လူတရပ်-တဖေါင်နက်တဲ့ ကွန်ကရစ်ကန်နဲ့ စုဆောင်း သိုလှောင်ပြီး သုံးရတာ၊ ခေါင်းလျှော် ချင်ရင် မိုးရေလေး တပုံးဆွဲသွားမှဖြစ်တာ။ ဘာပဲဖြစ်ဖြစ် မြို့သာကို ကျွန်တော် အတော်ချစ်ပါတယ်။ မြို့သာအကြောင်း မမေ့စရာတွေ တပုံကြီး၊ ကျွန်တော် တောဆရာဝန်၊ ဂျန်ဂယ်လ်-ဒေါက်တာ ဖြစ်စေခဲ့တာ မြို့သာ၊ ကလေးအငယ်ဆုံး နှစ်ယောက် ဖွါးမြင်ခဲ့တာ မြို့သာ။ အမှတ်ရစေဘို့ ရေစက်ဘဲ။

မင်းရွာက ပုလဲမြို့နယ်တောင်ဘက် အစွန်ဆုံးရွာ။ သူ့တောင်ဘက်က ကျောက်တောင် ရွာကတော့ မြိုင်နယ်ထဲ ရောက်သွားပြီ။ တိုင်းကလဲ မကွေးတိုင်း ဖြစ်သွားရော။ ပုလဲက စစ်ကိုင်းတိုင်း။ အဲလို မြို့နယ်ရော၊ တိုင်းရော ခြားနေတဲ့နေရာမှာ မွေးခဲ့ရတဲ့ ကျေးဇူးကို နောင်အနှစ် ၄၀-၅၀ ကျမှ သိလာရတာရှိတယ်။ နိုင်ငံရေးသမား ၀ရမ်းပြေး ပုန်းရတုံးကပါ။ နယ်ကျော်ပြီး ဟိုကူး၊ ဒီပြောင်း လုပ်နေရင် ပုလိပ် မျက်စိလည် တယ်မို့လား။ ရဲတပ်ဖွဲ့တွေ မြို့နယ်အမိန့်၊ တိုင်းအမိန့် တောင်းရ၊ တင်ရတော့ သူတို့ခမျာ အလုပ်များတာပေါ့။ ပြေးရ ပုန်းရတဲ့လူအဖို့တော့ နဲနဲချောင်တယ်။

ပုန်းရ-ပြေးရတာ ၁၉၉၀ နိုဝင်ဘာမှာပါ။ မေလ မကုန်ခင်လေးက ရွေးကောက်ပွဲ နိုင်ခဲ့တယ်။ အဲဒါ ၀ရမ်းပြေးဖြစ်ဘို့ ဖန်လာတာဘဲ။ နောင် ၁၀ နှစ်ကြာတော့ အိုင်ပီယူ ခေါ်တဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များသမဂ္ဂအစည်းအဝေး၊ ဂျော်ဒန်နိုင်ငံ အာမန်မြို့တော်ကို သွားပြီး ဗမာပြည်က အမတ်တွေ ခံနေကြရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အစစ်ခံထွက်ဆိုရတုံးက ရွေးကောက်ခံရခြင်းသည် ရာဇ၀တ်မှု မဖြစ်သင့် "Being elected should not be a Crime" ဆိုတဲ့ ခေါင်းစည်းစာတမ်း ရိုက်သွားပြီး လော်ဘီ လုပ်ခဲ့ရတယ်။

အမေ့ရွာ မင်းတိုင်ပင် ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေး တော်တယ်။ အရင်က မုံတိုင်ပင် လို့ ရာဇ၀င်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန် ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ၉ တန်း ၁၀ တန်း ကဗျာလေး-စာလေး စပ်တုံး-ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ အဲဒီနာမည်နဲ့ စာကို ကိုယ်တိုင် ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ် နံရံကပ် စာစောင်မှာ တခါတလေ ပါဘူးတယ်။

နောင် နှစ် ၄၀ ကျော်တော့ ကယားလူမျိုး တော်လှန်ရေး-နိုင်ငံရေး မိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ်ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်း ကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်းတွေက သူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဦးကောင်းလိမ်ထုတ် ဆိုတာရော၊ နှစ်ခုလုံးကို အမွေခံရ မှာပါဘဲ။ သူ့မွေးနေ့ နှစ် ၁၄၀ တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။


ဟောက်ဆာဂျင် House Surgeon

ကျွန်တော် ဆရာဝန်ဖြစ်တာ၊ အမ်ဘီဘီအက်စ် ပြီးတာ၊ ၁၉၇၂ အောက်တိုဘာမှာ။ မန္တလေး ဆေးကျောင်းကပေါ့။

အလုပ်သင် ၁ နှစ်ကို မေမြို့စစ်ဆေးရုံမှာ တာဝန်ကျတယ်။ ဟောက်ဆာဂျင် လို့ခေါ်ကြတာပါ။ ဟောက်ဆာဂျင် ဘ၀မှာ ထရန်စဖါ ကျတာ အတော်တော့ ရှားမယ်ထင်တယ်။ သူငယ်ချင်း မေမြို့သူ ဟောက်ဆာဂျင်ကို သူ့မိဘတွေက မေမြို့မှာဘဲ လုပ်စေချင်လို့တဲ့၊ သူငယ်ချင်းကတော့ မန္တလေးမှာဘဲ နေချင်တယ် ပြောတာဘဲ။ ဒါနဲ့ ကျွန်တော်နဲ့ လဲရတာဖြစ်သွားပြီး၊ သူ့မိဘတွေ လုပ်ပေးတာနဲ့ ကျွန်တော် မန္တလေးဆေးရုံကြီး ရောက်ရတယ်။ ကျွန်တော့်အကြိုက်လဲဖြစ်သွားလို့ သူ့မိဘတွေကို ကျေးဇူးတင်ပါတယ်။

အကြိုက် ဆိုတာက ကျွန်တော်က မန္တလေးမှာ ပိုအဆင်ပြေတယ်၊ အမျိုးအဆွေတွေလဲ ရှိတာကိုး။ ဟိုပြောင်း ဒီပြောင်း လုပ်ရတာ ငွေမကုန်နိုင်တာလဲ ပါတာပေါ့။ ပိုအရေးကြီးတာက မေမြို့ စစ်ဆေးရုံမှာ ဟောက်ဆာဂျင် လုပ်တဲ့သူတွေအထဲကနေမှ စစ်တပ်ဆရာဝန်လုပ်ဘို့ ခေါ်လေ့ရှိတယ် မဟုတ်လား။ ၃ နှစ် ၀င် လုပ်ရမှာ။ ကျွန်တော်က အဲဒါမျိုး မလုပ်ချင်ခဲ့ဘူး။

စစ်ထဲမ၀င်ချင်တာလို့လဲ အပြတ်ပြောချင်တာ မဟုတ်ပါဘူး၊ ၉ တန်း၊ ၁၀ တန်း တက်နေတုံးက၊ မုံရွာ စတိတ်တူးလို့ ခေါ်တဲ့ အထက ၂ မှာ၊ စစ်တပ်ကနေ မေမြို့ စစ်တက္ကသိုလ်တက်ဘို့ လျှောက်လွှာတွေ စာသင်ခန်းထဲအထိ လာဝေတာယူပြီး၊ တင်ခဲ့ဘူးတယ်။ အဲဒီတုံးက အသက် ၁၅ နှစ်ပေါ့။ ဆရာဝန် ဘွဲ့ပြီးတော့ ၂၄ နှစ်ရှိပြီ။ လုပ်ချင်တာ-မလုပ်ချင်တာတွေ မတူတော့ဘူး။ အခြေအနေနဲ့ ဘ၀လဲ ခြားနား၊ အကြိုက်လဲ ပြောင်းပြီ။

မေမြို့စစ်ဆေးရုံကို ၀င်လုပ်ကြရမဲ့ မန္တလေးက အောင်လာကြတဲ့ ကျွန်တော်တို့ သူငယ်ချင်းတတွေ အတော့်ကို ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ စစ်ဆေးရုံထဲက တိုက်အိမ်တလုံးမှာ စုနေကြရတယ်။ အေးလိုက်တာလဲ မပြောပါနဲ့။ ကိုယ်က မုံရွာ၊ မန္တလေးမှာ နေလာသူဆိုတော့ မေမြို့ဆောင်းကို ကြောက်တယ်၊ ရေတထပ်ချိုးဘို့ ဆိုတာ စွန့်စားခန်းဘဲ။ နောက် အနှစ် ၂၀လောက် ကြာရင် ဒီထက် ပိုအေးလှတဲ့ ချင်းတောင်တန်းကြီးကို ဒီဇင်ဘာလထဲ ခြေလျင်ဖြတ်ပြီး၊ တိုင်းပြည်ကနေ ထွက်ခွါရ ဦးမယ်လို့ သိခဲ့ရင့်။

အဲဒီကတည်းက ကျွန်တော် အိမ်ထောင်ကျပါပြီ၊ သားဦးလဲ ဖွါးပြီးပြီ။ ဇနီးကို ခေါ်လို့ မဖြစ်ဘူး။ အိမ်သပ်သပ် ငှားမနေနိုင်လို့။ အလုပ်သင်လခက ၂၀၀ ကျော်လေး၊ ဒါ့ကြောင့်လဲ ထရန်စဖါ ရတာ ပိုကြိုက်တယ်။

မေမြို့ စစ်တက္ကသိုလ်တက်ဘို့ လျှောက်လွှာတင်သူတွေ အဲဒီတုံးက ခလရ ၁၅ တပ်ထဲ သွားပြီး ရေးဖြေ ဖြေရတယ်။ လူ ၁၀၀ ကျော်လောက်ရှိမှာပါ။ အဲဒါ လနဲနဲ ကြာတော့ အောင်သတဲ့။ မှတ်မိသလောက် မုံရွာက ၆ ယောက် အောင်တယ်။ ရန်ကုန်သွားပြီး နောက်တဆင့် ဖြေရမတဲ့။ ဖြေတာပေါ့။ ရထား၊ ကား၊ စရိတ်ငြိမ်းမို့ ရန်ကုန်သွား ဖြေဖြစ်တာလဲ ဟုတ်ပါတယ်။

အဲဒီတုံးက ပြည်လမ်း ဗိုလ်ရွေးအဖွဲ့လို့ ခေါ်တဲ့ အိုတီတီ တပ်ထဲမှာ နေပြီး ရေးဖြေ၊ နှုတ်ဖြေ၊ တခြား ဖြေစရာတွေ ဖြေရတယ်။ တခြားဆိုတာတွေက စိတ်ပိုင်းမေးတာ၊ စစ်မြေပုံဖတ်တာတို့၊ ကာယ အလုပ်တွေက အတော်ပါတယ်။ တက်တာ-ဆင်းတာ၊ ကျော်တာ-ဖြတ်တာတွေပေါ့။ ဒုတိယအကြိမ် အောင်စာရင်း ထုတ်တော့လဲ အောင်ပြန်ရော။

လူပုစိတ်တို လူ့ဂွစာ လက်ညှိးငေါက်ငေါက်ထိုး ရန်ထောင်တတ်တဲ့ ဒေါသ ကုမ္မာန် ဗိုလ်ကျော်ဆန်း

အံ့သြတာက ကျွန်တော်က အောင်လဲ ထူးပြီး စိတ်လှုတ်ရှားတာ မရှိသလို၊ မအောင်လဲ အသာ အိမ်ပြန်ဘို့၊ ဒုတိယအဆင့် မအောင်လို့ ငိုသူတွေရှိတာ အံ့ရော။

ကျွန်တော် ညံ့တာ ကိုယ့်ကိုယ်ကို အဲဒီတုံးက မသိဘူး။ သူများတတွေက ဘာတွေ မေးမယ်၊ ဘာတွေ ဖြေရမယ်၊ ဘာပြီး ဘာ၊ အတော်သိကြတယ်။ အဲဒါတွေ အားလုံးလဲဘဲ ကျွန်တော့်အဖို့ အံ့စရာတွေ။ ကိုယ်ရချင်-ဖြစ်ချင်တာတွေ ကိုယ်က ကြိုသိထားအောင် လုပ်တယ်ဆိုတာ တော်တာပါ။ ကျွန်တော်က အတော့ ၈ တန်း- ၉ တန်း စာမေးပွဲတွေလို တနှစ် တတန်း၊ သင်ချိန် သင်။ စာကျက်ချိန် ကျက်၊ ဖြေချိန်ကျ ဖြေ၊ ဒီလောက်ထက် ပိုမသိခဲ့ဘူး။

စစ်ထွက် ဦးလေးတယောက်ရှိတာ မင်း ဘာမေးမေး ဦးအောင်သာ ဖြေ။ ကြောက်မနေနဲ့ ဆိုတဲ့ အကြံကောင်းလေး တခုတော့ ဆောင်သွားတာ၊ စစ်မြေပုံဖတ်ခိုင်းတော့၊ ဦးလေး အကြံအတိုင်း သူများတွေထက် ဦးအောင် ကျွန်တော် ဖြေတယ်။ ဘယ်နေရာကို ရဟတ်ယာဉ်နဲ့ ဆင်းမယ်ဆိုတာ ကျွန်တော် အရင်ဆုံး ခပ်တည်တည်ပြောလိုက်တယ်။ အမှတ်တော့ရမယ် ထင်တာဘဲ။ ဆရာလုပ်သူက ဆက်မေးတယ်၊ နောက်ပြီးတော့ကောတဲ့။ ကျွန်တော် ဘာမှ ဆက်မဖြေ တတ်တော့ပါ။

မကြောက်ရဘူး ဆိုတာတော့ သတ္တိ မွေးနိုင်တယ်၊ မသိတာတော့ မဖြေတတ်ဘူး။

တတိယအဆင့်က ဆေးစစ်။ စစ်လိုက်တာ စုံနေတာဘဲ။ မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ အခေါက်ခေါက်။ နောင် နှစ်အနည်းငယ်ဆို ကျွန်တော် ဆေးရုံ-ဆေးဝန်ထမ်း ဆိုတဲ့ဘ၀ကို ရမယ်ဆိုတာ ကြိုမသိခဲ့ပါ။

ဒါနဲ့ ဆေးစစ်လဲ အောင်တယ်။ အဲ နောက်ဆုံးက ဘာစစ်တာမှတော့ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော် ကျတယ်။ လူ ၁၀၀ လား မသိဘူး ရွေးခေါ်တယ်။ ကျွန်တော်မပါဘူး။

စစ်တာဆေးတာ အကုန်အောင်၊ မစစ်တာက ကျ။ အောင်မြင်စွာ ဆုတ်ခွါရတယ်ဆိုတာ ဒါမှ အစစ်။

နှစ်သစ်ကူး ဆန္ဒမွန်

ညီညွတ်ဖို့ လိုပြီ

စာဖတ်ပရိသတ်များခင်ဗျား-

ကျွန်တော့် အီးမေးလ်ကို ပို့လာတဲ့ ကိုအောင်တင်ရဲ့  အလေးအနက် စကားလေးတွေကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့ အားလုံး ရည်မှန်းတဲ့ လွတ်လပ်ပြီး သာတူညီမျှ အေးချမ်းသော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ရောက်ရှိဖို့ စည်းလုံးညီညွတ်စွာ ချီတက်နိုင်ကြစေရန် နှစ်သစ်ကူး ဆုတောင်းရင်း အခုလို ပေးပို့လာသော ကိုအောင်တင်အား ကျေးဇူးတင် ရှိကြောင်း ပြောကြားလိုက်ပါတယ် ခင်ဗျား။

လုပ်ဖေါ်ကိုင်ဘက် ရဲဘော်များ၊ ခေါင်းဆောင်များခင်ဗျား -

ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ် နှစ်ဆယ်ဆိုတဲ့ စာအုပ်လေးထဲမှာ စစချင်း စာကြောင်းတစ်ကြောင်းက ''တိုင်းပြည် အတွက် အနှစ်နှစ်ဆယ် လုပ်ခဲ့ပြီးနောက် ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တဲ့အခါ ကြိုးတိုက်ထဲမှာ ရောက်နေတယ် ဆိုတာဖြစ်ပါတယ်။

အကျအဆုံးများစွာနဲ့ ယနေ့တိုင် ပန်းတိုင်ကို မရောက်နိုင်သေးဘဲ ဖြတ်သန်းနေရဆဲ ဖြစ်တဲ့ အနှစ်နှစ်ဆယ် ကာလဟာ ကျနော်တို့အားလုံး ကိုယ့်လက်ရှိအခြေအနေကို အစကနေ အဆုံးတိုင် ပြန်လည် သုံးသပ်ကြဖို့ အင်မတန်လုံလောက်တဲ့ ကာလမှတ်တိုင်တစ်ခု ဖြစ်တယ်ဆိုတာကို ငှက်ကုလားအုပ်လို သဲပုံထဲ မိမိဦးခေါင်းကို နှစ်မြှုပ်ပြီး ငြင်းချင်သူတွေရှိလျှင် အာဂလူသားပေဘဲ။

အနှစ် နှစ်ဆယ်ဆင်နွှဲပြီးလို့ မအောင်မြင်သေးတဲ့ အလုပ်ကို ပြန်လည် မသုံးသပ်ဘူး၊ ချို့ယွင်းအားနဲချက်ကို မရှာဘူး၊ လုပ်နည်းလုပ်ဟန် မပြင်ဘူး၊ မူပိုင်းဆိုင်ရာမှာ အားနဲချက်တွေ၊ ချွတ်ချော်ချက်တွေ ရှိနေသလား၊ လူပိုင်းဆိုင်ရာမှာ အားနဲချက်တွေ၊ ချွတ်ချော်ချက်တွေ ရှိနေသလားဆိုတာကို မသုံးသပ် မပြင်ဆင်ဘဲ အရင် အနှစ် နှစ်ဆယ်ကလို ပိုနေမြဲ ကျားနေမြဲနေကြ လုပ်ကြဖို့သာ အာရုံရှိနေကြမယ်ဆိုရင် ယိုသူမရှက် မြင်သူရှက်စရာပါ။

ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ခေါင်းဆောင်မှု မြင့်လေလေ တာဝန် ပိုခံရလေလေ တာဝန်ပိုကြီးလေလေ ဖြစ်ပါတယ်။ ပြည်တွင်းက အချုပ်အနှောင် ခံနေရဆဲဖြစ်တဲ့ ခေါင်းဆောင်ကြီးငယ်တွေကလွဲရင် ပြည်တွင်းလဲ ပြည်တွင်းအလျောက် ပြည်ပလဲ ပြည်ပအလျောက် အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေမှာ ပိုတာဝန်ရှိပါတယ်။

ဗိုလ်ချုပ်သိန်းစိန်က ကမ္ဘာ့စီးပွါးပျက်ကပ်ကို တရုပ်၊ အိန္ဒိယအားကိုးနဲ့ လျော့တွက်နေတယ်။ တရုပ်နဲ့ အိန္ဒိယတို့မှာ နေ့စဉ်နဲ့အမျှ ပြသနာတွေက ဒီရေလိုတက်လာနေလေတော့ အဲဒီက ရိုက်ခတ်မှုကြောင့် နဂိုက မ၀ရေစာစားနေရတဲ့ ကျုပ်တို့ ပြည်သူတွေသာ အငတ်ဘေးဆိုက်ကြမှာ ဗိုလ်ချုပ်မင်းတွေကတော့ တယောထိုး ပျက်မဲ့ ပုံမပေါ်ပါဘူး။ နာဂစ်တုန်းက မြစ်ဝကျွန်းပေါ်က ရေမြောနေတဲ့ အလောင်းကောင်တွေပေါ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသဲမာမာနဲ့ အတည်ပြုခဲ့တဲ့ သာသနာပြုမင်းများက ကမ္ဘာ့စီးပွါး ပျက်ကပ်ကြောင့် တစ်နိုင်ငံလုံး အငတ်ဘေးဆိုက်နေရင်လဲ မျက်နှာပြောင်ပြောင်နဲ့ ထီးဖြူအုပ် မင်းလုပ်ဖို့ ဘိသိက်ခံကြအုံးမှာပါ။

နေမြင့်လေ အရူးရင့်လေဖြစ်နေတာမို့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်ကြီးများကို တင်ပြလိုတာက အဖွဲ့အစည်းစွဲ၊ နေရာစွဲ၊ အယူဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲတွေ ဘေးချိတ်ပြီး ညီညွတ်ဖို့ လိုပြီ။ ပြင်စရာရှိလျင် ပြင်ရဲဖို့ လိုပြီ။ လုပ်နည်းလုပ်ဟန် သစ်တွေ ရှာကြဖို့ လိုပြီ။ လိုအပ်လျှင် ခေါင်းဆောင်ပိုင်းမှာ သွေးသစ်လောင်းဖို့ လိုပြီ။

လေးစားစွာဖြင့်
အောင်တင်

စစ်တပ်နဲ့ စစ်အာဏာရှင် - အပိုင်း(၆)

စစ်အာဏာရှင်ကို တော်လှန်ခြင်းသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည် - အပိုင်း(၆)

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ဗိုလ်ချုပ်ခင်ညွှန့် ကိစ္စမှာလည်း ဗိုလ်သန်းရွှေက တမင် ဖန်တီး နိဂုံးချုပ် ပစ်ခဲ့တာ ဖြစ်ပါတယ်။ စွပ်စွဲထားတဲ့ ပြစ်မှုတွေဟာ ဗိုလ်ခင်ညွှန့်မှာ ရှိခဲ့ရင်တောင် ဗိုလ်သန်းရွှေလောက် မကြီးမားပါဘူး။ ရှင်းရှင်းပြောရရင် ဗိုလ်ချုပ်ခင်ညွှန့်ဟာ စစ်တပ်ထဲမှာ နံမည်ပျက်မရှိအောင် မိန်းမ၊ ငွေကြေး၊ အရက်၊ ဖဲ ကင်းကင်းရှင်းရှင်း နေခဲ့တာ နအဖထဲမှာ သူပဲ ရှိတယ်ဆိုရင် မမှားပါဘူး။ ဦးသန်းရွှေ ဇနီး၊ သမီး၊ မြေးတွေ ကတော့ မိန်းမ၊ ငွေကြေး အပါအ၀င် အဂတိ လိုက်စားမှုမှာ ကမ်းကုန်အောင် နာမည်ကြီးသူတွေ ဖြစ်ပါတယ်။

ဒါဟာ စစ်တပ်ထဲက သူတွေက ပိုသိကြပါတယ်။ မယ်တော်၊ သမီးတော် ခေါ်ခိုင်းတာကိုက လွန်လှပါပြီ။ ဗိုလ်သန်းရွှေရဲ့ ထောက်လှမ်းရေး မိသားစု တစ်ခုလုံးကို ဆွေစဉ်မျိုးဆက် နှိပ်ကွပ်ခိုင်းမှုနဲ့ လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း ရက်ရက်စက်စက် ချနင်းတာကိုက ကောက်ကျစ်မှု၊ ရက်စက်မှု ကြီးမားတာ ဖြစ်ပါတယ်။ သူ့ရဲ့  အပြစ်ကို ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခုထဲပေါ် ပုံချပြီး ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ပေးခဲ့သလို ပြည်သူလူထုရဲ့  ကယ်တင်ရှင်၊ ထောက်လှမ်းရေးရဲ့  အန္တရာယ်မှ ကယ်တင်သူအဖြစ် ပြည်သူလူထုနဲ့ စစ်တပ် အတွင်း ၀ါဒဖြန့် လုပ်စားခဲ့ပါသေးတယ်။

အဆိုးရွားဆုံး လုပ်ရပ်တစ်ခု ရှိပါသေးတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဂုဏ်ပုဒ် သမိုင်း အစဉ်အလာကို ဖျောက်ဖျက်ပစ်ခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့  ရိုးသားမှု၊ စွမ်းရည်ထက်မြက်မှု၊ တည်ကြည်ဖြောင့်မတ်မှုနဲ့ သမိုင်းအစဉ်အလာကို ဦးသန်းရွှေဟာ ခြေဖျားတောင် မမှီသူ ဖြစ်ပါတယ်။ စစ်တက္ကသိုလ်မှာလည်း တစ်ချိန်က သင်တန်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်ငယ်လေးတွေ ကိုယ်စီကိုင်ရင်းနဲ့ ဗိုလ်ချုပ်ကို အတုယူ အားကျ စံနမူနာ ပြခဲ့တာ ဒီနေ့ တိုင်းမှူး၊ တပ်မမှူး လောက်မှာ ရှိနေတဲ့ အဲဒီစစ်တက္ကသိုလ် ကျောင်းဆင်းများ သိနေပါတယ်။ ဦးသန်းရွှေ လက်ထက်မှာတော့ တပ်မတော်ရဲ့ ဖခင် သမိုင်းကို ပယ်ဖျက်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းနေချိန်မှာ လူဖြစ်စ ရှိတဲ့ ဦးသန်းရွှေက အခု ဗိုလ်ချုပ်အောင်ဆန်းကို "ဒီငတိ" လို့ သုံးနှုန်း ပြောဆိုနေတာကိုက ရာဇ၀င် ရိုင်းလှပြီ ဖြစ်ပါတယ်။


နိုင်ငံတကာအလယ်မှာ စစ်တပ်ဟာ လူမိုက်လူရမ်းကားများလို့ အထင်ခံနေရတာ အမှန် ဖြစ်ပါတယ်။ ဒါဟာ စစ်တပ်ရဲ့  စစ်တပ်တာဝန် မဟုတ်တဲ့ အလုပ်ကို လုပ်နေရခြင်းနဲ့ စစ်တပ်ကို ချုပ်ကိုင်အသုံးချနေတဲ့ လူ့အန္ဓ ဗိုလ်ချုပ်မှူးကြီး လုပ်သူရဲ့  ခိုင်းစေမှုကြောင့် ဖြစ်ပါတယ်။ စစ်တပ်ကို စစ်ခေါင်းဆောင်က အုပ်ချုပ်မှုဟာ သဘာဝကျပေမဲ့ သဘာဝမကျတဲ့ အုပ်ချုပ်မှုကို လုပ်တဲ့ စစ်ခေါင်းဆောင်ကိုတော့ ဖယ်ရှားကြရမှာပါ။ ဒါဟာလည်း ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေနဲ့ ပြည်သူလူထုရဲ့  အာဏာ ပြည်သူလူထု လက်ထဲမှာရှိပြီး၊ ပြည်သူလူထုက အုပ်ချုပ်တဲ့ စနစ်နဲ့မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ နိုင်ငံတော် အကြီးအကဲဆိုတာ ပြည်သူလူထု တစ်ရပ်လုံးက ရွေးချယ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရပါလိမ့်မယ်။

တကယ်တော့ နိုင်ငံတော် အကြီးအကဲ ဆိုတာဟာ မည်သည့် ဖွဲ့စည်းပုံမှာမှ မရှိဘဲ နိုင်ငံတော် သမ္မတ ၀န်ကြီးချုပ် ဆိုတာဘဲ ဖြစ်သင့်ပြီး အာဏာကို ဆက်လက်ချူပ်ကိုင်ချင်တဲ့ အနေအထားမို့ တီထွင်ထားခြင်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်မို့ နိုင်ငံတော် အကြီးအကဲ ဖြစ်ရမယ်ဆိုတာဟာလည်း မမှန်ကန်တဲ့ အတွေးအခေါ် ဖြစ်ပြီး တပ်မတော်သည် နိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍမှာ ပါဝင်ရမည် ဆိုတာဟာ စစ်တပ်ကို နာမည်ပြပြီး စစ်ခေါင်းဆောင်ဆိုသူတွေက လုပ်စားနိုင်ဖို့ ရည်ရွယ်ချက် သက်သက်သာ ဖြစ်ပါတယ်။ တပ်မတော်သား အားလုံးကလည်း ပါဝင်နိုင်တာ မဟုတ်တဲ့အပြင် အခြေခံဥပဒေကိစ္စ အောက်ခြေ ရဲဘော် အထိ အသေးစိတ် ရှင်းလင်းမှု မပြုတာလည်း သေချာပါတယ်။ တပ်မတော်သားတွေကို နားလှည့်ပါးရိုက်တာမို့ စစ်သားစိတ် သက်သက်၊ တပ်ဖွဲ့စိတ်သက်သက်နဲ့ နားမယောင်မိကြဖို့ လိုပါတယ်။ ပါဝင်ချင်ရင်တောင်မှ ကိုယ့်ဘာသာကိုယ် ၀င်ပါလို့ ရတာမျိုး မဟုတ်ပဲ ပြည်သူလူထုရဲ့  ကြည်ဖြူလိုလားစွာခွင့်ပြုမှုအပေါ်သာ မူတည်ရမှာ ဖြစ်တာမို့ စစ်အာဏာရှင်ရဲ့  လှည့်ကွက်ကို သိမြင်ကြဖို့ လိုအပ်လှပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံတော် ကြီးပွား တိုးတက်ဖွံ့ဖြိုးမှ တပ်မတော်လည်း ကြီးပွားတိုးတက် အောင်မြင်နိုင်ပါမယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒကို လေးစားပြီး ပြည်သူ့ဆန္ဒနဲ့အညီ ဖြည့်ဆည်းပေးကြသင့်ပါတယ်။


စစ်တပ် အသိုင်းအ၀ိုင်း တစ်ခုတည်း တိုးတက်ကြီးပွားလို့ တိုင်းပြည်နဲ့ လူမျိုး မတိုးတက် မကြီးပွားနိုင်သလို စစ်တပ်အနေနဲ့ လှေကြီး လှေငယ် ဆင့်ချင်လို့ မရနိုင်တာကြောင့် "ပြည်သူလူထုသာ အဓိက၊ ပြည်သူလူထု သာ ပဓာန" ဖြစ်ပါတယ်။ ပြည်သူလူထုထဲမှာ တပ်မတော်သားများရဲ့  မိဘ၊ ညီကို မောင်နှမ၊ ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်းတွေ ရှိကြပါတယ်။ သူတို့ရဲ့  တွေ့ကြုံခံစားနေရတာတွေ နားလည်ပေး ကြည့်ပါ။ တပ်မတော်သားဆိုတာ ပြည်သူလူထု ထဲကလာတာပါ။ ပြည်သူနဲ့ ခွဲခြားမရပါ။ ခွဲခြားရတာကတော့ တပ်မတော်၊ တပ်မတော် ခေါင်းဆောင် စစ်စစ်နဲ့ တပ်မတော် ယူနီဖောင်းဝတ် အာဏာရှင်သာ ဖြစ်ပါတယ်။

ဒါကြောင့် ဆိုးရွားယုတ်မာတဲ့ တိုင်းဖျက် ပြည်ဖျက် ယူနီဖောင်းဝတ် အာဏာရှင်များကို ပြည်သူလူထုနဲ့ လက်တွဲ တိုက်ထုတ်ဖို့ တင်ပြရင်း ဒီဆောင်းပါးတွဲကို နိဂုံးချူပ်လိုက်ရပါတယ်။နောက်တစ်ပတ်မှာတော့ ဒီမိုကရေစီနဲ့ တပ်မတော် ဆောင်းပါးတွဲကို ဆက်လက် တင်ပြပါမယ်။

စစ်တပ်နဲ့ စစ်အာဏာရှင် - အပိုင်း(၅)

စစ်အာဏာရှင်ကို တော်လှန်ခြင်းသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည် - အပိုင်း(၅)

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ဒီအပတ်မှာတော့ ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ နအဖအနေနဲ့ စီမံကွပ်ကဲ ပံ့ပိုးမှု ညံ့ဖျင်းတာကြောင့် ပြည်သူလူထုရဲ့  ကျန်းမာရေး ဆိုးဝါး ထိခိုက်ပုံတွေ၊ ဘုရားသား ရဟန်းသံဃာတော်များ အပေါ်မှာ ကမ်းကုန်အောင် ပြစ်မှားကျူးလွန်ကြတဲ့အတွက် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်သား အားလုံး ကို အ၀ီစိငရဲ ကျတဲ့အထိ ဆွဲချခဲ့ပုံတွေ၊ တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ရမည် ဆိုတာဟာ ပြည်သူလူထုရဲ့  ကြည်ဖြူလိုလားစွာ ခွင့်ပြုမှုအပေါ်မှာသာ မူတည်ရမှာ ဖြစ်တာမို့ စစ်အာဏာရှင်ရဲ့  လှည့်ကွက်ကို သိမြင်ကြဖို့ ဂုဏ်သိက္ခာရှိဖို့ လိုအပ်လှပုံတွေ၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သေးသိမ်မှေးမှိန် အောင် ပြုလုပ်ပုံတွေ၊ ကျေးဇူးရှင်ကို ကျေးစွပ်ပုံတွေ၊ အငြိုးတရား အာဃတ တရား ကြီးပုံတွေကို အပိုင်း နှစ်ပိုင်းအနေနဲ့ နိဂုံးချုပ် ဖော်ပြပေးလိုက်ရပါတယ်။ အခုလို ဆောင်းပါး ရေးသား ပေးပို့ခဲ့တဲ့ ဗိုလ်မှူးကျော်ကျော်ခိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

ကျန်းမာရေး ကိစ္စ စောင်းငဲ့ကြည့်ပြန်ရင်လည်း သူတို့ကျတော့ သူတို့ရဲ့  အသက်ကို သိတတ်ပြီး စင်္ကာပူလို နိုင်ငံခြားမှာ ဆေးတွေစစ်ကြ၊ ဆေးကုသကြတယ်။ အပေါ်ယံ ကြည့်ရင် တိုင်းပြည်ခေါင်းဆောင်ဆိုပြီး ခွင့်လွှတ်စရာ ဖြစ်ပေမဲ့ တကယ်တော့ အတ္တ သမားကြီးတွေ ဖြစ်ပါတယ်။ ဒီလို ဆေးကုသခံနိုင်တဲ့ အခွင့်အရေးမျိုး ပြည်သူလူထုကြီးမှာ ရော မရှိဘူးလားလို့ မေးစရာ ရှိပါတယ်။ ကိုယ့်တိုင်းပြည်မှာ ဒီလို ခေတ်မှီ ဆေးရုံ ဆေးပေးခန်းတွေ ပြည်သူလူထု တစ်ရပ်လုံးအတွက် လုပ်မပေးသင့်ဘူးလား ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။

ဆေးရုံတွေမှာ ဆေးမရှိတဲ့အပြင် ဆေးရုံအပေါက်စောင့်၊ ဓာတ်လှေကား မောင်းသူကအစ သူနာပြု ဆရာမ အဆုံး အဆင့်ဆင့် ကိုပေးကမ်းရပြီး ဆရာဝန်က သူ့ရဲ့  ကိုယ်ပိုင် အပြင် ဆေးခန်းမှာ လာပြထားတဲ့သူ ဖြစ်မှ မျက်နှာသာပေးပြီး ကြည့်ရှူတဲ့ ခေတ်ကို ရောက်နေပါတယ်။ လမ်း(၄၀) ဆက်သွယ်ရေးရုံးက အင်ဂျင်နီယာချုပ် ဦးဟန်ဝင်းရဲ့  မိခင်ဟာ ဒေါင်ဒေါင်မြည် နေကောင်းလျက် ရှိနေရာမှ မထင်မှတ်တဲ့ အနာလေး တစ်ခု ကိုဆေးရုံကြီးမှာ တက်ရောက်ခွဲစိတ် ကုသရာ မဖြစ်သင့်ဘဲ အသက်ဆုံးရှုံးသွားရတဲ့အထိ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်း နိမ့်ကျပုံကို ကြားသိရပါတယ်။ အခုမြန်မာပြည်မှာ သာမန် ကလေးမွေးရင်တောင် မွေးတဲ့ မိန်းကလေးကို သူနာပြု ဆရာမက ငွေကြေးစကားပြောပြီး ကလေးမွေးလုဆဲဆဲ အသက် လုနေရတဲ့ အချိန်မျိုးမှာတောင် ငွေထပ်ညှစ်တဲ့ အနေအထားမျိုး ရက်စက်မှုအပေါင်း သရဖူ ဆောင်းကာ အားကောင်း နေပါတယ်။ "ခေါင်ကမလုံတော့ မိုးယို" နေတာလည်း မဆန်းလှပါ။ သူတို့ ကိုယ်တိုင် ပြည်သူလူထုနဲ့ သာတူညီမျှ ပြည်သူလူထုက ပေးတဲ့ အခွင့်အရေးက လွဲလို့ မခံစားသင့်ပါ။ ဒါဟာ သူက ဗိုလ်ချုပ်ကြီးမို့ သူက သာမန် အရပ်သားမို့ဆိုပြီး ဖြေကြားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် လုပ်ပေးရမဲ့ တာဝန်ကို အာဏာရှင်တွေဟာ ဒီလိုပဲ လစ်လျူရှု ထားတတ်ပါတယ်။

နိုင်ငံတကာမှာ အရှက်ကွဲရတဲ့ နအဖရဲ့  လုပ်ရပ်

ဒီလိုဘဲ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နေရာတိုင်းမှာ အာဏာရှင်တွေဟာ ကိုယ်ကျိုးအတွက်သာ ကြည့်နေတာ တွေ့ရပါတယ်။ နိုင်ငံရေးမှာ ဆိုရင်လည်း တက်ကြွလှုပ်ရှားသူတွေကို အရက်စက်ဆုံး ရဟန်းသံဃာပါ မချန်ဘဲ နှိပ်ကွပ်ပစ်တာ တွေ့ရပါတယ်။ ရဟန်းသံဃာများ ကံဆောင်ပွဲမှာ သူတို့ပြောတဲ့ သံဃာတု ဆိုရင်တောင်မှ ပါဝင် ဆင်နွှဲကြတဲ့ သံဃာထုဟာ ထောင်သောင်းနဲ့ချီပြီး ရှိတာမို့ လုပ်ကြံဝါဒဖြန့်တာ သိသာလှပါတယ်။ ဒီလို သပိတ်ကံဆောင်ပွဲမှာ အင်နဲ့အားနဲ့ ထုထည်ကြီးမားစွာ ချီတက်ကြတဲ့ သံဃာတွေဟာ သံဃာတု မဟုတ်တာမို့ စစ်တပ်မှာတော့ ထုံးစံအတိုင်း အခြေအနေမှန် မသိအောင် ဖုံးဖိပြီး "ဒါဘာ" ဆိုတဲ့ တပ်တွင်း ဆန္ဒဖေါ်ထုတ်ပွဲတွေ လုပ်ကာ လိမ်ညာဝါဒဖြန့် ပြောထားကြမှာကို အတွင်းသိမို့ မြင်ယောင်မိပါ သေးတယ်။ များပြားလှတဲ့ သံဃာတော်တွေက တရားဓမ္မနဲ့အညီ ကံဆောင်ကြတာဖြစ်ပါတယ်။ ဒါကို မတရား နှိမ်နင်းခိုင်းလို့ ဗိုလ်ချုပ်မှူးကြီး လုပ်သူဟာ သူတွင်မက စစ်တပ်ကိုပါ ဘ၀သံသရာ အဆက်ဆက် မဟာအ၀ီစိငရဲမှ မတက်အောင် ဆွဲချခဲ့ပြီး ဖြစ်သလို ဒီ စစ်အာဏာရှင် ရှိသမျှ ဒီလိုပဲ စစ်တပ်ဟာ ခံနေရဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအရေးအခင်းဟာ ဒီမျှ ဖြစ်လာစရာမရှိဘဲ ပခုက္ကူမှာတင် သံဃာပရိတ်ရွတ်ပွဲမို့ သံဃာနည်းနဲ့ သာသနာရေးနဲ့တင် ရှင်းရင် အေးအေးဆေးဆေးကြီး ဖြေရှင်းနိုင် ရက်သားနဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုပ်ပြီး ရိုက်နှက်မှု ဖြစ်စဉ်၊ ရက်စက်ယုတ်မာတဲ့ အမှုကို အာဏာရှင်တွေက စတင်လုပ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီပဲယင်းမှာ ရက်ရက်စက်စက် သတ်ဖြတ်မှု လုပ်တာလည်း ဗိုလ်သန်းရွှေရဲ့  အမိန့် ဖြစ်ပါတယ်။ ဒီနေရာမှာလည်း သူ့ရဲ့ ကောက်ကျစ်တဲ့ ဥာဉ်ကို အားလုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။


ဒါပေမဲ့ ပြောပြချင်ပါသေးတယ်။

ဦးနေ၀င်း (ဗိုလ်ချုပ်ကြီးဟောင်း)ဟာ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး လုပ်သူ) ရဲ့  ကျေးဇူးရှင် စစ်စစ်ပါ။ ဘယ်လို အခြေအနေဘဲ ဖြစ်ပါစေ၊ ကျေးဇူးရှင် ကျေးစွပ်တာမျိုး မလုပ်သင့်ပါ။ ပြည်သူလူထုရဲ့  အမုန်းအား ဦးနေ၀င်း ခံနေရတာကို အရင်းပြုပြီး ဦးနေ၀င်းကို ချုပ်ကိုင်နိုင်အောင် လုပ်ခဲ့ပါတယ်။ ဦးနေ၀င်း ညှိုးငယ် သိမ်ငယ်စွာ သေဆုံးပြီး လူသူမသိအောင် နိဂုံးချုပ် စေခဲ့တာကိုက သူ့ရဲ့  စိတ်ထားသေးသိမ်မှု၊ ဂုဏ်သိက္ခာမဲ့မှု၊ ကျေးဇူးရှင် ပြစ်မှားတတ်တဲ့ လူယုတ်မာ ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ သူကိုယ်တိုင် ဒီလို အဖြစ်မျိုး ရောက်မှာ စိုးလို့ မသေမချင်း အာဏာရှင် လုပ်နေတာလည်း ဖြစ်ပါတယ်။

ဒုတိယမြောက် လွတ်လပ်ရေး တိုက်ပွဲ နှင့် အနီးကပ်ဆုံး ရန်သူ

ယနေ့ ကျရောက်တဲ့ မြန်မာ့ လွတ်လပ်ရေးနေ့မှာ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် မှ ကိုရင်အေးရဲ့  လွတ်လပ်ရေးနေ့ တိုက်တွန်းနှိုးဆော်ချက်ကို စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ မြန်မာ ပြည်သူလူထု အမှန်တကယ် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး အဖြစ် နေထိုင်နိုင်ကြဖို့ တပ်မတော်သားများ အားလုံး ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲကာ အာဏာရှင် စနစ်အား တွန်းလှန်သွားကြပါရန် ကျွန်တော် ကိုဖိုးတရုတ်မှ ဆန္ဒပြု တိုက်တွန်းအပ်ပါတယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် နေ့တွင်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်စွန့် ကြိုးပမ်းမှုကြောင့်၊ အမိမြန်မာပြည် တိုင်းတပါးကျွန်ဘဝမှ လွတ်မြောက်ကာ၊ လွတ်လပ်၍ အချုပ်အချာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ်၊ ဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် နှင့် ပြည်သူတို့ အတူတကွ လက်တွဲကာ၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ညွှန်ကြားသည့်အတိုင်း၊ အနီးကပ်ဆုံး ရန်သူဖြစ်သည့် ဖက်စစ်တို့အား တွန်းလှန်ခဲ့ပြီးသည့်နောက်၊ နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးကို ညီညွတ်စွာ ရယူနိုင်ခဲ့သည်။

လာမည့် ၂၀၀၉ ခု၊ ဇန်နဝါရီ (၄)ရက် ဆိုလျှင်၊ လွတ်လပ်ရေး ရရှိခဲ့သည်မှာ (၆၁)နှစ်ပြည့်မြောက်တော့မည် ဖြစ်သည်။ (၆၁)နှစ်အတွင်း အမိမြန်မာပြည်မှာ ပြည်သူအများစုကြီးအနေနဲ့ ဗိုလ်ချုပ်တို့ အရယူပေးခဲ့သည့် လွတ်လပ်ရေး၏ အနှစ်သာရကို အမှန်တကယ် ရရှိခံစားခဲ့ကြရပါရဲ့လား ? . .

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီး တပ်မတော်သည် ဖက်ဆစ်အမွေဆိုးကို အရယူခဲ့သည့် ခေါင်းဆောင်ဆိုး ၏ လက်အောက်သို့ ရောက်ရှိခဲ့ရပြီးနောက်၊ "ပြည်သူနှင့်အတူ တိုင်းတပါးကျွန်ဘဝမှ လွတ်လပ်ရေး အရယူပေးခဲ့သည့် တပ်မတော်ဘဝ" မှ "ပြည်သူအချင်းချင်း ကျွန်ပြုသည့်၊ စစ်အာဏာရှင်စနစ်ဆိုး၏ လက်ကိုင်တုတ် တပ်ဘဝ" သို့ ရောက်ခဲ့ရသည်ကို၊ အနှစ်(၆၀)သမိုင်းက အထင်အရှား သက်သေပြနေခဲ့ပြီ ဖြစ်ပါသည်။

မိမိတိုင်းရင်းသား ညီအစ်ကိုချင်းပြဿနာကို လက်နက်အားကိုး အာဏာရှင်စနစ်ဆိုး၏ ဖြေရှင်းမှုမျိုးဖြင့် ဖြေရှင်းခဲ့ ကြသဖြင့် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရပြီး ၎င်းဒါဏ်ကို ပြည်သူတရပ်လုံး ခါးဆီးခံခဲ့ ရသည်မှာ ယနေ့ထိတိုင် ဖြစ်သည်။ တိုင်းပြည် မွဲပြာကျခဲ့ရပြီး ကမ္ဘာ့အလည်မှာ အောက်တန်းနောက်တန်း ကျခဲ့ရသည်။ အစဉ်အလာကြီးမားခဲ့သည့် တပ်မတော်သည်လည်း တိုင်းရင်းသား ပြည်သူကိုဖိနှိပ်သည့် လက်ကိုင်တုတ် ယန္တရားအဖြစ် ရောက်ခဲ့ရပြီး လူထု၏ အော့နှလုံးနာမှုကိုခံခဲ့ရ ခံနေရဆဲ ဖြစ်ခဲ့ရသည်။

ဖက်ဆစ်အမွေဆိုးကို ဆက်ခံခဲ့သည့် အာဏာရှင်၏ လက်ဝေခံ စစ်အာဏာရူးတစ်စု၏ နဖါးကြိုး ထိုးထားခြင်း ခံနေရပြီး တပ်မတော်တွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အဆင့်ဆင့်တိုင်းသည် မိမိတို့၏ အရာရှိကို သာမကတော့ဘဲ အရာရှိ၏ မိန်းမ၊ သားသမီး၊ ယောက္ခမ အဆုံး အားလုံး၏ ကျေးကျွန်များ သဖွယ် ဆက်ဆံခံရ လုပ်ကျွေးပြုစု ပေးနေကြရသည်ကို တပ်မတော်သားတိုင်း သိလာကြပြီ ဖြစ်သည်။ မိမိပြည်သူချင်း အိုးမဲသုတ် သတ်ဖြတ်ခိုင်းထားခြင်း၊ အနှစ်သာရမဲ့ စစ်ပွဲများ ဖန်တည်းပေးထားခြင်းဖြင့်၊ တပ်မတော်သားအားလုံးကို မအားရအောင် မလိုအပ်ပဲ အသက်စွန့်ခိုင်း ထားခြင်းဖြင့် ၎င်းတို့၏ အာဏာကို ကြီးထွားသထက် ကြီးထွားအောင် တည်ဆောက်ထားခဲ့သည်။ တိုင်းရင်းသား ညီအကိုများ နေထိုင်ရာ နယ်စပ်ဒေသ များတွင်လည်း စစ်ပွဲများကြားတွင် မတရားမှုပေါင်းများစွာကို အစွမ်းကုန်ကျူးလွန်စေသော နည်းဖြင့် ရပ်တည်ခိုင်း ခံထားရပြီး ၎င်း၏ အကျိုးဆက်အဖြစ် တပ်မတော်တစ်ခုလုံး၏ ဂုဏ်သိက္ခာမှာ ကမ္ဘာ့အလည်တွင် အဖတ်မဆည် နိုင်အောင် ကျဆင်းစေခဲ့သည်။

၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်သည် ပြည်သူတရပ်လုံးနှင့် လက်တွဲ၍ တိုင်းပြည် လွတ်လပ်ရေးကို အရယူပေးခဲ့သည်မှာ (၆၁)နှစ် တင်းတင်းပြည့်ပြီ ဖြစ်သည်။

ဒီကနေ့ အာဏာရှင်၏ အစေအခိုင်း ခံနေရသည့် တပ်မတော် ဘယ်လိုဆက်ရပ်တည်ကြမည်နည်း?

ပြည်သူလူထု တရပ်လုံးအနေနှင့် အာဏာရှင်တစ်စု၏ မတရားပြုကျင့် အုပ်စိုးထားမှုမှ လွတ်မြောက်ဖို့ရာ နည်းမျိုးစုံ ဖြင့်ကြိုးစားခဲ့ကြ ကြိုးစားနေကြဆဲပင် ဖြစ်သည်။ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲအတွက် ဒီကနေ့ မျိုးဆက်တို့ ပေးဆပ်နေကြရသည်။ ဘုရားသားတော် သံဃာတော်များ လူမဆန်စွာ နှိပ်ကွပ် ခံနေကြရသည်။

အားလုံးမှာ လက်တဆုပ်စာ အာဏာရှင်တို့် မတရားရယူထားသည့် အခွင့်အရေးများ လက်မလွတ်ရရေး တစ်ခုတည်း အတွက်သာ စစ်တပ်တခုလုံးမှာ အသုံးချခံ အကာအကွယ် ပေးထားခဲ့ရသည်။ အဖိနှိပ်ခံပြည်သူ တရပ်လုံးမှာ စားရာမဲ့သောက် ရာမဲ့ အနာဂတ်မဲ့ နင်းပြား ဘဝများ ဖြစ်နေကြရသည်။

ထိုဘဝများစွာထဲတွင် ဒီကနေ့ တပ်မတော်သား အများစု၏ မိဘများ၊ ဇနီးမယား၊ သားသမီးများလည်း အပါအဝင် ဖြစ်နေကြရသည်။ တပ်မတော်သားများ၏ မိဘ၊ ဇနီး၊ သားသမီးများသည်လည်း ပြည်သူထဲမှ ပြည်သူများသာ ဖြစ်ကြသည်။ ပြည်သူလူထုကြီးနှင့် ထပ်တူခံစား နေကြရသူများသာ ဖြစ်ကြသည်။ ပြည်သူလူထုကြီး နှင့်အတူ လွတ်လပ်ရေးကို လိုလားနေကြသူများဖြစ်ကြသည်။

လက်တဆုပ်စာ အာဏာရူး စစ်ခေါင်းဆောင်တစ်စု၏ မိမိတို့နှင့် မိမိတို့ကိုသစ္စာခံသူ က္မျန်တစ်စုသာ ကောင်းစားရေး အတွက် အများစုကို စစ်ကျွန်ပြုထားသည့် စနစ်ဆိုးကြီးမှ ရုန်းထွက်သည့် "ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲ" တွင်၊ ပြည်သူလူထုကြီးနှင့်အတူ ပူပေါင်း ပါဝင်ကြခြင်းဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာ ကို အချိန်မှီ ကယ်တင်ကြရမည့်အချိန်ပင် ဖြစ်သည်။

ဒါကြောင့် "မျိုးချစ်တပ်မတော်သား အပေါင်းတို့အနေနှင့် ယနေ့ ဇန်နဝါရီ(၄)ရက် နေ့ကစလို့ သင်တို့နှင့် အနီးကပ်ဆုံးရန်သူကို စတင်ရှာဖွေ တော်လှန်ကြခြင်းဖြင့် ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲကြီးမှာ ပြည်သူလူထုကြီးနဲ့အတူ ပူးပေါင်းကာ အာဏာရှင်စနစ်ဆိုးကြီးကို အမိမြေမှ အပြီးတိုင် ဖယ်ရှားကြပါစို့" ဟု (၆၁)နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယမှာ လေးနက်စွာ တိုက်တွန်း ဖိတ်ခေါ်လိုက်ပါတယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.