Thursday, January 8, 2009

[Free In Mind] 4 New Entries: ဆည်းဆာ

ဆည်းဆာ

သူငယ်ချင်းတစ်ယောက်နဲ့ မြစ်ဆိပ်ဘက် ရောက်ပါတယ်..။ နေ၀င်ချိန်ဆိုတော့ မြင်ကွင်းက အတော်လေး လှနေတယ်..။ ဆိုက်ကယ်ကို ဇွတ်ရပ်ခိုင်း ကင်မရာကို ကပြာကယာထုတ်ပြီး ရိုက်လိုက်ရတယ်..။

ရေခပ်ဆင်းချိန်

အင်းဝဘက်ရောက်တုန်း ရိုက်ထားတဲ့ပုံလေးပါ..။

နောက်ဆုံးတနင်္ဂနွေ

(၁)

သူမနှင့် ကျွန်တော်နောက်ဆုံးတွေ့ခဲ့သောနေ့ကို မှတ်မိနေသည်။ ထိုနေ့ညနေက ကျွန်တော့်ဆီကို ဖုန်းဆက်လာပါသည်။ ထို့နောက် သူမအိမ်မှာ နေနေရသည်ကို ပျင်းသည် အပြင်ထွက်ချင်သည်ဟု ကျွန်တော့်ကို အဖော်စပ်ပါသည်။ ကျွန်တော် နေမကောင်း ဖြစ်နေပါသည်။ ချောင်းတွေ တဟွပ်ဟွပ် ဆိုးနေသည်။ ထို့ကြောင့် ကောင်းကောင်းနေ၍ မရပါ။ နေကောင်းမနေခြင်းက နေမကောင်းဖြစ်နေသောကြောင့် ဖြစ်သည်။

ကျွန်တော်တင်မဟုတ်ပါ။ ထိုနေ့ညနေက ကောင်းကင်ကြီးလည်း ကောင်းကောင်းမနေပါ။ ခဲသားရောင် တိမ်တိုက်တို့ အနောက်ဘက်ထောင့်ချိုးဆီမှ တရွေ့ရွေ့ချီတက် မှိုင်းအုံ့လာပါသည်။ လေပြင်းတစ်ချက်ပြီးတစ်ချက် ဝေ့ပတ်ခါ တိုက်ခတ်လာပါသည်။ ကောင်းကင်ကြီးသည် ချောင်းလည်း တဟွပ်ဟွပ် ဆိုးနေပြန်သည်။

ဖုန်းလိုင်းထဲမှာ သူမ၏အသံသည် ကျွန်တော့်နားကိုဖြတ်ခါ ရင်ဘတ်ထဲရှိ နှလုံးသားဆီသို့ ကလူလိုက်မြှူလိုက် လုပ်ပါသည်။ ကျွန်တော့်ကိုလည်း သူမ မိုးကိုချစ်ကြောင်းမိုးရွာထဲဝယ် သွားလာလည်ပတ်ပြီး မိုးစက်ပွင့်များ၏ ထိတွေ့နမ်းရှိုက်မှုများအတွက် ရင်ခုန်ကြောင်းများ တရစပ်ပြောပါသည်။

(၂)

ကျွန်တော် အအေးမိနေပါသည်။ ချောင်းတဟွပ်ဟွပ်လည်း ဆိုးနေဆဲဖြစ်ပါသည်။ မိုးသက်လေတို့သည် အာကာပြင်ကို ဖြတ်ခါ ၀ရန်တာဝယ် ရပ်စကားပြောနေသော ကျွန်တော့်မျက်နှာထက်သို့ တရှိုက်မက်မက် နှုတ်ဆက်အနမ်းများ ခြွေပါသည်။ မြေသင်းနံ့များကြားဝယ် ကျွန်တော့်နှလုံးသား တုန်ရီလာသည်။ ကျွန်တော်၏ အသိတရားများ ချို့ယွင်းကာ သူမထံသို့ ကျွန်တော်ရောက်သွားတော့သည်။

သူမသည် အရပ်မြင့်မြင့်၊ ရွှေရောင်ဆံပင်တို့ကို ပိုင်ဆိုင်ပါသည်။ ပန်းနုရောင် နှုတ်ခမ်းသား ထူထူတို့သည် သူမပြုံးသည့်အခါ လေးကိုင်သဏ္ဍန်ကွေးညွတ်သွားတတ်သည်။ ကိုယ်လုံးအလှပေါ်စေရန်အတွက် ချပ်ချပ်ရပ်ရပ် အင်္ကျီများကို သူမ၀တ်လေ့ရှိသည်။

ကျွန်တော်နှင့်အတူ လမ်းမပေါ်ရောက်သောအချိန်သည် မိုးစက်ပွင့်တချို့ ကောင်းကင်ဆီမှ စီးမျောကာ မြေပြင်ပေါ်ခပ်ဆွေဆွေလေး ကြွေကျချိန် ဖြစ်ပါသည်။ ကျွန်တော်နှင့်သူမတို့ မိုးရေထဲမှာ သွားရင်းလာရင်း ရယ်ရယ်ပြုံးပြုံး စကားပြောနေခဲ့ကြသည်။ ကျွန်တော် ချောင်းဆိုးမနေပါ။ ချမ်းလည်း မချမ်းပါ။ ကျွန်တော့်နှာဝဆီသို့ သူမ၏ကိုယ်သင်းရနံ့တချို့ လေအဝေ့၀ယ် တိုးဝင်လာခဲ့သည်။ ထို့ပြင် နွေးထွေးဖိုလှိုက်သော ရင်ခွင်သည် တုန်ရီသောလက်များအတွက် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေသည်။

ခရေပင်ကြီးအောက်ဝယ် ကျွန်တော် သူမအတွက် ပန်းကောက်ပေးပါသည်။ မွှေးသောခရေသည် သူမအတွက် အားသစ်ဖြစ်စေခဲ့သည်ဟု သူမဆိုသည်။ ကျွန်တော် ဂဃနဏ မသိခဲ့ပါ။ ကျွန်တော့်ရင်ထဲဝယ် သူကို ပျော်ရွှင်မြူးစေလိုသည့်အတွေးသာ ရှိပါသည်။

(၃)

ချမ်းအေးခြင်း ၀ိညာဉ်သည် ကျွန်တော့်ကိုယ်ထဲသို့ မကြွဘဲပူးဝင်လာသည်။ အနွေးထည်ဟု ခေါ်သည့် အ၀တ်ထူသည် ထိုအချိန်က အဘယ်ကြောင့် အနွေးဓါတ်မပေးသည်ကို ကျွန်တော်စဉ်းစား၍မရပါ။ ကျွန်တော့်နှုတ်ခမ်းများ အေးစက်တုန်ရီနေခဲ့သည်။ ကျွန်တော့်လက်ဖျား ခြေဖျားတို့ ထုံကျင်အေးစက်လွန်းနေသည်။ အရာရာအားလုံးသည် ပြာရီေ၀၀ါးလာသည်ကို ကျွန်တော်ဂရုပြုမိသည်။ ထို့နောက်.. …

အဘယ်သို့သောအကြောင်းများကြောင့် ကျွန်တော်နွေးထွေးမှုရခဲ့သည်ကို မစဉ်းစားတတ်ခဲ့။ နွေးထွေးသော လက်အစုံတို့သည် ကျွန်တော့်လက်ဖျားများသို့ ထိခတ်နေခဲ့သည်။

ထို့နောက်..

(၄)

ထို့နောက်.. …

ရင်ခုန်သံသည် တိတ်ဆိတ်သော အခန်းငယ်လေးအတွင်းဝယ် ပျံ့လွင့်နေတော့သည်။ နံရံထက်ဆီမှ အ၀ါရောင်မီးပွင့်ကလေးမှာ မှေးရာမှမှိန်၊ မှိန်ရာမှ ဖျော့တော့ပျောက်ကွယ်သွားသည်။

ထိုညတွင် သက်ပြင်းချသံတချို့ ကျွန်တော်ကြားခဲ့မိသည် ထင်ပါသည်။

ထိုသို့ဖြင့် ကျွန်တော်သည် သူမနှင့်တွေ့ခဲ့သော နေ့တစ်နေ့ကို ပြန်လည်အမှတ်ရနေမိပါသည်။ ထို့နေ့ညနေက သူမ ကျွန်တော့်ဆီကို ဖုန်းဆက်ခဲ့ပါသည်။ ကျွန်တော် နေကောင်းပါသည်။

ညီမင်းစံ
၂၉.၅.၀၈

ချစ်အဖြေ

(၁)

ပြောပါ..
နားလည်အောင် သေချာပြောပေးပါ။
ငါ့နားတွေ မယုံအောင်
သေချာပြောပေးပါ..။
ဒါနောက်ဆုံးတောင်းဆိုမှုပါ..။
အဲဒီနောက်မှာ အသစ်တွေ မရှိနိုင်တော့ပါ..။
အိပ်မက်အကြောင်း မပြောတော့ပါ
ငြီးစော်နံခဲ့ပြီပဲလေ..။

(၂)

သူ့ရှေ့မှာ ဖြူနီဝါပြာ
ငါ့ရှေ့မှာ ပြာနီဖြူဝါ
ကွဲပေမယ့် မလွဲပါ..။

ဒါပေမယ့်…
အဲဒီဒါပေမယ့်မှာ လွဲနေ ကွဲနေပြန်တယ်..။

(၃)

နားထောင်နေပါတယ်
ပုလွေအိုကို မမှုတ်ပါနဲ့။
ဂစ်တာကို မခေါက်ပါနဲ့။
အရိပ်တွေ နိုးထရှင်သန်လာပါစေ။
တိမ်တွေ အော်ဟစ်ငိုယိုပါစေ။
ငါစိတ်ဝင်စားတဲ့ အကြောင်းလေး ပြောပေးပါ..။
ချစ်မှာလားလို့ ငါ့ကို မေးပါ။
ချစ်ပါတယ်လို့ ငါ့ကို ဖြေပါ။
အမေးအထူးတွေ သိပ်မပြောချင်ပါ။
ငှက်ပျောသီးတွေ အခွံနွှာရလွယ်ပါတယ်။
ကြိုးကြာအုပ်ကို ရေမစိုပါစေနဲ့။
ဟိမ၀န္တာမှာ အချစ်တရားမရှာပါနဲ့။
ငါ့ရင်ခွင်မှာ ရှာလှည့်ပါ။
လွယ်လွယ်နဲ့ရိုးရိုးတွေးပါ။
ရိုးရိုးရှင်းရှင်း မြင်ရမှာပါ။

(၄)

နှုတ်ခမ်းနိပါးပါးဆိုးထားပါ။
ငါ့ရင်ဘတ်ဆီ တံဆိပ်ကပ်နှိပ်ဖို့
ငါ့ပါးကို အပ်ပါတယ်။
ပျော်ကြည်မွေ့စရာ ညနေခင်းတွေ
ငါနဲ့မင်းအနားမှာ လာနေတယ်..။
ငါ့ကို ရှင်းရှင်းပြောပါ
တစ္ဆေတစ်ကောင်ရဲ့ ဆာလောင်မှုလို
ငါ မင်းရဲ့အချစ်ကို လိုနေတတ်ပြန်တယ်..။
နှုတ်ဆက်မယ်ရည်ရွယ်ချက်မရှိပါ။
အခမ်းအနားနဲ့ ပျော်တော်ဆက်မှာပါ..။

You received this email because you are subscribed to the real_time feed for http://blog.freeinmind.net/?feed=rss2. To change your subscription settings, please log into RSSFWD.