Saturday, November 15, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 1 New Entry: ဆူး

ဆူး

သူမသည် ကျွန်တော့်ရင်ဘတ်၏ အနက်ရှိုင်းဆုံးနေရာမှ ဆူးတစ်ချောင်းသာ ဖြစ်ပါသည် ။

.........................................

ပူလောင်အိုက်စပ်သော နွေညနေခင်းတွင် သူမနှင့် ဆုံတွေ့ခဲ့သည် ။ ထိုညနေခင်းတွင် ရုံးအဆင်း ရထားဘူတာသို့ အသွား လမ်းမထက်တွင် သစ်ရွက်ခြောက်များ ဟိုဒီပြန့်ကျဲခါ လူအများ၏ နင်းခြေမှုအောက်တွင် ပိပြား ၀ပ်ဆင်းသွားရသည် ။ နွေ၏အပူရှိန်ကြောင့် ကျွန်တော့်တကိုယ်လုံး ရေချိုးထားသည့်နှယ် ။ လျှပ်တပြက်တိုးဝှေ့သွားတတ်သော လေပြေအေးလည်း ပျောက်ဆုံးနေခဲ့သည် ။ ရထားဘူတာသို့ ရောက်ချင်စောနှင့် ခြေလှမ်းများကို ခါတိုင်းထက် အမြန်လှမ်းလိုက်မိသည် ။

ထိုစဉ် ကျွန်တော်ရှေ့ ဖြည်းဖြည်းချင်းလျှောက်နေသော မိန်းကလေးတယောက်၏ ရှည်လျားလှသော ဆံကေသာများ လေတွင်ဝဲနေသည်ကို အမှတ်မထင် ငေးကြည့်မိသွားသည် ။ သူမကို မှီလိုက်သောအခါ မြင်ဖူးသလို စိတ်ထဲဖြစ်မိ၍ မသိမသာ ငဲ့စောင်းကြည့်လိုက်မိသည် ။ ကျွန်တော် အလုပ်စ၀င်သောနေ့က ရုံးခန်းတွင် တွေ့ခဲ့သော ကောင်မလေး ။ ခြေတစ်လှမ်းချင်း လှမ်းနေသော သူမက လက်ရှည်အင်္ကျီဝတ်ထားသော်လည်း မျက်နှာပေါ်တွင် ချွေးအနည်းငယ် ဆို့ နေသည်မှလွဲ၍ သက်တောင့်သက်တာပုံ ပေါက်နေခဲ့သည် ။ သူမနှင့် ခြေလှမ်းချင်းတူသွားသောအခါ သူမဘက် လှည့် နှုတ်ဆက်လိုက်သည် ...

"ခင်ဗျား ကျွန်တော့်ကို မှတ်မိသေးလား ။ ကျွန်တော်နဲ့ ဟိုတနေ့က HR ရုံးခန်းမှာတွေ့တာလေ"

ကောင်မလေးမျက်နှာ တချက် ဇဝေဇ၀ါဖြစ်သွားသည် ။ သူမ၏ မည်းနက်နေသော မျက်ခုံးလေးများ မသိမသာ ကျုံ့ရုံလေး ကျုံ့သွားသည် ။ ဆက်တိုက်ဆိုသလိုပဲ သတိရလာဟန်ဖြစ်သွားပြီး အရွယ်အစား ညီညာစွာရှိနေသော သူမ၏ သွားသေးသေးလေးများပေါ်အောင် ပြုံးလိုက်သည် ။

"ဟုတ်ကဲ့ ။ ကျွန်မ မှတ်မိပါပြီ ။ ရုတ်တရက်ဆိုတော့ ဘယ်သူလဲလို့ ပြန်စဉ်းစားနေရတာ စိတ်မရှိပါနဲ့"

"ရပါတယ်ဗျာ ။ ခင်ဗျား အိမ်ပြန်တော့မလို့လား"

"ဟုတ်ပါတယ်"

"ရထားနဲ့ပြန်မှာပဲလား ။ "

"ဟုတ်ကဲ့"

"တူတူပြန်ကြတာပေါ့"


သူမနှင့်အတူပြန်သည့် ထိုညနေက စကားတွေအများကြီး ပြောဖြစ်ကြသည် ။ ညနေခင်း၏ နေ၀င်ချိန်အလှကို ရထားပေါ်မှ သူမ လှမ်းပြ၍ ကျွန်တော်ကြည့်လိုက်မိသည် ။ ကောင်းကင်မှုန်မှိုင်းမှိုင်းနောက်ခံတွင် အနီရောင်များပြန့်လွင့်စပြုနေသော နေလုံးကို ခပ်ငေးငေးကြည့်နေခဲ့သော သူမသည် စိတ်ကူးယဉ်တတ်သော မိန်းကလေးဖြစ်ရမည်ဟု ကျွန်တော် ကောက်ချက်ချခဲ့မိသည် ။

နောက်နေ့အလုပ်ရောက်သောအခါ သူမကို ရှာနေမိသည် ။ သူမ နှင့် ကျွန်တော်လုပ်ရသည့် အဖွဲ့ချင်းမတူသော်လည်း ကံအားလျော်စွာ ရုံးခန်းတစ်ထပ်တည်းတွင် ရှိနေခဲ့သည် ။ ထိုနေ့က ဘာကြောင့်ရယ်မသိ ။ သူမထိုင်သည့်နေရာနားရှိ ကော်ဖီစက်လေးနားရောက်ဖြစ်ပြီး ကျွန်တော် သိပ်နှစ်သက်မှုမရှိသော ကော်ဖီကိုဝယ်သောက်မိသည် ။ ဆံနွယ်များဖုံးအုပ်ထားသည်အထိ ခေါင်းငုံ့ခါ အလုပ်ရှုပ်နေသော သူမကို ကော်ဖီသောက်ရင်း အဝေးမှသာ ကြည့်နေမိခဲ့သည် ။ နေ့လည်စာစားချိန် သူငယ်ချင်းတယောက်ခေါ်သောကြောင့် သူတို့အဖွဲ့နှင့် သွားစားသည့်အခါ ၊ အမှတ်မထင် သူမပါ အတူပါလာသည်ကို တွေ့လိုက်သောအခါ စိတ်ထဲ အလွန်ပျော်သွားခဲ့သည် ။ ထိုနေ့မှစ၍ သူမနှင့် ထမင်းအတူစားဖြစ်သော အဖွဲ့တွင် ကျွန်တော်လည်း ပါဝင်သွားခဲ့သည် ။ ကျွန်တော်လုပ်သောအလုပ်တွင် အဖွဲ့ငယ်လေးများမြောက်မြားစွာရှိသလို လုပ်ဖော်ကိုင်ဖက်အများအပြားမှာလည်း သက်တူရွယ်တူများဖြစ်ကြသည် ။ သို့ပါသော်ကြောင့် မကြာမှီအချိန်တွင်းတွင် ကျွန်တော်တို့အားလုံး အလွန်ခင်မင်သောသူငယ်ချင်းများ ဖြစ်သွားကြသည် ။

တခါတရံ ဖြောင့်စင်းနေသော ဆံရှည်များကို ဖားလျားချထားတတ်သလို ၊ တခါတရံ ဖဲပြားလေးများနှင့် ချည်နှောင်ထားတတ်ပြီး ၊ ချယ်သခြင်းကင်းမဲ့သော သူမ၏မျက်နှာသည် လှသည်ဟု မဆိုနိုင်သော်လည်း ၊ မြင်သူတွက် စိတ်ချမ်းမြေ့ဖွယ်ရာ မျက်နှာမျိုးပင် ။ သူမ မျက်နှာပေါ်တွင် အလှပဆုံးမှာ မည်းနက်ခါ ဖြစ်သလိုပုံစံနှင့်ထားခံရသော သူမ၏ မျက်ခုံးများသာဖြစ်သည် ။ တစုံတရာကို စဉ်းစားသောအခါ ထိုမျက်ခုံးလေးများ မသိမသာ ကျုံ့ဝင်သွားတတ်သည်ကို သူမနှင့် စတွေ့သောနေ့မှစ၍ သတိထားခဲ့မိသည် ။ ကျွန်တော့်အနားရောက်လာတိုင်း ခပ်သင်းသင်း ရေမွှေးနံ့လေးလည်း သူမနှင့်အတူ ကပ်ပါလာတတ်သည် ။ သူမအား ဘယ်အချိန်မှစ၍ ချစ်သွားသနည်းဆိုသည်မှာ အလွန်ဖြေရခက်သော မေးခွန်းတစ်ခွန်းသာဖြစ်သည် ။

သူမ လိုချင်သော ဗီရိုတစ်လုံးကိုဝယ်ရန် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ရှာပေးသောအခါ ၊ ကားထဲတွင် ပင်ပန်းနွမ်းနယ်စပြုလာကြသော သူငယ်ချင်းများက ကျွန်တော့်အား ဆဲဆိုထော်ပနာပြုပြီး မေးခွန်းထုတ်ခဲ့ကြသည် ။ မိန်းကလေးအသုံးအဆောင်များနှင့် မရင်းနီးသောကျွန်တော်သည် အလုပ်ကိစ္စနှင့် တခြားနိုင်ငံတစ်နိုင်ငံသို့သွားရောက်စဉ် သူမ ရင်ဘတ်တွင် ထိုးထားလေ့ရှိသော ပန်းပွင့်ခပ်ကြီးကြီးပုံစံရင်ထိုးလေးများကို ရှာဖွေဝယ်ယူမိသောအခါ ၊ ကျွန်တော်နှင့်အတူပါလာသော သူငယ်ချင်းက တအံ့တသြ နောက်ပြောင်ခဲ့သည် ။ ရုံးရှိ လှေခါးဆင်းတခုတွင် သူမ ခြေချော်လဲပြီး ၊ ခြေမျက်စိယောင်ကိုင်းသွားသောအခါ ကျွန်တော် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်မိခဲ့သည် ။ ကမ်းခြေတခု၏ ညနေခင်းတွင် အုန်းရည်သောက်ရင်း "ဒီအရွယ်အထိ ဘာလို့ ရည်းစားတယောက်မှ မထားဘူးရတာလဲ" ဟု ကျွန်တော်နှင့် သူငယ်ချင်းကောင်လေးတယောက်တို့အား ခပ်နောက်နောက် မေးခဲ့စဉ်က ၊ သူမ၏ မျက်ဝန်းများကပါ ပြုံးရွှင်နေခဲ့သယောင်ဖြစ်သည်ကို ကျွန်တော် ငေးကြည့်ခဲ့ဖူးသည် ။ ထိုအဖြစ်အပျက်များသည် သူမအား ဘယ်အချိန်မှစ၍ ချစ်သွားပါသနည်းဆိုသည့် မေးခွန်းနှင့် သက်ဆိုင်ကောင်း သက်ဆိုင်လိမ့်မည် ။

................ .......................

နွေ ... မိုး ... ဆောင်း ... ရာသီတို့ နှစ်ဖန် ပြောင်းခဲ့၏ ။ နွေဦး .. မိုးဦး .. ဆောင်းဦးတို့ အပါအ၀င် ။ ထိုနေ့ရက်များ၏ အချိန်တော်တော်များများတွင် သူငယ်ချင်းတစ်ယောက်အနေနှင့် သူမအနား ကျွန်တော်ရှိနေခဲ့သည် ။

သူမနှင့် ချစ်သူဖြစ်သွားကြောင်း ပြောလိုက်သောအခါ "သူ့ကို အရိပ်တကြည့်ကြည့် ကြည့်နေတတ်တဲ့ မင်း နဲ့ နောက်ဆုံးတော့ ချစ်သူဖြစ်သွားမယ်လို့ ငါတို့ ထင်ခဲ့ပြီးသားပါ" ဟု သူငယ်ချင်းများက ပြောခဲ့ကြသည်ကို ပျော်ရွှင်စွာ ကျွန်တော်နားထောင်ခဲ့သည် ။

........................................

နွေ .. မိုး .. ဆောင်းတို့ ခုနှစ်ဖန် ပြောင်းခဲ့အပြီး ... တခုသော နွေရာသီ၏ အပူဒဏ်အောက်တွင် အရှင်လတ်လတ် ကျွန်တော့်အသည်းနှလုံး လောင်မြိုက်ခံခဲ့ရသည် ။

"သံယောဇဉ်ဟာ အချစ်မဟုတ်ဘူး ၊ လမ်းခွဲကြပါစို့" ဟူသော စကားတစ်ခွန်းတည်းနှင့် သူမသည် ကျွန်တော့်ရင်ဘတ်ကို ဟက် တက်ခွဲခဲ့သည် ။ မေးခွန်းပေါင်းများစွာနှင့် ကျွန်တော့်ကို သူမ ထားခဲ့သည် ။ ကျွန်တော်သည် သူမအား အကြိမ်ကြိမ် တောင်းပန်တိုးလျှိုးခဲ့၏ ။ ကျွန်တော်တို့ကြားမှ ကိုးနှစ်ဆိုသောအချိန်သည် သူမအတွက် အဓိပ္ပါယ်မဲ့သွားခဲ့လေပြီဟု သူမက ဆိုတော့ ကျွန်တော့်နားတို့ ဆီပူရည်လောင်းထည့်ခံရသည့်နှယ် ။ သူမ၏ ခြံရှေ့တွင် ကျွန်တော်ထိုင်စောင့်ခဲ့သည့်အချိန်တိုင်း အိမ်ထဲမှ သူမ ထွက်မလာတော့ချေ ။ သူမ ခြံတံခါးပေါ် ကျွန်တော်ထားခဲ့သည့် နှင်းဆီပွင့်တိုင်းသည် ခြောက်သွေ့သွားခါ အမှိုက်ပုံးထဲသို့သာ သက်ဆင်းခဲ့ရသည် ။ နောက်ဆုံး သူမသည် ကျွန်တော်နှင့် အဝေးဆုံးသော နိုင်ငံတစ်နိုင်ငံသို့ ထွက်သွားသည်အထိ ရက်စက်တတ်ခဲ့သည် ။

ကျွန်တော်ကတော့ နောက်ထပ် နွေ ... မိုး ... ဆောင်း တို့ကို အချိန်ငါးခါလောက် အလူးအလဲရင်ဆိုင်ရင်း ဘ၀ကို ပြန်ဆွဲမတ်ဖို့ ကြိုးစားခဲ့ရသည် ။ အချိန်သည် စိတ်ဒဏ်ရာတို့ကို ကုစားနိုင်သည်ဟု လူတို့ပြောကြ၏ ။ အချိန်ဆိုသည်တို့ ကုန်ဆုံးသွားသော်လည်း သူမ နာမည်ကြားတိုင်း ကျွန်တော့်နှလုံးသားထဲ အောင့် သွားတတ်ခြင်းကို ဘယ်လိုကုစားမည်နည်းဟု ထိုသူတို့အား မေးလိုက်ချင်သည် ။

"နွယ် ပြန်ရောက်ပြီကွ ။ မင်း သိလား"

ကျွန်တော် နှင့် သူမ၏ သူငယ်ချင်းတစ်ယောက်က ပြောလာသောအခါ တဒင်္ဂ မှင်သက်သွားမိသည် ။ ရှိုက်ခနဲ အထိနာထားသော ကျွန်တော့်နှလုံးသားက သူမကို တွေ့ချင်မိသေးသည် ။

......................................

"နင်နဲ့ငါ မဖြစ်နိုင်တော့ဖူးလို့ ပြောပြီးပြီပဲဟာ ။ ငါ့ကို လိုက်မနှောက်ယှက်ပါနဲ့တော့"

ဆယ့်လေးနှစ်ဆိုသော အချိန်တွင်းရှိ အဖြစ်အပျက်များ ရုပ်ရှင်တစ်ကား၏ ရိုက်ကွက်များလို ကျွန်တော့်မျက်စိထဲ မြင်ယောင်လာသည် ။ ကျွန်တော့်ဘ၀တခုလုံး ကြေမွသွားသယောင် ။ ကျွန်တော့်ဘ၀ အမှောင်အတိကျသွားသည် ။ အလင်းတန်းဟူ၍ မရှိတော့ ။ ကျွန်တော့်ဦးနှောက်ထဲ အမည်းရောင်တို့ လွှမ်းမိုးသွားသည် ။ ကျွန်တော်ဘာဆို ဘာမှမသိတော့ ။ ဘာလုပ်လို့ လုပ်လိုက်မိမှန်းမသိတော့ ။ ကျွန်တော်သိလိုက်သောအချိန်တွင် ကျွန်တော့်လက်များသည် သူမ၏ လည်ပင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ၊ သူမ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားမှုကင်းမဲ့နေခဲ့သည် ။ ကျွန်တော် ဘာဖြစ်သွားခဲ့ပါသနည်း ။ ကျွန်တော့်ကိုယ် ကျွန်တော် နားမလည်နိုင်ခဲ့ ။

"အားးးးးးးးးးးးးးးးးးးးးးးး"

.........................................

"နောက်ဆုံးစကားအနေနဲ့ မင်း ဘာပြောချင်သေးလဲ"

သေဒဏ်အမိန့်ကို လုပ်ဆောင်တော့မည့် တာဝန်ရှိဝန်ထမ်းက ကျွန်တော့်ကို မေးလိုက်သည် ။

လူတို့သည် အထူးသဖြင့် ဘ၀၏ နောက်ဆုံးချိန်တွင် ထိတ်လန့်ကြောက်ရွံ့တတ်ကြ၏ ။ သူတို့ အမှတ်မထင် ပြုခဲ့သော အရာအတွက် သွေးရူးသွေးတန်းဖြစ်ခါ နောင်တရတတ်ကြ၏ ။ ဖြစ်နိုင်လျှင် နာရီလက်တံတို့ကို ပြန်လှည့်ချင်တတ်ကြ၏ ။ ကျွန်တော်ကမူ သူမ မရှိတော့သော ဘ၀မှထွက်ခွာရန်အတွက် အသင့်ဖြစ်နေပြီဟု ပြောလျှင် ကျွန်တော့်အား အရူးဟု တချို့က ခေါ်ကြမည် ။

အမှန်တကယ်ပင် ကျွန်တော်သည် မိနစ်ပိုင်းလေးအတွင်း ရူးသွပ်ခါ ဆူးတစ်ချောင်းအား မြေကြီးထဲသို့ ထိုးထည့်ခဲ့ပါသည် ။ သို့သော် ထိုဆူး၏ မူလနေရာ ကျွန်တော့်ရင်ဘတ်အတွင်းတွင် ပြန်စေ့မရတော့သော ဟက်တက်ကွဲနေသည့် အမာရွတ်ကျန်ခဲ့ကြောင်း ခုမှ သိလိုက်ရသည် ။

"မင်းဟာ ငါ့ရင်ဘတ်ရဲ့ အနက်ရှိုင်းဆုံးနေရာက ဆူးတစ်ချောင်းပဲ ။ နောင်ဘ၀ဆိုတာ ရှိခဲ့ရင် မင်းကို ငါ့ရင်ထဲက ဘယ်တော့မှ နှုတ်ယူတော့မှာ မဟုတ်ပါဖူးကွာ"

ကျွန်တော့်ဘာသာ သူမကို ရည်စူး၍ တီးတိုးရေရွတ်လိုက်မိ၏ ။ တချိန်တည်း မျက်ရည်တစ ကျွန်တော့်ပါးပေါ် လိမ့်ဆင်းသွားလေတော့သည် ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.