Saturday, November 15, 2008

[Nine Nine SaNay] 2 New Entries: ကျွန်မရဲ့ တူ၊ တူမလေးတွေ

ကျွန်မရဲ့ တူ၊ တူမလေးတွေ


ကျွန်မမှာ အစ်မမွေးတဲ့ကလေး၊ ညီမနှစ်ယောက်က မွေးတဲ့ကလေးဆိုပြီး စုစုပေါင်း တူ၊ တူမ ငါးယောက်ရှိတယ်။ အစ်မသား အကြီးဆုံးကို လသားပိုင်းလောက်က တစ်ခါပဲ တွေ့ဖူးပြီး ကျန်တဲ့ တူ၊ တူမတွေကို မြန်မာပြည် ပြန်ရောက်မှ ကျွန်မတွေ့ဖူးတယ်။ သူတို့ကိုတွေ့မှ ကိုယ့်ကို အသက်ကြီးပြီဆိုတာ လက်ခံရတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မရဲ့သား တူအကြီးဆုံးက ၁ဝနှစ်တောင် ရှိတော့မယ်လေ...

အစ်မရဲ့သား အကြီးဆုံးကို စိုင်းလင်းထွန်းလို့ ခေါ်တယ်။ စတုတ္ထတန်း တက်နေပါပြီ။ ရှမ်းနဲ့စပ်မွေးထားတဲ့အတွက် အသားဖြူပြီး မျက်လုံးပြူးပါတယ်။ ဝဝကစ်ကစ် ချစ်စရာကောင်းပေမယ့် ကလေးနဲ့ မတူအောင် လည်လွန်း၊ ဆော့လွန်းတယ်။ အဆော့လွန်းတာက ကလေးသဘာဝဆိုပေမယ့် သူဆော့ပုံက တစ်ခြားကလေးထက် ပိုလွန်းနေတယ်။ ဥပမာ- သူ့ညီမ အရုပ်တွေကို တစ်စစီဖြုတ်ပြီး ဗိုက်ထဲမှာ ဘာရှိမလဲ ဆိုပြီး ဗိုက်ခွဲကြည့်တာတို့၊ စက်ရုပ်တွေကို တစ်စစီဖြုတ်ပြီး အပိုင်းလိုက် တစ်ခြားကလေးကို ပြန်ရောင်းစားတာတို့၊ စတိုးဆိုင်ရောက်ရင် မော်ဒန်အရုပ်တွေရဲ့ အကျီင်္ကိုဆွဲပြီး ရင်ဘတ်ကို လိုက်ချောင်းကြည့်တာတို့ (မမီရင် ခုံခုကြည့်တတ်တယ်လို့) လုပ်တတ်တယ်လို့ အစ်မက ပြောပြပါတယ်။

တစ်ခါက အတန်းထဲက ကျောင်းသားအချင်းချင်း သူ့အဖေက ဘာလုပ်တယ်၊ ငါ့အဖေက ဘာကွ ပိုက်ဆံပိုရှိတယ်ဆိုပြီး ကလေးပီပီ အကြွားတွေပြိုင်ကြတော့ ဒီတူတော် စိုင်းလင်းထွန်းက "ငါအဖေက ပိုပိုက်ဆံရှိတယ်ကွ.. ငါ့အဖေက ဖာရောင်းဖာဝယ်လုပ်တယ်" လို့ ကြွားလုံးထုတ်လိုက်တယ်။ ဒါကို အတန်းပိုင်ဆရာမက သိတော့ စိုင်းလင်းထွန်းအဖေ ဘာလုပ်သလဲဆိုပြီး တအားစိတ်ဝင်စားခဲ့တယ်။ တစ်နေ့ ကျောင်းဆင်းချိန် အစ်မကလေးသွားကြိုတော့ ဆရာမက အစ်မကို မေးတော့တယ်။ ကလေးအဖေ ဘာလုပ်သလဲပေါ့။ အစ်မက ဆိုးလွန်းတဲ့သူ့သား တစ်ခုခု လုပ်ထားပြီဆိုတာသိလို့ ဆရာမကို ဘာဖြစ်လို့လဲလို့ ပြန်မေးလိုက်တယ်။ ဆရာမက ဒီလိုဒီလိုကြားထားပါတယ်ဆိုတော့ အစ်မမှာ ရီလိုက်တာ... တကယ်လည်း အစ်မယောက်ျားက ဖာရောင်းဖာဝယ်လုပ်ပါတယ်။ စက္ကူဖာတွေ လိုက်ဝယ်၊ လိုက်စုပြီး ပြန်ရောင်းတာပါ။ ဒါကို တူတော်က ကလေးပီပီ ကြွားချင်လွန်းပြီး အကြွားမတတ်တော့ လူကြီးတွေမှာ ရယ်ရမလို ငိုရမလိုဖြစ်ခဲ့ရတယ်။

အငယ်မက နန်းခမ်းဖူးဖူးလို့ ခေါ်တယ်။ နာမည်က အပျံစား.. နှာခေါင်းပြားပြား ကျွန်မနဲ့ဆင်လို့တဲ့ အစ်မက သူ့သမီးကို ရုပ်ဆိုးမလို့ အမြဲစတယ်။ ဒီတူမကို ဒီရောက်မှ ကျွန်မတွေ့ဖူးပေမယ့် သူ့အကြောင်းကို အစ်မပြောပြလို့ အရင်ကတည်းက သိရခဲ့တယ်။

အမေဆုံးတုန်းက အနားမှာ ကျွန်မမရှိခဲ့လို့ ဝေယျာဝိစ္စအားလုံး အစ်မပဲ ဒိုင်ခံလုပ်ခဲ့ရတယ်။ အစ်မပြောပြတာက အမေဆုံးတော့ အစ်မက အမေကို အဝတ်အစားလဲပေးဖို့ လိုက်ဝယ်ခဲ့တယ်။ အဲဒီတုန်းက ညကြီးဖြစ်နေလို့ ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ ဖွင့်တဲ့ဆိုင်မှာလဲ အမေနဲ့တော်တယ်ဆိုလို့ အပန်းရောင် အင်္ကျီတစ်ထည်ပဲ ကျန်ခဲ့တယ်။ နောက် နှုတ်ခမ်းနီဝယ်တော့လည်း အပန်းရောင်ပဲရခဲ့တယ်။ အဲလိုနဲ့ အမေကို သင်္ဂြိုလ်ပြီး ဆွမ်းတွေ ဘာတွေကျွေးပြီးနောက် အစ်မအိပ်မက်တစ်ခု မက်ခဲ့တယ်။ အိပ်မက်က ကျွန်မအမေလေ အထုပ်အပိုးနဲ့ အစ်မအိမ်ရှေ့မှာ လာရပ်နေပြီး ငါနင်တို့နဲ့အတူ နေမယ်ဆိုပြီး ရောက်လာခဲ့တယ်တဲ့။ အစ်မကလည်း နေပါဆိုပြီး ခွင့်ပြုလိုက်တယ်။ အဲဒီနောက် အစ်မ ဒီတူမ နန်းခမ်းဖူးဖူးကို ကိုယ်ဝန်ရှိလာခဲ့တယ်။

ဒီကလေး ကြီးလာတာနဲ့ သိတတ်တဲ့အရွယ်က စပြီး ဘာမဆို အပန်းရောင်ပဲ ကြိုက်တယ်လို့ အစ်မကပြောတယ်။ စကားပြောတတ်စကလည်း "ငါအိမ်ပြန်မယ်၊ ငါ့လယ်၊ ငါ့နွားတွေ ကြည့်မယ့်လူ မရှိဘူး" လို့ပဲ ပြောနေတတ်တယ်လို့ ပြောတယ်။ အမေများဝင်စားတာလားဆိုပြီး ဒီတူမကို ကျွန်မအရမ်းတွေ့ချင်ခဲ့မိတယ်။ အစ်မကိုလည်း ဒီကလေးရဲ့ ညာဖက်ခြေမက ခြေသည်းကွဲနေလားလို့ မေးရသေးတယ်။ အမေညာခြေမ ခြေသည်းက ကွဲနေလို့လေ။ တဖြေးဖြေး ကြီးလာတော့ အဲဒီအကြောင်းတွေ သိပ်မပြောတော့ပါဘူး။ အခုဆို တူမလေးက ၇ နှစ် ဒုတိယတန်း ရောက်နေပါပြီ။ မိန်းကလေးမို့လားမသိ သူ့အစ်ကိုလို မဆော့ပါဘူး။ ဒါကြောင့် ခြေမလည်း ကွဲမနေပါဘူး။

(တူလေးက ပုံအရိုက်မခံဘူး.. နောင်မှ ခိုးရိုက်ပြီး တင်အုန်းမယ်)

နိုင်းနိုင်းစနေ

တွေးတွေးပြီး ရယ်


က)
တစ်ခါက စာမေးပွဲတစ်ခုမှာ ဘာသာပြန်စာကြောင်းတွေကို မေးခဲ့တယ်။


၁) I put on my coat and found its first button was gone.
၂) He heard the phone ring and went to get the call.

ဒါကို မြန်မာလို ဘာသာပြန်ရမယ်ဆိုပါစို့...

၁) အနွေးထည်ကို ဝတ်လိုက်တာနဲ့ အင်္ကျီပေါ်က ပထမကြယ်သီး ပြုတ်နေတာကို ကျွန်တော် သတိထားလိုက်မိတယ်။

၂) ဖုန်းသံကြားတာနဲ့ ဖုန်းကို သူကောက်ကိုင်လိုက်တယ်။

ဒါကို ကလေးငယ်တစ်ယောက် ဖြေလိုက်တာက...
၁) shit !
၂) Hello ~ ဟူတည်း။

ခ)
ဆရာမ............ မောင်မောင် တောင်အမေရိကားတိုက် ဘယ်မှာရှိသလဲ? မြေပုံပေါ်မှာ ထောက်ပြပါ။

မောင်မောင်...... ဒီမှာပါ ဆရာမ

ဆရာမ............ မှန်ပါတယ်.. ကဲ အားလုံး တောင်အမေရိကားတိုက်ကို ဘယ်သူတွေ့ခဲ့တာလဲ သိကြလား?

အတန်းသားများ.... သိပါတယ်.. မောင်မောင်ပါ ဆရာမ

ဆရာမ....... ................

ဂ)
ကုလားအုပ်ငယ် တစ်ကောင်ဟာ ပုံပြင်တစ်ပုဒ်ထဲကလိုပဲ ကုလားအုပ်မေမေကို မေးခဲ့တယ်။

"မေမေ.. မေမေ.. ဘာဖြစ်လို့ သားတို့ရဲ့ မျက်တောင်မွေးက ဒီလောက်ရှည်လျှားနေရသလဲ"

"သဲကန္တာရမှာ မေမေတို့ သွားလာတဲ့အခါမှာ သဲတွေ မျက်လုံးထဲ မဝင်အောင် ဒီမျက်တောင်မွေးတွေက ကာကွယ်ပေးတယ်လေ"

"မေမေ... မေမေ.. ဘာဖြစ်လို့ သားတို့ရဲ့ကျောမှာ ပို့ကြီးရှိနေရတာလဲဟင်"

"ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ မေမေတို့ သွားလာနိုင်ဖို့ ဒီပို့တွေမှာ ရေတွေလှောင်ထားရတယ်လေ သား"

ကုလားအုပ်မေမေရဲ့ အဖြေကို နားထောင်ပြီး ကုလားအုပ်လေးက နားမလည်ဟန်နဲ့ ပြန်မေးလိုက်တာက

"မေမေ... ဘာဖြစ်လို့ သားတို့က ဒီတိရိစ္တာန်ရုံမှာပဲ နေနေရတာလဲ" ဟူတည်း။


ဟာသလေးတွေ တင်ပေးအုန်းဆိုလို့ ရှာကြံပြီး ရီရမယ်ထင်တဲ့ဟာတွေ တင်ပေးလိုက်ပါတယ်။ မရီရရင် ဆောရီးပါလို့။ ဒီထက်ရီရတာလေးတွေ ဖတ်ရပါတယ်။ ဒါပေမယ့် ဟိုဒင်းနည်းနည်းဖြစ်လို့ မတင်ရဲဘူး။ ဘာညာကွိကွ အသံတွေကို ကြောက်တယ်လေး)

နိုင်းနိုင်းစနေ

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.