ဗြိစ္ဆာ (SCORPIO) တွေရဲ့ အချစ်ဒဿန
သူငယ်ချင်းတစ်ယောက်က ရာသီဖွားတွေအလိုက် အချစ်ဒဿနတွေအကြောင်း အီးမေးလ်ပို့တာ။ ဘာရယ်မဟုတ် အမှတ်တရ ကျွန်မရဲ့ ရာသီဖွားကို တင်လိုက်တယ်။ မှန် မမှန်တော့ သိဘူး။ ဟိ

ဗြိစ္ဆာ အချစ်ဒဿန (SCORPIO)
ဤရာသီဖွားများသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော အချစ်ကို ပိုင်ဆိုင်ထားပြီး တစ်ပါးသူ မဆိုထားနှင့် မိမိကိုယ်မိမိပင် နားမလည်နိုင်သော ထူးခြားသည့် နှလုံးသားပိုင်ရှင်ဖြစ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက တညီတညွတ်တည်း အဆိုပြုသည်။
ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်းသော ကင်းမြီးကောက် တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊ အချစ်ကြီးသော၊ အမျက်ကြီးသော နှလုံးသားမျိုးကို ပိုင်ဆိုင်သူဟု ဖော်ကျူးပြန်သည်။
အကောင်းဆုံးနှင့် အဆိုးဆုံးကိုသာ လုပ်လိုသော သဘာဝရှိသည်။ ကောင်း၊ ဆိုး၊ မှန်၊ မှား လုပ်သင့်၊ မလုပ်သင့်စသည့် အစဉ်အလာအရ သတ်မှတ်ထားချက်များကို လုံးဝလက်မခံခြင်း မရှိ။ မိမိရင်ထဲမှ ကောင်းသည်၊ မှန်သည်ဟုထင်လျှင် ခေါင်းအေးအေးနှင့် တဇွတ်ထိုး လုပ်တတ်သည်။ မိမိခံစားချက်၊ ခံယူချက်ကို ဦးစားပေးမည်။ ကိုယ်ပိုင်အဘိဓမ္မာနှင့် မဖြစ်မနေ လုပ်တတ်သည်။ မိမိစိတ်ထဲ၌ရှိသော အရာများကို တစ်ပါးသူအား ဖွင့်ပြောတိုင်ပင်ခြင်းမရှိ လျှို့ဝှက်စွာ သိုသိပ်၍ မဖြစ်မနေ လုပ်တတ်သော သဘောရှိသည်။
တစ်စုံတစ်ယောက်သောသူကို ချစ်မိပြီဟု ဆုံဖြတ်ချက်ချရန်အတွက် အလွန်အချိန်ယူတတ်သော်လည်း ဆုံးဖြတ်ပြီးပါက လုံးဝ ပြန်မပြင်တတ်ပေ။ ဝေဖန်မှုကို လုံးဝဂရုမစိုက်၊ ဥပေက္ခာပြုတတ်သည်။ ဥပေက္ခာနှလုံးသား ပိုင်ရှင်ဟုလည်း သတ်မှတ်နိုင်သည်။
မိမိချစ်သူက အမှာအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း ဒေါသအမျက်ပြင်းစွာဖြင့် လုံးဝခွင့်မလွှတ်။ နှလုံးသားထဲမှ အပြီးအပိုင် ထုတ်ပစ်ပြီး ဥပေက္ခာပြုလိုက်မည်။ ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်။ ပြန်မပြော၊ နားမထောင်၊ တစ်ပါးသူ တားဆီးသည့် ကိစ္စကိုမှ လုပ်လိုသည်။ အားနည်းသောသူဘက်မှ ရပ်တည်မည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလဲလွယ်သည်။ ခံစားချက်ကို မြိုသိပ်တတ်သည်။ မိမိဘက်မှ တတ်အားသရွေ့ ပေးဆပ်သည်။ သည်းခံသည်။ ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။ အလွန်ချစ်ခဲ့သူကိုပင် စွန့်ပစ်မည်။ ခွဲခွာသောအခါတွင်လည်း သံယောဇဉ် လုံးဝ မရှိသလောက်အောင်ပင် ဖြစ်မည်။ နောက်တစ်ယောက် တွေ့ပြီဆိုကလည်း အလွန်လေးနက်သော မေတ္တာနှင့် ချစ်မည်။
အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်။ ချစ်သူ၊ ခင်သူပေါများမည်။ အခိုက်မသင့်ပါက အိမ်ထောင်ဆက်ပင်များသွားနိုင်သည်။
သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့ မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ ကြိတ်ကြံတတ်သည်။ မိမိအချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့ အချိန်ရှိသရွေ့ တရစ်ဝဲဝဲ လုပ်နေတတ်သည်။ ချစ်သူဘဝရောက်ပြန်လျှင်လည်း နှစ်ဦးတွေ့ကြသောအခါ ဖွယ်ဖွယ်ရာရာ၊ ကြင်ကြင်နာနာ ပြောဆိုခြင်းမရှိ။ ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ မပွင့်မလင်းနေတတ်သော သဘာဝအားပိုင်ဆိုင်သည်။ မိမိကို တကယ်ချစ်ရဲ့လားဟုပင် ချစ်သူက ထင်လောက်သည်။ စကားပြောပြီဆိုပါကလည်း ချစ်သူက စိတ်ဝင်စားသည်၊ မဝင်စားသည်ကို ဂရုမစိုက်၊။အချစ်နှင့် မပတ်သက်သည့် အရာများကို ကရားရေလွှတ်ပြောတတ်သည်။
မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင် မတူသော ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူးဆက်ဆံပေးနိုင်သော တစ်သားတည်းဖြစ်အောင် လုပ်ပေးနိုင်သောအရာသည် အချစ်ဖြစ်သည်ဟု သတ်မှတ်လိမ့်မည်။
scorpio scorpio sorpio sCoRpIo SCORPIO ScOrPiO scorpio scorpio scorpio

ဒါက ၁၃ရက်ညမှာ ခွဲလိုက်တဲ့ ဒီနှစ်အတွက် Birthday ကိတ်မုန့်ပါကွယ်။ အလုပ်ကအပြန် ရေချိုးခန်းထဲ ၀င်နေတုန်း အိမ်ရှေ့မှာ မီးအမှောင်ပိတ်ပြီး ပြင်ဆင်နေကြတာ မသိဘူး။ အခန်းတံခါးလည်း ဖွင့်လိုက်ရော ဘာလို့ မီးပိတ်ထားပါလိမ့်လို့ ကြောင်သွားသေးတယ်။ တူမလေး မအိပ်လို့များ တအိမ်လုံးကို မီးပိတ်ထားသလားပေါ့။ ကျွန်မတူမက ညဘက်ဆို တော်တော်နဲ့ မအိပ်တတ်လို့ လူကြီးတွေက အိပ်ချင်ယောင်ဆောင်ပြီး သိပ်ရတယ်။ ဒါလည်း သူက အိပ်တာ မဟုတ်ပါဘူး။ ထားပါတော့ သူ့အကြောင်း။ အဲဒါ အူကြောင်ကြောင်နဲ့ မှောင်ထဲ ရပ်နေတုန်း ကြိုးတွေပါတဲ့ ဗျောက်အိုးတွေဖောက်ပြီး အိမ်ရှိလူကုန် Happy Birthday ထအော်တော့တာပဲ။ ဘာပဲပြောပြော ဒီနှစ်တော့ ပျော်ရတာပါပဲလေ။ မွေးနေ့လက်ဆောင် မရတာက လွဲရင်ပေါ့။ ;)) ဒါတောင် တနေကုန် သူတို့ လိုက်ရှာဝယ်ထားရတာ ဆိုပဲ။

ကိတ်မုန့်ကို ဓာတ်ပုံရိုက်တာဖြစ်ပေမယ့် ထုံးစံအတိုင်း (သူ့ကို ဓာတ်ပုံရိုက်တယ်ထင်လို့) တူမလေးက လက်နှစ်ချောင်းထောင်ပြီး အိုက်တင်ပေးတဲ့အတွက် သူ့ပါ တလက်စထဲ ဓာတ်ပုံရိုက်လိုက်တယ်။

တကယ်တော့ ဒီနေ့ (ခု စာရေးနေချိန်မှာ ၁၄ ရက်ဖြစ်သွားပြီဆိုတော့)က တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ သောကြာနေ့ဖြစ်တဲ့အတွက် မြန်မာလိုမွေးနေ့သာဆိုရင် ဒီနှစ်က နေ့ရော၊ ရက်ရော တိုက်တယ်လို့ပြောရမယ်။ ဘာမဆိုင် ညာမဆိုင် သူခိုးကြီးနေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ကို သတိရသွားတယ်။ ငယ်ငယ်တုန်းထဲကနေ ဒီနိုင်ငံမှာ လာမနေခင်အထိ အဲဒီ ငတက်ပြားနေ့ဆိုရင် ကျွန်မတို့ မောင်နှမတွေ မအိပ်မနေ သောင်းကျန်းနေကျ။ လောပိတမှာ နေတုန်းကလည်း လောပိတမှာမလို့၊ ရန်ကုန်ပြန်ရောက်တော့လည်း ရန်ကုန်မှာမလို့ ဗြောင်းဆန်နေအောင် ပျော်ကြတာပေါ့။ အဲဒီတုန်းကဆို ငတက်ပြားနေ့ညကို ရောက်ဖို့ပဲ စိတ်စောနေမိတယ်။ စိတ်ထဲမှာ အလိုလို ပျော်နေတာကိုက သူခိုးကြီးများနေ့ရဲ့ အရသာ။ ည ၁၂ နာရီ လူတွေ အိပ်လောက်တဲ့အထိ ၀ိုင်းဖွဲ့စောင့်နေကြရင်း ပုံပြင်တွေပြောကြ၊ ကစားကြတာကလည်း တသက်မမေ့နိုင်စရာပါပဲ။ လမင်းကြီးကလည်း ထိန်ထိန်သာလို့။ အသက်အရွယ်ကြောင့်ရော၊ အချိန်ကာလတွေကြောင့်ရော၊ နေရာဒေသတွေကြောင့်ရော ဒီလိုနေ့တွေကို ကျွန်မတို့ ပြန်ရနိုင်တော့မယ် မထင်ဘူး။ အဲဒါကြောင့် ကိုယ့်လက်ရှိ ပိုင်ဆိုင်နေတဲ့ အချိန်တွေကို တန်ဖိုးထားဖို့ လူတွေ ပြောကြတာဖြစ်မယ်။
စာအများကြီး ရေးချင်ပေမယ့် မနက် အလုပ်သွားရမှာမို့ နောက်နေ့မှ ဒီပို့စ်မှာ ဆက်ရေးတော့မယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
s0wha1

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.